မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, May 31, 2016

Well Done လူမရောက် အလှူရောက်၏

ဆရာရေ သမီးလေး တနှစ်ပြည့်၊ မော်လမြိုင် ကျိုက္ခမီ ရေလယ်ဘုရားဖူး သွားပါတယ်။ ၂၈-၂၉ မေလ ၂ဝ၁၆ ကပါ။ ကိုယ်ဝန်နဲ့ထဲက မေးသမျှ သိချင်သမျှ ဖြေကြားပေးတဲ့ ဆရာကို ကျေးဇူးတင်ပါတယ်။ ဆရာနဲ့ အန်တီ့အတွက်ကိုလည်း ငွေလှူခဲ့ပါတယ်။ ဆရာ သာဓုခေါ်နိုင်အောင်ပါ။ ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။့

အော့့် ဆရာ အဲဒီကို တခါမှမရောက်ဖူးသေးပါ။ ဆရာ့ကိုယ်စား အလှူတော့ရောက်သွားပြီပေါ့။ ကံတရားဆိုတာ အင်မတန်ဆန်းကြယ်တယ်။ ရေစက်ဆိုတာ အဲလိုနဲ့ ဆုံဆည်းကြရတယ်။ သံသရာမှာ အဲလိုပါပဲ။ ကောင်းမှုဆိုတာ စိတ်ထဲကနေလာပြီး စိတ်ကနေဖြစ်မြောက်စေနိုင်တာလည်းရှိတယ်။ လူရောက်စရာ လိုချင်မှလိုတယ်။
မိသားစု ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁-၆-၂ဝ၁၆

Gallbladder cancer သည်းခြေအိတ်ကင်ဆာ

ဆရာရှင့် သမီးအမေ သည်းခြေအိတ် ထုတ်လိုက်ရပါတယ်ဆရာ။ သည်းခြေအိတ်မှာ ကျောက်မဟုတ်ဘဲ အသားလုံး အသေးလေ သုံးလုံးဖြစ်နေပါတယ်။ ဘိုင်အိုစီ စစ်ကြည့်တဲ့အဖြေက ကင်ဆာလို့ပြောပါတယ်။ ကင်ဆာဆို သမီးအမေ သက်တန်းစေ့နေနိုင်ပါ့မလားဆရာ။ ဘယ်လိုတွေဆက်လုပ်သင့်ပါသလည်းရှင့် ဘိုင်အိုစီ စစ်ထားတာကို ဆရာကို ပြခြင်လို့ပါ။ စိုးရိမ်ရပါသလားရှင့်။ အခုတော့ သည်းခြေအိတ်ခွဲထုတ်ထားတာ 5 ရက်ရှိပါပြီ ပိုးသတ်ဆေးထိုးတာတောင် နာလို့ ငိုပါတယ်ဆရာ။ အမေက ဆရာကိုမေးပေးပါတဲ့ လေးစားစွာဖြင့်။

သည်းခြေအိတ်ကင်ဆာ အဖြစ်မများပါ။ ဖြစ်တာကိုစောစောသိလို့ကုသရင် အလားအလာကောင်းတယ်။ ကံမကောင်းတာက နောက်ကျမှ သိတာများတယ်။ ရောဂါသိဘို့လုပ်ရတာလည်းခက်တယ်။ တိကျတဲ့ရောဂါလက္ခဏာ မရှိသလို ဖြစ်လို့ပါ။ ဗိုက် (ညာဖက် အပေါ်ပိုင်း) အောင့်မယ်။ ရင်ပြည့်သလိုနေမယ်။ ယားမယ်။ ဖျားမယ်။ ပျို့မယ်။ အစားအသောက် ပျက်မယ်။ ပိန်လာမယ်။ အသားဝါမယ်။

Adenocarcinoma အမျိုးအစားကင်ဆာဖြစ်တယ်။ အမျိုးသမီးတွေမှာပိုဖြစ်တယ်။ အသက်ကြီးလေဖြစ်နိုင်လေ။ အရင်က သည်းခြေကျောက်ရာဇဝင်ရှိနိုင်တယ်။

ultrasound, computerized tomography (CT) နဲ့ magnetic resonance imaging (MRI) တွေရိုက်စစ်ဆေးမယ်။ ဗိုက်ခွဲပြီးစစ်ဆေးရတာလည်းရှိနိုင်တယ်။ laparoscopy ကိရိယာထည့်ပြီး အခြေအနေကို စစ်နိုင်တယ်။ သည်းခြေလမ်း ထိုးဆေးစစ်ဆေးနိုင်တယ်။

အဆင့်တွေခွဲထားတယ်။
Stage I သည်းခြေအိတ်ရဲ့အတွင်းလွှာမှာသာရှိသေးတယ်။
Stage II သည်းခြေအိတ်ရဲ့အပြင်လွှာရောလာမယ်။ ဘေးလည်းရောက်နိုင်တယ်။
Stage III အနီးအနားအင်္ဂါ (အသည်း၊ အူသိမ်၊ အစာအိမ်) ဆီရောက်နေပြီ။ တက်စေ့ထိရောက်မယ်။
Stage IV တခြားနေရာတွေအထိရောက်နေပြီ။

ကုသနည်းများ
သည်းခြေအိတ်ကင်ဆာကုသနည်းတွေကို ကင်ဆာအဆင့်နဲ့ လူနာကျန်းမာရေးအရရွေးရတယ်။ ခွဲစိတ်နည်းက အစောဆုံးအဆင့်အတွက်ကောင်းတယ်။ သည်းခြေအိတ်တခုတည်းဖြစ်ဖြစ်၊ အသည်းတစိတ်တပိုင်းဖြစ်ဖြစ် ထုတ်ပေးရတယ်။ တချို့မှာ ခွဲပြီး ကင်ဆာဆေးလိုမယ်။ နောက်ကျတာဆိုရင် ကင်ဆာဆေးနဲ့ ဓါတ်ကင်တာလုပ်ရမယ်။
တချို့ကခွဲတာကိုခံနိုင်ရည်မရှိကြပါ။ ခွဲစိတ်ကုသနည်းဟာ စောလေကောင်းလေဖြစ်တယ်။ သည်းခြေအိတ်တခုလုံး ထုတ်နည်း၊ အသည်းအစိတ်အပိုင်းတခုကိုပါထုတ်နည်း၊ သည်းခြေရည်လမ်းကိုပါထုတ်နည်းရှိတယ်။
ကင်ဆာဆေးပေးဘို့လို မလိုနဲ့ ဓါတ်ကင်ဘို့ လို မလိုကိုလည်း လူနာအခြေအနေအရ ဆရာဝန်ကဆုံးဖြတ်မယ်။
ကင်ဆာနောက်ကျနေရင် ကင်ဆာဆေးပေးမယ်။ therapy ဓါတ်ကင်ပေးမယ်။ သည်းခြေရည်လမ်းပိတ်နေတာကို တခုခုလုပ်ပေးရတယ်။Stent စတန်းထည့်ပေးနည်းနဲ့ Biliary bypass ဘိုင်ပတ်စ်နည်းရှိတယ်။

အလားအလာ (၅) နှစ်အသက်ရှင်နှုန်း
အဆင့် 0 = 80%
အဆင့် I = 50%
အဆင့် II = 28%
အဆင့် IIIA = 8%
အဆင့် IIIB = 7%
အဆင့် IVA = 4%
အဆင့် IVB = 2%

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

Uses for Vinegar ဗနီဂါအသုံးပြုနည်းများ

1. Freshen up the fridge ရေခဲသေတ္တာသန့်ရှင်းရေး

2. Brighten coffee cups and teacups ကော်ဖီခွက်၊ လက်ဖက်ရည်ခွက်သန့်ရှင်းရေး

3. Eliminate odors အနံ့အသက်ပျောက်စေရန်

4. Kill bathroom germs ရေချိုခန်းပိုးသန့်ရန် (အပြင်းစားသုံးပါ)

5. Save a garment အဝတ်စအစွန်းအထင်းချွတ်ရန်

6. Tidy up a toilet ရေအိမ်သာသန့်ရှင်းရန်

7. Lose the carpet stain ကော်ဇောအစွန်းချွတ်ရန် (ဗနီဂါ လက်ဖက်ရည် ၂ ဇွန်း + ဆော်ဒါ တခွက်၏ ၄ ပုံ ၁ ပုံရော)

8. Renew paint brushes ဆေးသုတ်စုတ်တံဆေးရန် (တနာရီစိမ်ထားပါ)

9. Wipe off a dirty faucet ရေပိုက်ခေါင်းသန့်ရှင်းရန်

10. Stop static cling စေးကပ်နေတာတွေခွါရန်

11. Make old socks look new ခြေအိတ်အသစ်လိုထင်စေရန်

12. Restore handbags and shoes လက်ကိုင်အိတ်နှင့် ရှူးဖိနပ်အရောင်ပြန်ထွက်စေရန်

13. Banish weeds ပေါင်းမြက်ရှင်းရန်

14. Liven droopy flowers ဘုရားပန်ရေလောင်းရန် (ပန်းအရွက်ညှိုးလာတာကို လွှင့်အပြစ်ပဲ ဗနီဂါ လက်ဖက်ရည် ၂ ဇွန်း + သကြား ၁ ဇွန်း + ရေတကွာတရောပြီး ပန်းအိုထဲရေလောင်ပါ။)

15. Put an end to itching ခြင်၊ အင်းဆက်ကိုက်လို့ယားတာသက်သာစေရန်

16. Whiten your teeth သွားတိုက်တံကို ဗနီဂါထဲစိမ်ပြီး တပတ်တကြိမ်တိုက်ပါ ခံတွင်းနံ့ကောင်းစေတယ်။

17. Make nail polish last longer လက်သည်းဆိုးဆေးတာရှည်ခံစေရန်

18. Keep car windows frost-free ကားမှန်တွေ ရေခဲတာကနေကာကွယ်ရန်

19. Let your dog shine ခွေးမွှေး ခွေးသန်းရှင်းရန်

20. Battle litter-box odor အမှိုက်ပုံးအနံ့သက်သာစေရန်

21. Kill bacteria in meat အသားထဲကဗက်တီးရီးယားတွေရှင်းရန် (ဗနီဂါတခွက်ရဲ့ ၄ ပုံ ၁ ပုံ + အသား ၂ ပေါင်၊ ၂ဝ မိနစ်ကနေ ၂၄ နာရီထားပါ။)

22. Prevent cracked eggs ကြက်ဥအကျက်ပြုလျှင်မကွဲစေရန် ဗနီဂါ လက်ဖက်ရည် ၂ ဇွန်းထည့်ပါ။

23. Steam away a microwave mess မိုက်ခရိုဝေ့ဖ် သန့်ရှင်းရန် ဗနီဂါနဲ့ ရေနွေးဆတူရော ပန်းကန်တခုထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲမှာ ၅ မိနစ်ထားပါ။

24. Repair DVDs ဟောင်းနေတာတွေကိုပြင်ရန် ဗနီဂါဆွတ်ထားတဲ့အဝတ်စနုနုလေးနဲ့ ပါးပါးသုတ်ပေးပါ။

25. Get those last drops ညှစ်ထုတ်ရတဲ့ ငရုပ်ဆီစတာ မထွက်ရင်ဗနီဂါထဲ ဗူးအဝခဏစိမ်ထားပါ။

26. Rinse fruits and vegetables သစ်သီး ဟင်းသီးဟင်းရွက်တွေဆေးရန် ဗနီဂါ လက်ဖက်ရည် ၂ ဇွန်း + ရေတပိုင့် ရောပြီးသုံးပါ။ ပြီးရင် ရေနဲ့ထပ်ဆေးပါ။ ပိုးသတ်ဆေးတွေရှင်းမယ်။

27. Brighter Easter eggs အီစတာကြက်ဥ အလှတန်းဆာမဆင်မီ ဗနီဂါ လက်ဖက်ရည် ၁ ဇွန်း + ရေနွေးခွက်တဝက် ရောပြီး အရောင်ခြယ်ပါ။ အရာင်ပိုတောက်ပမယ်။

28. Loosen a rusted screw ဖြုတ်မရတဲ့ဝက်အူဖြုတ်ရန်

29. Remove gum ပီကေ၊ ခြူးယင်းဂမ်းခွါရန်

30. Keep cheese from molding ဒိန်ခဲ ထိန်းသိမ်းရန် ဗနီဂါစိုတဲ့အဝတ်နဲ့ပတ်၊ လေလုံတာထဲထည့်ပြီး ရေခဲသေတ္တာထဲထားပါ။

31. Renew a loofah ဆေးကြောရာသုံးတဲ့ရေမြှုပ်လိုပစ္စည်းသစ်စေရန် ဗနီဂါနဲ့ ရေဆတူရောထာထဲမှာ ၂၄ နာရီစိမ်ထားပါ။

32. Remove wax မလိုတဲ့နေရာတွေမှာ ကပ်နေတဲ့ဖယောင်းတွေရှင်းပြစ်ရန်

33. Take a relaxing bath ရေးချိုးရာဇိမ်ကျရန် ဗနီဂါ ခွက်တဝက်ကို ရေနွေးနဲ့ရောသုံးပါ။ သေနေတဲ့အရေပြားဆဲလ်တွေ ရှင်းပေးမယ်။

34. Brighten your hair ဆံပင်အရောက်ထွက်စေရန် တလတကြိမ် ဗနီဂါ လက်ဖက်ရည်ဇွန်းဝက်နဲ့လျှော်ပါ။

35. Freshen fabrics အဝတ်၊ ကော်ဇော၊ ရှူး စတာတွေကို ဖြန်းဆေးပုလင်းခွံတခုထဲ ဗနီဂါထည့်ပြီး ဖြန်းပါ။ အနံ့ကောင်းစေမယ်။

36. Erase crayon အိမ်နံရံမှာ ဖယောင်းရောင်စုံတံနဲ့ ပုံတွေဆွဲထားတာဖျက်ရန် သွားတိုက်တံဟောင်းတချောင်းကို ဗနီဂါဆွတ်ပြီးဖျက်ပါ။

37. Sticky stickers ကပ်ခွါကော်ရှင်းရန်

38. Clean the dishwasher and coffee pot ပန်းကန်ဆေးစက်၊ ကော်ဖီစက်သန့်ရှင်းရန် ဗနီဂါ ခွက်တဝက်နဲ့ တလတကြိမ်ဆေးပါ။

39. Sanitize pet accidents အိမ်မွေးအကောင်နဲ့ မတော်တဆထိတာကို သန့်စေရန် ဗနီဂါ ခွက် ၄ ပုံ ၁ ပုံနဲ့ ရေ တကွာတရောသုံးပါ။

40. Prep for summer grilling အသားကင်မီးဖိုသန့်ရှင်းရန်

41. Clean your scissors ကပ်ကြေးသန့်ရှင်းရန်

43. Unclog drains ရေးစီးပိုက်ဆို့နေတာရှင်းလင်းရန် မုန့်ဖုတ်ဆော်ဒါ တခွက်လောင်းထည့်ပြီး ဗနီဂါတခွက် ဆက်လောင်းပါ။

44. Eliminate dandruff ခေါင်းဗောက်ရှင်းရန် တပတ်တကြိမ် apple cider vinegar နဲ့ဆေးပါ။ ၁၅ မိနစ်ကြာရင် ရေနဲ့ဆေးပါ။

45. Soften your feet ခြေထောက်ကွဲတာ အသားမာနေတာပျော့စေရန် ဗနီဂါ ၁ ဆ + ရေ ၂ ဆရောတာထဲမှာ မိနစ် ၂ဝ ကြာစိမ်ထားပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

Snake-bite မြွေကိုက်လျှင်

- September 11, 2015 10:42am PKU ဆေးရုံမှာမွေကိုက်လူနာတွေ့ပြန်ပြီ
- September 11, 2015 11:02am Snake-bite မြွေကိုက်လျှင်စာ ပို့လိုက်ပါတယ်။

မြွေအမျိုးအစား အများကြီးရှိပေမဲ့ အဆိပ်ရှိတဲ့မြွေကနည်းတယ်။ သူများတိုင်းပြည်ကမြွေတွေ ဘယ်လောက်ဆန်းဆန်း အသာထားပါ။ မြန်မာနိုင်ငံသားတွေကို ဒုက္ခပေးနေတဲ့ မြွေပွေးနဲ့ မြွေဟောက်ကိုသာ သိထားစေချင်ပါတယ်။ ဒီမြွေတွေ မဟုတ်ရင် မစိုးရိမ်ပါနဲ့။ မြွေပွေးကသာ အသက်သေစေတာ အများဆုံးဖြစ်တယ်။ မြန်မာပြည်ပေါက်မြွေတွေအတွက် မြန်မာပြည်ထုတ်ဆေးတွေက အကောင်းဆုံးဖြစ်တယ်။ တိုးတက်တဲ့တိုင်းပြည်တွေမှာ မြွေအကြောင်းသိပ်မသိကြဘူး။ ကျွန်တ်ာတို့ တိုင်းပြည်မှာတော့ ဘာမဆို အတ္တာဟိ အတ္တနော နတ္ထောချည်းပဲမဟုတ်ပါလော။

ရှေးဦးသူနာပြုသင်ခန်းစာတွေ တချို့ကဟောင်းသွားပြီး၊ ခေတ်မီနည်းတွေ ထပ်မထည့်ကြတော့ဘူး။ မြဝတီ (ဆိုက်) ထဲမှာ သတိပြုရှောင်ကြဉ်ဖွယ် မြွေဆိုးအန္တရာယ်ကိုဖတ်ကြည့်ပါတယ်။ လိုတာလေး တွေ့ရတယ်။ မြွေဆိပ်ကာကွယ်ဆေးမှာ အကိုက်ခံရပြီး (၄) နာရီအတွင်းထိုးလျှင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး၊ အကယ်၍ (၁၂) နာရီကျော်ပါက ဆေးအာနိသင်မှာ လျော့ပါးလာနိုင်ပါသည်လို့ ဖတ်ရပါတယ်။

အမှန်မှာ မြွေဆိပ်ဖြေဆေးကို မြန်မြန်ထိုးနိုင်လေ ကောင်းလေဟုသာ ရေးသားသင့်ပါသည်။ ၄ နာရီ အတွင်းနှင့် ၄ နာရီ ကျော်အတွက် သုတေသနလုပ်ထားချက် မတွေ့ဘူးပါ။ ဆေးအာနိသင် လျှော့ပါသည်ဟု ရေးသားခြင်းမှာ မမှန်ပါ။ မြွေဆိပ်ဒဏ်တွေ ခံနေရတာကြာလို့ လူနာအသက်အတွက် ဆေးထိုတာနောက်ကျလေလေ အန္တရာယ်များလေလေ ဖြစ်ပါတယ်။ ဆေးတန်ခိုး မလျှော့ပါ။

မြွေကိုက်ရင် လုပ်သင့်တဲ့ ရှေးဦးသူနာပြုနည်း
မလုပ်သင့်တာတွေ
ဆေးမီးတိုနည်းသုံးတာ၊ မြွေကိုက်တဲ့နေရာကို ပါးစပ်နဲ့စုပ်တာ၊ ဒါးနဲ့ခွဲတာ၊ လေဟာနယ်ပုလင်း လုပ်ပြီး စုပ်ယူတာ၊ ကြိုးစီးတာ၊ ရေခဲတင်တာ၊ မြွေကိုကိုလိုက်ရှာပြီး သတ်ယူတာ။ လူနာကို အတတ်နိုင်ဆုံး လှုပ်ရှားမှု မလုပ်စေပါနဲ့၊ ခြေထောက်မှာကိုက်ရင် လမ်းမလျှောက်စေပါနဲ့။

လုပ်သင့်တာတွေ
• အကိုက်ခံရသူကို အန္တရာယ်ရှိရာကနေ နေရာရွေ့ပါ၊
• မြွေဆိပ်ဖြေဆေးရှိတဲ့ အနီးဆုံးနေရာကို လူနာအမြန်ဆုံးသယ်ပို့ပေးပါ။
• နှစ်သိမ့်အားပေးပါ၊ စိတ်တည်ငြိမ်စေပါ၊ ပြုစုသူကလဲ တည်ငြိမ်ပါ။
• ခြေလက်မှာ ကိုက်ခံရတာဆိုရင် လက်ဝတ်လက်စား၊ အလှအပအတွက် ဝတ်ဆင်ထားတာတွေ ချွတ်ယူပါ။
• ကိုက်တဲ့မြွေအကြောင်းမေးပါ၊ မြွေကိုက်ချိန်၊ လူနာမှာ ဖြစ်ပေါ်ခံစားလာရတာတွေကို မှတ်သားပါ။ ဆရာဝန်ကိုပြန်ပြောပြပါ။
• Shock ရှော့ခ်ဖြစ်ရင် ရှေးဦးသူနာပြုစုနည်းအတိုင်းလုပ်ပါ။
• အကိုက်ခံရတဲ့နေရာကို နှလုံး (ရင်ပတ်) နေရာ အထက်ကို မမြှင့်စေပါနဲ့။
• ရေသန့်သန့် + ဆပ်ပြာနဲ့ ဆေးကြောပေးပါ။ Antiseptic ပိုးသေဆေးရည် ရှိရင်သုံးပါ။ မရှိရင် အချိန်ကုန်ခံပြီး ရှာမနေပါနဲ့။
• ကြိုးစည်းတာကို လုံးဝမသုံးပါနဲ့လို့ မဆိုလိုပါ။ အကိုက်ခံရတဲ့နေရာအထက် ၂ လက္မအကွာမှာ စည်းပါ။ ရောင်နေရင် ရောက်နေတာအထက်က စည်းပါ။ သွေးလုံးဝမလျှောက်အောင်အထိ တင်းစရာမလိုပါ။ ကြာမယ်ဆိုရင် ပြန်လျှော့-ပြန်စီး လုပ်ပါ။ ကြိုးက ၁ လက္မလောက်တုတ်တာ ကောင်းတယ်။ အကိုက်ခံရပြီး မိနစ် ၂ဝ အတွင်းသာ စီးပါ။ နောက်ကျသွားရင် မစီးပါနဲ့တော့။
• အကိုက်ခံရတဲ့နေရာကို ငြိမ်အောင်လုပ်ပေးနည်းက အရိုးကျိုးသူတွေကို လုပ်ပေးနည်းအတိုင်း ဖြစ်တယ်။
• မြွေကသေပြီးနောက်မှာ တနာရီကြာတဲ့အထိ ထိလိုက်ရင် တုန့်ုပြန်ကိုက်နိုင်စွမ်းရှိတာ သတိထားပါ။
• အရက်၊ ကော်ဖီအပြင်းစား၊ အိပ်ဆေး၊ မူးယစ်စေတဲ့ဆေး၊ အမျိုးအမည်မသိတဲ့ဆေး မတိုက်ပါနဲ့။
• လူနာရဲ့ အရေးပါလက္ခဏာ ၄ မျိုးကို သတိထားကြည့်နေပါ။ အပူချိန်၊ အသက်ရှူမှု၊ နှလုံးခုန်တာနဲ့ သွေးဖိအား။
Neurological bites (Elapid species) မြွေဟောက်လို အာရုံကြောကိုထိတဲ့မြွေမျိုးဖြစ်ရင် ရှေးဦးသူနာပြုနည်းမှာ တခုပိုပါတယ်။ Cobras, King Cobras, Kraits, Coral snakes and Sea Snakes မြွေအမျိုးအစားတွေဖြစ်တယ်။ Pressure immobilization ဖိအားပါတဲ့ ပတ်တီးစီးနည်းလုပ်ပါ။ Sutherland method နည်းခေါ်တယ်။ 5 - 10 cm အကျယ်ရှိတဲ့ Elastic Crepe Bandage ဆန့်နိုင်-ကျုံ့နိုင်တဲ့ပတ်တီးမျိုး ၃-၄-၅ လိပ်သုံးပါ။
• အခုအခံပြားတခုခုသုံးပါ။ ဒီလိုနည်းအတွက် အချိန်ပိုမကုန်ပါစေနဲ့။ မြွေဆိပ်ဖြေဆေးရှိရာကို ရောက်စေဘို့ကို ပဌမဦးစားပေးပါ။ (၁) အဖျားပိုင်းကနေစပြီး အထက်ဆီသွားနည်းအတိုင်း ပတ်တီးစည်းပါ။ ဘောင်းဘီချွတ်ရန်မလိုပါ။ အကိုက်ခံရတဲ့ ခြေ-လက်ကို ငြိမ်နေစေပါ။ (၂) ကြောင်လိမ်နည်းနဲ့ တင်းတင်းစီးပါ။ (၃) ပတ်တီးကို အဖက်ပိုင်းဆီ ရောက်နိုင်သမျှရောက်အောင်စီးပါ။ (၄) သစ်သားပြား (ဝါး၊ သတ္တုချောင်း) နှစ်ချောင်း သုံးပြီး ငြိမ်အောင်လုပ်ပါ။ (၅) လက်ကိုကိုက်ရင် လက်ကိုပတ်တီးစီးပြီး သုံးထောင့်ပတ်တီးသုံးပြီး ကိုယ်မှာကပ်ထားပါ။

