မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, July 31, 2016

Dr. Tint Swe's Writings ဘလော့မှာလာဖတ်သူ တသန်းပြည့်ကာနီးပြီ

Jul 25, 2016 3:00 AM – Aug 1, 2016 2:00

မနေ့ကဖတ်သူ စုစုပေါင်း 3,005
ယခင်လကဖတ်သူ စုစုပေါင်း 68,518
ဘလော့ဖတ်သူ စုစုပေါင်း 995,215

မြန်မာနိုင်ငံမှ Myanmar (Burma) 10940
ရုရှားမှ Russia 2515
ယူနိုက်တက်စတိတ်မှ UnitedStates 966
စင်္ကာပူမှ Singapore 639
ထိုင်းနိုင်ငံမှ Thailand 416
မလေးရှားမှ Malaysia 277
ပြင်သစ်မှ France 253
ဂျပန်မှ Japan 172
အင်ဒိုနီးရှားမှ Indonesia 125
အိန္ဒိယမှ India 76

ဘလော့ကို ယူအက်စ်အေရောက်မှ အသစ်ဖွင့်ရပါတယ်။ အရင် အီးမေးလ်ကို သုံးမရတော့လို့ပါ။ ၁ဝ-၁ဝ-၂ဝ၁၄ နေ့က စရေးတာပါတယ်။ စာ အတို-အရှည်ပုဒ်ရေ ၅၄၇၈ ရှိပါတယ်။ လာဖတ်သူ တသန်းပြည့်ဘို့ရာ ၅ ထောင်မလိုတော့ပါ။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၆

Neem Leaves တမာရွက်

ကနေ့တော့ တောထဲသွားခူးတာလည်းမဟုတ်။ ဈေးဆိုင်သွားဝယ်တာလည်းမဟုတ်။ အိမ်မှာတင်စိုက်တာလည်းမဟုတ်။ ဟင်းသီးဟင်းရွက်တော့ အစုံရတယ်။ ညမှာရလာတာက သမီးမိတ်ဆွေကပေးတဲ့ ချဉ်ပေါင်ရွက်။ ချွေးမဆီကရတဲ့ တမာရွက်နဲ့ ခရမ်းခါးသီး။ တမာရွက်က ကျွန်တော့်နာမည်နဲ့၊ ခရမ်းခါးသီးက အန်တီနာမည်တပ်ထားတယ်။

တမာထဲကဓါတ်ကို Azadirachta indica ခေါ်တယ်။ အာယုဗေဒဆေး၊ အူနာနီနဲ့ ဟိုမီယိုပက်သစ်ဆေးနည်းတွေမှာ သုံးကြတယ်။ ခေတ်ပေါ်ဆေးနည်ရဲ့ အဓိကသုံးလို ဖြစ်လာနေတယ်။ သူ့ကိုဓါတ်ခွဲရင် ဒြပ်ပေါင်း ၁၄ဝ မကပါတယ်။ တမာရွက်၊ တမာပွင့်၊ တမာစေ့၊ တမာမြစ်၊ တမာသီး၊ တမာခေါက်တွေကို စမ်းတာဖြစ်တယ်။ ရောင်ရမ်းဖြစ်စဉ်၊ ပိုးဝင်ခြင်း၊ ကိုယ်ပူ၊ အရေပြားနာတွေနဲ့ သွားမကောင်းတာတွေအတွက် သုံးကြတယ်။ အများဆုံးက တမာအရွက်ကိုသုံးတယ်။ ဆေးဝါးဗေဒအရ ခုခံအား၊ ရောင်ရမ်းဖြစ်စဉ်၊ ငှက်ဖျား၊ ဖန်းဂတ်စ်၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကင်ဆာအစွမ်းတွေအပြင် အနာသက်သာနဲ့ သကြားဓါတ်ကျစွမ်းတွေလဲ ရှိတယ်။

တမာရဲ့ဆေးစွမ်းကောင်း (၆) မျိုး
(၁) အရေပြားနာများ
တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်ကအစိမ်းရောင်ဖြစ်လာမယ်။ အရွက်တွေအရောင်ပြောင်းလာမယ်။ ပြုတ်ရေကို ဆေးအဖြစ်လိမ်းပါ။ ရေချိုးရေထဲလဲထည့်သုံးပါ။

(၂) ဝက်ခြံ
တမာရွက်ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ်လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင်တယ်။

(၃) အရေပြားတင်းဆေး
တမာရွက် ပြုတ်ရည်ကို မျက်နှာအရေးအကြောင်းတွေထင်နေတာ သက်သာစေမယ်။ ငယ်ရုပ်ဆင်စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာစေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာကပ်နိုင်တယ်။ ပြီးရင်မျက်နှာသစ်လိုက်ပါ။

(၄) အရေပြားခြောက်နေရင်
တမာမှုံ့ထဲမှာ စပျစ်စေ့ဆီနဲ့ရောပြီး မျက်နှာကို ညီညီညာညာလိမ်းပါ။ မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပါ။

(၅) အရေပြားအပေါက်များ
ဝက်ခြံခေါင်းမဲကနေ ကျန်ရစ်တဲ့အပေါက်တွေကို သက်သာစေမယ်။ (တမာရွက် + လိမ်မော်ခွံ) ရောထောင်းပါ၊ (ပျားရည် + ရောဂတ် + ပဲပုပ်ဆီ) နဲနဲစီရောပါ၊ တပါတ် ၃ ကြိမ်လိမ်းပါ။ တမာဆီလဲသုံးနိုင်တယ်။

(၆) ဆံပင်
ဆံပင်ပေါက်သန်စေမယ်။ တမာဆီကို ဘောက်၊ မှိုရောဂါတွေအတွက်သုံးနိုင်တယ်။ တမာမှုံ့နဲ့ရေရောပြီး ခေါင်းလိမ်းပြီး တနာရီစောင့်ပါ၊ နောက် ခေါင်းလျှော်လိုက်ပါ။

ဆေးသုတေသနထဲမှာမပါတဲ့ တမာရွက်အစွမ်းကို ဗမာတွေပဲသိတယ်။ တမာရွက်ပေါ်ချိန်မှာ တမာရွက်အတို့နဲ့ စားရတဲ့ အရသာကို ဘာနဲ့မှမလဲနိုင်ပါ။ တို့စရာ အညာငါးပိချက်က အလိုက်ဖက်ဆုံး။ အောက်ငါးပိရည်နဲ့လည်း ကောင်းတယ်။ ငန်ပြာရည်ချက်နဲ့လည်း ကောင်းတယ်။ စားတမာမရှိလည်း တမာမှန်သမျှစားလို့ရတယ်။ တမာရွက်ကို အချဉ် (ဆီးချဉ်သီး) နဲ့စိမ်တာကတော့ စပါယ်ရှယ်။

ခရမ်းခါးသီးကို ပြောင်းဖူးနဲ့ရောပြုတ်မယ်တဲ့။ အဲဒီစားနည်းကို ချင်းလူမျိုးတွေဆီကနေရတာ။ ပြောင်းဖူးကလည်း ယောနယ်နဲ့ ချင်းတောင်ကထွက်တဲ့ စီး (စေး) တဲ့ပြောင်းက ပိုကောင်းတယ်။ အမေရိကန်ပြောင်းက ချိုတယ်။

ဒေါက်တာတင့်ဆွေ
၁-၈-၂ဝ၁၆

ဗူး နဲ့ ဘူး

ဘူး နဲ့ ဖူး ကိုရေးပြီး ဗူးရွက်တွေ ရောက်လာတယ်။ ဗူးရွက်မှာ အဖူးလေးတွေလည်း ပါတယ်။ ခရမ်းချဉ်သီးစိမ်းလည်း ပါလာတယ်။ နောက်တယောက်ဆီက ကင်းပုံသီးရတယ်။ ကင်းဗုန်သီးလို့လည်း ခေါ်ကြတယ်။

အခုသတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ဗူးကို ကလေးဗူးမှုတ်တာတခုတည်းလို့ လုပ်ထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။

ဘူးတလုံးဆောင် အိုတောင်မဆင်းရဲကတော့ မှန်တယ်။ သတ်ပုံ ပြောတာပါ။ အခုတော့ ရေဘူးပေါက်တာမလိုချင် မလိုချင်ဘူးတဲ့။ အဲတာက ဘူးနှစ်လုံးဆောင်။

ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၆

ဗူးပင် နဲ့ ဘူးပင်


နဝတ စစ်အစိုးရလက်ထက်ကထုတ်ထားတဲ့ မြန်မာ အဘိဓာန်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေမှာ ဘူးပင်လို့သာ တွေ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ဗူးပင်လို့သာ ရိုက်နှိပ်ထားပါတယ်။ မြန်မာ့စွယ်စုံကျမ်းကို မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းကနေ ပြုစုပြီး၊ စာပေဗိမာန်ကနေ ထုတ်ဝေတယ်။

ကျွန်တော်တို့ သူငယ်တန်း (၁၉၅၃-၅၄) ဖတ်စာမှာ -
ဘဦး ရေကူးနေသည်။
ဗူးသီးနုနု မခူးရ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၆

Enforced Practice အလေ့အကျင့်ကို ရိုက်သွင်းခြင်း

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာ)

လက်အုပ်ချီတယ်လို့ပြောရင် ကန်တော့တာလို့ နားလည်ကြမယ်။ ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ကြီးတဲ့သူကို အရိုအသေပေးတာ၊ ပူဇော်တာ၊ ကန်တော့တာဖြစ်နိုင်တယ်။ လက်အနေအထား၊ လူကိုယ်ဟန်ပါ ခြားနားနိုင်တယ်။ Saluting ဂါရဝပြုတာ၊ Greeting နှုတ်ဆက်တာ၊ Prostration ကန်တော့တာတွေက မတူကြပါ။ မြန်မာနိုင်ငံသား အများစု နားလည်ထားတာက ဗုဒ္ဓဘာသာထုံးစံဖြစ်တဲ့ အရိုအသေပေးသူက ကြမ်းပြင်မှာထိုင်ချပြီးမှ လက်အုပ်ချီရတယ်။ ထိခြင်းငါးပါနဲ့ပြည့်စုံမှသာ စနစ်ကျတယ်လို့ သတ်မှတ်ထားတယ်။

ထိုင်းနိုင်ငံကလဲ ထေရဝါဗုဒ္ဓဘာသာပေမဲ့ မတ်တတ်ရပ်နေရင်း လက်အုပ်ချီကြတယ်။ မဟာယာနတိဘက်တွေ ဘုရားရှေ့ဝတ်ပြုတာက တရားထိုင်နည်း (ကျင့်နည်း) တခုအနေနဲ့ ဝမ်းလျားမှောက် ဒိုက်ထိုးသလိုလုပ်ရတယ်။ လက်နှစ်ဖက်ကို ခေါင်းပေါ်အထိမြှောက်ပြီး လက်အုပ်ချီ၊ လူကိုယ်က ကြမ်းပေါ်မှာမှောက်ချရတယ်။ တိဘက်လားမားတွေ မတ်တတ်ရပ်ရင်း လက်အုပ်ချီတာကတော့ အိန္ဒိယယဉ်ကျေးမှုအရလုပ်တဲ့သဘောဖြစ်တယ်။

လက်နှစ်ဖက်ကို တခုနဲ့တခုဆုပ်ကိုင် ရင်မှာအပ်၊ ခေါင်းကိုငုံပြီး၊ အပြန်အလှန်လုပ်နည်းက တရုပ်ရှေးယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ အပြန်အလှန် လေးစားသမှုနဲ့ ဂါရဝပြုတာဖြစ်တယ်။ Zhou Dynasty ဇောင်မျိုးဆက်မှာ စခဲ့တယ်။ Rites of Zhou နည်းနာတွေမှာ အဆင့်အတန်းအရ မတူတာတွေရှိတယ်။ ခရစ်ယန် Bible ဘိုင်ဘယ်မှာ လက်အုပ်ချီရမယ်လို့ မပါဘူးဆိုပြီး ထောက်ပြတာရှိတယ်။ God ဘုရားသခင်ကို အရိုအသေပေးနည်းတွေတော့ အမျိုးမျိုးကျင့်သုံးနေကြပါတယ်။

လက်အုပ်ချီတာကို ဘာသာရေးအရ၊ ယဉ်ကျေးမှုအပြင် အိန္ဒိယအဖြစ်အပျက်တခုအရ စည်းကမ်းဖြစ်နေပြန်တယ်။ ၂ဝ၁၃ အောက်တိုဘာလထဲမှာ ဘယ်ဘာသာမှမကိုးကွယ်သူ အင်္ဂလိပ်စာဆရာတဦးဟာ သူ့လစာတိုးတာကို အဖြတ်ခံရလို့ ကျောင်းကိုတရားမစွဲခင်မှာ လက်အုပ်ချီ နှုတ်ဆက်တာကို မလုပ်ဘဲဆန္ဒပြခဲ့တယ်။ ကျောင်းက ဒါဟာ စည်းကမ်းဖေါက်တာလို့ မြင်ခံရတယ်။ အိန္ဒိယမှာက အဲလိုလုပ်တာကို Namaste နာမာစတေးလုပ်တယ်လို့ခေါ်တယ်။ Namaskar နာမာစကားလို့လဲ မူကွဲရှိတယ်။ Greeting နှုတ်ဆက်နည်းတခုပါ။ nama = bow နဲ့ te = you ဆိုတဲ့ Sanskrit ဆန်းစ်ခရစ်၊ သက္ကတစကားလုံး ၂ ခု ပေါင်းထားတာ ဖြစ်တယ်။