အိန္ဒိယ မြွေကိုက်ခြင်းလိုက်နာရန်အချက်များ (၂ဝဝ၇)
၁။ မြွေ ၇ဝ% မှာ အဆိပ်မရှိ။
၂။ အကိုက်ခံရသူ ၅ဝ% မှာသာ အဆိပ်သင့်။
၃။ တင်းကြပ်နေအောင် စီးနှောင်တာမလုပ်ပါနဲ့။

Anti-venom မြွေဆိပ်ဖြေဆေးကို ၁၈၉၅ မှာ ပြင်သစ်ဆရာဝန် Albert Calmette ကနေ ပဌမဆုံးသုံးခဲ့တယ်။ မြွေရဲ့ ပါးစပ်ကနေ အဆိပ်ကို နို့ညှစ်သလို ထုတ်ယူပြီး၊ မြင်း၊ သိုး ကိုယ်ထဲကို ဆေးထိုးပေးတယ်။ အဲဒီအခါ အကောင်ရဲ့ သွေးထဲမှာ မြွေဆိပ်ကို တန်ပြန်တဲ့ ခုခံဓါတ် (အင်တီဘော်ဒီ) တွေထွက်လာမယ်။ အဲဒီဓါတ်ကို ထုတ်ယူပြီး မြွေဆိပ်ဖြေဆေးအဖြစ်သုံးနိုင်အောင်စီမံရတာ ဖြစ်ပါတယ်။ လူနာရဲ့သွေးထဲကို ထိုးပေးလိုက်ရင် ကိုယ်ထဲဝင်နေတဲ့ မြွေဆိပ်ကို ဆန့်ကျင်ပြီး အဆိပ်ပျယ်စေတော့တယ်။ နောက်ပေါ်မြွေဆေးတွေက Polyvalent anti-venom ခေါ်တဲ့ မြွေမျိုးစုံ အဆိပ်တွေကို နိုင်တယ်။

စနစ်ကျတဲ့ မြွေကိုရှေးဦးသူနာပြုနည်းသင်ပေးထား၊ သင်ယူထားရမယ်။ ဆေးရုံတွေတိုင်းမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် ဖြည့်တင်းထားရမယ်။ ဒီဂျစ်တယ်လ်ခေတ်မှာ ဆဲလ်ဖုန်းကနေလဲ ရှေးဦးသူနာပြုနည်း၊ ပတ်တီးစည်းနည်း၊ မြွေဆေးရတဲ့နေရာ စတာတွေကို ချက်ချင်းရှာဖွေကြည့်နိုင်လို့ နည်းပညာရဲ့အကျိုးကိုရယူပါလေ။

- 5/18, 2016 8:30pm PKU  မြို့ဆေးရုံ မွေကိုက်လူနာတယောက် မန္တလေးပို့ သေဆုံး
- 5/31/2016 5:57am PKU မှာပိုးထိလူနာတွေ့ပြန်ပါပြီ

ဆောရီး။ စာထပ်မပို့တော့ပါ။ မြန်မာနိုင်ငံသားတွေ မြွေဘေးကနေကေင်းဝေင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု

Nosebleed နှာခေါင်းသွေးယိုခြင်း
နှာခေါင်းထဲက သွေးပြန်ကြောလေးတခုခုပေါက်ခြင်း၊ ကြောက်ရန်မလို၊ အိမ်မှာပင်ကုသနိုင်။

ဖြစ်စေသည့် အကြောင်းရင်းများ
ခြောက်သွေ့ခြင်း၊ နှာခေါင်းကို ဆွဲလိမ်ခြင်း၊ နှာခေါင်းဒဏ်ရာရခြင်း၊ (အက်စ်ပရင်)၊ နှာခေါင်းထဲ တခုခုဝင်ခြင်း၊ ထိခိုက်မိခြင်း၊ မတည့်ဖြစ်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးဖိအား (BP) တက်ခြင်း၊ သွေးကြောကျဉ်းရောဂါ၊ သွေးခဲရောဂါ၊ (ကိုကိန်း) ဆေး။

အမျိုးအစားများ
၁။ နှာခေါင်းရှေ့ပိုင်းမှ ယိုခြင်း
နှာခေါင်းအား ပိုင်းထားသည့် အကန့်မှ ယိုသည်၊ နှာခေါင်းအား ထိုးမိ၍ဖြစ်သည်၊ နှာခေါင်း၏ ရှေ့မှ ယိုမည်။ ရပ်နေလျှင်၎င်း၊ ထိုင်နေလျှင်၎င်းယိုမည်၊ ပူသောရာသီ၊ အေးလွန်းသောရာသီ တို့၌ ဖြစ်တတ်သည်။

၂။ နှာခေါင်း နောက်မှယိုခြင်း
နှာခေါင်းနောက်ပိုင်းမှ ထွက်သည်။ နှာခေါင်းနောက်၊ အာခေါင်သို့ ထွက်မည်။ အသက်ကြီး၊ သွေးဖိအား (BP) များသူများ ဖြစ်တတ်၊ ဆိုးဝါးနိုင်သည်။

ကုသရန်
• ထိုင်ပါ၊
• ရှေ့သို့ ကိုင်းထားပါ။
• နှာခေါင်း၏ ပျော့သည့်အပိုင်းအား လက်ချောင်းနှစ်ချောင်းဖြင့် ညှစ်ပါ။
• ဆက်တိုက် ညှစ်ရမည်။
• (၁ဝ) မိနစ်ကြာပါစေ။
• ကလေးဖြစ်ပါက အာရုံပြောင်းပေးပါ။
• နှာခေါင်းကို (၂) ရက်တိုင် မထိခိုက်စေရန် သတိပေးပါ။
• နှာခေါင်းအပေါ် ရေခဲတင်ပေးပါ။
• (၁၅) မိနစ်အထိ မရပါက၊ ထိခိုက်မိ၍ယိုခြင်း ဖြစ်ပါက ဆရာဝန်ပြပါ။၊
• ခဏခဏယိုပါက ဆရာဝန်ပြပါ။

Bleeding gum သွားဖုံးသွေးယိုခြင်း
ဖြစ်စေသည့် အကြောင်းအရင်းများ
မသန့်ရှင်းခြင်း၊ ထိခိုက်မိခြင်း၊ ရောင်ခြင်း၊ ဗီတာမင် (စီ)၊ ဗီတာမင် (ကေ) နည်းခြင်း၊ အစာ ပူပူစားခြင်း၊ ဓါတုဆေးများကြောင့် ဖြစ်ခြင်း၊ Leukemia ခေါ် သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ရှိစဉ်။

ကုသရန်
• ရေခဲဖြင့် ဖိပေးပါ။
• ဆားထည့်ထားသည့် ရေခပ်နွေးနွေးဖြင့် တနေ့ (၂) ကြိမ် လုပ်ပေးပါ။
• မရပါက ဆရာဝန်ပြပါ။
• Aspirin အကိုက်အခဲပျောက်ဆေးများ မသောက်ရ၊
• ဗီတာမင် စီ သောက်ပါ။
• ခဏခဏယိုပါက ဆရာဝန်ပြပါ။

ကာကွယ်ရန်
ဆေးလိပ်မသောက်ရ။ ဆေးမငုံရ၊ ကစီဓါတ်များသည့် အစားအစာ ရှောင်ပါ။ သွားပွတ်တံ မမာစေရ၊ သွားသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

Heavy bleeding သွေး များများယိုထွက်ခြင်း
ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။

ဖြစ်စေသည့်အကြောင်းအရာများ
မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနှုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ် ဖြစ်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, A plastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများ၊

လက္ခဏာများ
ဒဏ်ရာ၊ အနာတို့မှ သွေးထွက်ခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊ ပါးစပ်၊ နှာခေါင်း၊ စအိုတို့မှ သွေးထွက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊

ကုသရန်
• လူနာမကိုင်မီ လက်ကို စဉ်ကြယ်အောင် ဆေးပါ။
• လက်အိပ်စွပ်ပါ။
• လူနာကို လှဲနေစေပါ။
• ခြေရင်းပိုင်း မြှင့်ထားပါ။
• သွေးထွက်သည့်နေရာကို ဖြစ်နိုင်ပါက မြှင့်ထားပါ။
• မလိုအပ်သော သွေးခဲစသည့် အစိတ်အပိုင်းများ ဖယ်ရှားပါ။
• သန့်ရှင်းသော အဝတ်စ၊ ပတ်တီး၊ လက်ဖြင့် သွေးထွက်သည့်နေရာကို (၂ဝ) မိနစ်ခန့် ဖိထားပါ။
• အဝတ်စ၊ ပတ်တီးတို့ကို မဖယ်ဘဲ ပလာစတာကပ်ပါ။
• သွေးထပ်စိုလာပါစေ ပတ်တီးမဖယ်ပါနှင့်။
• လိုအပ်ပါက နောက်ထပ်၍ ပတ်တီး၊ ပလာစတာသုံးပါ။
• လိုအပ်ပါက သွေးထွက်စေသော သွေးလွှတ်ကြောအား ဖိအားပေးပါ။ ဥပမာ လက်ဆိုလျှင် ဂျိုင်း၊ လက်မောင်း ခြေထောက်ဆိုလျှင် ပေါင်ခြံ၊ ပေါင်။

ဆရာဝန်ပြရန်
ထိုသို့မှ မရလျှင် နှာခေါင်း၊ နားတို့မှ သွေးယိုလျှင်၊ သွေးအန်လျှင်၊ ချောင်းဆိုးရာ၌ သွေးပါလျှင်၊ အတွင်းဒဏ်ရာ အထက် သွေးခြေဥ ဖြစ်လာလျှင်၊ ဝမ်းဗိုက် တင်းလာလျှင်၊ အရိုးကျိုးလျှင်၊ (ရှော့ခ်) ရလျှင် ဆရာဝန်ပြပါ။

ရှောင်ရန်များ
လွဲသွားသော အင်္ဂါအစိတ်အပိုင်းတွေ့လျှင် မဖယ်ရ၊ မပြင်ရ၊ ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် ဖုံးပေးပါ။ ဒဏ်ရာထဲက ပစ္စည်းများ ဖယ်မပြစ်ရ။

Dr. တင့်ဆွေ

Electric shock လျှပ်စစ်ဓါတ်လိုက်ခြင်း

မြန်မာပြည်ထဲကနေ လျှပ်စစ်မီးအကြောင်းတွေဖတ်နေရတယ်။ ကျွန်တော်ပါ ဓါတ်ကူး (ဓါတ်လိုက်မဟုတ်) သွားပြီ။

လျှပ်စစ်ဓါတ်လိုက်ခြင်းရှေးဦးသူနာပြုစုနည်း
• လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။
• လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။
• မီးခလုပ် ပိတ်ပါ။
• လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊
• လိုအပ်ပါက CPR (စီပီအာရ်) လုပ်ပါ။ အသက်မရှူလျှင် ပါးစပ်ခြင်းတေ့ပြီး လေမှုတ်သွင်းပေးပါ။ နှလုံးမခုန်လျှင် ရင်ပတ်ဖိနည်းလုပ်ပါ။ အကူအညီတောင်းပါ။
• ကြွက်သားတွေ ဆွဲဆန့်ခံရမည်။
• တက်မည်၊
• ရေ-ဆား ခန်းခြောက်မည်။
• အပူလောင်ခံရမည်။
• ကျိုးပဲ့မည်၊
• သွေးခဲသွားမည်။
• (တစ်ရှူး)များ ပျက်စီးမည်။
• အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။
• မီးလောင်နာကို ကုပေးပါ။

High Voltage စွမ်းအားများလျှပ်စစ်ကနေ (၁၈) မီတာအထိ ခုန်ထွက်၊ ကွေးကောက်သွားေးစေနိုင်တယ်။ မီးလာရာကို မပိတ်မီ ဖြစ်သူအနားမကပ်ပါနဲ့။ (၂၅) မီတာအကွာကနေပါ။ Low voltage စွမ်းအားနိမ့်လျှပ်စစ်ကနေဖြစ်ရင် ပင်မမီးခလုတ် ပိတ်ပါ။ မီးကြိုးစတာတွေဖယ်ရှားပါ။ ကယ်မယ့်သူက မြေကြီးအစိုဓါတ်နဲ့ကင်းအောင် ခြောက်သွေ့တဲံ သစ်သားပြား စက္ကူ၊ ရာဘာလိပ်၊ ဖြာ၊ ကော်ဇောပေါ်မှာနေရာယူပါ။ လျှပ်စစ်မလိုက်နိုင်သော သစ်သား၊ ဝါး၊ တံမြက်စီး၊ သတင်းစာစက္ကူလိပ်၊ ပလပ်စတစ်စသည်ဖြင့် ဖယ်ရှားဖြစ်ပါ။

လူနာအခြေအနေကိုချက်ချင်းစစ်ဆေးပါ။ နာမည်ခေါ်ပါ။ အသံကျယ်ကျယ်ပေးမေးပါ။ မျက်လုံးဖွင့်ခိုင်းပါ။ အသံကြားသလားမေးပါ။ ကိုယ်ကိုလှုတ်ကြည့်ပါ။ တတ်ကျွမ်းအကူအညီမလာမီ လူနာကို လိုအပ်မှသာ နေရာရွေ့ပါ။

အသက်ရှူစစ်ဆေးခြင်း
ပါးစပ် + နှာခေါင်းမှာ ပိတ်ဆို့နေသလားစစ်ပါ။ မေးကိုရှေ့ (အပေါ်) မ တင်ပါ။ ခေါင်းနောက်လှန်ထားပါ။ လည်ပင်း လေပြွန်တန်းပြီးပေါ်လာစေရမည်။ အပေါ်ကနေကျလို့ ခါးရိုးထိခိုက်တာလည်း သတိထားပါ။ အသက်ရှူနေ မနေ စစ်ဆေးပါ။ ရင်ပတ်နိမ့်မြင့်နေ မနေ။ အသက်ရှူသံ ကြား မကြား။ နှာခေါင်းဝကနေ လေအထွက် မိမိလက်ဖမိုးနဲ့စမ်းပါ။ အသက်ရှူနေရင် နေရာမှန်ပြန်ထားပါ။ အသက်မရှူရင် အသက်ရှူ CPR နည်းအရ ပါးစပ်ချင်းတွေပြီး လေသွင်းပေးပါ။

သတိလစ်နေပြီး အသက်မရှူရင် နှလုံး CPR လုပ်ပါ။ လူနာကို ပြင်ညီမျက်နှာပြင်ပေါ်မှာထားပါ။ လူနာရင်ပတ် အလယ်တည့်တည့်မှာ မိမိလက်ဖမိုးနှစ်ခုထပ်တင်ပြီး (၄-၅) စင်တီမီာနိမ့်ကျစေအောင် ဖိချပါ။ တမိနစ်မှာအကြိမ် (၁ဝဝ) နှုန်း။ အကြိမ် (၃ဝ) ဖိချပြီးတိုင်း ယခင်းနည်းအတိုင်း အသက်ရှူလမ်းပြန်စစ်ပါ။ နှာခေါင်းကို မိမိလက်တဖက်နဲ့ပိတ်ထားပြီး ပါးစပက်ခြင်းတေ့ထားပြီး လေမှုတ်သွင်းပါ။ တကြိမ်လေသွင်းပြီးတိုင်း အသက်ရှူပါ။ (၂) ကြိမ် ထိထိရောက်ရောက် လေမှုတ်သွင်းပါ။ ရင်ပတ် နိမ့်ချည်မြင့်ချည်မဖြစ်သေးရင် ရင်ပတ်ဖိနည်း (၃ဝ) ထပ်လုပ်ပါ။ ၁-၂-၃-၄-၅ တချည် (၆) ခါ။ မရသေးရင် Defibrillation ကိရိယာသုံးဘို့လိုလာပြီ။

မီးလောင်ဒဏ်ရာရှိရင် သတိရနေသူကို ရေအေးနဲ့ ၁ဝ မိနစ်ကြာထိတွေ့စေပါ။ သတိလစ်နေသူကို ရေအေးဝတ် ကပ်ထားပေးပါ။ မီးလောင်ဖူးကိုမဖေါက်ပါနဲ့။ ရှေးဦးသူနာပြု ပိုးသေဆေးဆေးထည့်ပေးပြီး ကပ်စရာနဲ့ဖုံးအုပ်ထားပါ။

ချွန်ထက်ရှတဲ့အရာတွေဖယ်ရှားပါ။ စိတ်ချရတဲ့လူနာကိုနေပုံစံထားပါ။ အနီးဆုံးလက်တဖက်ကို ကိုယ်နဲ့ ၉ဝ ဒီဂရီထားပါ။ ကျန်လက်တဖက်ကို ရင်ပတ်ပေါ်တင်ထားပါ။ လက်ဖမိုးကရင်ပတ်နဲ့ကပ်ပါစေ။ ဒူးကိုအနေတော်ပြင်ထားပါ။ တခြား ထိခိုက်ဒဏ်ရာစစ်ဆေးပါ။ ကြွက်သားတုန်ခါမှုနဲ့ တက်တာဖြစ်နိုင်တယ်။ ခေါင်းအောက်က အနေတော်တခုခု ခံထားပေးပါ။ အဝတ်အစား အနေတော်ပြုပြင်ပေးပါ။ လူနာပါးစပ်ထဲ ဘာမှမထည့်ပါနဲ့။ စောင်စတာ လိုအပ်ရင်ခြုံပေးပါ။

လူကြီးမင်း လူ့အသက်တချောင်းကို ကယ်လိုက်ပြီ။ Well done!

Dr. တင့်ဆွေ
၃၁-၅-၂ဝ၁၆

Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း

ဆရာခင်ဗျား ခုလိုမိုးရွာတဲ့အချိန်မှာ ၇ လသားအရွယ်ကလေး ခြင်မကိုက်အောင် ဘာဆေးလိမ်းရမလဲခင်ဗျာ။ ဖြစ်တတ်တဲ့ရောဂါတွေရဲ့လက္ခဏာလေးတွေပါပြောပြပေးပါဦးဆရာ။ ဘယ်လိုလက္ခဏာဖြစ်လာရင် ဘာတွေလုပ်ရမယ်ဆိုတာပါ။ ကလေးထိန်းနဲ့ထားရလို့ စိတ်မချလို့ပါဆရာ။ ကျေးဇူးအထူးတင်ပါတယ်။

အခုကမိုးရာသီ။ နွေရာသီတုန်းက ခြင်နှိမ်နင်းရေးနဲ့ ဗီတာမင်ဘီ-ဝမ်းစာတင်တော့ ပွက်လောညံသွားခဲ့တယ်။ မှန်တယ် ပြောသူရော ရစရာမရှိအောင်ရှုံ့ချသူပါ များလွန်းတာ၊ ခြင်ပေါသလိုပဲ။

ကမ္ဘာမှာ ခြင်အမျိုးအစားပေါင်း (၃ဝဝဝ) ရှိတယ်။ လူပေါင်း (၂) သန်းလောက်ဟာ ခြင်ကနေကူးစက်တဲ့ရောဂါတွေကို ခံစားကြရတယ်။ ခြင်ကိုက်ခံရရင် ငှက်ဖျား၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ အဝါရောင် အဖျားရောဂါ၊ သွေးလွန်တုပ်ကွေး၊ နိုင်းမြစ်အနောက်ဖက်ကမ်းရောဂါတွေကို ကူးစက်စေနိုင်တယ်။ ခြင်ထီးတွေက လူ့သွေးမစုပ်ပါ။ ခြင်မတွေကတော့ ဥအတွက်သွေးလိုလို့ သွေးစုပ်ရတယ်။

ခြင်လိမ်းဆေးတွေထဲမှာ DEET ပါတယ်။ 40% DEET ခြင်လိမ်းဆေးက ၇ နာရီကြာခံတယ်။ ဆိုးကျိုးတွေဖြစ်စေနိုင်တယ်။ မှတ်ဉာဏ်မေ့၊ ခေါင်းကိုက်၊ ကြွက်သားအားနည်း၊ အဆစ်နာ၊ လက်တုန်၊ တက်၊ အာရုံကြောအဆိပ်သင့်၊ ဦးနှောက်ထိခိုက်၊ အရေပြားအနေရခက်၊ အင်ပြင်ထွက်၊ ပျို့-အန်၊ သွေးဖိအားကျ၊ နှလုံးခုန်နှေး၊ အသက်ရှူမဝ၊ မျက်ရည်ကျတာတွေဖြစ်နိုင်တယ်။ 1-methylpiperzine ဒြပ်ပေါင်းပါတဲ့ ခြင်ဖြန်းဆေးလည်း သုံးရတယ်။ ကြာကြာမခံပဲ အငွေ့ပျံတယ်။ ခြင်ဆေးထဲမှာပါတဲ့ Permethrin ဓါတ်ကနေလည်း ဆိုးကျိုးတွေရစေနိုင်တယ်။ အဆုပ်၊ အသည်းကင်ဆာ ကိုလည်း သံသယရှိတယ်။ ကလေးတွေအမူအယာပြောင်းတာလည်း ဖြစ်စေနိုင်တယ်။ အာရုံကြောမကောင်း ဖြစ်စေနိုင်တယ်။ ပျားကောင်တွေနဲ့ ကြောင်တွေကိုလည်း အဆိပ်သင့်စေနိုင်သေးတယ်။

သဘာဝနည်းတွေလည်းသုံးနိုင်ပါတယ်။ ခြင်မရှိရာမှာသာနေထိုင်ပါ။ နေ့ခင်းမှာသက်သာတယ်။ ရေသေရှိရာမှာသာ ခြင်ပေါတယ်။ ခြင်က ရေရှိမှသာအသက်ရှင်ပြီး မျိုးပွါးနိုင်တယ်။ ရေကျန်နေနိုင်တဲ့ ပန်းအိုး၊ တာယာဟောင်း၊ အိုးခွက်၊ ရေမြောင်း၊ ရေတံလျှောက်၊ ရေလှောင်ကန်၊ အမှိုက်ပုံ၊ ငှက်သိုက်စတာတွေမှာ ရေကျန်မနေစေအောင် ရှင်းလင်းပါ။ အရောင်ဖျော့တဲ့ အဝတ်ဝတ်ပါ။ ခြေလက်ရှည်ဝတ်ပါ။ ဦးထုပ်၊ ခြေအိတ်ဝတ်ပါ။ ပန်ကာဖွင့်ထားပါ။ သစ်ကြံပိုးရွက်ဆီ၊ ဗနီဂါအကြည်ဆီနဲ့ သံလွင်ဆီရောထားတာကလည်း ခြင်ကိုနိုင်တယ်။ လိမ်မော်ယူကလစ် ၃၂% ဟာ ၃ နာရီကြာ ၉၅% မက အကာကွယ်ပေးတယ်။ လင်းနို့နဲ့ ပုစဉ်းရှိရင် ခြင်မနေနိုင်ပါ။ ထပ်တရာပန်းပင်စိုက်ထားပါ။

ခြင်အများစုက ရေသေမှာမျိုးပွါးကြတယ်။ အဲလိုရေတွေမထားရ၊ ရှင်းလင်းရမယ်။ (OWMM) နည်းနဲ့ (RIM) နည်းတွေ ရှိတယ်။ ဇီဝထိန်းချုပ်မှုမှာ ခြင်ကိုနိုင်တဲ့ ပါရာဆိုက်၊ ပိုးမွှားနဲ့ ခြင်းစားတဲ့အကောင်တွေ သုံးရတယ်။ Gambusia affinis ခြင်စားငါး၊ cyprinids နဲ့ killifish ငါးတွေမွေးရတယ်။ တီလားပီယားငါးလည်း ခြင်လောက်လန်းကိုစားတယ်။ ဒါပေမယ့် ငါးတွေ အများအပြားမွေးပြန်ရင် ဂေဟစနစ်ကိုထိခိုက်စေတယ်။ Bacillus thuringiensis ဗက်တီးရီးယား၊ Metarhizium anisopliae နဲ့ Beauveria bassiana အကောင်တွေကိုလည်းသုံးတယ်။ သဘာဝဝန်းကျင်ကိုမထိခိုက်စေတဲ့ (IPM) နည်း သုံးနိုင်တယ်။

ခြင်နှိမ်နင်းရေးအချုပ်
Vitamin B1 (Thiamin) ဗီတာမင်ဘီ-ဝမ်းကို ဆန်းစစ်မှုရလဒ်တွေက မတူကြပါ။ ၂ဝဝ၅ ထုတ် အမေရိကန်ခြင်နှိမ်နင်းရေး ဂျာနယ်မှာရေးထာတာရှိတယ်။ ဗီတာမင်ဘီ သောက်ထားသူအုပ်စု၊ ဗီတာမင်စီ သောက်ထားသူအုပ်စုနဲ့ ဘာဆေးမှ မသောက်သူအုပ်စု (၃) စုကို လေ့လာတယ်။ မထူးခြားဘူးလို့ ကောက်ချက်ချပါတယ်။ ဘရာဇီးလ်မှာ ဗီတာမင်ဘီကို ဖြန်းဆေးလုပ်ပြီး စမ်းခဲ့တယ်။ မထူးဘူးလို့ကောက်ချက်ချတယ်။ ၁၉၆ဝ ကျော်လာက်က သုတေသနတွေအရ ဗီတာမင်ဘီ-ဝမ်းကို နေ့စဉ်နည်းနည်းသောက်တာ ခြင်ကိုက်မခံရ (သက်သာတယ်) လို့သိရပါတယ်။

လူ့အရေပြားအနံ့ကနေ ခြင်ပြေးအောင်လုပ်တာဖြစ်တယ်။ ဒီဆေးနံ့ကို လူကမရပေမယ့် ခြင်ကအတော်မကြိုက်ပါလို့ပါ။ ဘီ-ဝမ်းဆေးပြားကို တနေ့မှာ 25 ကနေ 50mg အထိ ၂ ပါတ်ကြာသောက်ထားရင် ခြင်မကိုက်စေပါလို့ရေးတာရှိပါတယ်။ (တဆေး) ခေါ် ကစော်ဖေါက်ရာမှာသုံးတဲ့ Yeast ဆေးပြားမှာ ဗီတာမင်ဘီဝမ်းပါတာများလို့ သုံးနိုင်ပါတယ်။ Vitamin B1 100mg နေ့စဉ် သောက်နည်းအဖြစ်လည်းသုံးတယ်။ ခြင်ပေါတဲ့ဒေသမသွားခင် ၂ ပါတ် သောက်သင့်တယ်။

လူတွေ ခြင်ကိုက်ခံနိုင်တာ မတူကြတာက ကိုယ်နံ့မတူလို့ပါ။ ဘီ-ဝမ်း သောက်တာလည်း အနံ့ကို ပြောင်းစေတာသာ ဖြစ်တယ်။ ဘီ-ဝမ်းဖျော်ထားတာကလည်း လေနံ့ပြောင်းစေတာဖြစ်ပါတယ်။ ရေသန့်ကိုဗူးခွံထဲကို ရေ ၁ဝဝ စီစီနဲ့ ဗီတာမင်ဘီဝမ်း ၁ဝ ပြားရောထည့်ပြီး ပျော်ဝင်သွားအောင်လှုပ်ခါပေးပါ။ ဗီတာမင်ဘီဝမ်းအနံ့ဟာ ခြင်တွေမနှစ်သက်လို့ ခြင်လာမကပ်တော့ပါ။ ဆေးရည်ဟာ အနည်းဆုံး ၇ နာရီလောက် ကာကွယ်ပေးနိုင်တယ်။

ကျွန်တော်ရေးတဲ့ ခြင်နှိမ်နင်းရေးစာဟာ ဆေးရောင်းချင်လို့ရေးတဲ့ ဆေးကြာ်ငြာမဟုတ်ပါ။ ရမ်းကုနည်းလည်းမဟုတ်ပါ။ အာမခံချက်နဲ့ရေးတာလည်း မဟုတ်ကြောင်းပါခင်ဗျား။

Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

CPR နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း

CPR ဆိုတာ Cardio-Pulmonary Resuscitation နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးနည်း ဖြစ်တယ်။ နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းတွေကတော့ -
၁) နှလုံးခုန်ရပ်သွားခြင်း၊
၂) နှလုံးသွေးကြောပိတ်ခြင်း၊
၃) ရေနစ်ခြင်း၊
၎) မူးယစ်ဆေးအလွန်များသွားခြင်း၊
၅) အဆိပ်သင့်ခြင်းနဲ့
၆) လျှပ်စစ်ဓါတ်လိုက်ခြင်းတွေဖြစ်တယ်။

နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း အေ-ဘီ-စီ-ဒီ
A = Airway အသက်ရှူလမ်းစစ်ဆေးပါ၊
B = Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊
C = Circulation သွေးလှည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊
D = Defibrillation လျှပ်စစ်ဓါတ်နှင့် နှလုံးခုန်စေသည့်စက်သုံးခြင်း၊

A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း၊
နှာခေါင်း-ပါးစပ်တို့ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊ လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့်လူနာ၏လျှာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်။ ထိုသို့မပိတ်စေရန် လူနာ၏လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက် (ရှေ့) သို့  မ-တင်ပေးထားရမည်။

B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း၊
အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းကလေထွက်မည်၊ ထွက်လေသည် အပြင်လေထက် အနည်းငယ်ပိုပူသည်။ အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းလုပ်ပါ။

C for Circulation သွေးလှည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း၊
လည်ပင်းဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအားစမ်းပါ။ (ကရောတစ်အာထရီ)ဟုခေါ်သည်။ ၄င်းသည် သွေးခုန်ခြင်းမရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။

D for Defibrillation လျှပ်စစ်ဓါတ်နှင့် နှလုံးခုန်စေသည့်စက်သုံးခြင်းကို တကယ့်အရေးပေါ်မှာလုပ်ရတယ်။

Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း
ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။ လူနာကို ပက်လက်လှန်ထားပါ။ မာသောကြမ်းပြင်ဖြစ်က ပိုကောင်းသည်။ လူနာ၏လည်ပင်းကိုဆန့်လျက် မေးစေ့ကို အထက်(ရှေ့)သို့မတင်ပေးပါ။ လူနာ၏ပါးစပ်ကို ဖွင့်ထားပါ၊ မိမိက လေတဝကြီးရှူလိုက်ပြီး၊ လူနာ၏ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။ ပါးစပ်ဖွင့်မရပါက နှာခေါင်းကနေလေသွင်းပေးပါ။ ပါးစပ်ဖွင့်ရပါက နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေလေသွင်းပါ။ ပဌမဦးစွာ ၂ ကြိမ်လုပ်ပါ။ ထိုသို့လုပ်ရသည်မှာ အချိန် ၁ စက္ကန့်သာ ကြာမည်။ လူနာ၏အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင်လုပ်ရန်မလိုပါ။ ၂ ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။ မရှူသေးပါက (စီ-ပီ-အာရ်) လုပ်ပါ။

လူကြီး CPR လုပ်နည်း (အစဉ်အလာနည်း)
လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ၊ မိမိက လူနာ၏ဘေးမှာ ဒူးနှစ်ဖက်ထောက်ထိုင်ပါ။ လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျှော့ပါ-ဖယ်ပါ။ မိမိ၏လက်ဝါးနှစ်ဖက်ကို ထပ်လျက် လူနာ၏ရင်ပတ် အလယ်ကောင် တည့်တည့် နို့အုံနှစ်ဖက်၏အလယ်၊ ရင်ညွန့်ရိုးအပေါ်မှာ တင်ပါ၊ မိမိ၏လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို လက်နှစ်ဖက်အပေါ်သို့ပြောင်းရွှေ့ကာ မိမိ၏လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။ ၂ လက်မခန့် ကျသွားအောင်ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။ တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။ အကြိမ် ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေးသွင်းခြင်း ၂ ခါလုပ်ရမည်။ ရင်ပတ်ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်ခြင်းကို စုစုပေါင်း ၂ မိနစ် သို့ မဟုတ် ၅ ပါတ် လုပ်ရမည်။

တနှစ်အောက်ကလေးအား CPR လုပ်နည်း
အသက်ရှူလမ်းစစ်ဆေးပါ။ ပိတ်နေလျင်ဖွင့်ပါ။ လေနှစ်ကြိမ် ညင်သာစွာသွင်းပေးပါ။ ကလေး၏ ပါးစပ်ရောနှာခေါင်းပါ မိမိ၏ပါးစပ်က ငုံလျက်သွင်းပါ။ ကလေး၏ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။ တမိနစ်လျင် အကြိမ် ၂ဝဝ နှုန်းဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှလေသွင်းရမည်။ လူကြီးကဲ့သို့ အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်ပေးရမည်။ စုစုပေါင်း ၂ မိနစ် သို့မဟုတ် ၅ ပါတ် လုပ်ရမည်။

နောက်ဆုံးပေါ် CPR လုပ်နည်း
နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်ခြင်း အရေးပေါ်ပြုစုပေးရန် ပါးစပ်-ပါးစပ် လေမှုတ်စရာမလို၊ လက်ဖြင့် ရင်ပတ်ကိုဖိခြင်း တမျိုးတည်းဖြင့် လုံလောက်တယ်လို့ CPR New Guidelines 2010 ကဆိုပါတယ်။ ထူးခြားတာကတော့ နှလုံးနေရာ ဖိပေးတာကို ဦးစားပေး အရင်ဆုံးလုပ်ပါတဲ့။ လူတယောက် ကောက်ခါငင်ကာ နှလုံးသွေးရပ် မတ်တပ်ကလဲရင် ချက်ချင်း ရင်ညွန့်ရိုးပေါ်မှာ ဖိချပေးပါ။ ပါးစပ်ကနေမှုတ်တာနောက်မှ၊ လိုမှလုပ်ပါ။ ကြမ်းပြင်မာမာမှာ လူနာကိုလှဲထား။ သူ့ ရင်ညွန့်ရိုးပေါ်မှာ ကိုယ့်လက်ဝါးပြင် နှစ်ခုထပ်ပြီး လက်ဖနောင့်နဲ့ မိမိရရဖိချပါ။ လူကြီးဆိုရင် အောက်ကို ၂ လက္မ၊ ကလေးဆိုရင် ၁ လက္မခွဲ ကျသွာစေအောင် ဖိရမှာပါ။ တမိနစ်မှာ အကြိမ် ၁ဝဝ နှုန်း။ ဆိုချင်တာက တခါနဲ့တခါ ၁ စက္ကန့်တောင် မကြာစေပါနဲ့။

မမေ့အောင်ပြောရရင် ၁၉၇၇ စနေညချမ်းအဖျားထဲက ပေါ့ပ်ဒစ်စကိုသီချင်းက (ပါကားရှင်း) ကလဲ တမိနစ်မှာ ၁ဝဝ၊ နာမည်ကလဲ Stayin' Alive ပါ။ နှလုံးရပ်ရင် အသက်ပြန်ရှင်အောင် တမိနစ်မှာ အကြိမ် ၁ဝဝ ဖိချပေးပါလေ။

Dr. တင့်ဆွေ

Cytomegalovirus (CMV) ဗိုင်းရပ်စ်

ဆရာ ရိုသေလေးစားစွာစာရေးအပ်ပါသည်။ ကျမရဲ့တူကလေး အသက်က (၈) လ ခဏခဏဖျားနေလို့ မန္တလးကုတင် ၅၅ဝ ဆေးရုံမှာတက်လိုက်တော့ ဆီး သွေး သလိပ် အကုန်စစ်လိုက်တာ အောက်ကပုံအတိုင်း အဖြေထွက်လာပါတယ်ဆရာ။ CMV Weakly Reactive ဆိုတော့လည်း သိပ်စိုးရိမ်စရာမလိုဘူး လို့ပြောပါတယ်ရှင့်။ ဆရာဝန်က ကုတဲ့ဆေးမပေါ်သေးဘူးလို့လဲပြောတယ်။ မိခင်ဝမ်းတွင်းကတည်းက ပါလာတဲ့ရောဂါလို့ပြောပါတယ်။  ရောဂါပြင်းလာရင် မျက်လုံးတွေစွေသွား ခေါင်းတွေကျုံ့သွားတယ်လို့လည်းပြောတော့ အရမ်းစိုးရိမ်မိပါတယ်ဆရာ။ ကုလို့ရတဲ့ရောဂါလားဆရာ။ ဘာတွေ ဆောင်ရမယ် ရှောင်ရမယ် လမ်းညွှန်ပေးပါဦးဆရာ။

Herpesvirus group အုပ်စုဝင်ဗိုင်းရပ်စ်ပိုဖြစ်တယ်။ herpes simplex virus ရေယုံ၊ varicella-zoster virus (chickenpox) ရေကျောက်နဲ့ Epstein-Barr virus (infectious mononucleosis) ဗိုင်းရပ်စ်တွေနဲ့ အုပ်စုတူတယ်။ ပိုးရှိနေသူရဲ့ ဆီး၊ သွေး၊ တံတွေး၊ သလိပ်၊ နို့ရည်ထဲမှာပါနေနိုင်တယ်။ အတူနေသူတွေကို ကူးစက်နိုင်တယ်။ လိင်လမ်းကနေလည်းကူးတယ်။ သွေးကနေကူးတာအလွန်ရှားတယ်။ ကူးစက်မြန်ရောဂါတော့ မဟုတ်ပါ။ အဲလိုကလေးကိုပြုစုရသူ လက်ကိုခဏခဏဆေးရမယ်။ ရိုးရိုးဆပ်ပြာနဲ့ရေသုံးရင်ရတယ်။

အသက် ၄ဝ အရွယ်တွေ ၅ဝ-၈၅% ဒီပိုးရှိကြတယ်။ ကလေးတွေ မွေးကာစမှာကူးစက်ခံရတတ်တယ်။ နာတာရှည်အဖျားနဲ့ အသည်းနည်းနည်းရောင်တာဖြစ်မယ်။ ဒီဗိုင်းရပ်စ်ကူးစက်ခံရရင် တသက်လုံးသူ့ကိုယ်ထဲမှာရှိနေမယ်။ ဆောရီး။ ခုခံအားနည်းချိန်မှာ ရောဂါပြန်ပြန်ထတယ်။ ဥပမာ ကင်ဆာဆေး၊ ခုခံအားကျဆေး။

ကိုယ်ဝန်ဆောင်နေတုန်းမိခင်ကိုကူးရင် အထဲကကလေးဆီရောက်လာနိုင်တယ်။ ကလေးမှာ ကိုယ်အလေးချိန်နည်းမယ်။ အသည်းကြီးနေမယ်။ ဘေလုံးကြီးနေမယ်။ အသားဝါမယ်။ မွေးစကလေးဆိုရင် ဆံပင်ပါးနေမယ်။ မျက်စိမူမမှန်ဖြစ်မယ်။ စိတ်မူမမှန်ဖြစ်မယ်။ ခေါင်းသေးမယ်။ တက်မယ်။

တချို့ ကလေးနည်းနည်းကြီးလာမှဖြစ်မယ်။ ကိုယ်ပူမယ်။ ဝမ်းပျက်မယ်။ နူမိုးနီးယားဖြစ်မယ်။ အစာလမ်းအနာဖြစ်မယ်။ အသည်းရောင်မယ်။ ဦးနှောက်ရောင်မယ်။ အမူအယာပြောင်းမယ်။ တက်မယ်။ သတိလစ်မယ်။ မျက်စိထိခိုက်မယ်။ ဆိုးဆိုးဝါးဝါးနဲ့ သေဆုံးတဲ့အထိဖြစ်နိုင်တယ်။ ဆောရီး။

ကလေးကြီးလာချိန်မှာ နောက်ဆက်တွဲဖြစ်တာတွေ သတိထားရမယ်။ ဖြစ်နိုင်တာတွေက မတူကြပါ။ CMV mononucleosis မိုနိုနယူကလီယိုးဆစ်၊ Intestinal complications အူ၊ Liver complications အသည်း၊ Nervous system complications အာရုံကြောစနစ်၊ Lung complications အဆုပ်။

ဗိုင်းရပ်စ်ကိုသေစေတဲ့ဆေးမရှိပါ။ ဆောရီး။ ကုသနည်းလည်းသတ်သတ်မှတ်မှတ်မရှိပါ။ နုမိုးနီးယားဝင်လာရင်တော့ ပိုးသေဆေးစတာလိုမယ်။ တချို့ကို ဗိုင်းရပ်စ်ဆေးပေးတယ်။ အဲလိုဆေးက ဗိုင်းရပ်စ်တွေ မပွါးများအောင်သာ လုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

Monday, May 30, 2016

Panic Disorder စိတ်မထိန်းနိုင်ခြင်း

ကျနော်အသက် ၂၄ နှစ်ပါ။ ကျနော်မှာ ဒေါသနဲ့ စိတ်ကိုမထိန်းချုပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခုရှိပါတယ်။ စိတ်ကလဲ တခုခုကိုအလိုမကျတာနဲ့ ဒေါသတွေအရမ်းထွက်တတ်ပါတယ်။ ကိစ္စတခုဖြစ်လာရင်လဲ မကောင်းတဲ့ အမြင်နဲ့ တွေးတတ်ပါတယ်။ ကျနော်ရဲ့ဒေါသစိတ်မထိန်းနိုင်မှုကြောင့် မိသားစုနှင့် ပတ်ဝန်းကျင်ကြားမှာ အဆင်မပြေခဲ့ပါဘူး။ ကျနော်ဖြစ်နေတဲ့ခံစားချက်ကို မိသားစုအပါဝင် မိတ်ဆွေအပေါင်းသင်းတွေလဲ နားမလည် မပေးကျဘူးလို့ ကျနော်စိတ်ထဲမှာထင်နေပါတယ်။ ကျနော်ကိုကျနော်လဲ သာမန်လူရဲ့စိတ်အခြေနေမရှိဘူးလို့ထင်မိပါတယ်။ psycho ပုံစံလိုမျိုးဖြစ်နေပါတယ်ဆရာ။ မူးယစ်ဆေးဝါးလဲမသုံးပါဘူး။ အခြားလူနဲ့မတူတာက ကျနော်က အရမ်းပူအိုက်နေရင် သို့မဟုတ် ဒေါသထွက်ပြီးစိတ်အလိုမကျရင် ချွေးအရမ်းထွက်တတ်ပါတယ်။ ဘယ်လို ကုသမှု ဘယ်လို ဆေးဝါးတွေကို သောက်သုံးရမလဲဆိုတာ ဖြေကြားပေးပါခင်ဗျာ။ ပြီးတော့ 5-HTP ဆိုတဲ့ဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးကို သိချင်ပါတယ်ခင်ဗျာ။ ဆေးပုံစံကို ပို့ပေးလိုက်ပါတယ်ဗျာ။

စိတ်အထူးကုဆရာဝန်နဲ့ စနစ်တကျကုသမှုခံယူတာ အကောင်းဆုံးဖြစ်ပါတယ်။

5-HTP စိတ်ဆေး
ဆေးဝါးဗေဒအရ 5-hydroxytryptophan ခေါ်တယ်။ Griffonia simplicifolia အပင် အစေ့ကနေ ထုတ်ယူထားတဲ့ဆေး ဖြစ်တယ်။

စိုးရိမ်စိတ်ကဲခြင်း၊ စိတ်ဓါတ်ကျခြင်းနဲ့ အာရုံကြောကြောရောဂါတချို့ကိုသုံးတယ်။ ထိရောက်မှု အတိုင်းအတာ တခုအထိ ရှိတယ်။ Serotonin (ဆီရိုတိုနင်) ဓါတ်နည်းနေသူတွေမှာ ကောင်းစေတယ်။ စိတ်တိုလွန်းသူတွေကိုလည်းပေးနိုင်တယ်။ စားချင်စိတ်နည်းအောင်လည်း သုံးကြတယ်။