လက်ဝါးဖြန့်ထာ၊ ပူးကပ်ထာတဲ့လက်က နှလုံးနေရာမှာ ကပ်ထားရတယ်။ I am glad to meet you and I am saying this from heart သင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်။ ဒီလိုပြောတာက ကျွန်ုပ်ရဲ့နှလုံးကနေပါလို့ ဆိုလိုတယ်။ လူကြီးသူမကို အရိုအသေပေးရာမှာလဲ သုံးတယ်။ Humility ရဲ့ သင်္ကေတလို့လဲ ဆိုပါတယ်။ လူသားဆန်တယ်။ ရိုသေသမှုနဲ့ဆိုရင် ကြီးတဲ့သူရဲ့ ခြေထောက်ကိုလာထိရတယ်။ ဒါကြောင့် ဒီလိုလုပ်နည်းဟာ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းကမ်းတွေအရ မူကွဲကြတယ်။

မြန်မာပြည်မှာ လူလူချင်း (ဘုန်းကြီးရဟန်းမဟုတ်ဘဲ) မတ်တတ်ရပ်ရာကနေ လက်အုပ်ချီရတာကို ယဉ်ကျေးမှုလို့ပြောရင် မမှန်ပါ။ ဓလေ့ထုံးစံလဲ အရင်ကမရှိခဲ့ပါ။ ဘာသာရေးအရဆိုလဲ ထိခြင်းတွေကင်းလွတ်နေတယ်။ စစ်အစိုးရတက်တော့မှ လုပ်လာတာဖြစ်တယ်။ တိတိကျကျပြောရရင် အတင်းရိုက်သွင်းပေးထားတဲ့ ဥပဒေကဲ့သို့ အာဏာတည်သောစနစ်တခုသာ ဖြစ်ပါတယ်။ သင်နဲ့ကျွန်ုပ် အတူတူပါဘဲလို့ သဘောဆောင်တယ်။ အသင်သည်၊ အရှင်သည်၊ ဗိုလ်ချုပ်မှူးကြီးသည် ကျွန်ုပ်ထက် မြတ်ပါပေ၏လို့ မဆိုလိုပါ။

(ယူနီဖေါင်းဝတ်ထားသူတွေကို အစိုးရဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားတွေက လက်အုပ်ချီနေကြရတဲ့ပုံကို ကျေးဇူးပြုပြီး ကွန်မင့်မှာလာမတင်ပါနဲ့ခင်ဗျား။)

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၄

Healthy Babies ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအကြောင်း

၃၁-၇-၂ဝ၁၅ နေ့မှာ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ အင်ဒီယာနာပိုးလစ်မြို့မှာကျင်းပတဲ့ (အင်ဒီယာနာပလစ်၊ ကျန်းမာသောကလေးများ) ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာ စကားပြောရတယ်။

ယူအက်စ်ကိုရောက်နေတဲ့ ချင်းကိုယ်ဝန်ဆောင်နဲ့ကလေးတွေအကြောင်းကိုတော့ ဒီကပညာရှင်တွေနဲ့ ချင်းကွန်မြူနတီ ခေါင်းဆောင်တွေက ပြောကြပါတယ်။ သူနာပြု ချင်းအမျိုးသမီးနှစ်ယောက်နဲ့ ကျန်းမာရေးဌာနဝန်ထမ်း ချင်းအမျိုးသမီး တယောက်နဲ့ ရခိုင်အမျိုးသားတယောက်တို့လည်းတက်ရောက်ကြတယ်။ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မီးဖွါးခြင်းနဲ့ ကလေးသေဆုံးမှု၊ အလေးချိန်နည်းမွေးတာ၊ စောမွေးတာနဲ့ မိခင်နို့တိုက်တာတွေကို ကိန်းဂဏန်းတွေနဲ့ပြတယ်။ ကလေးကိုမိခင်တွေက နို့တိုက်နှုန်းကလွဲရင် တခြားလူမျိုးကိုယ်ဝန်တွေထက် နိမ့်ကျနေတာတွေ့ရတယ်။

ကျွန်တော်ကတော့ ပြည်တွင်းဆရာဝန်လုပ်ရတုံးကနဲ့ ပြည်ပမှာမြန်မာဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွေ့အကြုံတွေကို ပြောပါတယ်။ ပြည်တွင်းက မြန်မာကိုယ်ဝန်ဆောင်တွေနဲ့ ပြည်ပမှာ ချင်းကိုယ်ဝန်ဆောင်တွေ မမွေးခင်၊ မွေးစဉ်နဲ့ မွေးပြီး ကြုံတွေ့ရတာတွေကို နှိုင်းယှဉ်ပြီးပြောပါတယ်။ ကျွန်တော်ကောင်းကောင်းသိတဲ့ ပြည်တွင်းမြန်မာလူမျိုးတွေ ကိုယ်ဝန်စောင့်ရှောက်မှုနဲ့ ပြည်ပချင်းအမျိုးသမီးတွေ ကိုယ်ဝန်စောင့်ရှောက်မှုမတူပါ။ ဒါ့ပြင် နိုင်ငံတကာ ဆေးသုတေသနတွေထဲမှာ ပါတာတွေနဲ့လည်းကွဲပြားတယ်။

သုတေသနလုပ်ချိန်နဲ့ လုပ်စရာလိုအပ်ချက်တွေ မပြည့်စုံပေမယ့် သိသာတဲ့ခြားနားမှုတွေရှိတာကို ပြောပါတယ်။ မြန်မာ အမျိုးသမီးတွေက နို့နာပေါက်တာများပြီး ချင်းအမျိုးသမီးတွေကနည်းတယ်။ မြန်မာလူမျိုးတွေထဲမှာ (ဟာနီယာ) ခေါ် အူကျတာနဲ့ (ဟိုက်ဒရိုဆီးလ်) ခေါ် မုတ်ရောဂါများသလောက် ချင်းကလေးတွေမှာ မများပါ။ ဒါပေမယ့် ချင်းကလေးတွေမှ (ဖိုင်မိုးဆစ်) ခေါ် ပန်းငုံတာနဲ့ (အင်ပါဖိုရိတ် ဟိုင်မင်) ခေါ် အပျိုမှေး လုံးဝပိတ်တာပိုများတယ်။

ဒေလီမှာ ရိုးရိုးမွေးပေးနိုင်တာများတယ်လို့ပြောတော့ ဆွေးနွေးပွဲတက်တဲ့ အမေရိကန်သားဖွါးအထူးကုဆရာဝန်တဦး (သူက မြန်မာပြည်ကို တခေါက်ရောက်ဖူးတယ်) ကမေးလို့ ဘာကြောင့် ခွဲမွေးနည်းသလည်းကို ရှင်းပြရသေးတယ်။ ဆရာဝန်က စိတ်ရှည်၊ သည်းးခံပြီး၊ အချိန်ပိုပေးရတယ်။ စိုးရိမ်စရာတွေကိုသိပေမယ့် တာဝန်ယူလုပ်ပေးရတယ်။ အထောက်အကူနည်းတွေ လုပ်ပေးရတယ်။ လူနာတွေကိုယ်တိုင်ကလည်း စိတ်ရှည်သည်းးခံပြီး၊ ဆရာဝန်ဆုံးဖြတ်ချက်ကို အားကိုးကြတယ်လို့ ဖြေခဲ့ပါတယ်။

7/31/2015 Indianapolis Healthy Babies Consortium
Indianapolis Healthy Start and Marion County Public Health Department
Kiwanis International Auditorium: 3636 Woodview Trace, Indianapolis

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

Water everywhere ရေကြီးတဲ့နှစ်

(မနှစ်က ဒီနေ့မှာရေးတဲ့စာ)

မာနယ်ပလောကိုသွားရတဲ့ ဒုတိယအခေါက်က မုတ်သုန်ကာလမှာ မြစ်ရေတွေကြီးတဲ့အချိန်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဒေလီကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို လေယာဉ်နဲ့သွားပြီး၊ မဲဆောက်ရောက်အောင် ကားစီးရတယ်။ အဲသည်နှစ်က မဲဆောက်မှာ ရေကြီးနေတယ်။ (မဲဆရီးယန်း) ကိုဆက်သွားတဲ့ ပုံမှန်ကားလမ်းက ပိတ်ထားတယ်။ သောင်ရင်းမြစ်နဲ့ အပြိုင်ဖေါက်ထားတဲ့ ကားလမ်းလေးတခုရှိတယ်။ (ကေအင်ယူ) ထဲက တာဝန်ရှိသူတယောက်နဲ့ ကားကြုံလိုက်ရလို့ ခုထိ ကျေးဇူးတင်နေတုံးပဲ။

ဒလဝေါစီးနေတဲ့ သောင်ရင်းမြစ်ဘေးကနေ ခက်ခက်ခဲခဲကားမောင်းရတာကို မှတ်မိနေတယ်။ မဲဆရီးယန်းကနေ ရေကြီးနေတဲ့ သောင်းရင်းမြစ်မှာ စက်လှေနဲ့ သွားရတာလည်း သက်စွန့်ဆံဖျားပဲ။ မြန်မာပြည်မြေပေါ်ကို ပြန်ခြေချနိုင်တဲ့ စိတ်လှုတ်ရှားမှုထပ်ဖြစ်ပါတယ်။ အော် ဒါတို့ပြေ၊ ဒါတို့မြေ တို့မပိုင်တဲ့မြေ။

မာနယ်ပလောကတော့ တဝေါဝေါရွာနေတဲ့မိုးနဲ့အတူ ခရီးဝေးကလာတဲ့သူကို ကြိုဆိုတယ်။ အဝေးရောက်အစိုးရရုံးမှာ ပြည်ပြေး ၁၉၉ဝ အမတ်တွေနဲ့ ကြမ်းတပြေးတည်း အိပ်ကြရတယ်။ မျှစ်စိမ်းဟင်းက ထမင်းမြိန်လှတယ်။ NCGUB ရုံး ခေါင်းရင်းက ဗုံးခိုကျင်းလည်း ရေနစ်နေတယ်။

နှစ်ပေါင်း ၂ဝ ကျော်ကြာတဲ့အခါ မြန်မာပြည်ကြီးပါ ရေနစ်နေတယ်။ မာနယ်ပလောမှာလွှင့်ထားခဲ့တဲ့ NCGUB အလံကတော့ နေပြည်တော်မှာ လွှင့်ထားပါတယ်။

ဓါတ်ပုံ = ၂ဝဝဝ ပြည့်နှစ်က အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့တော်မှာ NCGUB ကက်ဘိနက်သစ် အလံကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုကြစဉ်က။ ဦးတက်ဒီဘူးရီ၊ ဦးဘိုလှတင့်။ ဦးသိန်းဦး၊ ဦးမောင်မောင်အေး၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစိန်ဝင်း၊ ဦးမြဝင်း၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုး၊ ဦးခွန်မာကိုဘန်း။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Piles Q and A လိပ်ခေါင်းရောဂါ အမေးအဖြေများ

အသက်၂၉ (ကျား)၊ နေရပ် ရန်ကုန်။ လိပ်ခေါင်းရောဂါ ကုသနည်းလေးသိချင်လို့ပါဆရာ။ လွန်ခဲ့ ၁ နှစ်ကျော်လောက်က တခါဖြစ်ဖူးပါတယ်။ အိမ်တွင်းကုသနည်းနဲ့ပဲ ပျောက်သွားပါတယ်ဆရာ။ (ကြက်သီးနွေးရေနဲ့ စိမ်ပြီး အရောင်သက်သာအောင်လုပ်ပါတယ်။ ဝမ်းလဲနှုတ်ပါတယ်) သိပ်မကြာဘူး သူ့ဖာသာပျောက်သွားပါတယ်။ အခုပြန်ဖြစ်နေလို့ပါ။ ပြန်မဖြစ်ပဲပျောက်ကင်းအောင် ဘယ်လိုကုသရမလဲဆရာ။ ကန်တော့ဆရာ လိပ်ခေါင်းက မန်းကျဉ်းသီးစေ့လောက်ရှိပါတယ် ဝမ်းသွားမှ သွေးထွက်တာမျိုးမဟုတ်ပဲ သွေးတစိမ့်စိမ့်ထွက်နေပါတယ်ဆရာ။ ဆရာဝန်နဲ့ကုသသင့်နေပြီလားဆရာ။ အကြံဥာဏ်လေးပေးပါဦးလို့ ရိုသေစွာတောင်းခံအပ်ပါတယ်။ ဆရာမှာရှိတဲ့ကုသနည်းလေးလဲ မျှဝေပေးပါဆရာ။

လိပ်ခေါင်းရောဂါကနေ ဖြစ်လာနိုင်တာတွေက -
၁။ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲပြစ်ရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ဝမ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။

ဝမ်းပြော့အောင်စားရမဲ့ (ဖိုက်ဘာ) ခေါ် အမျှဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ (ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊

လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ သွေးအားကောင်းဆေး သံဓါတ်ဆေး သောက်ပါ။ သံဓါတ်ကဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက်အသည်းကလဲ သွေးအားကောင်းစေတယ်။ ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်း ထည့်ဆေး တခုခုကို ဝမ်းမသွားခင်ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲလာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့ကထုံဆေးသဘောဖြစ်တယ်။

လိပ်ခေါင်းကို ဆေးနဲ့ကုတယ်ဆိုတာခံစားနေရတာတွေ သက်သာစေဘို့ ဖြစ်တယ်။
• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာထိုင်ပါ။ ထပ်ထိုင်နိုင်လေကောင်းလေ။
• ရောင်နေရင် ရေခဲကပ်ပေးပါ။
• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။
• ဝမ်းသွားပြီးတိုင်းစအိုကိုစိုနေတဲ့အဝတ်၊ တစ်ရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာအကောင်းဆုံးပါ။
• နာနေရင် Acetaminophen or Aspirin ဆေးတမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။
• လိပ်ခေါင်းထည့်ဆေးတမျိုးမျိုးထည့်ပါ။ Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့ကနာတာ၊ ရောင်တာ၊ ယားတာတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -
- Proctosedyl ointment
- Homeopathic Hemorrhoid Relief ointment
- Anusol HC Ointment
- Avenoc Ointment
- Hemorrhoidal Ointment
- Heel/BHI - Hemorrhoid Relief Ointment 50g
- Hemmorex Ointment 1oz
- Avenoc' Ointment
- Medline Hemorrhoid Relief Ointment - 2 Oz Tube

အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2. Injection Sclerotherapyထိုးဆေးနည်း၊
3. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4. Laser Coagulation လေဆာနည်း၊
5. Hemorrhoidectomyခွဲစိတ်နည်း၊

အပြင်လိပ်ခေါင်းကုသနည်းများ
1. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
2. Laser Coagulation လေဆာနည်း၊
3. Hemorrhoidectomyခွဲစိတ်နည်း၊ ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကအကောင်းဆုံးဖြစ်တယ်။

လိပ်ခေါင်းကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေ
- Skin tags စအိုဝမှာ အရေပြားအသီးလေးဖြစ်မယ်။ ကြီးလာမယ်။ ကျယ်လာမယ်။
- Ischaemia, thrombosis လိပ်ခေါင်းထဲက သွေးကြောလေးတွေပိတ်မယ်။ gangrene သွေးမရလို့ တစ်ရှူးသေတာ ဖြစ်မယ်။ အပြင်လိပ်ခေါင်မှာ ရုတ်တရက် သွေးပြန်ကြော ပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်းချက်ချင်းလုပ်တာ ကောင်းတယ်။ ဆေးရုံတက်စရာမလိုပဲ ကောင်းမယ်။
- Perianal sepsis စအိုဘေးနေရာ ရင်းရောင်နာမယ်။
- Severe or persistent bleeding သွေးယိုနေတာကြာမယ်။ anaemia ကြာရင် သွေးအားနည်းမယ်။
- Thrombosed external haemorrhoids may ulcerate အပြင်လိပ်ခေါင်းက သွေးကြောပိတ်ရာကနေ အနာဖြစ်မယ်။

မိမိဖါသာဂရုစိုက်နည်း
• လိပ်ခေါင်းအတော်များများကသူ့ဖါသာသူ ၁-၂ ပါတ်အတွင်းသက်သာလာ နိုင်တယ်။
• ဖိုင်ဘာများအစားအစာတွေ စားပါ။
• ရေတနေ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။
• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်းအိပ်ရာဝင်သောက်ပါ။ ခဏခဏမသောက်သင့်ပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
• အလုပ်မအားလို့ ဝမ်းသွားမှာကိုထိန်းထာတာမျိုးမလုပ်ပါနဲ့။
• တကိုယ်ရေသန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေးလုပ်ပါ။

အစိုးရိမ်မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဖင်ထိုင်ခုံလိုခုံအနိမ့်ကိုမသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာလုပ်ရတိုင်း၊ စအိုနေရာကို စိတ်ကနေထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှလုပ်ပါ။ အိမ်သာကို ဆောင့်ကြောင့် ထိုင်ရတာမျိုးကိုမသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုးသာသုံးပါ။ ခါးကို ၉ဝ ဒီဂရီထိုင်လို့ရတာမျိုး။ ဝမ်းသွားပြီးတိုင်းစက္ကူ၊ တစ်ရှူးအစား၊ ရေကိုသာသုံးပါ။ ဝမ်းကိုဂရုစိုက်ပါ။ ရေနွေးထိုင်နည်းလုပ်ပါ။ ဝမ်းနုပ်ဆေးသောက်တဲ့အကျင့်လုပ်တာ မကောင်းပါ။ မဖြစ်လှမှသာခွဲဘို့ စဉ်းစားပါ။

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://doctortintswe.blogspot.com/2014/12/piles-and-pregnancy.html
Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း http://doctortintswe.blogspot.com/2014/12/piles-q-and.html
Sitz bath ရေနွေးထိုင်နည်း http://doctortintswe.blogspot.com/2014/11/sitz-bath.html
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://doctortintswe.blogspot.com/2015/04/piles-hemorrhoids-treatment.html

Dr. တင့်ဆွေ

Saturday, July 30, 2016

တို့ဗမာအစည်းအရုံး

Man Man တို့မိသားစု၊ တို့တိုင်းရင်းသား၊ တို့ပြည်ထောင်စု၊ ဒို့မိသားစု၊ ဒို့တိုင်းရင်းသား၊ ဒို့ပြည်ထောင်စု။ ဒီစကားလုံးတွေမှာ "တို့"နဲ့ "ဒို့" ဘယ်ဟာ အမှန်ဆိုတာ ရှင်းပြပေးပါဦးဆရာ။

ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၆

တက္ကသိုလ် ပညာပဒေသာစာစောင် သတ်ပုံ

၁၉၆၈ ခု အောက်တိုဘာ
အတွဲ ၃၊ အပိုင်း ၎

အကယ်၍ ဓာတ်ပြုပစ္စည်းများနှင့် ဓာတ်ကူပစ္စည်းများသည် ဓာတ်ပြုအဖွဲ့အစည်းများအတွင်းတွင် ကဏ္ဍတခုတည်း၌ ပါရှိနေကြလျှင် ယင်းဓာတ်ပြုဖြစ်စဉ်မျိုးကို တသားတည်းဓာတ်ကူခြင်းဟုခေါ်သည်။ တဖန်ဓာတ်ကူပစ္စည်းများနှင့် ဓာတ်ပြုပစ္စည်းများသည် ဓာတ်ပြုအဖွဲ့အစည်းအတွင်း၌ ကဏ္ဍကွဲပြား၍ တည်ရှိနေလျှင် ယင်းဓာတ်ပြုဖြစ်စဉ်ကို တသားတည်းမဟုတ်သော ဓာတ်ကူခြင်းဟုခေါ်သည်။

- ကဏ္ဍတစ်ခုတည်း၌ ပါရှိနေကြလျှင် မဟုတ်။
- တစ်ဖန်ဓာတ်ကူပစ္စည်းများနှင့် မဟုတ်။
- တစ်သားတည်းဓာတ်ကူခြင်းဟုခေါ်သည် မဟုတ်။
- တစ်သားတည်းမဟုတ်သော မဟုတ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Chindwin River ချင်းတွင်းမြစ်

ပို့စ်တခု = 31.7.2016 နံနက် 6:30 AM မုံရွာမြို့ချင်းတွင်းမြစ် ရေအမှတ် 1052 cm (ခန့်မှန်း)

ချင်းတွင်းမြစ်ဟာ ၇၅ဝ မိုင် (၁၂ဝ၇ ကီလိုမီတာ) ရှည်တယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲကို ဖြတ်ပြီးစီးဆင်းတယ်။ အိန္ဒိယ-မြန်မာနယ်စပ် ပတ်ကွိုင်တောင်တန်းနဲ့ ကူးမွန်တောင်တန်းတွေကနေမြစ်ဖျားခံတယ်။ ဟူးကောင်းချိုမ့်ဝှမ်း တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်တွေ 26°26′18″N 96°33′32″E လောက်မှာ ပေါင်းဆုံပြီး ချင်းတွင်းဖြစ်လာတယ်။ တနိုင်းမြစ်က ဟူးကောင်းချိုင့်ဝှမ်းဒေသက တရွန်မြစ်ဝှမ်းကထွက်လာပြီး၊ မတ်စောက်တဲ့ရေလမ်းမှာ ရေစီးကြမ်းတယ်။ ဥရုချောင်းဟာ ချင်းတွင်းမြစ်ရဲ့ အကြီးဆုံးရေဝေဖြစ်ပြီး ဟုမ္မလင်းမြို့ အောက်ဖက်နားမှာ ချင်းတွင်းမြစ်ထဲစီးဝင်တယ်။ ယုမြစ်ဟာ ကဘော်ချိုမ့်ဝှမ်းကိုဖြတ်သန်းပြီး၊ ချင်းတွင်းမြစ်အတွင်း စီးဝင်တယ်။ မြစ်သာမြစ်က ကလေးချိုမ့်ဝှမ်းကိုဖြတ်ပြီး၊ ကလေးဝမြို့ အနီးမှာ ချင်းတွင်းမြစ်နဲ့ ပေါင်းဆုံတယ်။ ချင်းတွင်းမြစ်ဟာ ပခုက္ကူမြို့အထက်နား 21°30′N 95°15′E မှာ ဧရာဝတီမြစ်နဲ့ ပေါင်းဆုံတယ်။ မဏိပူရပြည်နယ်မှာ ချင်းတွင်းကို (နိုင်းထိ) မြစ်လို့ ခေါ်တယ်။

ထမံသီဘေးမဲ့တောနဲ့ ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောတွေကို ချင်းတွင်းမြစ် ဖြတ်သန်းစီးဆင်းပါတယ်။ အဲဒီမှာ ရှားပါး ပျောက်ကွယ်တော့မယ့် တိရစ္ဆာန်မျိုးစိတ်တွေဖြစ်တဲ့ ကျား၊ ဆင်နဲ့ မြန်မာနိုင်ငံမှာသာရှိတဲ့ အခွံမာလိပ်မျိုးတွေနေထိုင်တယ်။ ဧရိယာစတုရန်းမိုင် ၂၁၈ဝဝ ရှိလို့ အရှေ့တောင်အာရှမှာအကြီးဆုံး ဖြစ်တယ်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် မြို့ရွာတွေကတော့ ခန္တီး၊ ကောင်းဟိန်၊ မင်းစင်၊ နမ်ပုဂံ၊ ထမံသီ၊ တာစုံ၊ မောင်းခမ်း၊ ကောရာ၊ ဟုမ္မလင်း၊ ဖေါင်းပြင်၊ စစ်တောင်း၊ တငါ၊ မော်လိုက်၊ ကဒူး၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ မအူ၊ နဲ့ ရေစကြိုမြို့တွေ ဖြစ်ကြတယ်။ ဥရုမြစ်ညာမှာ နာမည်ကျော် မြန်မာ့ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသရှိတယ်။ ယုမြစ်က တငါ အောက်၊ မော်လိုက် အထက်၊ ဒေသအခေါ်ယူးချောင်းဝ/ယူးဝဆိုပြီးမော်လိုက်နယ်ထဲရှိပါတယ်။

သမိုင်းထဲက ချင်းတွင်း
ကဘော်ချို့ဝှမ်းမှာ စစ်ပွဲတွေဖြစ်ခဲ့တယ်။ မြန်မာမင်းတွေဟာ ချင်းတွင်းမြစ်ကို အသုံးပြုမှုနည်းပါးခဲ့ပေမယ့် မဏိပူရကသည်းတွေ ညောင်ရမ်းခေတ်ရဲ့ နောက်ဆုံးကာလမှာ မြန်မာနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်တော့ ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြတယ်။ ကသည်း ခေါ် မဏိပူဘုရင် (ဂါရီဘန်နီဝါ့ခ်ျ) (၁၇ဝ၉-၁၇၄၈) က ချင်းတွင်းနဲ့ မူးမြစ်ကိုဖြတ်ပြီး အင်းဝနဲ့မဝေးတော့တဲ့ မြေဒူးအထိရောက်ခဲ့တယ်။ အလောင်းဘုရားတက်လာတော့ ကသည်းနယ်၊ အာသန်နယ်တွေကိုသိမ်းယူခဲ့တယ်။ ဗြိတိသျှပိုင်နယ်နဲ့ ကပ်နေပြီ။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေက ရေလမ်းတွေအားလုံးကိုပိတ်ဆို့ထားနိုင်လို့ ဗြိတိသျှနဲ့ မဟာမိတ်တွေဟာ ကုန်းလမ်းကိုသာ အားကိုးကြရတယ်။ ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ် ဦးစီးပြီးဖေါက်လုပ်တဲ့ လီဒိုလမ်းမကြီးကနေ တရုပ်ကို ကူညီရတယ်။ ဂျပန်တပ်တွေကလည်း ဗြိတိသျှပိုင် အိန္ဒိယကိုချီတက်ရာမှာနဲ့၊ မဟာမိတ်တပ်တွေ ဂျပန်နောက်က လိုက်တိုက်တာနဲ့ မြန်မာနိုင်ငံထဲ ပြန်ဝင်လာရာမှာ ချင်းတွင်းမြစ်ကိုပဲ အသုံးပြုခဲ့ကြတယ်။ ချင်းတွင်းမြစ်ရေကြီးချိန် မိုးကာလကို ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