စိတ်ဓါတ်ကျသူကို 5-HTP 200 ကနေ 300 mg/day ကို တနေ့မှာ ၃-၄ ကြိမ်ခွဲပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ ခေါင်းနည်းနည်းကိုက်၊ အိပ်ရေးပျက်တာဖြစ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်အတွက် စိတ်ချရမှုအထောက်အထား မပြည့်စုံသေးပါ။

Alprazolam အယ်လ်ပရာဇိုလမ်ဆေး
၁။ Panic Disorder ဆောက်တည်ရာမရဖြစ်ခြင်း
Alprazolam 0.25 to 0.5 mg တနေ့ ၂-၃ ကြိမ်သောက်ပါ။ လိုအပ်ရင် ၃-၄ ရက်နေတော့ ဆေးအလေးချိန်ထပ်တိုးပါ။ တနေ့မှာ အများဆုံး စုစုပေါင်း 4 mg ထက်မပိုရ။

၂။ Panic Disorder ဆောက်တည်ရာမရဖြစ်ခြင်းနဲ့ Depression စိတ်ဓါတ်ကျခြင်း
Alprazolam 0.5 mg တနေ့ ၃ ကြိမ်။ ၃-၄ ရက်တကြိမ်တိုးပေးနိုင်တယ်။ ကောင်းလာရင် 5 to 6 mg နေ့စဉ်ခွဲပေးပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Government Policy အစိုးရပေါ်လစီ (သို့) ပညာရှင်များသည် တိုင်းပြည်ကို အကျိုးပြုပါသလား

သတင်း (၁) = အစိုးရသစ်တွင် နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမူဝါဒမတွေ့ရဟု ရန်ကုန် လူမှုစီးပွားဖွံ့ဖြိုးရေးဖိုရမ်တွင် တက်ရောက်သည့် ပညာရှင်များက ဝေဖန်
သတင်း (၂) စင်ကာပူတွင် ပြုလုပ်ခဲ့သည့် ဖိုရမ်တွင်လည်း အစိုးရသစ်မှာ ကြေညာချက် ထုတ်ပြန်ခြင်းဖြင့်ပင် အချိန်ကုန်နေသည်ဟု မြန်မာပညာရှင်အချို့မှ ဝေဖန်

အစိုးရသစ်မှာ ဘာပေါ်လစီမှမရှိဘူးလို့ ပြောသံတွေကြားရတယ်။ ပြောကြသူတွေရဲ့ဝေါဟာရ အတိအကျတော့ မသိပါ။ လူတွေဘာပြောတယ်ဆိုတာ စကားလုံးအတိအကျသိဘို့မလိုပဲ သဘောပေါက်တာမျိုးရှိတယ်။ ကြားကောင်းအောင် ရွေးပြောမှန်းလည်းသိနိုင်တယ်။ မျက်နှာအမူအယာနဲ့လည်းသိတယ်။ တခါတခါ မျက်နှာကြည့်စရာမလိုပဲ ဘယ်သူကဆိုတာနဲ့ ဘာလာမှာကိုသိနေတတ်တယ်။ ဘယ်သူ့မျက်နှာမှ မထောက်ပြောတဲ့ သူမျိုးတွေဆိုတာလည်း ဘယ်အစိုးရတက်တက်ရှိတယ်။ အရင်ကတော့ ဘေးထိုင်ဘုပြောဆိုသူတွေ။ အခုတော့

ပေါ်လစီဆိုတာဘာလည်း။ အစိုးရပေါ်လစီဆိုတာဘာလည်း။ အခုဝေဖန်ပြစ်တင်နေသူတွေက ပညာရှိပရောဟိတ်တွေဆိုတော့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါမှရမယ်။ အဲတော့ စာအုပ်တွေလှန်ရတယ်။ ဘိုလိုစာလုံးလေးတွေလည်းပါရမယ်။ ပေါ်လစီဆိုတာ အဖွဲ့အစည်းတခုခုရဲ့ ချမှတ် (သို့) ကိုင်စွဲတဲ့ မူ၊ လမ်းစဉ် (သို့) ဆောင်ရွက်မည့်လုပ်ငန်းစဉ်လို့ဆိုပါတယ်။ ထုံးတမ်းစဉ်လာတွေ၊ ဥပဒေတွေ၊ အသင်းအဖွဲ့ဆိုင်ရာတွေကို အသုံးပြုပြီး ပေါ်လစီချရတယ်။ အချက်အလက်ပေါင်းများစွာကို အခြေပြုရပေမယ့် အဓိကလွှမ်းမိုးတာကတော့ သမိုင်းနဲ့ ယဉ်ကျေးမှုဖြစ်တယ်။ ဘိုလိုရေးတဲ့ စာအုပ်ကြီးတွေ မဟုတ်ပါ။

ပေါ်လစီဆိုတာ ဆုံးဖြတ်ချက်တွေချရာမှာ လမ်းညွှန်ဖြစ်တယ်။ အကျိုးရလဒ်ကောင်းစေမယ်။ တိုးတက်ဖွံ့ဖြိုးစေမယ်။ သည်ဟာကို သည်လိုလုပ်မယ်။ ဘယ်တော့မှာ ဘာကြောင့်လုပ်ရတယ်ဆိုတာဖြစ်တယ်။ အဆင့်ဆင့်လုပ်ရတဲ့ (ပရိုစီဂျာ) တွေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ကျင့်ဝတ် (ပရိုတိုကောလ်) တွေရှိမယ်။

အပြောင်းအလဲတခုကို ဘယ်ကနေစမလည်းဖြစ်တယ်။ အခွန်နှုန်းထား၊ လစာ-လုပ်ခနှုန်းထား၊ လူဝင်မှုကြီးကြပ်ရေး၊ ပင်စင်၊ လူမှုဖူလုံရေး၊ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကြိုးနီစနစ်၊ စတာတွေပါမယ်။ ပေါ်လစီဆိုတာ ဥပဒေမဟုတ်ပါ။ အခြေအနေအရပြင်ရတယ်။ လူတိုင်းလူတိုင်းက သူ့အတွက် ၁ဝဝ% ရချင်ကြတယ်။ အဲတာကြောင့် ကွန်မြူနတီမှာ ပါနေသူတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ ဝေဖန်ရေး၊ ဆန္ဒထုတ်ဖေါ်ရေး၊ တိုင်းတာတောတာတွေ ကိုသာ ပြောတာမဟုတ်ပါ။ အပြုသဘောအကြံပြုတာ၊ ပူးပေါင်းဆောင်ရွက်တာလည်းပါရတယ်။

(အိုင်ဒီယာ) တွေကို လက်တွေ့အဖြစ်ပြောင်းစေတာ ပေါ်လစီဖြစ်တယ်။ ရွေးကောက်ပွဲကနေ အများစုဆီက (မင်းဒိတ်) ခေါ် လုပ်ပိုင်ခွင့်သာမက၊ ရွေးကောက်ပွဲကာလမှာ လူတွေဆီက (အိုင်ဒီယာ) တွေရတယ်။ NLD အစိုးရရဲ့ ရွေးကောက်ပွဲ (ကင့်ပိန်း) ကြီးမားကျယ်ပြန့်ခဲ့တာ ပြောဘို့မလိုပါ။ အဲတော့ တိုင်းပြည်နဲ့ လူများစုလိုအင်ဆန္ဒကို ကောင်းကောင်းသိတယ်။

(ပတ်ဘလစ် ပေါ်လစီ) အများပြည်သူနဲ့ဆိုင်တာမှာ ရှုတ်ထွေးတာသာမက အမြဲပြောင်းလဲမှု (ဒိုင်းနစမစ်) ဖြစ်နေရတယ်။ အသေဆုပ်ထားတာမျိုးမဟုတ်ပါ။ လူတွေရဲ့ပြဿနာတွေက အချိန်တိုင်းမှာ မတူပါ။ အဆုံးလည်းမရှိပါ။

အစိုးရပေါ်လစီအပေါ်လွှမ်းမိုးလိုသူတွေက ချဉ်းကပ်နည်း၊ (လော်ဘီ) နည်း စတာတွေနဲ့ကြိုးပမ်းကြရတယ်။ စင်ပေါ်တက်၊ ပြည်ပထွက် အပြစ်ချည်းပြောနည်းကတော့ အကျိုးမပြှုပါ။ လူတန်းစားအဖွဲ့အစည်းတွေ၊ အခွင့်အရေးအသင်းအပင်းတွေ၊ (အင်းထရက်စ်) အစုတွေနဲ့ ဆက်စပ်မှုလုပ်တယ်ဆိုတာကလည်း တခါတည်းပြီးသွားတာမျိုး မဟုတ်ပါ။ အဲတော့ အစိုးရတက်စမှာ မသိတာမမြင်တာကိုသာကြည့်ပြီး ကောက်ချက်ချတာမှာ လွန်ရောကျွံရော မဖြစ်သင့်ပါ။ (အကဲဒမစ် ပရင်စပယ်) စည်းကမ်းဆိုတာရှိတယ်။ လူမှုရေးသိပ္ပံထဲက အယူအဆတွေပါ။ စီးပွါးရေး၊ လူမှုရေး၊ စီမံခန့်ခွဲမှု၊ သုံးသပ်နည်း၊ တိုင်တာနည်းစတာတွေပါရတယ်။ ဒါလည်း စာအုပ်ကြီးထဲပါ။ မြန်မာ့နိုင်ငံရေးက စာမျက်နှာသစ် ဖွင့်ကာစရှိသေးတာ။

တချို့က (အိုင်ဒီယော်လော်ဂျီ) ခေါ် ဝါဒရေးအယူအဆကို ပေါ်လစီနဲ့ ကွဲမြင်ဘူး။ တချို့က (၅) နှစ်စီမံကိန်းကိုသာ ပေါ်လစီထင်တယ်။ ဦးနုလက်ထက်က ပြည်တော်သာစီမံကိန်းကြောင့် ကျွန်တော့်ဇာတိရွာကလေးမှာ မူလတန်းကျောင်းရခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နှစ်ရှည်နှစ်တိုစီမံကိန်းတွေက သတင်းစာတွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ စစ်အစိုးရတွေမှာကော ဘာပေါ်လစီလည်းမေးရင် ဖြေရမှာအားနာတယ်။ ပြီးခဲ့တဲ့အစိုးရပေါ်လစီ ဆိုတာကို ထောက်ပြဘို့ စိတ်ကူးခဲ့ကြဘူးပါသလား။ NLD အစိုးရကနေ သတင်းစာမျက်နှာဖုံးမှာ မထည့်တာနဲ့တော့ ပေါ်လစီမရှိဘူးလို့ မပြောသင့်ကြပါ။

ပညာရှင်လူတန်းစား တိုင်းပြည်ကိုအကျိုးပြုပါသလားလို့ အမေးခံရတဲ့တိုင်းပြည်ဖြစ်မလာပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Choose Your Words ခုတမျိုး တော်ကြာတမျိုး

အခုလေးတင် ကျွန်တော့်ဖရင်းထဲက တိုင်းရင်သားလူမျိုးတယောက်ကနေ သူနဲ့လူမျိုးတူ နာမည်ရနိုင်ငံရေးထဲက တယောက်အကြောင်းရေးတာ ဖတ်လိုက်ရတယ်။ အဲဒီနာမည်ရ တိုင်းရင်းသားခေါင်းဆောင်တယောက် လူမျိုးတူ တိုင်းပြည်ခေါင်းဆောင်တဦး နေရာရတာကို အရင်တခါပြစ်တင်သံနဲ့ မီဒီယာကနေပြောထားပြီး အခုတခါ လေသံ ပြောင်းတယ်လို့ ထောက်ပြထားတယ်။

ကျွန်တော်လည်း မနက်ကပါပဲ တိုင်းပြည်အထင်ကရခေါင်းဆောင်ကို မီဒီယာကနေ အကြိမ်များစွာ ဝေဖန်ပြစ်တင်ခဲ့တဲ့ တခြားတိုင်းရင်းသားနာမည်ရတယောက် လေသံပြောင်းပြောပြန်တာ ကြားလိုက်ရသေးတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုအရ ကျွန်တော်ကတော့ နာမည်တွေဘာတွေ ရေးလို့၊ ပြောလို့မဖြစ်ပါ။ ဗမာကနေ တိုင်းရင်းသားကိုပြောမိရင် ကျိန်စာသင့်သလိုခံရတတ်တယ်။ နယ်စပ်တွေမှာတုန်းကတော့ တိုင်းရင်းသားပုဂ္ဂိုလ်တဦးချင်းနဲ့ ဆက်ဆံရတာ အတော်အဆင်ပြေခဲ့ပါတယ်။ အခုအခြေအနေက တမျိုးပဲဗျ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Choking First aid ချုပ်ရရင် ဘာလုပ်ရမလဲ

၂၇-၅-၂ဝ၁၆ နေ့က ဆေးပညာသတင်းတခုမှာ Dr. Heimlich (ဒေါက်တာ ဟိမ်းလင့်ခ်ျ) ကနေ Choke (ချုပ်) ရနေသူ တယောက်အသက်ကို ကယ်လိုက်တယ်တဲ့။ ဆရာဝန်တယောက်ကနေ လူနာအသက်တချောင်းကယ်တာ အဆန်းမှတ်လို့ ပြောကြမယ်။ (ချုပ်) ရတယ်ဆိုတာ စားရင်းသောက်ရင်း ချက်ချင်းဖြစ်ပြီး စားလိုက်တဲ့ အစားမာ တခုက အစာလမ်းနဲ့ အသက်ရှူလမ်းအဆုံမှာ တစ်ဆို့နေလို့ စကားမပြောနိုင်၊ အသက်မရှူနိုင်၊ မြိုမချနိုင်ဖြစ်နေမယ်။ အသက်သေနိုင်တယ်။ အဲလိုဖြစ်ရင် ဘယ်လိုလုပ်မလည်းရှေးဦးသူနာပြုနည်းကို တီထွင်ခဲ့သူဟာ သတင်းထဲက (ဒေါက်တာ ဟိမ်းလင့်ခ်ျ) ကိုယ်တိုင်ဖြစ်နေလို့ပါ။ ဆရာဝန်က အသက် (၉၆) နှစ်အဖိုးကြီးနဲ့ လူနာက အသက် (၈၇) နှစ် အဖွါးကြီးဖြစ်ပါတယ်။

ကလေးတွေမှာ ကစားစရာတခုခုကနေ အဲလိုဖြစ်နိုင်တယ်။ ဖြစ်လာရင် ချောင်းဆိုးခိုင်းလို့ အင်နဲ့အားနဲ့မဆိုးနိုင်ဘူး။ အသက်ရှူသံ ဆူညံနေမယ်။ မျက်နှာ-ခြေသည်း-လက်သည်းတွေပြာနှမ်းလာမယ်။ သတိလစ်လာမယ်။

ရှေးဦးသူနာပြုနည်းကွဲလေးတွေရှိတယ်။
(၁) ဖြစ်နေသူနောက်မှာ ရပ်လိုက်ပါ။ သူ့ကို နောက်ကနေ ကိုယ့်လက်နှစ်ဖက်သုံးပြီး ဖက်ပါ။ သူ့ကို ရှေ့နဲနဲ ကုန်းအောင် ပြုပြင်ပေးပါ။ ကိုယ့်လက်တဖက်က လက်သီးဆုပ်ပြီး၊ ကျန်တဖက်က အဲဒီလက်ကိုဆုပ်ကိုင်ပါ။ ကိုယ်လက်တွေက လူနာရဲ့ ချက်အထက်နားမှာ ထားပါ။ လူနာရဲ့ ဝမ်းဗိုက်ကို ကိုယ့်လက်ကအထက်ဆီ ဦးတည်ပြီး၊ ဆွဲညှစ်သလို ခပ်မြန်မြန်လုပ်ပါ။ တနည်းပြောရရင် လူနာကို မ, ချီသလိုနေမယ်။ တစ်ဆို့နေတာ ထွက်မလာမခြင်း အဲလို ၅ ခါစီ လုပ်ပါ။

(၂) ဖြစ်နေသူရဲ့ နောက်ကျော လက်ပြင်နှစ်ခုကြားမှာ လက်ဖနောင့်နဲ့ ၅ ချက်ထိုးပါ။ နောက် ဝမ်းဗိုက်ကိုလဲ အဲလို ၅ ချက်ထိုးပါ။ မရသေးရင် ဒီနည်းအတိုင်း ထပ်လုပ်ပါ။ Heimlich maneuver နည်းလို့ခေါ်တယ်။ အမေရိကန် နှလုံးရောဂါ အသင်းကတော့ နောက်ကနေထိုးတာကို မလုပ်ခိုင်းဘဲ ဝမ်းဗိုက်ကနေသာထိုးဘို့ အကြံပေးပါတယ်။

ကိုယ်တယောက်တည်း အဲလိုချုပ်ရနေရင် -
မတ်တတ်ရပ်နေပါ။ နောက်ဖက်ကမာတာ ဥပမာ နံရံ၊ ကုလားထိုင်ရှိပါစေ။ ကိုယ့်ဝမ်းဗိုက် ချက်အထိကနားမှာ ပြောခဲ့တဲ့နည်းအတိုင်း လက်နှစ်ဖက်ကိုဆုပ်ထားနည်းအတိုင်း လက်သီးဆုပ်တင်ပါ။ လက်ဆုပ်ကို အတွင်းဖက်နဲ့ အထက်ဆီပင့်တင်နည်းလုပ်ပါ။

လူနာက သိပ်ဝရင်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဖြစ်ရင် - လုပ်ပေးသူရဲ့လက်ဆုပ်ကို အထက်နားနဲနဲမှာ (ရင်ခေါင်းနေရာ) တင်ထားပြီး လုပ်ပါ။ မရသေးဘဲ လူနာက သတိလစ်နေပြီဆိုရင် လူနာကို မာတဲ့ကြမ်းပြင်မှာ ပက်လက်အိပ်စေပြီး ရင်ပတ်ဖိနည်း CPR လုပ်ပါ။ ဆရာဝန်ခေါ်ပါ။ အရေးပေါ်နံပါတ်ခေါ်ပါ။

သတိလစ်နေသူရဲ့ အသက်ရှူလမ်းရှင်းနည်း
မာတဲ့ကြမ်းပြင်မှာ လှဲချလိုက်ပါ။ မြင်နိုင်တဲ့ အရာမှန်သမျှ နှာခေါင်းနဲ့ ပါးစပ်ကနေ ဖယ်ရှားပါ။ ပါးစပ်ထဲမှာရှိနေတာကို လက်ချောင်းသုံးပြီးဖယ်ရှားပါ။ ဖြစ်နိုင်ရင် လက်အိတ်သုံးပါ။ ထုတ်ဘို့ကြိုးစားတာက အထဲသွင်းရာ မရောက်အောင် သတိထားပါ။ လူနာရဲ့ ခေါင်းကို တဖက်ဖက် (ဘယ်ဘက်) စောင်းထားပါ။ အန်ရင်လဲ အဲလိုပဲစောင်းထားပါ။ အန်ဖတ် အထဲမဝင်စေဘို့ဖြစ်တယ်။

ကျွန်တော် ဇရာအိုလူပိုမဟုတ်ကိုရေးပြီး နောက်တနေ့ ၇-၂-၂ဝ၁၄ နေ့မှာ နာမည်ကြီးမင်းသားကြီး (ကလင့်အိစ်ဝုဒ်) ကနေ နယူးယော့မှာလုပ်တဲ့ (ထရီဘက်ကာ) ရုပ်ရှင်ပွဲတော်မှာ ချုပ်နေရတဲ့ ဒါရိုက်တာ (စတိဖ်ဂျွန်) ရဲ့အသက်ကို ဒီနည်းနဲ့ ကယ်လိုက်ပါသတဲ့။ ကလင့်အိစ်ဝုဒ် (၈၃) နှစ်ရှိပါပြီ။ (ဒေါက်တာ ဟိမ်းလင့်ခ်ျ) ကဒီနည်းကို ၁၉၇၄ ကတည်းက တီထွင်ခဲ့တာပါ။ အခုထိ အမေရိကားနိုင်ငံတခုထဲမှာ လူပေါင်း တသိန်းကိုကယ်ခဲ့ပြီးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄
၃ဝ-၅-၂ဝ၁၆

Floating Water Hyacinth ဗေဒါက တပင်တည်း

- Yown Layy ဆရာ့ကိုကျန်းမာရေးအတွက်မေးချင်ပါတယ်ရှင့် ဘယ်လိုမေးရပါမလဲရှင့်
- Ju Ju ဆရာဆေးခန်းဘယ်မှာထိုင်ပါသလဲ လိပ်စာလေးသိချင်ပါတယ်
- Suelay Nwe ဆေးခန်းဘယ်မှာထိုင်လဲ သိချင်လို့ပါဆရာ လိပ်စာလေးပြောပြပေးပါလား
- Mee Mee ဖတ်မရဘူးဆရာ
- Ayethi Khaing ဖတ်မရဘူးဆရာ

ဆောရီး။ ဆောရီး။ ဆောရီး။ မေးနည်းစည်းကမ်းကို Like လုပ်သလိုလုပ်ရချင်တယ်။ (ကလစ်) လုပ်တာနဲ့ပြီးသွားနိုင်တာ လုပ်ပေးကြပါဗျာ။ အဲလိုလာတိုင်း ပို့ပေးနေရတာ တကယ်ကို (ဘုရားစူး) မနိုင်ဘူးဖြစ်နေတယ်။

ဘယ်မှာနေလည်းပြောရတာ သိတဲ့လူတွေကို အားနာလှပြီ။ ကျွန်တော် ၁၉၉ဝ ခုနှစ်အကုန်ကတည်းက နိုင်ငံရေးကြောင့် မြန်မာပြည်ကနေ ထွက်ပြေးခဲ့ရတာ၊ ခုထိမပြန်နိုင်သေး၊ ဆေးခန်းလည်း မရှိတော့ပါ။

ဖတ်မရတဲ့ (လင့်ခ်) ကတော့ ဟုတ်တယ်။ ကျွန်တော် ဆေးပညာစာတွေ၊ တခြားစာတွေရေးနေတာ Blog (ဘလော့ဂ်) ပေါ်စကတည်းကပါ။ အဆင်မပြေလို့ (ဘလော့ဂ်) တွေအသစ်လုပ်ရတာလည်း (၁ဝ) ကြိမ်လောက်ရှိမယ်။ အခုနောက်ဆုံးတခုကတော့ အဆင်ပြေနေတာ အတော်ကြာပြီ။ (ဘလော့ဂ်) အဟောင်းက (လင့်ခ်) တွေနဲ့ အစားမထိုးနိုင်သေးပါ။ အချိန်ကမရလို့ ဂွကျနေတယ်။ ကြိုးစားပါအုန်းမယ်။ ဖတ်ချင်တဲ့ခေါင်းစဉ်ကို မြန်မာလို၊ အင်္ဂလိပ်လို Search ရှာဖွေစရာမှာရိုက်ရှာရင် ၈ဝ% လောက်ရပါမယ်။ မရရင် ခေါင်းစဉ်ကိုပြောပြီး မေးနည်းစည်းကမ်းအရ မေးသူတိုင်းဆီကို (လင့်ခ်) ဖြစ်ဖြစ် စာတပုဒ်လုံးဖြစ်ဖြစ်ပို့ပေးနေပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Cancer risk factors ကင်ဆာ ဘာလို့ဖြစ်ရသလည်း

ကျွန်တော့်ပို့စ်တခု = ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး

ကွန်မင့်တခု = Moe Ko ကွမ်းစားတဲ့လူတိုင်းသာ ကင်စာဖြစ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ကင်စာမဖြစ်တဲ့သူက နဲနဲပဲကြန်တော့မယ်

ဘယ်ကင်ဆာမဆို ဘာကနေဖြစ်တယ်လို့ ဘယ်သူကမှ မသိသေးပါ။ ဆေးလိပ်ကနေ အဆုပ်ကင်ဆာ၊ တိုဘက်ကို စားတာ-ငုံတာကနေ ခံတွင်းကင်ဆာ၊ လိင်လမ်းကြွက်နို့ကနေ သားအိမ်ဝကင်ဆာ ဆိုတဲ့ တချို့ကင်ဆာတွေမှာ ဆက်စပ်မှုရှိတာကိုသာ သိပေးပါတယ်။ အဲတာတွေမှာလည်း % အရသာဖြစ်ပါတယ်။ နေရာ၊ လူမျိုး စတဲ့ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တွေကိုလည်း စဉ်းစားရပါသေးတယ်။ ဒါစားရင် ဒါဖြစ်မယ်လို့ ရေးမထားပါ။ (ကင်ဆာ) လို့သာရေးသင့်တယ်။ (ကျန်) လို့သာရေးသင့်ပါတယ်။ ဆောရီး။

နည်းပညာတွေတိုးတက်လာပေမယ့်လည်း ကင်ဆာဖြစ်နိုင်ချေရှိတဲ့သူများဆိုတာကိုသာ ပိုသိလာတယ်။ အဲတာကို Cancer risk factors လို့ခေါ်ပါတယ်။ ကင်ဆာအန္တရာယ်ရှိသူများ။
၁။ အသက်၊ အသက်ကြီးလေကင်ဆာဖြစ်နိုင်ချေများလေ။
၂။ အမူအကျင့်၊ ဆေးလိပ်၊ အရက်၊ ကွမ်းယာ၊ အစားအသောက်။
၃။ မိသားစုရာဇဝင်နဲ့ မျိုးဗီဇ။
၎။ ကျန်းမာရေးနောက်ခံ၊
၅။ ပတ်ဝန်းကျင်၊ ဓါတ်ငွေ့၊ မီးခိုးစတာတွေ။

၁။ Genetics and Cancer မျိုးဇီဇနဲ့ ကင်ဆာ
ကင်ဆာတချို့ဟာ မိသားစုလိုက်တာသေချာတယ်။ ဘယ်လိုဆိုတာတော့ တိတိပပမသိရသေးပါ။ Family Cancer Syndromes မိသားစုကင်ဆာ ဆင်ဒရုမ်းဆိုတာရှိတယ်။ အဲတာကြောင့် Genetic Testing စမ်းသပ်မှုလုပ်ရတယ်။

၂။ Tobacco and Cancer ဆေးလိပ်နဲ့ကင်ဆာ
အထူးသဖြင့် အဆုပ်ကင်ဆာနဲ့ အတော်များများဆက်စပ်နေတာသိထားပါပြီ။ တချို့ကင်ဆာတွေမှာလည်း ဆေးလိပ်သောက်သူတွေမှာ ပိုများတယ်။

၃။ Diet and Physical Activity အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှု
လူနေမှုပုံစံတွေတချို့မှာ ကင်ဆာပိုဖြစ်ပါတယ်။ လူအဝလွန်တာက ကင်ဆာပိုဖြစ်စေနိုင်တယ်။ အရက်နဲ့ ကင်ဆာဆက်စပ်တာလည်းရှိတယ်။

၎။ Sun and UV Exposure နေရောင်ခြည်၊ Radiation Exposure ဓါတ်ရောင်ခြည်သင့်တာနဲ့ ကင်ဆာဆက်စပ်ပါတယ်။ X-rays, Gamma Rays ရောခြည်တွေဖြစ်တယ်။ Radon ရောင်ခြည်နဲ့ Ultraviolet (UV) Radiation ခရမ်းလွန်ရောင်ခြည်ကလည်း ကင်ဆာဆက်စပ်မှုရှိတယ်။ Radiofrequency (RF) radiation တွေကိုလည်း လေ့လာနေရတယ်။ Cellular Phones ဆဲလ်ဖုန်းကိုလည်း လေ့လာနေရတယ်။ Power Lines, Electrical Devices, and Extremely Low Frequency Radiation တွေကိုလည်း လေ့လာမှုတွေလုပ်နေပါတယ်။

၅။ Infectious Agents and Cancer ကူးစက်မှုတွေနဲ့ ကင်ဆာ
At Home နေအိမ်တွေမှာ ထူးခြားတာတွေဘာရှိသလည်း။
Workplace လုပ်ငန်းခွင်မှာ ဘာအန္တရာယ်ရှိသလည်း။
Pollution လေထုညစ်ညမ်းမှု
Medical Treatments ဆေးကုသမှုနဲ့ စမ်းသပ်မှုတွေ

၆။ Carcinogens ကင်ဆာဖြစ်စေနိုင်တာတွေလည်းရှိတယ်။
ဒီဓါတ်တွေက ချက်ချင်းတော့ဘာမှမဖြစ်ပဲ နောင်မှာကင်ဆာဖြစ်တာတာမျိုးဖြစ်တယ်။
Aspergillus ဖန်းဂတ်စ် ခေါ် မှိုတမျိုးမှာပါတဲ့ Aflatoxin B1 ကသဘာဝအရရှိတာမျိုး။
hepatitis B သည်းရောင်ဘီနဲ့ human papilloma virus ကြွက်နို့ဗိုင်းရပ်စတွေ။
Dioxins and dioxin-like compounds, benzene, kepone, EDB နဲ့ asbestos ဓါတ်တွေကနေလည်း ကင်ဆာဖြစ်စေနိုင်တယ်။
PVC ထုတ်လုပ်ရာမှာသုံးတဲ့ Vinyl chloride
aromatics, aflatoxin and mustard gas ဓါတ်ငွေ့တွေလည်းပါတယ်။

၇။ In prepared food အစားအသောက်တွေအထားခံအောင်၊ ရောင်းပန်းလှအောင်လုပ်တာတွေမှာ ကင်ဆာဖြစ်စေနိုင်တာတွေပါနေနိုင်တယ်။

၈။ Arsenic and its compounds အာဆင်းနစ်ဓါတ်ပေါင်းများ
• Smelting byproduct
• Alloys
• Electrical and semiconductor devices
• Melarsoprol
• Herbicides
• Fungicides
• Animal dips
• Drinking water from contaminated aquifers
• Asbestos
• Roofing papers
• Floor tiles
• Fire-resistant textiles
• Friction linings (brake pads)
• Replacement friction linings for automobiles (asbestos)
• Benzene
• Light fuel oil
• Lithography
• Paint
• Rubber
• Dry cleaning
• Adhesives
• Coatings
• Detergents
• Beryllium and its compounds
• Missile fuel
• Lightweight alloys
• Aerospace applications
• Nuclear reactors
• Cadmium and its compounds
• Yellow pigments
• Phosphors
• Solders
• Batteries
• Metal paintings and coatings
• Hexavalent chromium (VI) compounds
• Pigments
• Preservatives
• IC engine exhaust gas
• Exhaust gas from engines
• Ethylene oxide
• Ripening agent for fruits and nuts
• Rocket propellant
• Fumigant for foodstuffs and textiles
• Sterilant for hospital equipment
• Nickel
• Nickel plating
• Ferrous alloys
• Ceramics
• Batteries
• Stainless-steel welding byproduct
• Radon and its decay products
• Uranium decay
• Quarries and mines
• Cellars and poorly ventilated places
• Vinyl chloride
• Hemangiosarcoma
• Refrigerant
• Production of polyvinyl chloride
• Adhesive for plastics
• Former use in pressurized containers
• Shift work that involves
• Radium-226, Radium-224,
• Plutonium-238, Plutonium-239 and other alpha particle
• Nuclear fuel processing
• Radium dial manufacturing
• Gasoline
• Lead and its compounds
• Alkylating antineoplastic agents (mechlorethamine)
• Alkylating agents (dimethyl sulfate)

ဆရာဝန်တွေ ညံ့ပါသေးတယ်။ ကင်ဆာတွေကို လိုက်မမီသေးပါ။ လက်ညှိုးထိုးရတာ အပြစ်မလွတ်မှန်းသိပါတယ်။ ရှောင်သင့်တာတွေကို ရောကာသောကောပြောပြရတာ အနှောင့်အသွားမလွတ်လို့ အပြောခံရတဲ့ အဲဒီအပြစ်ကို ကျေနပ်စွာ ခံယူပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

ဆေး၊ ကွမ်းယာနဲ့ ကျန်းမာရေး

By ဒီဗွီဘီ 26 May 2016
မြန်မာဘုရင်လက်ထက်ကတည်းက မျိးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ငါန်းမြာကဆေးလည်း မဟုတ်တော့ပါ။ တံတားဦးက ကွမ်းနုဝါလည်း စာထဲသာသာ ရှိတော့တယ်။ ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိကြပေမယ့် မှားတာတွေ၊ ဝါးတာတွေကနေ ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ကွမ်းယာမှာ မပါမဖြစ်တဲ့ ကွမ်းရွက်က ဆေးဖြစ်ဝါးဖြစ် အသုံးကျတာကို ဆရာဝန်တွေ ကလည်း မငြင်းကြပါ။ ကွမ်းသီးနဲ့ ဆေးကိုတော့ သုတေသနတွေ တလှေကြီးလုပ်ပြီး တားဆီးတာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွမ်းစားတာရော ကွမ်းသီးဝါးတာပါ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်း ရှိတယ်။

Betel nut ကွမ်းသီးကို ရုက္ခဗေဒလို Areca catechu လို့ ခေါ်တယ်။ ဓာတုဗေဒလို ပြောရရင် (အရီကိုလင်း)၊ (ပိုင်လိုကာပင်း) နဲ့ (မတ်စကရင်း) ခေါ်တဲ့ (အယ်လ်ကာလွိုက်) ၃ မျိုး ပါတယ်။ စိတ်ကို ပြောင်းလဲစေနိုင်တဲ့ သတ္တိရှိတယ်။ ၂ဝဝ၄ က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီ (ကွန်ဖရင့်) တခုမှာ ကွမ်းသီးကြောင့် တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်စေတယ်။ လူကို ကင်ဆာမဖြစ်မီအဆင့်ကို ဖြစ်စေတယ်လို့ စာတမ်းဖတ်ခဲ့တယ်။ Tobacco (Nicotiana genus) ဆေးကနေ Genetic mutations မျိုးဗီဇ ပြောင်းလဲမှု ဖြစ်စေနိုင်တယ်။ အဲလိုဖြစ်တာဟာ ကင်ဆာကို ဦးတည်စေပါတယ်။

ဆေးငုံတာကို Smokeless tobacco အငွေ့မထွက်တဲ့ ဆေးသုံးခြင်းလို့ ခေါ်ကြတယ်။ Smokeless, Not Harmless အငွေ့မပါပေမယ့် အန္တရာယ်မကင်းပါလို့ သတိပေးထားတယ်။ အကျင့်ကစွဲတယ်။ ဖြတ်ဖို့ မလွယ်တတ်ဘူး။ ခံတွင်းနံ့ မကောင်းဖြစ်တယ်။ တံတွေးများများလာလို့ ခဏခဏ ထွေးနေရမယ်။ ဖြူဖွေးနေရတဲ့ သွားတွေလည်း မည်းလာမယ်။ သွားကို ဘယ်လောက်တိုက်တိုက် ဖြူမလာလို့ သွားဆရာဝန်ဆီ ခဏခဏ သွားနေရလိမ့်မယ်။ သကြားဓာတ်တွေပါတာ မနည်းလို့ သွားအခေါင်း ဖြစ်နိုင်တယ်။ သွားပိုးစားမယ်။ သွားဖုံးရောဂါတွေ ဖြစ်နိုင်တယ်။ နှလုံးခုန်မြန်စေမယ်၊ သွေးတိုးတက်စေမယ်။ ကင်ဆာမဖြစ်ခင်အဆင့် ခံတွင်းရောဂါတွေ ဖြစ်လာစေနိုင်တယ်။ ခံတွင်းကင်ဆာတွေထဲမှာ လည်ချောင်း၊ ပါး၊ သွားဖုံး၊ နှုတ်ခမ်းတွေနဲ့ လျှာကင်ဆာတွေပါတယ်။ သရက်ရွက်ကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာတွေလည်း သုတေသနစာရင်းထဲမှာ နောက်နားက ပါသေးတယ်။

ယဉ်ကျေးမှုဘက်ကကြည့်ရင် ရိုင်းတယ်။ ဘောလုံးပွဲတွေကြည့်ရင်း ကိုယ်အားပေးတဲ့ အသင်းက ဘောလုံးသမားဖြစ်ဖြစ် တံတွေးထွေးတာကို မြင်ရရင်တော့ မကြည့်ချင်ဘူး။ တီဗွီ တင်ဆက်သူတွေက တင်းနစ်ကစားတဲ့ မိန်းကလေးတွေကို ကင်မရာရိုက်ချက်ကို ရွေးပြီးမှ ပြလေ့ရှိတာတော့ ယဉ်ကျေးပါတယ်။

အငွေ့မထွက်တဲ့ဆေးထဲမှာ (ကာစီနိုဂျင်) ကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓာတ်စုစုပေါင်း ၂၈ မျိုး ပါနေတယ်။ ဒါတွေထဲမှာ အဓိကပစ္စည်းက (နိုက်ထရိုဆမင်း) ဖြစ်တယ်။ ဆေးထဲမှာပါတဲ့ (နီကိုတင်း) ဓာတ်ဟာ စွဲစေတယ်။ ဒီဓာတ်ကို ခံတွင်းကနေ စုပ်ယူတာဟာ စီးကရက် သောက်တာထက်တော့ နှေးပေမယ့် သွေးထဲကို ၃ ဆကနေ ၄ ဆ ပိုဝင်တယ်။ သွေးထဲမှာလည်း ပိုပြီး ကြာကြာနေတယ်။ ပါးစောင်မှာ အဖြူကွက်ပေါ်တဲ့ (လူကိုပလီးကီးယား) ရောဂါ ရလာနိုင်တယ်။ ဒါမျိုးကနေ တချိန်မှာ ကင်ဆာကို ပြောင်းသွားနိုင်တယ်။

Gutkha (ဂူရခါး) ကွမ်းသီးခြောက်ထုပ်

ဆေးမပါဘဲ ကွမ်းသီးကို ပြုပြင်ထားတာကို အထုပ်ငယ်လေးတွေ အိန္ဒိယမှာ များလွန်းလို့ နှစ်ပြားတန်ကနေ ကင်ဆာ ဖြစ်စေမယ်လို့ သတိပေးကြတယ်။ ကွမ်းသီးကို ပြုပြင်နည်းတွေ အမျိုးမျိုးရှိတယ်။ အမွှေးနံ့တွေလည်း မတူကြဘူး။ လေးညှင်း၊ ဖာလာ စတာတွေအပြင် ချောကလက်နံ့ပါတာလည်း ရှိသေးတယ်။ ခံတွင်း ကင်ဆာဆိုတာ ဖြစ်လာဖို့ရာ ဆယ်နှစ်ကြာလို့ ကွမ်းသီးခြောက်ကို ၄-၅ နှစ် စားသုံးနေလို့ ဘာမှမဖြစ်ဘူး မထင်သင့်ပါ။ ဒါကြောင့် အိန္ဒိယမှာ ခံတွင်းကင်ဆာ အဖြစ်အများဆုံးပဲ။ ၂ဝဝ၈ ခုနှစ်တုန်းက အမေရိကားမှာ ၂ သောင်း ၃ ထောင်သာ ရှိခဲ့ပေမယ့် အိန္ဒိယမှာ ခံတွင်း ကင်ဆာ လူနာပေါင်း ၇ သောင်း ရှိခဲ့တယ်လို့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီကနေ ထောက်ပြထားပါတယ်။ ဆေး-ဆေးလိပ်၊ အရက်၊ (ကေဖင်း) နောက်မှာ ကွမ်းသီးဟာ စတုတ္ထမြောက် အများဆုံး တလွဲသုံးနေကြတယ်။

(ကိုကာ-ကိုလာ) ထဲမှာ ဘာတွေကို ဘယ်လောက် အတိအကျထည့်ပြီး ဖျော်စပ်တယ်ဆိုတဲ့ (ကိုကာ-ကိုလာ) ဖော်မြူလာဟာ ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။ (ဂူရခါး) ထဲမှာလည်း သူများမသိတာတွေ ပါနေတယ်။ ဥပမာ Jhee (ဂျီး) ဆိုတဲ့ အမျိုးအစားထဲမှာ ကွမ်းသီး ၇၅ ရာခိုင်နှုန်း၊ ဆေး ၁၂ ရာခိုင်နှုန်းနဲ့ သူများမသိတာ ၁၃ ရာခိုင်နှုန်း ပါတယ်လို့ ပိုင်ရှင်ကိုယ်တိုင်က ပြောတယ်။ ၂ဝဝ၈ တုန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လေ့လာမှုတခုအရ (ဂူရခါး) ထဲမှာ (ခရိုမီယမ်)၊ (နစ်ယ်လ်) နဲ့ (အာဆင်းနစ်) တွေ ပါတယ်။ ဒါတွေက ကင်ဆာကို ဖြစ်စေနိုင်တယ်။

ကွမ်းယာကို အထားခံအောင် စီမံထားတာတွေထဲမှာ မှိုမတက်အောင်၊ စားကောင်းအောင် ဓာတုဗေဒပစ္စည်း တခုခု ထည့်ထားရတာမို့ ကင်ဆာဖြစ်စေတဲ့ (ကာစီနိုဂျင်) တွေ ပိုပြီးပါတယ်။ ကမ္ဘာပေါ်မှာ ဆေးပါတဲ့ကွမ်းယာ စားသုံးတာ မြန်မာနိုင်ငံက ၅၁ ဒသမ ၄ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် လျှာဖြတ်မခံလိုလျှင် ကွမ်းယာမစားပါနှင့်ဆိုပြီး လျှာကင်ဆာအတွက် ကျန်းမာရေး သတိပေးချက်ရှိတယ်။

ကွမ်းယာစားသူတွေက ဆေးလိပ်သောက်တာ များတယ်။ တဆက်တည်း အရက်သောက်တာလည်း များတယ်။ ဆေးလိပ်နဲ့ ကွမ်းစားတာတွဲရင် ကင်ဆာဖြစ်နိုင်ချေ ၆ ဆလောက်ပိုများပြီး အရက်ပါတွဲရင် ၁၂၃ ဆ များသွားပါတယ်။ ဒီလို အလေ့အကျင့်မျိုးတွေဟာ ပတ်ဝန်းကျင်စေ့ဆော်မှု၊ သူငယ်ချင်းတွေ ဆွဲဆောင်မှု၊ အတုမြင် အတတ်သင်မှုဆိုတဲ့ အကြောင်းခံတွေကနေ အကျင့်ကူးစက်တယ်။ အခြေခံကတော့ စိတ်ပါပဲ။ သူ့ဘေးက နိုင်ငံရေး။

လူငယ်လူရွယ်တွေ ဒီအလေ့အကျင့် ပိုများလာတာက (မဆလ) ခေတ်မှာ ဖက်ရှင်တခုလို တဆင့်တက်လာခဲ့တယ်။ အဲဒီခေတ်တုန်းက အရာရာရှားပါးတဲ့အပြင် လူတွေကို မှိုင်းတိုက်ထားတယ်။ လွတ်လပ်ခွင့်တွေကို ချုပ်ကိုင်ထားခဲ့တယ်။ ဒီတော့ လူငယ်တွေက ထွက်ပေါက်ရှာကြရတယ်။ အခိုက်အတန့်လေးဖြစ်ဖြစ် ကိုယ်ပိုင်၊ ကိုယ်တိုင် လုပ်နိုင်တာတွေထဲမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်ကိုတွေ့တယ်။ အနှိပ်ခန်း၊ အပျော်ခန်းတွေဆိုတာ စစ်အုပ်ချုပ်မှုအောက်ရောက်မှ ပိုများလာတာပါ။ လွှတ်တော်အစိုးရခေတ်မှာတော့ မြို့ငယ်တွေမှာပါ ရှိလာတယ်။ အခုလို နည်းနည်းပါးပါးဖြစ်တော့ ပြောင်းလာတာတွေ ရှိလာချိန်မှာ လူငယ်တွေ ကိုယ်ပိုင်-ကိုယ်တိုင် လုပ်နိုင်လာတာလေးတွေ ရှိလာချိန်မယ် ဘာသာရေးနဲ့ ကိုက်ညီတာ၊ နိုင်ငံရေးနဲ့ လမ်းမှန်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကိုသာ ရွေးသင့်၊ ရှာသင့်ကြပါတယ်။

တခါတုန်းက အမေရိကန်ကျောင်းသားတွေ ထိုင်းနယ်စပ်ကို လေ့လာဖို့လာကြတယ်။ ၁၉၈၈ မှာ မြန်မာပြည်က ကျောင်းသားတွေ ဆန္ဒပြကြလို့ ထွက်ပြေးရပြီး မကြာခင်ကပေါ့။ မြန်မာပြည် နယ်စပ်လမ်းတွေပေါ်က နီနီရဲရဲအကွက်တွေ မြင်တော့ ဟာ့ ဒါ မြန်မာကျောင်းသားတွေရဲ့ သွေးလားလို့ မေးကြတယ်။ သွေးတော့သွေးပါ။ အမှန်က ရွှေဗမာတွေ ထွေးထားတဲ့ ကွမ်းသွေးတွေ ဖြစ်ပါတယ်။ မဖြစ်နိုင်တာကို မလုပ်ပါနဲ့လို့ အကြံပေးတာဟာ အချည်းအနှီးသာဖြစ်လို့ ဆေးနဲ့ ကွမ်းယာ ကျန်းမာအောင် စားတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Conference on Look East Policy

အိန္ဒိယမှာနေခဲ့စဉ်က မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွဲလုပ်ခဲ့သူတွေထဲကတယောက်ဖြစ်တဲ့ Dr. Alana Golmei (မပန်းနု) ရဲ့ဖေ့စ်ဘွတ်မှာ (၄) နှစ်တိတိက မိတ်ဆွေဖြစ်ခြင်းလို့ ဖေ့စ်ဘွတ်ကအသိပေးတဲ့ပုံဖြစ်ပါတယ်။ ပုံထဲပါ လုပ်ဖေါ်ကိုင်ဖက်အားလုံးကို အထူးသတိရပါတယ်။