ခမည်းတော် အဘိရာဇာနတ်ရွာစံတဲ့အခါ ကံရာဇာကြီးနဲ ကံရာဇာငယ် ညီအကိုနှစ်ပါး နန်ဆက်ခံဘို့အရေး ကံစမ်းကြတော့ ကံရာဇာကြီးကရှုံးတယ်။ အဲတာနဲ့ သလ္လာဝတီမြစ်ကိုဆန်တက်ပြီး ကလေးတောင်ညိုအရပ်မှာ ရာဇဂြိုလ်မြို့တည်တယ်။ ၆ လကြာတော့ ကစ္ဆပနဒီမြစ်အရှေ့ဖက်ပြောင်းပြီး ကျောက်ပန်းတောင်းမြို့တည်တယ်။ အဲဒီမှာ ၇၄ နှစ်နန်းစံတယ်။ နောက် ရှေးမာလာယုမင်းတွေတည်ထောင်ထားတဲ့ ဓညဝတီမြို့ဟောင်းကို သိမ်းယူပြီးပြင်ဆင်တယ်။ ကံရာဇာကြီးရဲ့သားတော် မုဒုစိတ္တဟာ သုနာပန္တရတိုင်းက ပျူ၊ ကမ်းယံ၊ သက်လူမျိုးတွေက မင်းလောင်းတောင်းတဲ့အခါ ပျူမင်းဖြစ်လာတယ်။ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ။ စာမျက်နှာ (၄၅၇)

အရင်က မော်လိုက်ကို အထက်ချင်းတွင်းခရိုင်နဲ့ မုံရွာကို အောက်ချင်းတွင်းခရိုင်လို့ သတ်မှတ်ခဲ့ပါတယ်။ ချင်းတွင်းမြစ် အနောက်ဖက်ကလူတွေကို အနောက်ဖက်သားတွေလို့ အလွယ်ခေါ်ကြတယ်။ ကျွန်တော် မုံရွာဆေးရုံမှာ တာဝန်ကျစဉ်က အလှည့်ကျသွားရတဲ့ ကနီဆေးရုံကို ချင်းတွင်းမြစ်သွားသင်္ဘောနဲ့ ခရီးသွားခဲ့ရတာကို မမေ့ပါ။ သင်္ဘောပေါ်မှာ ထမင်းတနပ် စားရတယ်။ ချင်းတွင်းမြစ်ကို သလ္လာဝတီမြစ်လို့လည်းခေါ်တယ်။ မြား၏အဟုန်ကဲ့သို့ရေစီးသန်တယ်လို့ ဆိုလိုတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Wungyi ဝန်ကြီး

မင်္ဂလာပါ ဝန်ကြီးခင်ဗျာ။ အလုပ်တွေအရမ်းများလို့ ကျန်းမာရေးကို ဂရုစိုက်စေချင်ပါတယ်ခင်ဗျာ။ ဝန်ကြီးရဲ့ စာဖတ် ပရိတ်သတ်ပါခင်ဗျ။

ဟုတ်။ ဝန်ကြီးတော့ မဟုတ်ပါ။ လူမှားရေးသလား စစ်ပါရန်။

အရင်က NCGUB မှာ ဝန်ကြီးတာဝန်ယူဖူးတယ်လို့ သိရလို့ပါခင်ဗျ။ ဆေးပညာကော မြန်မာစာအရေးအသား သတ်ပုံပါ လေ့လာခွင့်ရလို့ လူငယ်တွေကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျ

အော် ဟုတ်တယ်။ ကြာပြီပေါ့။

ကျွန်တော် University စတက်ကတည်းက သတင်းမှာ ပုံကိုခဏခဏ မြင်ဖူးပါတယ်ခင်ဗျ။ ကျွန်တော်တို့ လူငယ်တွေ အနာဂတ်မြန်မာပြည်အတွက် ဆောင်ရွက်သင့်တာကိုလည်း လမ်းညွှန်စကားများ ပြောကြားပေးစေလိုပါတယ်ခင်ဗျ။ ကျွန်တော့်အသက်က ၂၄ နှစ်။ ရဲအရာရှိပါခင်ဗျ။ အမည်က့ လို့ ခေါ်ပါတယ်ခင်ဗျ။

• ဝန်ကြီးဆိုပြီး အကြာကြီးအခေါ်ခံရဘူးတယ်။
• လုပ်ခဲ့ရတာတွေကတော့ ပလေကပ်ကိုင်ပြီး လမ်းတွေပေါ်မှာထိုင်ရတယ်။
• ဒို့အရေး၊ ဒို့အရေး အော်အော်ပေးရတယ်။
• အစည်းအဝေးတွေမှာ ဆွေးနွေးရတယ်။
• ဟိုနေရာသည်နေရာမှာ မိန့်ခွန်းဆိုတာခြွေရတယ်။
• အခြေအနေထူးရင် အင်တာဗျူးပေးရတယ်။
• စာတိုပေစ ရေးရသေးတယ်။
• သူများလွှတ်တော်တို့ ကွန်ဂရက်တို့မှာ တက်ရတယ်။
• ကျိန်းကျေသွားပြီပေါ့ဗျာ။

မှတ်ချက်။ ကျွန်တော်က NCGUB စင်ပြိုင်အစိုးရမှာ ၂၃-၇-၁၉၉၅ ကနေ ၁၄-၉-၂ဝ၁၂ နေ့ ဖျက်သိမ်းတဲ့အထိ ဝန်ကြီးနာမည်နဲ့ တာဝန်ရှိခဲ့ပါတယ်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီယား၊ နီပေါ၊ ယူအက်စ်၊ စတဲ့ လွှတ်တော်တွေကို ရောက်ခဲ့ရဖူးတယ်။ အများဆုံးကတော့ နယူးဒေလီမြို့လယ်က ဂျန်တားမန်းတားလမ်းမပေါ်မှာ ခဏခဏဆန္ဒပြရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆
ဓါတ်ပုံ = ၁-၁၂-၂ဝ၁၂ နေ့ လက်ပတောင်းတောင်အရေးဆန္ဒပြပွဲ၊ နယူးဒေလီ

မြသန်းတင့် သတ်ပုံ

- ဘုံလယ်တခွင်
- ဘဝတက္ကသိုလ် တစ်တွဲ
- တပေါင်းတစည်းတည်း

သတ်ပုံအထောက်အထားအတွက် ပုံကိုယူသုံးပါရစေ။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆
Photo from Wai Aye

Cheer or Fear လက်ညှိုးများ

စာအုပ်သစ်တွေပုံကို အားကျစရာဖြစ်အောင်တင်ကြတာ တွေ့ရတယ်။ သွားရည်ကျရမလား၊ မျက်ရည်ကျရမလား၊ မပြောတတ်ပါ။

တိုင်းပြည်အပြင်မှာသာနေရတာကြာတော့ စာအုပ်သစ်တွေနဲ့ပါ ရှင်ကွဲကွဲရတယ်။ ပိုးဟပ်စားခံထားရတဲ့ မြန်မာ့စွယ်စုံကျမ်းတစုံနဲ့ ဘာသာရေးစာအုပ်နည်းနည်းလောက်သာ လက်ထဲမှာရှိတယ်။ မနေ့ကတင် အဖုံးအနှောင့် ကွာနေတဲ့စာအုပ်ကို လူနာကပ်တဲ့ပလာစတာနဲ့ ဆေးထည့်ပေးရသေးတယ်။

စာအုပ်သစ်တွေထဲမှာ၊ ခေတ်ဟောင်းက စာအုပ်ကောင်းတွေကို ပြန်ထုတ်ကြတာ တန်ဖိုးတော့ရှိပါရဲ့။ ဒါပေမယ့် သတ်ပုံသစ်တွေနဲ့ ရိုက်ကြတာတွေဆိုတော့ စာအုပ်လက်ဆောင်မပေးကြပါနဲ့လို့ ပြောပါရစေ။

တ ကို တစ်လုပ်တာအပါအဝင် သတ်ပုံသစ်တွေဖြစ်လာတာ ၁၉၈ဝ ကျော်ကနေစခဲ့ပါတယ်။ ဦးနေဝင်းကလို့ပြောတာ အပြည့်အစုံမမှန်ပါ။ သူကနေ တပြေးညီအောင်လုပ်ကြလို့သာ မိန့်မှာတယ်။ အဲတာ လက်ညှိုးတချောင်းသာရှိသေးတယ်။

အဲတာကို အဲဒီခေတ်က ပညာရှိတွေ ပညာရှင်တွေက ဖိန့်ဖိန့်တုံကြောက်ပြီးသကာလ တစ်တွေချည်းလုပ်လိုက်ကြတယ်။ အဲသည်အထိမှာ ဆိုးတာက လက်ညှိုး နှစ်ချောင်းသာရှိသေးတယ်။

(နအဖ) စစ်အစိုးရလက်ထက်မှာ တစ်မရေးရင် ထုတ်ဝေခွင့်မပေးတာက ပိုဆိုးသွားစေတယ်။ လက်ညှိုးသုံးချောင်း ဖြစ်သွားတယ်။ သတ်ပုံကျမ်းတွေ၊ အဘိဓာန်တွေကိုလည်း အကုန်ပြင်စေတယ်။ လက်ညှိုးလေးချောင်းမကဖြစ်သွားတယ်။

အာဏာရှင်နဲ့ အာဏာရှိသူဆိုရင် ပြားပြားဝပ်တဲ့အကျင့်နဲ့ ဝသီကစွဲနေကြတယ်။ အဲတာကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) လို့ စစ်ထောက်လှမ်းရေးကနေ နာမည်ပေးအုပ်ချုပ်ခဲ့တာဖြစ်တယ်။ အခုထိ ပိပြားနေကြသေးတဲ့ ပညာရှင်တွေကို ခေါင်းထောင်ကြစေချင်ပါတယ်။

ဦးနေဝင်း သြဇာသီးကြိုက်တယ်ပြောသံကြားတာနဲ့ ပြည်ကနေအပြန်မှာ တီအီးကားတစီးစာ ပို့ပေးတယ်တဲ့။ ဦးနေဝင်းအလွန်လား သြဇာခံတွေအလွန်လား။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Zika vaccine ဇီကာ ကာကွယ်ဆေး အမေး

ဆရာရေ မင်္ဂလာပါရှင့်။ တခုသိချင်တာလေးကိုဆရာကိုမေးပါရစေ။ ဆရာမအားလပ်ဘူးဆိုတာသိပေမဲ့ အားကိုးလို့ မေးပါရစေ။ ကျွန်မမှာ သားလေးတယောက်ရှိပါတယ်။ ၁ နှစ် ၄ လပါ။ သားသားကို ကျန်းမာရေး ဝန်ကြီးဌာနက လမ်းညွန်ထားတဲ့ ကာကွယ် ဆေးတွေကို သူ့ရည်ညွှန်းလတွေတိုင်းထိုးပေးပါတယ် သားသားက မွေးကတည်းက ကျန်းမာပါတယ်။ ဒီနေ့ သူများကလေးတွေကအပြင်ဆေးရုံမှာ zika virus ကာကွယ်ဆေး ထိုးကြတယ်လို့ သိရပါတယ်။ အဲဒါ ထိုးသင့် မထိုးသင့် သိချင်ပါတယ်ဆရာ။ ဆရာရဲ့ အားလပ်တဲ့တန်ဖိုးရှိအချိန်ထဲကနဲနဲလေးဖဲ့ပြီး ဖြေပေးပါရှင့်။ ဆရာ့အဖြေရခဲ့ရင် တခြားမေမေတွေကိုလဲ share ပါရစေ။ ကျေးဇူးတင် လေးစားလျက်။

ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပဌမဆုံအကြိမ်အဖြစ် လူတွေကိုစမ်းသပ်ခြင်းကို ယူအက်စ်မှာခွင့်ပြုလို့ ၂ဝ-၆-၂ဝ၁၆ နေ့သတင်းမှာဖတ်ရတယ်။ အခုမြန်မာပြည်မှာထိုးနေပြီတဲ့။ ဟုတ်ပါ့မလား။ အဲဒီစမ်းသပ်ထိုးခြင်းသတင်းထွက်တာ ၇၂ နာရီလောက်သာရှိသေးပါတယ်။

ဆေးတို့ ကာကွယ်ဆေးတို့ကို အသစ်ဖေါ်စပ်တိုင်း ဓါတ်ခွဲခန်း၊ တိရစ္ဆာန်၊ လူ၊ စသဖြင့် အဆင့်ဆင့် စမ်းသပ်လေ့လာမှုတွေ လုပ်ရပါတယ်။ နောက်ဆုံးမှသာ FDA တို့ WHO တို့ကနေခွင့်ပြုချက်ထုတ်ပေးပါတယ်။

ဇီကာဗိုင်းရပ်စ်က ဒုက္ခပေးတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဖြစ်တာလည်း သတိထားပါ။ ကလေးတွေ မဟုတ်ပါ။
ဇီကာဗိုင်းရပ်စ်အကြောင်းရေးတင်ထားပြီးစာတွေရှိပါတယ်။
- Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီ
- Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန)
- Australia to step up Zika testing သြစတေးလျမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတော့မယ်
- Singapore reports first imported Zika case စင်္ကာပူမှာ ဇီကာဗိုပ်ရပ်စ်ပိုးစတင်တွေ့ရှိ

3 days ago - The researchers said that it's possible that people who get infected with dengue after Zika - or after immunization with a Zika vaccine - would develop more severe dengue disease. But the dengue virus could also offer a cure for Zika, according to a study by the University of North Carolina.
http://www.dailymail.co.uk/health/article-3711140/Zika-vaccine-breakthrough-Scientists-claim-identified-landmark-formula-jab-stop-epidemic.html

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

HIV-AIDS နှင့် ကလေးနို့တိုက်ခြင်း

အရမ်းအရေးကြီးလို့ပါ။ AIDS မိခင်က မွေးပြီးပြီးချင်းမှာ ကလေးကို မိခင်နို့တိုက်လို့ရမလား။ အခုချက်ခြင်း အဖြေသိချင်ပါတယ်ခင်ဗျာ။

ကျွန်တော့်ကိုမေးတာတော့မဟုတ်ပါ။ မိတ်ဆွေတယောက်ကနေ ဖေါ်ဝပ်လုပ်လို့ ဖြေလိုက်ပါတယ်။

HIV ရှိတဲ့မိခင်ရဲ့နို့ထဲမှာ ပိုးပါနေပါမယ်။ နို့တိုက်မယ် မတိုက်ဘူးဆိုတာ တဦးချင်းကိုကြည့်ဆုံးဖြတ်ရတယ်။ နို့မှုန့်နဲ့ အဆင်ပြေသူကို နို့မှုန့်သာတိုက်စေမယ်။ အဲလိုမဟုတ်ရင်တော့ မိခင်နို့ကိုတိုက်နိုင်ပါတယ်။ ဒါပေမယ့် မိခင်ရော ကလေးရော ATR ဆေးသောက်ရပါမယ်။ နို့ကို (၆) လအထိသာတိုက်ပါ။

How to live with HIV-positive person အတူနေမယ် မကူးစေရနဲ့ HIV and Pregnancy ကိုယ်ဝန်နှင့် HIV ကိုလည်း ဖတ်ပါရန်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Friday, July 29, 2016

နှုတ်ခမ်းကွဲကို ပြင်နေပြီ၊ အာခေါင်ကွဲကို ပြင်ရအုံးမယ်

Zau Man ဆရာ့ဆောင်းပါး စောင့်ကြည့်သတင်းဂျာနယ်မှာ တွေ့တာဆရာ။

ဟုတ်၊ ကျွန်တော် အခုမှသိတယ်။ ကျေးဇူး။

Zau Man စောင့်ကြည့်သတင်းဂျာနယ်မှာ (တ) တွေသုံးထားတာတွေ့ရတယ်ဗျ။ ဆရာ ဒလဘန်း ရဲ့ ဝါဆိုဝါခေါင် ရေတွေကြီးလို့ ဆောင်းပါးမှာလည်း (တ) တွေပဲသုံးထားတာတွေ့ရပြီ ဆရာ။

ဟုတ်၊ စောင့်ကြည့်သတင်းဂျာနယ်ကို ကျေးဇူးတင်ပါတယ်။ ဆရာ ဒလဘန်းကို ချီးကျူးပါတယ်။

သတ်ပုံအလွဲနဲ့တူတဲ့ နှုတ်ခမ်းကွဲကို ပြင်နေပြီ။ စကားမပီတာနဲ့တူတဲ့ အာခေါင်ကွဲကို ပြင်ရအုံးမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၆

Segregation ပိုင်းခြားခြင်းများ

တိုင်းပြည်တခုထဲမှာ ခွဲခြားထားမှုဆိုတာ လေးမျိုးရှိပါတယ်။
၁။ Geographical segregation ပထဝီအရပိုင်းခြားမှု၊
၂။ Racial segregation လူမျိုးစုအရပိုင်းခြားထားမှု၊
၃။ Religious segregation ဘာသာရေးအရပိုင်းခြားထားမှု၊
၎။ Sex segregation လိင်ကွဲပြားမှုအရပိုင်းခြားထားမှု။

• Racial segregation အသားအရောင်ခွဲခြားမှုတွေ အမေရိကားမှာရော တောင်အာဖရိကမှာပါ ပပျောက်သွားပြီ။
• Berlin Wall ဘာလင်တံတိုင်းလဲပြိုကျသွားပြီ။
• Iron curtain ဥရောပကိုခွဲခြားထားခဲ့တဲ့ သံမဏိလိုက်ကာကြီးလဲမရှိတော့ပါ။
• မြန်မာပြည်က အရင်အစိုးရက လူမျိုးရေးနဲ့ ကိုးကွယ်ရာဘာသာကို အာဏာဆက်လက်ချုပ်ကိုင်ထားနိုင်ရေးအတွက်သာ အသုံးချနေတာဖြစ်တယ်။

နော်ဝေဝန်ကြီးချုပ်ဟောင်း မြန်မာ့ဒီမိုကရေစီရေးတဲ့မိတ်ဆွေရင်း Kjell Magne Bondevik ကရေးထားတယ်။ ကျွန်တော်တို့မှာ ကံမကောင်းတာက မျိုးချစ်စိတ်နဲ့ ဘာသာတရားကို နိုင်ငံရေးရည်ရွယ်ချက်အတွက်သုံးရတာ လွယ်လွန်းနေတာပါပဲတဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆

Fragile Empire ပြိုကွဲနိုင်ခြေရှိတဲ့ အင်ပါယာ

(လွန်ခဲ့တဲ့ ၂ နှစ်ကရေးခဲ့တဲ့စာ)

ပြိုကွဲနိုင်ခြေရှိတဲ့ အင်ပါယာ သို့မဟုတ် ပူတင်ကို ရုရှားက ဘယ်လိုနှစ်သက်ခဲ့သလဲ၊ ဘယ်လို မချစ်တော့ပြီလဲစာအုပ်ကို ၂ဝ၁၃ ဇွန်လမှာ ထုတ်ဝေခဲ့ပေမဲ့ ကနေ့ ကမ္ဘာ့အရေးအခင်းထဲမှာ ပူလောင်ဆဲဖြစ်တဲ့ (ယူကရိန်း) ပြဿနာတွေနဲ့ဆက်ပြီး (ဗလာဒီမာ ပူတင်) ကို အာရုံစိုက်ရာကနေ ၂၉-၇-၂ဝ၁၄ နေ့မှာ CNN တီဗွီကနေ စာအုပ်ရေးသားခဲ့သူ Ben Judah (ဘင် ဂျူဒါ) ကို အင်တာဗျူးလုပ်ပါတယ်။

စာရေးသူဟာ ကရင်မလင်အတွင်းရေးကို ဆိုဗီယက်ယူနီယံအချိန်ကတည်းက နက်နက်နဲနဲ သိထားတဲ့ သတင်းစာဆရာ တယောက်ဖြစ်တယ်။ (ပူတင်) ရဲ့ မိတ်ဆွေတွေ၊ ရန်သူတွေ၊ အစိုးရအရာရှိကြီးတွေ၊ ထိပ်တန်း စီးပွါးရေးသမားတွေကိုလဲ အင်တာဗျူးလုပ်ပြီးမှ စာအုပ်ရေးတာဖြစ်ပါတယ်။

ဝါဒဖြန့်ချိရေးအရ ရုရှားဟာတည်ငြိမ်မှုကို ထိန်းထားနိုင်တယ်လို့ ပုံဖေါ်ထားပေမဲ့ ပူတင်အစိုးရကို ၂ဝ၁၁ ဒီဇင်္ဘာလထဲမှာ လူထုအန်တုမှုပေါ်လာခဲ့တယ်။ သူ့လက်ထက်မှာ စီးပွါးရေးတိုးတက်လာခဲ့ပေမဲ့ အင်စတီကျူးရှင်းတွေအားနည်းပြီး တည်ငြိမ်မှုယိုင်နဲ့လာတယ်လို့ စာရေးသူကထောက်ပြတယ်။ ပူတင်လက်ထက်မှာ ဖြစ်ပေါ်လာတဲ့ လူငယ်မျိုးဆက်သစ်၊ လူလတ်တန်းစား၊ အင်တာနက်၊ ဆိုရှယ်လှုပ်ရှားမှု၊ ကမ္ဘာရွာဖြစ်စဉ်နဲ့ သမတ ဆက်ခံမှုပြဿနာတွေပါဝင်တယ်။

(ပူတင်) ဟာ ၇-၁ဝ-၁၉၅၂ မှာမွေးခဲ့ပြီး၊ ရုရှားသမတအဖြစ် တတိယအကြိမ် ၇-၅-၂ဝ၁၂ ကတည်းက ဖြစ်တယ်။ ၂ဝဝဝ နဲ့ ၂ဝဝ၈ တုံးကလဲ သမတလုပ်ခဲ့သေးတယ်။ ၁၉၉၉-၂ဝဝဝ နဲ့ ၂ဝဝ၈-၂ဝ၁၂ တွေမှာ ဝန်ကြီးချုပ်လုပ်ခဲ့တယ်။ နာမည်ကြီး ထောက်လှမ်းရေး KGB မှာ ၁၉၇၅ ကနေ ၁၉၉၁ အထိ ၁၆ နှစ်ကြာ တာဝန်ယူခဲ့သေးတယ်။ (ပူတင်) ဟာ ဆိုဗီယက် အာဏာရှင် (စတာလင်) နဲ့မတူပါ။ သူ့ရဲ့ ကလကာနောက်ကွယ်ကဘဝဟာ သာမန်လူတယောက်လို လွတ်လပ်မှုရှိတယ်။ မနက်အိပ်ယာထရင် အရင်ဆုံး ရေကူးပြီး ဂျင်မ်မှာလေ့ကျင့်ခန်းလုပ်တယ်။ သူ့ဇနီး (လုဒ်မီလာ) နဲ့ ၂ဝ၁၃ မှာကွဲတယ်။ သမီး ၂ ယောက်ရှိတယ်။ သူဟာ အပျော့စားကွန်မြူနစ်ဖြစ်တယ်လို့ ဆိုကြတယ်။ အင်တာနက်ကို သုံးခဲပြီး၊ ကြိုးဖုန်းကိုသာ သုံးတာများတယ်။ နောက်ပြီး သူဟာ အရေးကြီးတဲ့အဆုံးအဖြတ်တွေကို သူတယောက်တည်း ညဥ့်နက်သန်းခေါင်ကျော်မှာ ချုလေံရှိတယ်။ ဝန်ကြီးအဖွဲ့၊ ဗဟိုကော်မတီ၊ ထောက်လှမ်းရေးတွေမပါဘဲ လုပ်တတ်တယ်။

၁၉၉၉ တုံးကထုတ်ခဲ့တဲ့ ပြိုကွဲနိုင်ခြေရှိတဲ့ အင်ပါယာ သို့မဟုတ် အင်ပီရီရယ်ရုရှား၏သမိုင်းစာအုပ်ကိုတော့ (အလက်ဇန္ဒာ ချူဘာရော့ဖ်) ကရေးတာဖြစ်တယ်။ ဇာဘုရင်နန်းဆက်ပြတ်သွားတာ၊ ဆိုဗီယက်ယူနီယံပြိုကွဲတာရဲ့ နောက်က အဖြစ်အပျက်တွေကို ရေးတာဖြစ်တယ်။ ရုရှားအင်ပီရီရယ်ခေတ် (ပီတာဘုရင်ခေတ်ကနေ ဇာဘုရင်ပြုကျတဲ့ ၁၉၁၇ အထိ) ကို သုံးသပ်ထားပါတယ်။ အင်ပီရီရယ်ကို တချို့နေရာမှာ နယ်ချဲ့ဝါဒလို့ဘာသာပြန်ပေမဲ့ ဒီနေရာမှာ အင်ပါယာသာ ဖြစ်ပါတယ်။

ရုရှားအကြောင်း ကျွန်တော်တို့နိုင်ငံသားတွေက စိတ်ဝင်စားမှုနည်းကြတယ်လို့ ထင်ပါတယ်။ အနှစ် ၂ဝကြာ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်းက ရုရှားဟာ အမြဲတန်း စစ်အစိုးရဘက်က လိုက်တာမို့လဲ ရုရှားကို ခင်မင်ရင်းစွဲမရှိကြပါ။ ကုလသမဂ္ဂမှာ ဗီတိုပါဝါနဲ့အဆိုပယ်ချတာ၊ စစ်အစိုးရကို အနုမြူ (ရီယက်တာ) ရောင်းပေးတာ၊ ပညာတော်သင်လွှတ်တာတွေဟာ ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ သာမန်မြန်မာနိုင်ငံသားတွေက မေးခွန်းတွေထုတ်ခဲ့ကြတယ်။

ကျွန်တော် နိုင်ငံတကာလွှတ်တော်များသမဂ္ဂ အစည်းအဝေးတွေသွားပြီး စည်းရုံးရေးလုပ်တိုင်း ရုရှားအမတ်ဆိုလို့ တယောက်မှ မြန်မာအရေးကို ထောက်ခံမှုပေးတာ မရှိပါ။ ကိုယ်စားလှယ်အဖွဲ့ဝင်အရာရှိတဦးကသာ သူက ရန်ကုန် ဆိုဗီယက်သံရုံးမှာ တာဝန်ကျခဲ့သူဖြစ်လို့ လူချင်းခင်မင်မှုရှိပါတယ်။ ဗမာစကား တလုံးစနှစ်လုံးစလဲ မမေ့သေးသူဖြစ်တယ်။ ကိုယ်ကမနှစ်သက်ပေမဲ့ ကိုယ့်ကိုကောင်းကျိုးမပေးတဲ့ နိုင်ငံအကြောင်းတော့ သိဘို့လိုပါတယ်။ မနေ့တနေ့ကတင် အိန္ဒိယနဲ့ ရုရှား မြန်မာ့အရေးမှာ ဆင်တူတဲ့အချက်ရှိတာကို ရေးမိပါသေးတယ်။ အခုအစိုးရကလည်း မဖြစ်မနေ အရင်အစိုးရတွေ လုပ်တာတွေမှန်သမျှ အမွေဆက်ခံရပါတယ်။