Date: 4 August 2014
Conference on Look East Policy
India and Myanmar: Pitching for Greater Connectivity
Venue: Abdul Nazir Sab Hall, Institute of Social Sciences, New Delhi

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Tobacco kills ဆေးလိပ်က လူကိုသတ်နေတယ်

• ဂရိခေတ်က သမားတော်ကြီး Hippocrates (ဟစ်ပိုကရေးတီးစ်) ကို Father of Medicine ဆေးပညာဖခင်ကြီးအဖြစ် ဆေးလောကတခုလုံးက အသိအမှတ်ပြုထားပါတယ်။ ဆေးပညာသုံးဝေါဟာရတွေ အတော်များများကို ဂရိ၊ လက်တင်စာလုံးတွေကနေ ယူသုံးတယ်။ ဆရာဝန်တွေက Zodiac Signs ဆယ်နှစ်ရာသီခွင်ရုပ်တွေကိုလဲ ယူသုံးတယ်။ နက္ခတ်ဗေဒင်၊ ဇာတာခွင်တွေမှာသုံးတာ ဖြစ်ပါတယ်။

Cancer ကင်ဆာရဲ့သင်္ကေတက ပုစွန်လုံး၊ ဂဏန်း၊ မြန်မာအခေါ် ကရကဋ်ဖြစ်တယ်။ ကိုယ်ထည်မှာ ခြေထောက်တွေ အများကြီးပါတယ်။ ကင်ဆာရောဂါမှာလဲ တနေရာမှာဖြစ်နေတာက ခြေထောက်ပေါက်သလို ပျံ့နှံ့ရောက်သွားလို့ ဒီသင်္ကေတကိုယူတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ပါးစပ်ထဲမှာငုံရတဲ့ဆေးတမျိုး Kuber (ကူဘဲ) ဆိုတာရှိတယ်။ ဒီငုံဆေးထဲမှာ Tobacco ဆေးပါလို့ ကင်ဆာဖြစ်စေတယ်ဆိုတဲ့ သတိပေးစာနဲ့မှသာ ရောင်းခွင့်ရှိတယ်။ ဒါကြောင့် (ကူဘဲ) အထုပ်ပေါ်မှာ Tobacco kills စာနဲ့အတူ Scorpio ကင်းမလက်မဲပုံ ရိုက်ထားတယ်။ ကင်ဆာကိုသတိပေးတာဖြစ်ပေမဲ့ Scorpio ကင်းမလက်မဲဆိုတာလဲ ဆယ်နှစ်ရာသီခွင်ရုပ်တွေထဲမှာ သပ်သပ်ပါတယ်။ Scorpio ကင်းမလက်မဲ၊ ကင်းမြီးကောက်ဆိုတာ မြန်မာအခေါ် ဗြိစ္ဆာဖြစ်တယ်။ ကင်းမလက်မဲ၊ ကင်းခြေများ၊ ကင်းပုစွန်၊ ကင်းမြီးကောက်စတဲ့ ကင်းတွေမှာလဲ အဆိပ်ပါလို့ ရောဂါရစေတာပါဘဲ။ ကင်ဆာနဲ့တော့ မတူပါ။

ဆေးလိပ်ဖြတ်စေဘို့သတိပေးကြော်ငြာစာတွေမှာ ကလေးသူငယ်တွေကို အထောက်အထားတွေနဲ့အတူ ဖေါ်ပြလေ့ရှိပါတယ်။ အဲတာကထိရောက်မယ်ယူဆလို့ပါ။ ကလေးတွေဟာ ဆေးလိပ်မသောက်ကြပဲ ဆေးသောက်သူတွေဆီက ဆေးလိပ်ငွေ့ကိုရှူရတာနဲ့ ဒုက္ခရောက်ကြရတယ်။ ချောင်းဆိုးမယ်။ ရင်ကျပ်မယ်၊ နေမကောင်းဖြစ်မယ်။ ဆေးလိပ်သောက်သူ လူကြီးမိဘတွေဆီက မကောင်းတဲ့အကျင့်ရစေမယ်။ ကမ္ဘာမှာ ဆေးလိပ်သောက်တဲ့မိခင် (၃၃) ယောက် နေ့စဉ်သေဆုံးနေတယ်။ အဲတာကြောင့် တနှစ်မှာ ကလေးပေါင်း (၁၂ဝဝဝ) ယောက် အမိမဲ့ဘဝနဲ့ကျန်ရစ်နေရတော့တယ်။

World No Tobacco Day 2016: Get ready for plain packaging
ကမ္ဘာ့ တိုဘက်ကို (ဆေးလိပ်) ပပျောက်ရေးနေ့ ၂ဝ၁၆

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆
http://www.who.int/campaigns/no-tobacco-day/2016/en/

Sunday, May 29, 2016

An Open Letter အိတ်ဖွင့်ပေးစာတစောင်

• ဆရာ့ဆီ ပေးစာတဲ့။ ဒီဗီဘီကို ပို့ထားတယ်။
• ကြာပြီနော် ဘာလည်းတောင် မမှတ်မိတော့ဘူးဗျ။

• မိတ်ဆွေများသို့ အိတ်ဖွင့်ပေးစာ (၁)
တင်မောင်သန်း
ဒေါက်တာတင့်ဆွေ သို့
အစိုးရအသစ်၊ မူဝါဒနဲ့ စင်တင် မူဝါဒ သုတေသီများအကြောင်း

အကိုလေး ရေ
အင်န်အယ်ဒီ အစိုးရအသစ်မှာ မူဝါဒမရှိဘူးလို့ စင်္ကာပူမှာလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ပညာရှင်တွေက အစိုးရ အသစ်အပေါ် ဝေဖန်ကြတဲ့သတင်းကို မီဒီယာတွေပေါ်မှာ ဖတ်လိုက်ရသဗျ။

• ဘယ် တင်မောင်သန်း လဲတော့ မသိ။
• အော့့် အဲလို အကိုလေးလို့ရေးရင် သင့်ဘဝ။ ကျွန်တော် မဖတ်ရသေးဘူး။

• မနက်ဖန် ဒီဗီဘီဝက်ဘ်ဆိုဒ်မှာ တင်ပါမယ်။
• အော် စိတ်ဝင်စားစရာပဲ။ ဘာတွေရေးမလည်းတော့ မသိဘူး။ ရေးတာကောင်းတယ်။ လူအများသိရတာပေါ့။

• ဟုတ်။

ဒေါက်တာတင်မောင်သန်း (သင့်ဘဝ) က ကျွန်တော်ညီတွေ နှမတွေလိုပဲ ကျွန်တော့်ကို အကိုလေးလို့ပဲခေါ်တယ်။ သူနဲ့ ၁၉၈၈ ကတည်းက မုံရွာက သူ့အိပ်မှာဆုံရာကနေစတယ်။ ကိုကျော်ဝင်း (စာရေးဆရာ) လည်းပါတယ်။ ကျွန်တော်က နားထောင်သမားပါ။ သူနဲ့က စကားပြောရင် နိုင်ငံရေးပဲပြောကြတယ်။ ကျန်းမာရေးမပါပေမယ့် စင်္ကာပူပညာရေးအကြောင်း ပြောဖြစ်ကြတယ်။ သူက စာဖတ်တာ စာရေးတာ ကျွန်တော့်ထက် စောတယ်။ ကျွန်တော်က အဲဒီလောကထဲကို နောက်မှသာရောက်လာသူ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၆

Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ


(ဘီကီနီ) နဲ့ဆက်စပ်နေလို့ တင်ပါအုန်းမယ်။ အမျိုးသမီးတွေ ညမှာဘရာစီယာဝတ်ပြီးအိပ်ရင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေတယ်ဆိုတာဟုတ်ပါသလားမေးလို့ ရေးခဲ့တာပါ။

(ဘရာစီယာ) ဝတ်ရင် (ဘရက်စ်) ကင်ဆာဖြစ်ပါသလား မေးရင် (နိုး) လို့သာဖြေပါမယ်။ ဒါဖြင့်ဘာလို့ စာတကြောင်းထဲ မဟုတ်ဘဲ တပုဒ်ရေးနေရပါသလဲ။ ဖတ်စေချင်ပါတယ်။ ဆုံးအောင်လည်းဖတ်ပါ။

ရင်သားကင်ဆာကိုဖြစ်စေတဲ့ အကြောင်းရင်း မဟုတ်တောင် ဆက်စပ်နေတဲ့ အကြောင်းခံတွေက ဘာဖြစ်မလဲ လေ့လာမှု၊ ဆန်းစစ်မှုတွေ လုပ်နေခဲ့တာ ဆယ်စုနှစ်တွေ ကြာခဲ့ပါပြီ။ အစားအစာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းနည်းလည်းပါတယ်။ (ဘီတယ်လ်) အဖွဲ့ခေါင်းဆောင် (ပေါလ်-မက်ကာနေ) နဲ့ လက်ထပ်ပြီး၊ ဒီရောဂါနဲ့ ၁၉၉၈ မာသေဆုံးသွားရရှာတဲ့ (လင်ဒါ) ဟာ ရင်သားကင်ဆာနဲ့ ၃ နှစ်သာနေသွားခဲ့ရတယ်။ အသက်သတ်လွတ်စားပြီး လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူဖြစ်နေလို့ အစာအာဟာရနဲ့ ကိုယ်လက်လေ့ကျင့်ခန်း (သီအိုရီ) ကို ခိုင်မာစေခဲ့တယ်။

သုတေသနတခုကနေ ရင်သားကင်ဆာဖြစ်သူတွေဟာ (ဘရာစီယာ) ကို ကြာကြာနဲ့ ကြပ်ကြပ် ဝတ်ကြသူတွေ ဖြစ်တယ်တဲ့။ တနေ့မှာ ၁၂ နာရီကြာ (ဘရာ) ဝတ်တယ်။ ၁၈% ဟာ အိပ်ရာထဲမှာလဲ (ဘရာ) ဝတ်တယ်တဲ့။ ရင်သားကင်ဆာ မဖြစ်သူ (မဖြစ်သေးသူ) အုပ်စုထဲကတော့ တနေ့မှာ ၁၂ နာရီသာဝတ်ပြီး၊ ၃% ကသာ အိပ်နေရင်းလဲ ဝတ်ကြတယ်။ ဆေးလိပ်နဲ့ အဆုပ်ကင်ဆာ ဆက်စပ်မှုထက်တောင်မှ ဒီတွေ့ရှိချက်က ၃ ဆအထိ အားသာနေတယ်လို့ ထောက်ပြထားပါတယ်။

ရင်သားကို တင်းကြပ်နေအောင်လုပ်ထားခြင်းဟာ သွေးနဲ့ သွေးပြန်ရည် ခေါ်တဲ့ (လင့်ဖ်) သွားလမ်းတွေကို တားဆီး နှေးကွေးစေတယ်။ သွေးပြန်ရည်စနစ်ဟာ ကင်ဆာမှန်သမျှ ပြန့်နှံ့စေတဲ့လမ်းကြောင်းဖြစ်တာတော့သေချာပါတယ်။ အဲလို ရင်သားကို တင်းကြပ်နေတာ ကြာရင် ကင်ဆာမဖြစ်တောင်မှာ နာတာ၊ ရောင်တာတွေ ဖြစ်မယ်။ အဆိပ်အတောက် ဖယ်ရှားမှုကို နှေးကွေးစေမယ်။ ခက်တာက ရင်သားတွဲကျနေသူတွေက (ဘရာ) မဝတ်ရင်မရဘူး။ တင်းတင်းကြပ်ကြပ် ဖြစ်အောင် ရွေးဝတ်ကြရတယ်။

(ဖီဂျီ) မှာသွား စမ်းသပ်တော့ (ဘရာ) မပါသူတွေဟာ စမ်းသပ်ကာလအတွင်းမှာ ရင်သားကင်ဆာမဖြစ်တာ တွေ့ရတယ်။ အဲဒီ ဖီဂျီသူအားလုံးဟာ ရေမြသဘာဝအတူတူမှာနေ အစားအသောက် အတူတူစားကြတယ်။ ဒါနဲ့ (ဘရာ) ကိုဘဲ သတ္တုချလိုက်တယ်။ ကိန်းဂဏန်းတွေတော့ ရှိတယ်။ ဆေးပညာပိုင်းက လက်ခံထားတာတော့မဟုတ်ပါ။

Myth or Fact အစွဲလား တကယ်လား
အထက်ကရေးခဲ့တာကို ဖတ်နေတဲ့ အမျိုးသမီး စာမဆုံးခင် ဝတ်ထားတဲ့ (ဘရာ) ချွတ်ပြစ်ချင်စိတ် ပေါ်လေမလား မသိပါ။ ဆရာဝန်အစစ်တွေက ပြန်ထောက်ပြတာကို ဆက်ဖတ်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။

ရင်သားကို ဖိအားပေးထားလို့ သွေးပြန်ရည် သွားလာမှုကို နှေးကွေးစေတယ်ဆိုတာ ဟုတ်သလိုလိုနဲ့ မဟုတ်ပါ။ ရင်သားရဲ့ (လင့်ဖ်) အကြောလေးတွေဟာ ပင်မ (လင့်ဖ်) စနစ်ထဲကို တိုက်ရိုက်စီးဝင်တာ မဟုတ်ပါ။ လက်မောင်းအောက်ခြေကိုသာ သွားပါတယ်။ ကြပ်နေတဲ့ (ဘရာ) ဝတ်ထားပေမဲ့ သွေးလှည့်တာကိုရော (လင့်ဖ်) စီးတာကိုပါ ဒုက္ခပေးနိုင်တဲ့အထိ မဖြစ်စေပါ။ ရင်သားကင်ဆာဆိုတာ မျိုးဗီဇပြောင်းလဲမှုကနေဖြစ်ရတာပါ။ မျိုးဗီဇပြောင်းလဲမှုက ဘာလို့ဖြစ်ရသလဲ ဘယ်သူကမှ မသိကြသေးပါ။

၁၉၉၅ မှာ Dressed to Kill အဝတ်အစားက သတ်နေတယ်ဆိုတဲ့စာအုပ်ကို (ဆစ်ဒနီ ရော့စ်) နဲ့ (ဆိုမာ ဂရစ်မဂျာ) တို့က ရေးခဲ့တာဟာ သိပ္ပံနည်းကျ လေ့လာမှုနဲ့ ရေးခဲ့ကြတာ မဟုတ်ပါ။ သူတို့ သုံးသပ်မှုတွေကို အခြေခံပြီး ရေးတာသာ ဖြစ်တယ်။ သူတို့သုံးသပ်ချက်ထဲမှာ ရင်သားကင်ဆာနဲ့ ဆိုင်နိုင်တယ်လို့ အများလက်ခံထားပြီးဖြစ်တဲ့ အစာအာဟာရ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်၊ ရာသီစပေါ်တဲ့အသက်၊ ကိုယ်ဝန်ဆောင်အကြိမ်၊ ကလေးနို့တိုက်ရခြင်း ဆိုတာတွေကို ထည့်မတွက်ခဲ့ပါ။ သူတို့နှစ်ယောက်ကဘဲ ရေးတာတွေ ရှိသေးတယ်။ ပက်လက်အိပ်ရင် ဦးနှောက်ကို ထိခိုက်မှု ရှိစေတယ်။ ပက်လက်အိပ်တာနဲ့ (ဘရာ) ဝတ်တာဟာ သဘာဝတရားကို ဆန့်ကျင်ရာကျတယ်တဲ့။ လိုက်နာသူတွေလဲ မနည်းပါ။ ဒါပေမဲ့ လိုက်နာသူတွေ အကုန်လုံးဟာ ရောဂါဘယ ကင်းကြတော့ မဟုတ်ပါ။

သမိုင်းလှန်ရင် ရင်သားကင်ဆာဟာ ရှေးကတည်းကရှိခဲ့တာပါ။ ဓါတ်မှန်တွေ၊ ခွဲစိတ်ကုသနည်းတွေ မပေါ်ခင်ကတည်းက ဖြစ်တယ်။ (ဘရာစီယာ) ပေါ်တာ ဘယ်လောက် ကြာသေးလို့လဲ။ ရင်ကို တင်းကြပ်နေအောင် လူတယောက်ကနေ ကူညီစည်းပေးရတဲ့ Corset (ကော့ဆက်) ခေတ်နောက်ပိုင်း၊ ဒုတိယကမ္ဘာစစ်ကာလရောက်မှ Brassiere ကိုဝတ်ဘို့ အားပေးလာတာပါ။ ၁၈၆၃ မှာ Luman L Chapman ကနေ (ကောဆက်) မှာ ခွက်ပုံစံဆိုတာ တီထွင်လာတယ်။ ၁၉၁၃ ရောက်မှ Mary Phelps Jacob ကနေ ပိုးလက်ကိုင်ပုဝါစ နှစ်ထည်ကို ဖဲကြိုးအနီလေးနဲ့ တွဲလာခဲ့တယ်။

Breast Book ရင်သားအကြောင်းကိုရေးခဲ့တဲ့ Dr. Susan Love ကဆိုပါတယ်။ ကျမတို့ဟာ ကိုယ်ကနေ ကိုင်တွယ်-ထိန်းဖယ်နိုင်တဲ့ အပြင်က အရာကိုဘဲ လိုက်ရှာရာကနေ (ဘရာ) လို့ ပြောနေကြတာပါ။ ကင်ဆာမှန်သမျှ ကိုယ့်အထဲက (ဆဲလ်) အတွင်းကနေ စကြတာပါ။ ပြောနေကြတာတွေကတော့ ကိုယ်ဝန်တားဆေး၊ ဟော်မုန်းဆေး၊ ကိုယ်ဝန်ရဆေး၊ ပိုးသတ်ဆေး၊ (ဘရာစီယာ)၊ အမွှေးအကြိုင်တွေကိုသာ ရမယ်ရှာနေကြတယ် မဟုတ်လား။

Bras (ဘရာ) တွေရဲ့ ဘေးထွက်-ဆိုးကျိုးများ
ရင်သားနာမယ်၊ အရေပြား ကသိကအောင့်နေမယ်၊ (ဘရာ) မှာပါတဲ့ သတ္တုစတာနဲ့ မတည့်သူက မတည့်ဖြစ်မယ်၊ အထဲမှာ (ဖိုက်ဘရိုဆစ်စတစ်) ရောဂါရှိနေရင်၊ ကိုယ်ဝန်ဆောင်နေရင် ရင်သား ထွားထွားလာတာမို့ အနေရခက်မယ်။ ရင်သား အရွယ်အစား သိပ်ကြီးသူတွေမှာ အနေတော် စနစ်တကျချုပ်ထားတဲ့ (ဘရာ) မဟုတ်ရင် ကျောအောင့်မယ်၊ ခါးနာမယ်၊ ခေါင်းကိုက်မယ်၊

(ACS) အမေရိကန် ကင်ဆာအဖွဲ့ကတော့ (ဘရာ) ကြောင့် ရင်သားကင်ဆာဖြစ်တာ သိပ္ပံနည်းကျ သက်သေပြနိုင်တာ မရှိပါတဲ့။ ဆန်းစစ်မှု လုပ်တော့ဟုတ်ပါတယ်။ အထက်ဗလာနေသူတွေထက် (ဘရာ) ဝတ်သူတွေမှာ ရင်သားကင်ဆာ နည်းနည်းလေးပိုတာ တွေ့ရတယ်။ တခုရှိတာက (ဘရာ) မဝတ်သူတွေဟာ အများအားဖြင့် လူကလည်းပိန်ပါးပြီး၊ ရင်သား အရွယ်အစားကလဲ သူများထက်သေးကြတယ်။ ဒါ့ကြောင့် (ဘရာ) မဝတ်ဘဲနေချင်ရင်နေပါ။ (ဘရာ) ကို လာအပြစ်မရှာပါနဲ့။

ACS ကထုတ်ပြန်ထားတဲ့ ရင်သားကင်ဆာ အန္တရာယ်ဖြစ်နိုင်ချေ စာရင်းထဲမှာ (ဘရာ) မပါပါ။ အရက်-ဆေးလိပ် သောက်တာ၊ အဆီများ-အဝလွန်တာ၊ အေးတိအေးစက် လူနေမှုပုံစံတွေကိုသာ ထည့်ထားတယ်။ (အီစထိုဂျင်) ဟော်မုန်းကိုတော့ အတော် သံသယကြီးကြီးထားတာ ဆရာဝန်တိုင်းကပါ။

သဘောပါဘဲ။ (ဘရာစီယာ) ဟာ မရှိမဖြစ်ပစ္စည်းမဟုတ်ပါ။ မဝတ်ဘဲနေချင်သပဆိုနေပါ။ ဒါပေမဲ့ ရင်သားကင်ဆာကို မဖြစ်စေပါ။ (ဘရာ) ကို ဒုံးကျည်ပုံ လုပ်ထားအုံးတော့ အသက်ကိုရန်မရှာပါ။

ဒေါက်တာတင့်ဆွေ

Be My Guest ဧည့်သည်

အလယ်ပြန်ပြီး ဧည့်သည်လုပ်ကြည့်တယ်။ (စိတ်ကူးထဲမှာပါ။)

မမြင်ရ မတွေ့ရ မရောက်ရတာက နှစ်အစိတ်ကျော်ကြာပြီဆိုတော့ စိတ်လှုပ်ရှားစရာတွေချည်းပါ။ အမြင်သာမက အထိအတွေ့အပြင် အနံ့အသက်ကလည်း ဆန်းလက်နေတယ်။ စာရေးပြောနေခဲ့ရသူတွေကို ပါးစပ်နဲ့ပါပြောရတော့ ပါးရောလျှာပါညောင်းလာတာ၊ သူရော ကိုယ်ပါ။ ပုံသေမျက်လုံးအစုံတွေကိုသာ ဖတ်နေခဲ့ရာကနေ စူးစိုက်ပြီး အကြည့်ခြင်းဖတ်ကြရတာ၊ သူရော ကိုယ်ပါ။ အားလုံးဟာ ဇရာ။

ပရိုဖိုင်းပုံတွေထဲမှာ ခန့်ခန့်ထယ်ထယ်၊ ဆယ်လ်ဖီးပုံတွေထဲမှာ ရယ်မောပြုံးပြ၊ ပို့စ်တွေမှာက ပို့စ်ပေးထားတဲ့ပုံတွေ။ အဲဒီအင်္ဂါရပ်တွေ အကုန်စုပုံထားတဲ့ သက်ရှိလူသားတွေကို ဘွားကနည်းတွေ့ကြရတာ၊ သူရော ကိုယ်ပါ။

ကြိုတင်တွေးဆ တင်ကူးထင်မှတ်ထားတာတွေက အပိုနဲ့အလိုတွေကို ပြွမ်းဟင်းချက်ထားသလိုပဲ။ အမှန်နဲ့အမှား ပေးစားထားတာတွေဖြစ်နေတတ်တယ်။ ဘယ်အရာမဆို အမှန်နဲ့အနီးစပ်ဆုံးကို တွေးတတ်မှ နဖူးတွေ့ဒူးတွေ့မှာ အမှားနည်းတယ်။ လေဆိပ်ကကြိုသူတွေမှာ ဗီနိုင်းလ်ပါရင် သိပ်မဟုတ်ချင်တော့ပါ။ ဟောပြောတဲ့အခါ ပရိုဂျက်တာပါရင် သူ့ဟာမဟုတ်တော့ပါ။ ဂဏန်းတွေနဲ့ အမှန်းတွေ။