ကျွန်တော်တို့ရှေးသမိုင်းမှာ အင်ပါယာတွေထူထောင်ခဲ့ကြတယ်။ အချိန်တန်တော့ပြိုကွဲသွားတယ်။ ခေတ်သစ်သမိုင်းမှာ ကံဆိုးတာက ပြည်ထောင်စုပြိုကွဲနိုင်ချေစကားနဲ့ စစ်တပ်ကအာဏာသိမ်းခံခဲ့ရတယ်။ ကံသိပ်မဆိုးတာက ထောက်လှမ်းရေး အကြီးအကဲဆိုသူ နေရာမရဖြစ်သွားတာပါ။ အခုတော့ ခွဲထွက်ရေးစကားဟာ အတော်ကြီး ခေတ်စားလာတယ်။ ခွဲစိတ်ရေးလည်း ပြောလာကြတယ်။ ကံဆိုးမလား၊ ကံကောင်းမလား မသိပါ။

Fragile Empire: How Russia Fell In and Out of Love with Vladimir Putin
Fragile Empire: A History of Imperial Russia

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၄
၃ဝ-၇-၂ဝ၁၆

Thursday, July 28, 2016

The carpet on head ခင်းနှီးခြုံ လုံပါပေ့

Khin Gyaw ဆရာတို့က ကော်ဇောနီခင်းကြိုရမဲ့အဆင့်တွေပါ။ ကျန်တဲ့သာမန်လူတွေလို ဆက်ဆံခံရလို့ အားမလိုအားမရ ဖြစ်တာပါ ဆရာ။

အဲလိုတော့ မဟုတ်ပါ။

• ၉ဝ ရလဒ်ဆိုတဲ့ ကမ္ဗလာခင်းနှီး၊ ခြုံလွှမ်းပြီး ခရီးဆက်၊
• ပွက်ပွက်ဆူအပူကို လဖက်ရည်ကြမ်းသောက်သူ မမှုပါ၊
• ကန္တာရလမ်းမှာ၊ ထမ်းပိုးသူမပါဘဲသွား၊
• ကျား၊ ခြင်္သေ့၊ တောဘုရင်၊ သမင်သာစားလို့ရမယ်၊ ငါကား အုတ်ကြားမြက်၊
• အိပ်စက်နားစရာ၊ နှီးဖြာနဲ့ တာလပတ်သာပိုင်တယ်၊
• ယိုင်သော်လည်း မလဲ၊ လဲပေမယ့် ထလျှောက်၊ နောက်ဆုံးချိန်အထိ၊
• တွက်ဆစ်ကြည့် ကျိုးခဲ့တာ ခြေတချောင်းရှိ၊ ပဲ့ခဲ့တာ လက်ကောက်ဝတ်တဖက်တိတိ၊
• ၂၆ နှစ်ရှိ၊ လူနင်းသည့် ကမ္ဗလာခြုံ လုံပါပေ့ဗျာ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆

Be my guest ဧည့်သည်

- Nyunt Shwe ဆရာပြန်လာခဲ့ရင် ကလေးမြို့ကနေ မုံရွာကိုလာပြီးတွေ့လာမယ်ဆရာ။
- Aye Aye ဆရာပြန်လာရင် ကျမတို့မြို့ကိုလည်းအလည်လာဖို့ ဖိတ်ခေါ်ပါရစေရှင့်။
- Sun Htoon Kyi ဝိုင်းမော်လာခဲ့ပါ။ လက်ဘက်ရည် ကြိုက်သလောက်ဧည့်ခံမည်။
- Nyunt Nyunt Aye ဆရာရေ လဖက်ရည်တင်မကဘူး ထမင်းပါကျွေးမယ်။ မမမြကိုတော့ လေယာဉ်ကွင်းကနေတန်းပြီး တိတ်ဆိတ်မှုငြိမ်သက်ငြိမ်းချမ်းမှု တောရိပ်တောင်ရိပ် တရားရိပ်ရှိရာ ခေါ်ပြပေးနားမယ်။ မပင်ပန်း၊ မဆင်းရဲ၊ စိတ်မညစ်စေရပါ။ မပျော်တည အမြည်းပေါ့။ ပျော်နေချင်သလောက်ပေါ့။

ဒေလီ ယမုန်ဆေးခန်းလေးမှာ တပည့်ဆရာမလေးတယောက်ရှိတယ်။ ဆရာက အေးချမ်းသာယာတာကိုကြိုက်တော့ မတူပီက ကျမတို့ရွာမှာ လာနေပါဆရာ။ ဆရာ့ကို ထမင်းကျွေးထားမယ်တဲ့။ ကျမက ထမင်းတော့မချက်တတ်ဘူးတဲ့။ ဆရာကြိုက်သလောက်နေပါတဲ့။ ကျမကတော့ အကိုတွေရှိတဲ့ မလေးရှားကိုသွားရမယ်တဲ့။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆

Insecurity အစိုးရပြောင်းပေမယ့် အစိုးမရတွေကမပြောင်း

ကျွန်တော့် Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီပို့စ်အောက်မှာ မန္တလေးဆေးကျောင်းမှာ စာအတူသင်ခဲ့တဲ့ သူငယ်ချင်းတွေက ကွန်မင့်ပေးကြပါတယ်။

သူငယ်ချင်း (က) = မြန်မာပြည်သူတွေက ကျီးလန့် စာစားဘဝနဲ့ မတရားလူလိမ်လူညာ လူယုတ်မာတွေကြား အနေကြာလာတော့ ပြည်တွင်းပြန်ဝင်လာရင် သတိအနေအထားလေးပိုပိုသာသာ ကိုယ်နဲ့မကွာ ဆောင်ထားပါနော်။

Tint Swe ဟုတ်မယ်သူငယ်ချင်း။ သဘောတူတယ်။ ညီအရင်းကလည်း အဲလိုပဲ သတိပေးပါတယ်။

သူငယ်ချင်း (က) = ကိုယ့်စိတ်နဲ့နှိုင်းမိလို့ နစ်နာသွားတာတွေရှိတတ်လို့ပါ။

သူငယ်ချင်း (ခ) = ကျမတို့တော့ သတိနဲ့စိုးရိမ်စိတ်ကတော့ သေရာပါအကျင့်ဖြစ်သွားပြီ။

သူငယ်ချင်း (ဂ) = ထောက်လှမ်းရေးကိုတော့ ဂရုစိုက်ရမယ်။ ကောက်ရိုးပုံထဲကအပ်တောင် ရအောင်ရှာနိုင်တယ်လို့ ကြွားလေ့ရှိကြတယ်။ ဖိနောင့်အပ်စူးလို့ရယ်၊ ပါလေရာငပိချက်တွေ အာချောင်တာရယ်၊ သူမတူအောင် စစ်တာ မေးတာတွေကြ ထဲ့မပြောကြဘူး။ (ထောက်လှမ်းရေးက ငယ်သူငယ်ချင်းတယောက်နဲ့ ပြောခဲ့တာ။)

Tint Swe သူငယ်ချင်းတွေရေ - မင်းတို့တတွေ ငါလာရင် လက်ဖက်ရည်တောင်ခေါ်တိုက်ရဲကြပါ့မလား။

လုံခြုံမှုကင်းမဲ့ခြင်းသည် အလှတရားကို ရုပ်ဆိုးစေသည်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၆

Ex-Myanmar citizen ခံဝန်ချက် နဲ့ အသနားခံစာ

Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီကိုတင်တော့ ပဌမဆုံးတခါကလည်း ဝမ်းသာကြောင်းပြောကြပါတယ်။ အဖြူစာရင်းကလည်း ထပ်ထွက်တာပါ။ အခုထပ်တင်တော့လည်း ပြောလာကြတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ၁၉၉ဝ အမတ်အုပ်စုက ၂ဝ၁၂ သြဂုတ်လထွက်စာရင်းကတည်းက ပါထားပြီးသားပါ။ အတော်များများ အရင်ထွက်ခဲ့တာကို မေ့နေကြတယ်။ အရင်စာရင်း (ပီဒီအက်ဖ်) ဖိုင်ကိုပို့ပေးရတာ တနာရီအတွင်း ၂ ယောက်ရှိပြီ။

နောက် ဒေါက်တာစိန်ဝင်း ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာနဲ့ ခံဝန်ချက်လက်မှတ်ထိုးရတာ။ အဲတာအတွက် စိတ်မကောင်းတာ၊ ဒေါသထွက်ကြတာတွေအတွက် ဆရာစိန်ဝင်းမိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ရှင်းလင်ချက်ကလေး ရေးပါရစေ။ ကျွန်တော်သိသလောက်ပါ။

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်နေသူတိုင်း ပြည်တွင်းအလည်ပြန်ချင်ရင် တရားဝင် ပတ်စ်ပို့ဖြစ်ဖြစ် ခရီးသွားခွင့် ဒေါကူးမင့်ဖြစ်ဖြစ်၊ ရီအင်ထရီပါမစ်ဖြစ်ဖြစ်နဲ့ မြန်မာနိုင်ငံသံရုံးတွေမှာ ဗီဇာလျှောက်နိုင်ကြပါတယ်။ ဗီဇာလျှောက်လွှာရယ်အပြင် သံအမတ်ကြီးဆီကို အသနားခံစာသပ်သပ်ရေးရတယ်။ ဒါ့တွေအပြင် နိုင်ငံရေးမလုပ်ပါဘူး ခံဝန်ချက်ကိုပါ လက်မှတ်ထိုးရတယ်။ ဗီဇာအမျိုးအစားကလည်း ဆိုရှယ်ဗီဇာသာဖြစ်တယ်။ ကျွန်တော်တို့အုပ်စုက ၂ဝ၁၂ နောက်ပိုင်းမှာ အဲလိုလျှောက်ခွင့် ရှိလာတာဖြစ်ပါတယ်။ စောစောက အဲဒီလူတွေလာရင် အမျိုးအိမ်မှာတည်းခွင့်မရပါ။

(ပီအာရ်) ဆိုတာ အရင်အစိုးရက လမ်းတော့ဖွင့်ပြီ၊ ငွေပေးရတာတွေက မတန်တဆဖြစ်သေးတယ်။

အသနားခံစာနဲ့ ခံဝန်ချက်အတွက် အရင်အစိုးရကိုသာလက်ညှိုးထိုးလို့မပြီးသေးပါ။ စစ်အစိုးရသာမကပါ။ ဦးနေဝင်း လက်ထက်ကတည်းကရှိပုံရတယ်။ အတိအကျမပြောတတ်သေးပါ။ သံရုံးတွေက တည်ဆဲညွှန်ကြားချက်တွေကို လျှော့လို့ ပိုလို့မရကြပါ။  အဲတာကတော့ နိုင်ငံရေးလုပ်လို့ပြည်ပရောက်နေသူတွေထဲက အများစုအတွက်သာဖြစ်မယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကနေ (အခုထိ) ဝင်ခွင့်မပေးချင်သူစာရင်းက သပ်သပ်ရှိမယ်ထင်ရတယ်။

ဒီအစိုးရလက်ထက်မှာ ပြင်စရာဆိုတာ အဲဒီအချက်တွေလည်းပါတယ်။ ပြစ်တင်နေတာထက် ပြင်စရာပါလို့ လက်ရှိအစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးအထက်က ကာချုပ်ကိုသာ သိစေအောင်နဲ့ ပြုပြင်လာအောင် လုပ်သင့်တယ်လို့ထင်ပါတယ်။

ကျွန်တော်/ကျွန်တော်မ မြန်မာနိုင်ငံသို့သွားရောက်ခြင်းသည် မိသားစုဆွေးမျိုးမိတ်သင်္ဂဟများအား သွားရောက် တွေ့ဆုံခြင်းသာဖြစ်ပါ၍ နိုင်ငံရေးလှုပ်ရှားမှုများနှင့်သော်လည်းကောင်း၊ နိုင်ငံရေးလှုံ့ဆော်သူများနှင့်သော်လည်းကောင်း ပါဝင်ပတ်သက်၊ ဆောင်ရွက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အောက်တွင် ခံဝန်ကတိပြုလက်မှတ်ရေးထိုးပါသည်။

ကျွန်တော် မဟုတ်ပါ။ သိအောင်သာရေးပြတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီ

Black list အဖြူစာရင်းမှာ နာမည်သွင်းခံရပြီ

လက်ရှိအစိုးရကနေ လူပေါင်း (၆ဝ၇) ယောက်ကို နာမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ နိုင်ငံခြားသား (၃ဝဝ) နဲ့ မြန်မာလူမျိုး (၂ဝဝ) ကျော်ပါတယ်။