လွမ်းစာ၊ တမ်းစာ၊ မှန်းစာတွေထဲရေးထားခဲ့တဲ့ ငယ်တုန်းကစွဲမက်စရာတွေမှန်သမျှနဲ့ နဖူးတွေ့၊ ဒူးတွေ့၊ ခံတွင်းတွေ့ တွေ့ပြီကောဗျာ။ ဆူးပုပ်ရွက် (ဆူးပုပ်လေးရွက်) ဟင်းကို တမ်းတခဲ့သူဟာ ဟန်တွေပန်တွေမပါ၊ နှမအိမ်မှာ ဗမာလက်သမားလုပ်ပေးထားတဲ့ သစ်သားစားပွဲဟောင်း၊ ခပ်ယိုင်ယိုင်ကုထားထိုင်၊ အနားမှာ အမျိုးတယောက်က ဝါးနှီးယပ်တောင်ကိုင်။ ဒါဆို စတိုင်ကျပြီ။ အဲ့ ဓါတ်ပုံရိုက်ရင်တော့ပြော၊ ပလုပ်ပလောင်းနဲ့ဆို ကြည့်တဲ့သူတွေ သွားရေယိုတာထက် ရိုင်းတာကပိုတယ်။

ကျွန်တော့်ကို ပိုတွက်ထားသူတွေနဲ့ အထင်ကြီးတခွဲသားထားသူတွေက အတွင်းသားအထိ မြင်သိနိုင်ကြပြီ။ ဇရစ်ဖူး ကြိုက်တယ်လို့ရေးတာဟာ အသားလိုလို့ အရိုးတောင်းတာမဟုတ်မှန်း သိသွားကြပြီ။ သူလိုကိုယ်လိုပါ။ ငါ စားချင် ကြွားချင်လို့ လာတာလား။ မင်းလည်းပြန်သွားရော တို့ရွာမှာ ကြက်သံကိုဆိတ်လို့ အပြောမခံရစေနဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Bikini (ဘီကီနီ)

ကျွန်တော်က တိုက်ဆိုင်တာတွေဆို အတော်မြင်တတ်တယ်။ ဟိုနေ့က အမေရိကန်သမတ (အိုဘားမား) ဂျပန်သွားရင်း ဟီရိုရှီးမားမြို့ကိုပါ သွားတဲ့သတင်း ကြားလိုက်ကြမှပါ။ (ဘီကီနီ) အလှမယ်ရွေးပွဲပုံကိုတော့ သိတဲ့သူပိုများမယ်။ (ဘီကီနီ) ဆိုတာဘာလည်း။ ဒါလေးများ ပြောနေစရာမလိုပါလို့ဆိုကြမယ်။ အဲဒီစကားလုံးဟာ ကျွန်းစုလေးတခုလို့ သိသူကတော့ နည်းမယ်။ ကံဆိုးလှတဲ့ကျွန်းရဲ့နာမည်အထိပါ သိသူကရှားမယ်။

အမေရိကန်ပြည်ထောင်စုကနေ ၁၉၄၆ ခုနှစ်က Operation Crossroads (အော်ပရေးရှင်း ခရော့စ်ရုဒ်စ်) ခေါ်တဲ့ အနုမြူဗုံး စမ်းသပ်ဖေါက်ခွဲမှု လုပ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ဇူလိုင်လက (ထရီနီတီ) မှာပဌမဆုံးစမ်းပြီးပါပြီ။ ၁၉၄၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှာတော့ ဂျပန်နိုင်ငံ (ဟီရိုရှီးမား) မြို့နဲ့ (၉) ရက်နေ့မှာ (နာဂါဆာကီ) မြို့ကို အနုမြူဗုံးချခဲ့ပါတယ်။

(အော်ပရေးရှင်း ခရော့စ်ရုဒ်) ကို ပစိဖိတ်သမုဒ္ဒရာထဲက (မာရှယ်) ကျွန်းစုမှာလုပ်ခဲ့တယ်။ ပစ်မှတ်သင်္ဘော (၉၅) စီးကို Bikini Lagoon (ဘီကီနီ) ပင်လယ်ထုံးအိုင်မှာချထားတယ်။ ဘီ-၂၉ လေယာဉ်နဲ့ အနုမြူဗုံးချတယ်။ မတိုင်ခင် (ဘီကီနီ) ကျွန်းစုမှာ နေထိုင်ကြသူတွေက နေရာရွေ့ပြောင်းပေးဘို့သဘောတူခဲ့ကြပါတယ်။ (ဘီကီနီ) ကျွန်းစုမှာ လူသူနေထိုင်တာ အခုထိမရှိသေးပါ။

(ဘန်ကာဗုံး) ကို Helen of Bikini လို့ခေါ်တယ်။ ဣတ္တိလိင်အမည်ကိုယူတဲ့သဘောက (ဆွဲဆောင်မှု + ဖျက်ဆီးခြင်း) ဆိုတဲ့စွမ်းရည်နှစ်မျိုးတွဲရှိတာမျိုးဖြစ်တယ်။ အနုမြူဗုံးဒဏ်ကြောင့် အဲဒီနေရာမှာ အပိုင်းအစလေး နည်းနည်းသာ ကျန်တော့တာကိုအစွဲပြုပြီး အပေါ်တစအောက်တစသာပါတဲ့ မလုံ့တလုံ အမျိုးသမီးရေကူးဝတ်စုံကို (ဘီကီနီ) လို့ ၁၉၄၆ ကတည်းကခေါ်လာကြတယ်။

(ဟီရိုရှီးမား) မှာချခဲ့တဲ့အနုမြူဗုံးကို Little Boy နဲ့ (နာဂါဆာကီ) မှာ ချခဲ့တဲ့ အနုမြူဗုံးကို Fat Man လို့ အမည်ဝှက်နဲ့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Courtesy ယဉ်ကျေးပျူငှာ

ညကတည်းက စိတ်ထဲကူးမိနေတာ။ မေးခွန်းတွေကိုဖြေပေးပြီး၊ ကျေးဇူးတင်ပါတယ်လို့ပြန်ရေးဖေါ်ရတာ မနေ့ကတော့ သိသိသာသာများတယ်။

တချို့ကတော့ မေးချင်တုန်းကတော့ ဖုတ်ပူမီးတိုက်၊ ကွန်မင့်ကနေမေးပြီး ဖြေတာကိုတော့ဖတ်ပုံမရဘူး။ တချို့လည်း မေးနည်းမကျလို့ စည်းကမ်းပို့ပေးပြန်တော့ ပို့ပေးလို့ကျေးဇူးတင်ပါတယ်သာရေးတယ်။ မေးခွန်းကို စနစ်တကျ ပြန်မမေးကြတော့ဘူး။

အမျိုးမျိုးမှ တကယ့်အမျိုးမျိုး။ ကိုယ့်တိုင်ပြည်သားတွေဆိုတော့လည်း အမျိုးပဲပေါ့။ ကနေ့မနက် အီးမေးလ်ကနေပြန်လာတဲ့ ကျေးဇူးသုံးခုကိုသာ နမူနာထည့်ပါမယ်။
၁။ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
၂။ ဟုတ်ကဲ့ပါဆရာ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ဖြေပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။
၃။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျမ ဘုရားတရားကို အရင်ထက် ပိုလုပ်ဖြစ်ပါတယ်။ ကံတရားပဲလို့တော့ ခံယူထားပါတယ်။ ဒါပေမဲ့ စိတ်ပူတဲ့စိတ်လေးဝင် ဝင်လာတတ်လို့ပါ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Flower bud အငုံအဖူး

နှစ်ရက်သုံးရက်အတွင်း တင်ဖြစ်တဲ့ပို့စ်လေးတွေက တိုတိုတိတိဆိုတော့ (ကလာရီဖီကေးရှင်း) လိုတာတွေပါတယ်။ ဖေ့စ်ဘွတ်မှာ တိုမှသာရတယ်။ (တိုပြတ်) ဖြစ်ရမှာ (တိုပျက်) ဖြစ်နေတာကခက်တယ်။

မီဒီယာကတဆင့်သိရတာကိုဖတ်ပြီး တပုဒ်ရေးပါတယ်။ တချို့က အဲလိုအဲလိုမပြောပါလို့ဆိုလာတယ်။ ကျွန်တော်က မီဒီယာဆိုတာ အမြီးဖြတ်ခေါင်းတိ ရေးလေ့ရှိတာလည်း သိပါတယ်လို့ ပြောထားပြီးဖြစ်ပါတယ်။

တမာအကြောင်းလေးတွေ ရေးဖြစ်ပါတယ်။ လွမ်းတာတွေ တမ်းတာတွေသာမဟုတ်ပါ။ (မလိုတမာ) ပင် မစိုက်မိစေချင်တာကိုပါ သတိထားမိကြစေချင်တယ်။

အတော်ဆုံးဥယျာဉ်မှူးစိုက်ပျိုးထားတဲ့ခြံထဲမှာလည်း ပေါင်းမြက်မပေါက်ဖူးဆိုတာမရှိပါ။ သေချာရွေးထားတဲ့ မျိုးစေ့ထဲမှာတောင်မှ စုန်းပြူးဆိုတာ ပါတတ်တယ်။ ပါတော့လည်း မကောင်းတာကိုနှုတ်ပြစ်ရတယ်။

ဗမာတွေမှာရှိတဲ့ အယူအဆတခုက အငုံအဖူးကို လက်ညှိုးနဲ့ထိုးတာ မသင့်ပါတဲ့။ လက်ညှိုးကို ခေါက်ပြီးထိုးပြရတယ်။ အဲတော့ လက်ညှိုးထိပ်ဖျားက ကိုယ့်ဖက်လှည့်နေရော။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Butcher of Depayin ဒီပဲယင်းအရေးအခင်း လုပ်ကြံခဲ့သူများ

၂ဝဝ၃ ခုနှစ် မေလ (၃ဝ) ရက်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မြောက်ဖက်၊ ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူလိုက်ပါလာသူတွေကို (နဝတ) စစ်အစိုးရကနေ ကြိုတင်စီစဉ်သတ်ဖြတ်မှုကြီး ဖြစ်ခဲ့ပါတယ်။ ဒီပဲယင်းအရေးအခင်းလို့ လူသိများပါတယ်။ (ဒဗရင်း) လို့ အသံထွက်ရပါမယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် စာအုပ်ထဲမှာ ဒီပဲယင်းလုပ်ကြံမှု အဓိကတရားခံသုံးယောက်လို့ပါတယ်။
(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)
၁၉၉၂ မှ ၂ဝ၁၁ အထိ နဝတ ဥက္ကဋ္ဌ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှစပြီးအမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေးဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမကစောမောင်ကိုဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။

(၂) ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်)
ယခင်ဝန်ကြီးချုပ် ၁၉-၁ဝ-၂ဝဝ၄ မှ ၁၂-၁ဝ-၂ဝဝ၇ အထိ။ ၁၉၆၅ မှာ DSA ကိုတက်ခဲ့။ ဗခမကသန်းရွှေရဲ့လူယုံ။ ၁၉၉၇ မှာ နဝတ တွင်း (၂) ဖြစ်လာ။ ၂ဝဝ၃ ဖေဖေါ်ဝါရီလမှာ တွင်း (၁) ဖြစ်လာ။ ၂ဝဝ၄ ဗခကခင်ညွန့်ကို ဖြုတ်လိုက်တော့ သူ့ကို ဝန်ကြီးချုပ်ခန့်။ အရင်က အနောက်မြာက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး။ စစ်ကိုင်း တဝတ ဥက္ကဋ္ဌ။ ၁၉၈၈ အရေးအခင်းကို နှိမ်နင်းစဉ်က ခြေလျင်တပ်ရင်းကို ကွပ်ကဲခဲ့။ ရန်ကုန်ဆေးရုံကြီးမှာ ပစ်ခတ်မှုကို အမိန့်ပေးခဲ့။ ၁၂-၁ဝ-၂ဝဝ၇ မှာ လူကီးမီးယားသွေးကင်ဆာနဲ့ သေဆုံး။ သူစင်္ကာပူဆေးရုံတက်နေစဉ် ၂ဝဝ၇ ဇန္နဝါရီလထဲ ဗခမကသန်းရွှေလာကြည့်။ သူမရှိတော့ အဲဒီအချိန်က အဆင့် (၅) နေရာမှာသာရှိတဲ့ ဗခကသိန်းစိန်က ဝန်ကြီးချုပ်အဖြစ်ဆက်ခံ။

(၃) ဗိုလ်ချုပ်ရဲမြင့်
ရဲမြင့် (၂) ယောက်ရှိတယ်။ ဒီပဲယင်းရဲမြင့်ကို ရဲမြင့်ကြီးလို့ ခေါ်ကြတယ်။ ဒီပဲယင်းဖြစ်တုန်းက ရဲမြင့်ကြီးက ဒုတိယဗိုလ်ချုပ်ကြီး၊ ၉ ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဖြစ်တယ်။ စရဖရဲမြင့် (ခ) ရဲမြင့်လေးက မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ (ဗိုလ်ချုပ်ရဲမြင့်အကြောင်း ဖြည့်ပြောပေးလို့ Thaung Yin Nagar ကိုကျေးဇူးတင်ပါတယ်။)

မှတ်ချက်။
- ၁၉၆၂ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့ခွဲတဲ့တရားခံကို ဗခကနေဝင်းနဲ့ ဗမခအောင်ကြီးတို့က တယောက်အပေါ်တယောက် လွှဲချခဲ့ကြတယ်။ အလားတူပါပဲ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က ဒီပဲယင်း လုပ်ကြံမှုမှာ မုံရွာ-ချောင်းဦးနားကနေ အမိန့်ပေးခဲ့တဲ့ စွမ်းအားရှင် (နောက်မှာ လက်ပတ်နီ) အဖွဲ့ကို မွေးထုတ်ခဲ့သူ ဦးအောင်သောင်းနာမည်ကို အဲဒီစာအုပ်မှာ ထည့်ထားတာမတွေ့ရပါ။
- မြန်မာပြည်က ဒီပဲယင်းအရေအခင်းကို နိုင်ငံတကာမီဒီယာမှာ Black Friday လို့သုံးပါတယ်။
- ၁၉၈၈ ကိုသတ်ဖြတ်နှိမ်နင်းခဲ့သူ ဦးစိန်လွင်ကိုတော့ Butcher of Rangoon ရန်ကုန်သားသတ်သမားလို့ နိုင်ငံတကာ မီဒီယာကနေ နာမည်ပေးထားပါတယ်။
- ဗိုလ်ချုပ်ကြီးစိုးဝင်းကွယ်လွန်တော့ နေးရှင်းသတင်းစာကနေ Burmese premier, Butcher of Depayin မြန်မာဝန်ကြီးချုပ်၊ ဒီပဲယင်းသားသတ်သမားလို့ ဖေါ်ပြခဲ့ပါတယ်။

ဓါတ်ပုံ = နောက်တနေ့မှာ ရန်ကုန်ရှိ အမေရိကန်သံရုံးကလာကြည့်တော့ ဘာတခုမှမဖြစ်ခဲ့သလို ညတွင်းခြင်း သန့်ရှင်းထားပြီးသား တွေ့ရပါတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Neem Seeds ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့

တမာအကြောင်းလေးတွေ တိုက်ဆိုင်လို့ ရေးပြီးသားကို နည်းနည်းမွမ်းမံပြီး ပြန်တင်ပါရစေ။

နိုင်ငံတကာကသုံးသပ်သူတွေနဲ့ မြန်မာပြည်ရဲ့ ကနေ့ပစက္ခအပြောင်းအလဲတွေအပေါ် ကောက်ချက်ချတာတွေက မတူကြပါ။ နိုင်ငံတကာဆိုတာက ကျယ်ပြန့်လို သူတို့ကြားမှာလဲ ကွဲပြားတယ်။ အကျိုးစီးပွါးလဲ ခြားနားလို့ပါ။ မြန်မာနိုင်သားတွေထဲမှာ ကွဲလွဲတာက ရိုးရှင်းတယ်။ အဟောင်းသမားတွေက အဟောင်းကိုတသကြတယ်။ မဟောင်း-မသစ်တွေကလည်း အုပ်စိုးသူဘက်ကလိုက်ပါကြတယ်။ အဲတာမျိုးက ခေတ်တိုင်းမှာ ရှိတတ်တာပါ။ သခင်အားရလို့အထိ ကလိရင် ခံချင်ပါ့မလားမမေးနဲ့။ သူတို့ဟာ အပြုံးအရယ်မပျက်၊ အရှက်ဖက်နဲ့ ထုပ်ထားပြီးသူတွေဖြစ်တယ်။

အခုတခါ အရင်အုပ်စိုးသူဖက်လည်းမဟုတ်၊ အခုအုပ်စိုးသူလည်းမဟုတ်သူဆိုတာ ပေါ်လာတယ်။ ဘာတွေလည်း။ ဘယ်အစိုးရတက်တက် နိုင်ငံရေးလေ့လာသူ၊ နိုင်ငံရေးတက်ကြွသူ၊ မြန်မာ့ရေးရာကျွမ်းကျင်သူဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ လုပ်နေသူတွေလား။ အဲလိုမဟုတ်သူတွေကလည်း ပါသေးတာ။ ဘာတွေလည်း။

၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ လူရွယ်တွေ ပါးစပ်ဖျားမှာ အရွေ့ဆိုတဲ့စကားလုံးမပါရင် ခေတ်မမီဘူး အထင်ခံရမှာစိုးလို့လားမသိ၊ အတော်ပြောခဲ့ကြတယ်။ အတော်နားကလောခဲ့တယ်။ ရူပဗေဒဝေါဟာရနဲ့ အမှတ်တခုကနေ တခြားအမှတ်တခုကို ရွေ့သွားတာကို အရွေ့လို့ခေါ်တယ်။ အဲတာက ၁၉၆ဝ ကျော်ကတည်းက သိပ္ပံဘာသာရပ်တွေကို မြန်မာမှုပြုစဉ်ကတည်းက သုံးနေတာပါ။ အရွေ့ကို ခေတ်စကားလို့ ထင်နေကြပုံရတယ်။

ဇီဝဗေဒအရလဲ သက်ရှိလောကကြီးဟာ တည်မနေပါ။ အမြဲရွေ့နေ၊ ပြောင်းနေတယ်။ ဟောင်းကျေ၊ သေသွားပြီး၊ အသစ်တွေဖြစ်လာနေတယ်။ မြန်မာ့နိုင်ငံရေးကလဲ အဟောင်းနေရာမှာ အသစ်တွေဝင်လာနေတာ မရပ်မနားဖြစ်ပါတယ်။ မြန်မာပြည်ကအပြောင်းအလဲဟာ အရင်ငါးနှစ်မှာ ရုပ်ပြောင်းလဲခြင်းသာဖြစ်ပြီး၊ ဓါတ်ပြောင်းတာမဟုတ်ပါ။ အခုတော့ မျိုးစေ့ပါပြောင်းရမယ်။

တမာမျိုးကနေ အခါးသစ်၊ ငရုပ်မျိုးကနေ အစပ်သစ်သာဖြစ်လာနိုင်တယ်။ မျိုးရိုးဗီဇဆိုတာ ပြောင်းမရပါ။ ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့။ မြန်မာပြည်သူတွေ ခါးသီးတဲ့ဘဝတွေက လွတ်မြောက်ကြပါစေ။ မလိုတမာတွေကို ပြောတာပါ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Saturday, May 28, 2016

Three Generations မျိုးဆက်သုံးဆက်

ဒေလီကထွက်လာကတည်းက အတူတူမထွက်ရတာကြာလို့တဲ့။ ဒုတိယတိုင်းပြည်ကအစားအစာ သွားစားကြသတဲ့။ ကျွန်တော်က မဆလာမကြိုက်တာမို့ ပါမသွားဘူး။ မြန်မာပြည်မှာနေခဲ့တုံးကတော့ ကုလားဟင်းကို မုံရွာနဲ့ မန္တလေးမှာ မကြာမကြာသွားစား၊ ဝယ်စားပါတယ်။ အိန္ဒိယကမဆလာကိုတော့ မလွဲသာမရှောင်သာ အစည်းအဝေးတွေမှာ ဖိုင်စတားကဖြစ်ဖြစ် အောင့်အီးသည်းခံစားခဲ့ရတယ်။ သူတို့ဆီက ဒန်ပေါက်လည်း ကောင်းတဲ့ဆိုင်ကသာ ကောင်းတာ။ ဟိုက်ဒရာဘဂ်ကတော့ နာမည်ကြီးတယ်။ ရိုတီး ခေါ်တာကိုတော့ ကိုယ့်အိမ်ကချက်တဲ့ ပဲဟင်း၊ အသားဟင်နဲ့စားပါတယ်။ ဗီကပ်စ်ပူရီ ကြာသပတေးညဈေးကို အမှတ်ရတယ်။ ဒေလီမှာ ကျန်ရစ်သူတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆

How much to reveal ဘယ်အထိဖေါ်မလည်း

ကျွန်တော့်ပို့စ်တခု One-Sided Arguments မဟာအမှားကြီးကိုတင်တော့ ကွန်မင့်အများဆုံးရေးလာကြတယ်။ ကျေးဇူးတင်ပါတယ်။ ပြန်ပြီးလိုက်ခ်လုပ်ရတာတောင် မနိုင်သေးပါ။ ရှင်းလင်းချက်လေးတော့ ရေးဘို့လိုတယ်ထင်လို့ ခပ်တိုတိုရေးပါရစေ။

စင်္ကာပူဖိုရမ် ၂ဝ၁၆ တခုလုံးကို မကောင်းပြောတာ မဟုတ်ပါ။ (ပင်နယ်လစ်) တွေပြောသမျှကို ကန့်ကွက်တာလည်း မဟုတ်ပါ။ မီဒီယာတို့ထုံးစံအတိုင်း စကားပြောတာတွေထဲက အမြီးခေါင်းဖြတ်တင်တတ်တာလည်း သိပါတယ်။ ဥပမာ (ဦး) ကိုကိုကြီးပြောတဲ့ စကားတခုကို ဟာသနှောတာလို့သာမြင်ပါတယ်။ ကျွန်တော်က စကားပြောရာမှာ Sense of humor ရှိတာကို သဘောကျပါတယ်။