၂ဝ၁၂ သြဂုတ်လထဲမှာ အရင်အစိုးရကနေ အမည်မည်းစာရင်းထဲက နှစ်ထောင်ကျာ်ကို ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီတုံးက ၁၉၉ဝ တုံးကအရွေးခံရပြီး အပြင်ထွက်လာကြတဲ့ လွှတ်တော်အမတ်ကို ထိပ်မှာတွေ့ရတယ်။ ကိုယ့်နာမည် ပါမယ် ထင်မထားပေမဲ့ နံပါတ် (၇) မှာတွေ့ပါတယ်။ အဲဒီစာရင်းထဲမှာ တာဝန်တခုမကရှိတဲ့သူ နှစ်ခါထပ်ပါနေတယ်။ နာမည်ဖြူ လူတူမရှားဖြစ်သွားတယ်။

တိုင်းပြည်ထဲမှာ အပ်ကျတာကအစသိတယ်လို့ ကြွားဝါခဲ့တဲ့ စစ်ထောက်လှမ်းရေးကနေ အမည်းစားရင်းကို ပြုစုခဲ့တာပါ။ ပြည်ပအန္တရာယ်ကိုတော့ အနှစ် (၂ဝ) ကျော်မှ သတိပြုမိပုံရတယ်။

အရင်သတင်းကို ရေဒီယိုတခုကတော့ နာမည်ပျက်စာရင်းလို့ ခပ်လွယ်လွယ် သုံးသွားတယ်။ Black list ဆိုတာ နာမည်ပျက် မဟုတ်ပါ။ Disgraced, Dishonored, Shamed တို့ကိုသာ နာမည်ပျက်လို့ပြန်သင့်ပါတယ်။

အချင်းချင်းတော့ အောင်စာရင်းခေါ်ကြတယ်။ မဖြေတဲ့စာမေးပွဲ အောင်ကြတာပါ။ ရင်းနှီးတဲ့တယောက်က ဆရာရော ဖြူသွားတယ်ဆိုတော့ ဝမ်းသာရပြီပေါ့။ ဒါပေမဲ့ ကိုယ့်ဖာသာ ဘယ်တုံးကမှ မမည်းခဲ့ဘူးမို့လားဆရာတဲ့။ ဟုတ်ပါတယ်။ ကျွန်တော့်အဖို့တော့ အနှစ်နှစ်ဆယ်အတွင်းမှာ မတူတော့တာကဆံပင်။ ဒါကြောင့်လို့ မထင်ပါ။ ဆံပင်ဖြူတာတော့ ၂ဝ၁၂ အရင်ကဆိုတော့ ကြာပြီပေါ့။

ကျွန်တော့်ရှေ့က (၆) ယောက်ထဲမှာ ဦးပီတာလင်းပင်ကတော့ သမတ ပဌမအကြိမ်ခေါ်ကတည်းက (ဘလက်လစ်စ်) မထွက်ခင်ကတည်းက ပြည်တွင်းပြန်ဝင်တယ်။ ဒေါက်တာမျိုးဝင်းက ကွယ်လွန်ပြီးဖြစ်တယ်။ ဒေါ်စန်းစန်းနဲ့ ဒေါက်တာစန်းအောင်တို့က အလည်ပြန်ကြတယ်ထင်တယ်။ ဦးတက်ဒီဘူးရီ ပြန်-မပြန် မသိပါ။ ဒေါက်တာစိန်ဝင်းက အခုမှသာ ဗီဇာလျှောက်တယ်။

ကျွန်တော့်မှာ စာရွက်စာတမ်း မရှိသေးပါ။ (၆) တန်းကျောင်းသားဘဝကရခဲ့တဲ့ သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်တော့ ရှိသေးတယ်။ နံပါတ်လည်း အလွတ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

Min မင်းသတ်ပုံ

တိုက်ဆိုင်လို့ပြန်ပြောပါရစေ။ ကျွန်တော့်အဖြစ်က (မင်း) စာလုံးတွေနဲ့ဆက်စပ်တယ်။

• ကျွန်တော်က အဖေ့ရွာ မင်းရွာမှာမွေးတယ်။
• အမေ့ရွာက မင်းတိုင်ပင်၊ အမေ့ဘကြီး ကင်းဝန်မင်းကြီးဦးကောင်းလည်း မင်းတိုင်ပင်မှာမွေးပါတယ်။
• ကျွန်တော်ကတော့ မင်းဘေးသင့်ခဲ့တဲ့ မင်းပြေး။

• မင်းချင်းခေါ်ရမယ့် ထောက်လှမ်းရေးဘေးက ပြေးခဲ့ရတယ်။
• မင်းတိုင်းကျေလုပ်သူတွေနဲ့ မင်းမြှောင်စိုးကပ်တွေကိုတော့ အဝေးကမြင်ရတယ်။
• ဘယ်တော့မှလည်း မင်းဖြစ်မှာမဟုတ်ပါ။ မင်းခမ်းမင်းနား မတက်ဖူးပါ။ မင်းလောင်းမင်းလျာရွေးတာ မဲမပေးရပါ။

• မင်းခမ်းမင်းနားတွေကျင်းပရာ နေပြည်တော်ကို မရောက်ဘူးပါ။
• မင်းပြစ်စိုးဒဏ်မခံနိုင်လို့ တိုင်းပြည်ကထွက်ပြေးရပေမယ့် ရွာ့ပြင်ထုတ်ခံရသူမဟုတ်ပါ။
• အခုတော့ မင်းတုပ်တံခါး ဖွင့်ထားပုံရပါပြီ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

Dermavive ဝက်ခြံဆေးဆပ်ပြာ

ဆရာ ဒီဆပ်ပြာက ဘယ်လိုသုံးရတာလဲဆရာ။ ဝက်ခြံအတွက်ဘဲလားဆရာ။ ပြောပြပေးပါလားဆရာ။

မေးတဲ့သူ အသက်-ကျား-မ-ရာသီ-အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး မသိပါ။

ကြော်ငြာကုန်သဘောဖြစ်တယ်။ ထိရောက်မှု မသိပါ။ ဘေးထွက်သက်ရောက်မှု မရှိလောက်ပါ။ ဝက်ခြံဖြစ်စေတဲ့အကြောင်းခံတွေက မတူကြပါ။

ရေးထားပြီး ဝက်ခြံစာများ -
1. Acne Antibiotics ဝက်ခြံအတွက် ပဋိဇီဝဆေးများ
2. Acne during pregnancy ကိုယ်ဝန်နဲ့ ဝက်ခြံ
3. Acne Laser treatment ဝက်ခြံကို လေဆာ နဲ့ ကုသခြင်း
4. Acne question ဝက်ခြံမေးခွန်း
5. Acne Scars ဝက်ခြံအမာရွတ်
6. Acne vulgaris ဆိုးတဲ့ ဝက်ခြံ
7. Acne ဝက်ခြံ ရောင်စုံ
8. Antibiotics for Acne ဝက်ခြံအတွက် ပဋိဇီဝဆေးများ
9. Male Hormonal Acne ယောက်ျားဟော်မုန်းဝက်ခြံ
10. Thigh Acne ချိုင်းနဲ့ ပေါင်မှာပေါက်တဲ့ ဝက်ခြံ

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

Premaston ပရိုဂျက်စတီရုန်းဆေး

၁။ ဆရာရှင့် အသက်က ၃ဝ၊ အမျိုးသမီးပါ။ ရှေ့မှာလဲ တခါမေးပြီးပါပြီ။ အခုထပ်မေးချင်တာက သမီးက ကလေးရဖို့ ကြိုးစားနေတာပါ။ အခု ဒီလ ၈ လပိုင်းအတွက် ရာသီမလာသေးပါ။ ဆီးစစ်ကြည့်တော့လဲ negative ပါ ၇ လပိုင်း တုန်းကတော့ Premaston ဟော်မုန်းဆေးသောက်ထားပါတယ်။ အဲ့ဒါသောက်ထားလို့မလာတာလား သိချင်လို့ပါ
ဆရာ့ထံမှ အကြံပေးချက်လေးလိုချင်လို့ပါ။ ဆရာဝန်ပြန်ပြသင့်လားဆိုတာလေး ဖြေကြားပေးပါဆရာ။

အရင်ကမေးလို့ဖြေထားပါတယ်။

၂။ ဆရာ Premaston ရဲ့ Side Effect လေးတွေ သိချင်လို့ပါ။ သမီးကို တနေ့ 3 လုံး 3 Weeks သောက်ခိုင်းလို့ပါ။ လောလောဆယ်တော့ ဆံပင်တွေ အရမ်းကျွတ်နေလို့ပါ။ မြင်မကောင်းအောင်ကျွတ်တာပါဆရာ။

အသက် မသိပါ။ ရာသီ မသိပါ။ အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး မသိပါ။

၃။ မင်္ဂလာပါဆရာ။ ကိုယ်ဝန်က ၉ လထဲရောက်ပါပြီ။ OG က ကလေးစောမမွေးအောင် ကိုယ်ဝန်ရင့်မှသောက်တဲ့ ခိုင်ဆေး ၁၅ ရက် သောက်ခိုင်းပါတယ်။ ကလေးတခုခုဖြစ်မှာစိုးရိမ်လို့ ဆေးသောက်သင့် မသောက်သင့် ညွှန်ကြားပါဦးရှင့်။

အသက် မသိပါ။ ဆေးအမည် မသိပါ။

အသက်က ၂၈ ပါရှင့်။ ဆေးအမည်က Premaston ပါရှင့်။ ကိုယ်ဝန်က ၃၅ ပတ်ပါဆရာ။

Premaston ဆေးထဲမှာ Allylestrenol 5 mg ပါတယ်။ Progestogen ပရိုဂျက်စတိုဂျင်ဟော်မုန်းဆေးဖြစ်တယ်။ ကိုယ်ဝန်မပျက်အောင်၊ ကလေးစောမမွေးအောင်ပေးတယ်။ ယောက်ျား ဆီးကျိတ်ကြီးတာအတွက်လည်းပေးတယ်။ ကိုယ်ဝန်ပျက်မှာကို ကာကွယ်ဆေးဘို့ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ ကလေးစောမွေးမှာအတွက်လည်း ပေးတယ်။ 5 mg တနေ့ ၃ ကြိမ်၊ ၅-၇ ရက်။ အများဆုံး 40 mg ပေးတယ်။ ယောက်ျားဆီးကျိတ်ကြီးတာကိုလည်း ပေးတယ်။ မကြာခဏ ကိုယ်ဝန်ပျက်သူကို ကိုယ်ဝန်သေချာကတည်းက 5-10 mg / day တလအနည်းဆုံးပေးတယ်။

Missed abortion ကိုယ်ဝန်ပျက်ခြင်း တမျိုးနဲ့ Recurrent miscarriage ကိုယ်ဝန် ခဏခဏပျက်ရခြင်းမှာသုံးနိုင်တယ်။

ဆံပင်ကျွတ်တာအတွက် ဘလော့မှာဖတ်လိုကဖတ်ပါ။
Hair Loss (1) ဆံပင်ကြွတ်ခြင်း (၁) http://doctortintswe.blogspot.com/2014/11/hair-loss.html
Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://doctortintswe.blogspot.com/2014/11/hair-loss-in-women-treatments.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၆

Wednesday, July 27, 2016

Mental toughness စိတ်ဓါတ်

(၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရေးခဲ့တဲ့စာ)

အားကစားအသင်းလိုက်ပြိုင်ပွဲကြီးတခုနဲ့ တဦးချင်းပြိုင်ပွဲကြီးတခုကို တရက်ပြီးနောက်တရက် ဆက်တိုက်ကြည့်ရတယ်။ ဥရောပ (ချန်ပီယံလိခ်) ဘောလုံးပွဲမှာ (ဘာစီလိုနာ) အသင်းနဲ့ ပြင်သစ်အိုးပင်း တင်းနစ်မှာ ဆွစ်ဇာလန်က (ဝါဝင်ကာ) တို့ ချန်ပီယန်ဖြစ်သွားကြတယ်။

အားကစားပွဲတွေကို တီဗွီကြည့်ရတာ အားသာချက်တော့ရှိတယ်။ တကယ်တော်တဲ့ အသင်းတွေနဲ့ တဦးချင်းထူချွန်တဲ့ အားကစားသမားတွေ ဘယ်လိုအနိုင်ရအောင် ကြိုးစားကြသလည်းဆိုတဲ့လေ့လာမှု လုပ်လို့ရတယ်။

အဲလိုထူးချွန်ကောင်းမွန်သူတွေချင်းယှဉ်ကြရင် စိတ်ဓါတ်ကြံ့ခိုင်မှု Mental toughness က အခယာကျတယ်။ သုတေသန လုပ်သူ Simone Templeton (ဆီမွန် တင်ပယ်လ်တွန်) က တင်းနစ်ပြိုင်ပွဲမှာ ၈ဝ-၉ဝ% ရှိတယ်လို့ ကောက်ချက် ချထားတယ်။