သူများနိုင်ငံမှာ ကိုယ့်တိုင်းပြည်အကြောင်းသွားပြောတာတွေ၊ မီဒီယာမှာ အင်္ဂလိပ်လိုဖြေတာတွေ၊ အင်္ဂလိပ်လို ဆောင်းပါးတွေကို ယေဘုယျခြုံကြည့်ပြီး သဘောမတွေ့တာကို (စိတ်တိုတိုနဲ့လို့ ဝန်ခံပါတယ်) ပို့စ်တင်လိုက်တာပါ။ ကျွန်တော်လည်း အဲဒီအလုပ်တွေအားလုံးကုန် နှစ်ပေါင်းမနည်းမနောလုပ်ခဲ့သူဖြစ်လို့ ကောက်ချက်ချတာက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါ။ စစ်အစိုးရတွေလက်ထက်မှာ (အစ်ရှူး) တိုင်းကို အချက်နဲ့အလက်နဲ့ ထောက်ပြခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုတော့ မထိပါးစေရပါ။

အခုအစိုးရသစ်အကြောင်းပြောကြသူတွေ ဒေါ်စုကို ဖူးဖူးမှုတ်ဘို့မလိုပါ။ ပျက်နေ လွဲနေ မှားနေတာတွေက အနမတဂ္ဂ များလှတာကိုတော့ မသိချင်ယောင်မဆောင်သင့်ကြပါ။ နာတာရှည် ကျိုးပဲ့ရွဲ့နေတဲ့ လူနာတယောက် အထူးကု ဆေးရုံကြီးရောက်တာနဲ့ ဗြုံးစားကြီးမကောင်းလို့ ဆရာဝန်တွေကိုအပြစ်အမြင်သင့်သလိုပေါ့။

ပညာရှင်၊ ပညာတတ်တွေ မြန်မာပြည်နိုင်ငံရေးကိုသုံးသပ်တာ အတော်များများနဲ့ ကျွန်တော်က သဘောမတူခဲ့ပါ။ သူတို့က အများအားဖြင့် သီအိုရီတွေ၊ လေ့လာဆန်းစစ်မှုတွေကိုးကားပြီး ကိုယ်ပိုင်ကောက်ချက်ဆွဲကြတယ်။ စနစ်ကျပါတယ်။ ဒါပေမယ့် ကျွန်တော်က နိုင်ငံရေးလို ပိုကြည့်တယ်။ အချက်အလက်လည်း မလွတ်စေရပါ။ မှန်းဆပြောရတာချင်းအတူတူ ခံရသူတွေဖက်က နေချင်တယ်။ ဖြစ်မလာလောက်တာကိုလည်း အများပြည်သူ အားပျက်မှာဆို ကိုယ်ကစမပြောပဲ၊ မေးလာမှသာ ပြောချင်တယ်။

တိုင်းတပါးသားတွေရှေ့ ကိုယ်ပေါင်ကိုလှန်ထောင်းကြတာမှာ ပေါင်ရင်းအထိ မရောက်သင့်ကြပါခင်ဗျား။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆

Birds of a feather flock together ရတနာရှိရာ ရတနာလာ

ကျွန်တော့်ပို့စ်တခု = Guidelines for Vaccinating Pregnant Women ကိုယ်ဝန်နှင့် ကာကွယ်ဆေး

ကွန်မင့် (၁) Sarah Khin Lay စိတ်ကိုများ ထိုးဖောက်မြင်တတ်သလား မသိပါဘူး။ အခုရေးတင်တာလေးက သမီး ဒီနေ့ အရမ်းသိချင်တဲ့အကြောင်းအရာမို့ ကျေးဇူးပါရှင့်။ ဆရာလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

ကွန်မင့် (၂) Thinzar Kyaw ဟုတ်တယ်ညီမရေ။ ဆရာ့ကို မေးရမယ်လို့ စဉ်းစားမိတိုင်း အဲဒီနေ့မှာ ကိုယ်မေးချင် သိချင်တဲ့ ပို့စ်တက်လာတယ်။

Tint Swe ဆရာလည်း ဆုံ-စုဖြစ်တတ်တဲ့သဘောကို မေးခွန်းနေကနေတဆင့် သိလာရတယ်။

တရက်တည်းမှာ အဲတာနဲ့တင်မပြီးသေးပါ။ အခု ဆက်တိုက်လာတဲ့ မေးခွန်းနှစ်ခုက သည်လို့

မေးခွန်း (၁) အသက် ၃၅၊ မ။ သမီး ၃ ယောက်ခွဲမွေးထားပါတယ်။ နောက်ကလေး ယောက်ျားလေးလိုချင်လို့ပါ။ ဆေးနည်းလေးများရှိမလား သိချင်လို့ပါ။

မေးခွန်း (၂) ဆရာရှင့် သမီးအသက်က ၂၉ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်ဆရာ။ လွန်ခဲ့သော ၄ နှစ်က သမီးမိန်းကလေး တယောက် မွေးထားပါတယ်။ ခုနောက်ထပ် ယောက်ကျားလေးတယောက်လောက် ထပ်လိုချင်လို့ပါဆရာ။ ဘယ်လိုနည်းလမ်းများနဲ့ လုပ်ဆောင်ရပါမလည်း သိချင်လို့ပါဆရာရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

အဲဒီဆေးပညာစာကိုတော့ ဖေ့စ်ဘွတ်မှာတင်ဘို့မသင့်လို့ မေးတဲ့သူတွေဆီ တိုက်ရိုက်ပို့လိုက်ပါတယ်။

ကျန်မာရေး တယောက်မေးတာကို နောက်တယောက်ကလည်းမေးလာတာမျိုး ခဏခဏကြုံရတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးပါးရှိတော့ အတူနေထိုင်ကျင်လည်ရသူတွေမှာ ဝေဒနာတူရှိတတ်တဲ့သဘောဖြစ်ပါတယ်။ အေးအတူပူအမျှရှိကြရမယ်။ မှောင်မှောင်လင်းလင်း တပြည်ထဲသားချင်း စည်းလုံးချစ်ကြည်ကြရမယ်။ ခြောက်ခြောက် စိုစို၊ စိုသောလက်တွေ မခြောက်ကြစေနဲ့။ ကျွန်တော်တို့ဟာ အသွေးတူ အမွှေးတူတွေဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆

Bygone Surgeon ခွဲတဲ့ဆရာဝန်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဒေါက်တာဆင်သီယာမောင်ရဲ့ဆေးခန်းမှာ လူနာဆောင်သစ်ဖွင့်ပွဲသတင်းသိရတယ်။ (မယ်တော်) ဆေးခန်းလို့ နှုတ်ကျိုးခေါ်ပေမယ့် ထိုင်းလို (မယ်တာအို) သံထွက်ရတယ်။ ဒါလည်း မြန်မာစာလုံးပေါင်းမို့ပါ။ တိတိကျကျကြီး သည်အတိုင်းအသံထွက်ရတာတော့ မဟုတ်ပါ။

နိုင်ငံရေးအတွက် ထိုင်းနိုင်ငံကို အခေါက်ပေါင်းများစွာရောက်ခဲ့ပါတယ်။ ကနဦးနှစ်တွေက မာနယ်ပလောအထိ သွားရတယ်။ မာနယ်ပလောကျပြီးနောက်ပိုင်းမှသာ မဲဆောက်ကို သွားရတာပါ။ မဲဆောက်ရောက်တိုင်း ဒေါ်ဆင်သီယာဆေးခန်းအထိ ရောက်တာများတယ်။

ကျွန်တော်က ရောက်တဲ့အရပ်မှာ လူနာရှာတယ်။ ရှာတော့လည်း ခွဲစိတ်လူနာ။ ကွယ်လွန်သူ ဗိုလ်ချုပ်မြမွေးတဲ့ရွာက ဆေးရုံမှာ ရင့်မာနေတဲ့ကိုယ်ဝန်အရွယ်အစားလောက်ရှိတဲ့ မျိုးဥအိမ်အလုံးကြီးကို ခွဲပေးခဲ့ဘူးတယ်။ ကျည်ဆံမှန်ခံရတဲ့ လူနာတယောက်ကို လည်ပင်းဖေါက်ပေးရတယ်။ မျိုးဥအိမ်အလုံးလူနာအမျိုးသမီးကြီးက ကောင်းသွားပေမယ့် ကျည်ဆံမှန်တဲ့ကရင်စစ်သား သိပ်မကြာခင်ကွယ်လွန်သွားတယ်။ ဆောရီး။

ဒေါ်ဆင်သီယာဆေးခန်းမှာတော့ ၄-၅-၆ ယောက်ခွဲပေးဘူးတယ်။ အူကျနဲ့မုတ်ပါတွဲရှိနေတဲ့လူနာတယောက်ကိုခွဲတော့ ကရင်ဆေးမှူးတဦးက (အဆစ်စ်) လုပ်ပေးတယ်။ အဲဒီဆေးမှူးက အခု KNU မှာ ထိပ်ပိုင်းမှာ တာဝန်ယူနေရတယ်။

ထိုင်းမြန်မာနယ်စပ် တောစခန်းတွေမှာ အစည်းအဝေးတွေလုပ်တိုင်းလည်း ချောင်းဘေး မြောင်းဘေးတွေမှာပါ (မိုင်နာ) ခွဲစိတ်စရာတွေကို ခွဲစိတ်ပေးခဲ့ဘူးတာ ခုထိအမှတ်ရသေးတယ်။ အခုတော့ ခွဲစိတ်ခန်းတွေ၊ ခွဲစိတ်လူနာတွေ၊ ခွဲစရာတွေ အားလုံးနဲ့ ခွဲခဲ့ရပြီကောဗျာ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆
ဓါတ်ပုံ = ၁၉၉၃ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် (ယိုဇိုယိုကိုတာ) လာစဉ်က NLD/LA ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနယ်စပ်တနေရာမှာ သွားရောက်တွေ့စဉ်က ကရင်ဒုက္ခသည် လူနာများကို ဆေးဝါးကုသပေးခဲ့ရစဉ်က

Neem leaf ခါးသက်သက်အလွမ်း

• လူကြုံမှာဘာမှာချင်လည်း၊ မေတ္တာမိုးတွေသည်း၊
• ဆရာ ဘာသယ်လာပေးရမလည်း၊ စေတနာမိုးတွေတဖွဲဖွဲ၊
• ကျွန်တော့်မှာ တိုင်းပြည်နဲ့ခွဲကတည်းက တမာနဲ့ရှင်ကွဲခွဲ။

• ဒီမှာရတဲ့တမာ ခါးသက်သက်ပါ၊ အညွန့်အဖူးလေးတွေလည်းပါ၊
• အောက်ငပိရေလည်းရပါ၊ အညာငပိချက်လည်းချက်တတ်ပါ၊
• ဒါပေမယ့် ဟာတာတာ။ ဘာ့ လည်း။

• တောင်လေအလာ ပင်ထက်မှာနီရဲရဲနဲ့ ခပ်ချွဲချွဲကူတဲ့ဥသြသံသာ၊
• လက်ပံနဲ့တောရနံ့မပါ၊ ခါးတဲ့အရသာ ဟာတာတာ၊
• ခါးတဲ့အရသာ၊ ရွှေဗမာတွေ ခံစားတတ်ကြစေချင်ပါ။

(ပြောင်းလဲခြင်းအစဟူသည် ခါး၏။)

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆


Birth Pills ကိုယ်ဝန်တား စားဆေးများ

ဆရာခင်ဗျား အမျိုးသမီးက ၂၅ နှစ်ပါ။ Marvelon 28 တားဆေးသောက်ပါတယ်ဆရာ။ မျှားအတိုင်းသောက်ရာမှာ ၇ ပြီးတော့ ၈ သောက်ရမှာကို ၁၄၊ ၁၃၊ ၁၂ ထိမှားသောက်မိပါတယ်ဆရာ။ ၁၁ ရောက်မှ မှားမှန်းသိပါတယ်။ မှားတဲ့အတိုင်း ၁၁၊ ၁ဝ၊ ၉၊ ၈ ပြီးတော့ ၁၅၊ ၁၆ ကနေ ၂၈ ထိ ဆက်သောက်ရမှာလားဆရာ။ ကဒ်သစ်ဝယ်ပြီး ၁၁ သောက်ပြီးတော့ ၁၂၊ ၁၃၊ ၁၄၊ ၁၅ စသည်ဖြင်၂၈ ထိ ဆက်သောက်ရမှာလားဆရာ။ ပထမတန်းမှာရှိတဲ့ဆေး ၇ လုံး၊ ဒုတိယတန်းမှာရှိတဲ့ ဆေး ၇ လုံးတို့က အာနိသင်အတူတူပဲလားဆရာ။ လေးစားစွာဖြင့် ဖြေကြားပေးစေလိုပါတယ်ဆရာ။ ကျေးဇူးပါဆရာ။

(မြား) လို့ရေးရတယ်။ ဆေးကပ်-ဆေးဆိုင်တွေကပါ မှားရေးကြတယ်။ ကိုယ်ဝန်တားစားဆေးတွေမှာ ဆေးအရောင်တူရင် ဆေးလည်းတူတယ်။ သောက်လို့ရတယ်။ မြားပြထားတာက နေ့မလွဲအောင် (တနင်္ဂနွေ-တနင်္လာ) မှတ်ရတာ လွယ်ဘို့သာ ဖြစ်တယ်။ မြန်မာပြည်မှာ တချို့က လက်ညှိုးကပ်ခေါ်တယ်။ တချို့က မြားကပ်လို့ ခေါ်ကြတယ်။ အိုကေနာမည်နဲ့ စားဆေးရော ထိုးဆေးရောရှိပုံရတယ်။ ကျွန်တော် သိပ်မသိပါ။

တကမ္ဘာလုံးမှာ အမျိုးသမီးကြီးငယ် သန်းပေါင်း ၁ဝဝ သုံးနေကြတယ်။ နောက်ပေါ် စားဆေးထဲမှာ အဟောင်းတွေထက် ဟော်မုန်းလျှော့ထည့်ထားလို့ ဘေးထွက် ဆိုးကျိုးတွေ နည်းစေတယ်။ ထိရောက်မှုလဲ ရှိပါတယ်။ ကိုယ်ဝန်တားဆေး အမျိုးမျိုးရှိတယ်။

၁။ ဟော်မုန်းနှစ်မျိုးတွဲ စားဆေးများ
• Mala-D = (Levonorgestrel-0.15 mg + Ethinyl oestradiol 0.03mg)
• Marvelon = Desogestrel 0.15 mg + Ethinyl estradiol 0.03 mg)
• Enovid = (Mestranol 0.15 mg + Norethynodrel 9.58 mg)
• Alesse = (Ethinyl estradiol 0.02 mg + Levonorgestrel 0.1 mg)
• Ortho-Novum = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Modicon = (Ethinyl estradiol 0.035 mg + Norethindrone 0.5 mg)
• Microgestin 1/20 = (Ethinyl estradiol 0.02 mg + Norethindrone 1 mg)
• Microgestin 1.5/30 = (Ethinyl estradiol 0.03 mg + Norethindrone 1.4 mg)

လူအများဆုံးသုံး၊ ဝယ်လို့လဲလွယ်၊ ဈေးလဲမကြီးဘူး။ နာမည်တွေ များတယ်။ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတိုဂျင်) ဟော်မုန်း နှစ်မျိုး ပူးတွဲပါတယ်။ မ-မျိုးဥအိမ်ကနေ လတိုင်း ထွက်ရမဲ့ မ-မျိုးဥ ထွက်မလာအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည်ကို ထူပြစ်စေတာမို့ မ-မျိုးဥ ထွက်စေအုံးတော့ သုက်ပိုးနဲ့တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကို ပါးစေတာကြောင့်လည်း သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်ဘူး။

လစဉ်ရာသီ စတင်လာတဲ့နေ့ကစ ဆေးသုံးရမယ်။ တကပ်မှာ ၂၈ လုံးပါတယ်။ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး။ ၂၁ ရက်ကြာ နေ့တိုင်း ၁ ပြား သောက်ပါ။ နောက်ဆုံးသောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။ သွေးဆင်းတာ နည်းမယ်။ ရက်လည်း တိုမယ်။ သွေးဆင်းရက်မှန်မယ်။ ရာသီမလာခင်ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်တယ်။ ကိုယ်ဝန်တားဘို့ မဟုတ်တာအတွက်လဲ သုံးနိုင်တယ်။

နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။ အပျိုတွေကိုလဲ ရာသီမှန်အောင်ပေးတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက်သွေးဆင်း၊ ရင်သားတင်း၊ ရှားရှားပါးပါး သွေးဖိအားတက်တာ၊ သွေးခဲတာ၊ သားအိမ်အဝ-ကင်ဆာတို့ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ရောဂါ၊ အသည်း-သဲခြေရောဂါ၊ ဆီးချိုရောဂါ ရှိနေရင် မသုံးသင့်ပါ။

ဘေးထွက်ဆိုးကျိုးတွေ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသည်းကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသည်း မကောင်းသူတွေနဲ့ မသင့်ဘူး။

၂။ Progestogen-only pill (POP) ဟောမုန်းတမျိုးတည်းပါစားဆေး
ပရိုဂျက်စတီရနုး ခေါ် မ-ဟော်မုန်း တမျိုးတည်းပါတဲ့စားဆေး ဖြစ်တယ်။ Minipill လို့လဲခေါ်တယ်။ အမျိုးအစား အမျိုးမျိုး ရှိတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်က ပြစ်စေးလာလို့ သုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားတယ်။ သားအိမ် အတွင်းသား နံရံကို ပါးလွှာစေလို့ သန္ခေဥ တွယ်ကပ်တာကိုလည်း တားတယ်။ သတိထားသုံးရင် ၉၉% ထိရောက်တယ်။ ရာသီ စဆင်းတဲ့ရက်ကစပြီး တနေ့ ၁ ပြားသောက်ပါ။ နေ့တိုင်း သောက်နေကျအချိန်မှာ အချိန်တူသောက်ပါ။ ဆေးကပ်တခု ကုန်ရင် နောက်ကပ်သစ်တခု စသောက်ပါ။ ရာသီက ၂ လမှ တခါသာလာမယ်။ ကိုယ်ဝန်ပျက်-ဖျက်သူတွေလဲ သွေးဆင်းတဲ့ ပဌမရက်နေ့မှာ ဆေးပြားစသောက်ပါ။

ကလေးနို့တိုက်နေချိန်လဲ သောက်နိုင်တယ်။ ဆေးဖြတ်တာနဲ့ ကလေးပြန်ရဘို့ လွယ်တယ်။ ရာသီနဲ့ဆက်စပ်နေမဲ့ Sickle cell disease ရောဂါနဲ့ Dermatitis ရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ သွေးဆင်နည်းလို့ သွေးအားနည်းတာ သက်သာမယ်။ ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေလဲ သောက်နိုင်တယ်။ နှလုံးရောဂါရှိသူတွေအတွက် စိတ်ချနိုင်တယ်။ သွေးခဲတာ နည်းတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ ရောဂါကို အဖြစ်နည်းစေ တာတော့ ဟော်မုန်း ၂ မျိုးတွဲတားဆေးနဲ့ အတူတူဘဲ။

ခါတိုင်းဆေးသောက်ချိန်ထက် ၃ နာရီ နောက်ကျသွားရင် ၄၈ နာရီအတွင်း အတူမနေပါနဲ့။ နေဖြစ်ရင် အရေးပေါ်တားဆေး သောက်ပါ။ တရက်နောက်ကျသွားရင် နောက်ရက်မှာ ဆေး ၂ လုံး သောက်ပါ။ ၄၈ နာရီ အတူမနေပါနဲ့။ ဒါမှမဟုတ် (ကွန်ဒွမ်) သုံးပါ။ ဆေးတကပ် ကုန်တာနဲ့ ရာသီ လာလာ-မလာလာ၊ နောက်ဆေးတကပ် ဆက်သောက်ပါ။ အတူမနေဖြစ်သေးလဲ ဆက်သောက်ပါ။ ၁-၇ ရက်အထိ နောက်ကျရင် (ကွန်ဒွမ်) သုံးပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် နောက် ၁ လုံးသောက်ပါ။

ဘေးထွက်-ဆိုးကျိုးတွေ = ဆေးစသောက်ကာစ အစောပိုင်းလတွေမှာ ရာသီ တချို့နည်းမယ်၊ တချို့များတယ်။ ရာသီ မလာဘဲနေတာလဲ ဖြစ်နိုင်တယ်။ ဝက်ခြံထွက်မယ်၊ ပျို့ချင်မယ်၊ ခေါင်းကိုက်မယ်၊ ရင်သားတင်း-နာမယ်၊ လူက ဝလာနိုင်တယ်။ ဆီးချိုရှိနေသူတွေ သတိထားပေးရမယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ (မိုင်ဂရင်း) ရောဂါ၊ သွေးတိုး၊ ပန်းနာရှိသူတွေက သတိထားသောက်ရမယ်။ လိင်စိတ်နည်း၊ စိတ်မူပြောင်း၊ စိတ်ဓါတ်ကျ။

၃။ Emergency contraceptive pill အရေးပေါ်တားဆေး
FDA က အသိအမှတ်ပြုဆေးတွေက Plan B, Next Choice, Plan B One-Step နဲ့ Ella တွေ ဖြစ်တယ်။ မြန်မာပြည်မှာ Ecee-2 လို့မေးခွန်းမေးသူတွေဆီကနေသိရတယ်။ ပဌမဆေးလုံးကို အကာကွယ်မဲ့အတူနေပြီးတာနဲ့ မြန်မြန်သောက်ပါ။ နောက်ထပ် ၁၂ နာရီအကြာမှာ ဒုတိယဆေးလုံး သောက်ပါ။ အကာကွယ်မဲ့အတူနေပြီး ၇၂ နာရီ (၃ ရက်) အတွင်းမှာ သောက်ရင် ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။ % ပြည့်တော့မဟုတ်ပါ။ မျိုးဥထွက်မှာကို တားပေးတယ်။ သားအိမ်အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြင်ပေးတယ်။ ဒါပေမဲ့ သန္ဓေဖြစ်နေပြီ (ကိုယ်ဝန်ရှိနေပြီ) ဆိုရင်တော့ ဆက်ကြီးထွားမှာကို မတားနိုင်ဘူး။ ၈၉% ထိရောက်တယ်။ ကိုယ်ဝန်ရှိနေရင်လဲ ဆက်ယူလို့ ကလေးကိုမထိခိုက်စေဘူး။ ဘေးထွက်ဆိုးကျိုးတွေက တခြား ဟော်မုန်းပါတားဆေးတွေနဲ့ အတူတူဘဲ။ အရေးပေါ်ဆေးသာဖြစ်လို့ ခဏခဏမသုံးသင့်ပါ။ ခဏခဏသုံးရင် ဘာဖြစ်မလည်းဆိုတဲ့ ဆေးသုတေသန မစုံသေးပါ။ သူများတိုင်းပြည်တွေမှာ အဲလိုအရေးပေါ်ကို ခဏခဏမသောက်လို့ သုတေသန လုပ်ထားတာမရှိပါ။ သေချာတာက ဟော်မုန်းတွေပြောင်းမယ်။ ရာသီတွေပြောင်းမယ်။ နောင်ဘာဖြစ်မလည်းတော့ မပြောနိုင်ပါ။

Dr. တင့်ဆွေ
၂၈-၅-၂ဝ၁၆