ကျွန်တော်သဘောအကျဆုံးက ကိုယ်ကနေအမှတ်ပေးလိုက်ရပေမယ့် အဲဒီအမှတ်အတွက် ကြောင့်ကျစိတ်မထားဘဲ။ နောက်အမှတ်အတွက်သာ စိတ်အာရုံလုံးလုံး စိုတ်နိုင်တာမျိုး။ တမှတ်တိုင်းကို ချန်ပီယမ်ရှစ်အမှတ်လိုက ပွဲစဉ်အဆုံးထိ ထားနိုင်တာမျိုး။ တမှတ်ပေးလိုက်ရတာနဲ့ တပွဲလုံးရှုံးစရာ (တဖက်လူအတွက် ချန်ပီယန်ရှစ်ပွိုင့်) အခြေအနေကနေ ကိုယ်ကအနိုင်ရအောင်ကစားတာမျိုး။ ငါးပွဲကစားရမှာ ကိုယ်က နှစ်ပွဲရှုံးနေပေမယ့် နောက် သုံးပွဲလုံးကို နိုင်အောင်ကစားသွားနိုင်တာမျိုး။

မနိုင်သေးတဲ့ပွဲတွေကို ရင်ဆိုင်အံတုနေကြတဲ့ မြန်မာပြည်သားများ စိတ်ခွန်အားကောင်းအောင် ကြံဆောင်နိုင်ကြပါစေ။ တမှတ်တိုင်းဟာ ချန်ပီယံရမှတ်လို့ သဘောထားနိုင်ကြပါစေ။ ပရိသတ်အားကလည်း စကားပြောတယ်။ ၂ဝ၁၅ ရွှေဖလား ဆုခူးနိုင်ကြပါစေ။

မြန်မာ့ပရိသတ် ဆုတောင်းပေးတဲ့အတိုင်း ပြည့်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်း။ နောက်ပွဲစဉ်တွေဆက်ကစားနေပါတယ်။ မယိမ်းမယိုင် စိတ်ဓါတ်ကြံ့ခိုင်ကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၈-၆-၂ဝ၁၅
၂၈-၇-၂ဝ၁၆

Mental Health စိတ်ကျန်းမာရေး

ဆရာ ကျနော် အင်တာနက်မှာ တွေ့တာလေးတခုမေးချင်လို့ပါ။ မိဘတဦးဦးရူးတာ (စိတ်မနှံတာ) ဖြစ်ရင် သူရဲ့ သားသမီးကို ကူးတယ်ဆိုကြားလို့ပါဆရာ။

စိတ်ရောဂါဆိုတာ အမျိုးမျိုးရှိတယ်။ တချို့ကမျိုးဗီဇလိုက်ကောင်း လိုက်တယ်။ အဓိက စိတ်ရောဂါ (၅) မျိုးကနေ မျိုးရိုးလိုက်နိုင်တယ်။ ကူးစက်တာတော့မဟုတ်ပါ။
၁။ Depression စိတ်ဓါတ်ကျရောဂါ၊
၂။ Bipolar disorder စိတ်နှစ်ခွရောဂါ၊
၃။ ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ
၎။ Schizophrenia အမြင်သွေလွဲမှုရောဂါနဲ့
၅။ Autism အော်တဇင်ရောဂါတွေဖြစ်တယ်။ ဖြစ်နိုင်ချေ ၁၇% ကနေ ၂၈% ရှိတယ်။

စိတ်လှုပ်ရှားမှု ကောင်းမွန်ပြီး စိတ်ရောဂါကင်းရှင်းနေရင် စိတ်ကျန်းမာတယ်လို့ခေါ်တယ်။ ဘဝမှာ အပြုသဘောဆောင်၊ အပေါင်းလက္ခဏာအမြင်ရှိ၊ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကျော်လွှားရာမှာ အလျော့အတင်းရှိပြီး၊ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်ခြင်းပင်ဖြစ်တယ်။ လူတဦးအနေနှင့် လူ့အဖွဲ့အစည်းကို ကောင်းကျိုးချမ်းသာဖြစ်စေဘို့ ပြုမူ-နေထိုင်တတ်ရန်လို့လည်း ဆိုနိုင်တယ်။ စိတ်ကျန်းမာရေးပြဿနာကများတယ်။ ကမ္ဘာ့ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးကြီးတရပ် ဖြစ်နေတယ်။ ရောဂါပေါင်းစုံ၏ ၁၄% ရှိတယ်။ ကူးစက်ရောဂါများမှအပဆိုရင် ၂၈% ရှိတယ်။ ကမ္ဘာ့လူဦးရေ၏ ၃ဝ% မှာ စိတ်ရောဂါ တမျိုးမျိုးရှိနေကြတယ်။

အများဆုံးဖြစ်တယ့် စိတ်ရောဂါတွေက -
၁။ စိတ်ကျရောဂါ။
၂။ အရက်စွဲရောဂါ။
၃။ စကီဇိုဖရီးနီးယားရောဂါနဲ့
၎။ ဒီမင်းရှားရောဂါတွေ့ဖြစ်ကြတယ်။

စိတ်ကျန်းမာရေး ကျား-မ ရွေးတယ်
စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို ဆန်းစစ်လိုက်ရင် ယောက်ျားတွေမှာ ဖြစ်ကြရတာနဲ့ မိန်းမတွေမှာ ဖြစ်ကြရတာ မတူပါ။ အမျိုးသမီးများမှာ စိုးရိမ်စိတ်လွန်ကဲတာ နဲ့ စိတ်ဓါတ်ကျဆင်းတာ အဖြစ်များတယ်။ ယောက်ျားတွေကတော့ မူးယစ်-ဆေးဝါးစွဲတာနဲ့ လူနေမှုအသိုင်းအဝိုင်းနဲ့ အဆင်မပြေတာတွေ အဖြစ်များတယ်လို့ အမေရိကန် စိတ်ပညာအသင်းကနေ ထုတ်ပြန်လိုက်ပါတယ်။ မူမှန်မဟုတ်တဲ့ စိတ်ပညာဂျာနယ်ထဲမှာ လူတွေ အများဆုံးဖြစ်တတ်တဲ့ စိတ်ရောဂါတွေနဲ့ ကျား-မ ခွဲခြား လေ့လာချက်ကို ဖေါ်ပြလိုက်ပါတယ်။ အမျိုးသမီးတွေဟာ စိုးရိမ်စိတ် လွန်ကဲမှုတွေကနေ အတွင်းဘက် ဦးတည်တဲ့ စိတ်လှုတ်ရှားမှုတွေ ဖြစ်စေတာများတယ်။ ဒါတွေက ဆုတ်ခွါ-ကင်းပြတ်မှု၊ အထီးကျန်မှု၊ စိတ်ဓါတ်ကျခြင်းတွေကနေ ဆက်လာတာတွေ ဖြစ်တယ်။

အမျိုးသမီးတွေဟာ စိတ်ဓါတ်ကျတာ ပိုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ယောက်ျားတွေထက် ပိုပြီး ထပ်ခါထပ်ခါ လုပ်တတ်ကြတယ်။ ပြသနာဖြေရှင်းရေးထက် အနုတ်သဘော စိတ်ခံစားမှုကို ထပ်ခါထပ်ခါ လုပ်လေ့များကြလို့ဘဲ။ ဒီတွေ့ရှိချက်ကနေ စိတ်ရောဂါကာကွယ်ရေးနဲ့ ကုသရေးမှာ လိင်ခွဲခြားဆောင်ရွက်ရမယ်လို့ သိလာစေပါတယ်။ အမျိုးသမီးတွေဟာ စိတ်ရောဂါအဆင့် မရောက်ခင်မှာ စိတ်မတည်ငြိမ်-စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ ဘေးပါတ်ဝန်းကျင်ကနေ ဖိစီးမှုတွေကို အတွင်းဘက်ဆီ သွင်းယူတတ်ကြတယ်။ စိတ်ကျနေကြတဲ့ စိုးရိမ်စိတ်ကဲနေကြတဲ့ အမျိုးသမီးတွေကို ထပ်ခါထပ်ခါ ဖြစ်မလာစေအောင် လုပ်ရပါမယ်။ ယောက်ျားတွေဆိုရင် ဘာတွေလုပ်ပါဆိုတဲ့ အစီစဉ်ချပေးတာနဲ့ ကြမ်းတမ်စိတ်ကနေ ဖျက်ဆီးချင်စိတ် မဟုတ်တဲ့ဆီ ဦးတည်ပေးဘို့ ဖြစ်ပါတယ်။

ယောက်ျားတွေဟာ စိတ်လှုတ်ရှားမှုတွေကို အပြင်ဘက်ဆီ ဦးတည်ကြတယ်။ ဒါ့ကြောင့် ကြမ်းတမ်းမှု၊ ယာယီ-တုံ့ပြန်မှု၊ သွေးဆောင်မှုနဲ့ လုပ်သင့်တာကိုမလုပ်ခြင်းဆိုတာတွေကို ရွေးချယ်တတ်တယ်။ လိင်ခြားနားမှုဟာ အတွင်းဘက် ဦးတည်ခြင်းနဲ့ အပြင်ဘက်ဆီ ဦးတည်ခြင်းတွေပါ ခြားနားကြတာဖြစ်တယ်။

၂ဝဝ၁-၂ဝဝ၁ အတွင်းက National Institutes of Health မှာရှိတဲ့ ကိန်းဂဏန်းတွေကို လေ့လာခဲ့တယ်။ အသက် ၁၈ နှစ်အထက် လူပေါင်း ၄၃ဝ၉၃ ယောက်ကို လေ့လာတာ ဖြစ်တယ်။ အဲဒီအထဲမှာ အမျိုးသား = ၄၃%၊ အမျိုးသမီး = ၅၇% (အဖြူ = ၅၆့၉%၊ အသားဝါ-ညို = ၁၉့၃%၊ အမည်း = ၁၉့၁%၊ အာရှ၊ ဟဝိုင်ယီနဲ့ ပင်လယ်နေ = ၃့၁%၊ ဌာနေလူနီ နဲ့ အလာစကာ = ၁့၆%၊) ပါတယ်။ စိတ်ရောဂါ အမျိုးအစားပေါင်း ၅၃ မျိုးခွဲထားတယ်။ (ဘာသာမပြန်တော့ပါ။)

နာမည်ကျော် ဒတ်ခ်ျ ပန်းချီဆရာကြီး Vincent van Gogh (ဗင်းဆင့်-ဗန်ဂိုး) မှာ စိတ်ကျရောဂါရှိပြီး အဲဒီအချိန်က ကုသနည်းမရှိသေးလို့ သူ့ကိုယ်သူ သတ်သေသွားခဲ့ရတယ်။

တခြားစိတ်ရောဂါရှိတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ
1. ဂီတပညာရှင် ဗီသိုဘင်၊
2. ဗြိတိသျှဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊
3. သဘာဝသိပ္ပံညာရှင် ချားလ်ဒါဝင်၊
4. တီထွင်သူ အယ်ဒီဆင်၊
5. စာရေးဆရာ အားနက်စ် ဟယ်မင်ဝေး၊
6. ကဗျာဆရာ ဗစ်တာဟူးဂိုး၊
7. အမေရိကန်သမတ ဂျက်ဖါဆင်၊
8. အမေရိကန်သမတ လင်ကွန်း၊
9. ပိသုကာ မိုက်ကယ်အိန်ဂျယ်လို၊
10. မီးအိမ်ရှင်မ ဖလောရင့် နိုက်တင်ဂေး
11. သိပ္ပံပညာရှင် နူတန်

ရေးထာပြီး စိတ်ရောဂါဆိုင်ရာစာများ -
1. 5-HTP စိတ်ဆေး
2. About Autism Spectrum Disorders အော်တဇင် စက်ထရန် ရောဂါများအကြောင်း
3. ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ
4. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ
5. Amphetamines စိတ်ကြွဆေး
6. Bipolar Disorder စိတ်အခြေနှစ်ခွရောဂါ
7. Delusional disorder အမြင်သွေလွဲခြင်း စိတ်ရောဂါ
8. Depression (1) စိတ်ကျရောဂါ
9. Depression (2) ပုထုဇ္ဇနော
10. Depression (3) စိတ်ကျခြင်း
11. Depression (4) စိတ်ကျရောဂါ ကမ္ဘာမှာ
12. Depression စိတ်ကျရောဂါ
13. Ecstasy စိတ်ကြွဆေးများ
14. Hysteria ဟစ်တီးရီယား
15. Mass hysteria အစုလိုက်အရူးထခြင်း
16. Mental health in children ကလေး စိတ်ရောဂါများ ပိုတိုးပွါး
17. Mental Health စိတ်ကျန်းမာရေး
18. Panic Disorder စိတ်မထိန်းနိုင်ခြင်း
19. Postpartum depression ကလေးဖွါးပြီးဖြစ်တဲ့ စိတ်ကျရောဂါ
20. Sadomasochism နာတာကို သာယာခြင်း
21. Schizophrenia စိတ်ကစဥ့်ကလျားရောဂါ
22. SSRIs စိတ်မကျဆေးများ

ဒေါက်တာတင့်ဆွေ

စိတ်ရောဂါတွေကို စနစ်တကျခွဲခြားထားတယ်။ မြန်မာလိုမပြန်တော့ပါ။

1. Adjustment disorder

Anxiety disorders
2. Acute Stress Disorder
3. Panic Disorder
4. Agoraphobia w/o history of Panic Disorder
5. Social Phobia
6. Specific Phobia
7. Obsessive-Compulsive Disorder
8. Post-traumatic Stress Disorder
9. General Anxiety Disorder

Childhood Disorder
10. Attention-Deficit Hyperactive Disorder
11. Asperger’s Disorder
12. Autistic Disorder
13. Conduct Disorder
14. Oppositional Defiant Disorder
15. Separation Anxiety Disorder
16. Tourette’s Disorder

Eating Disorder
17. Anorexia Nervosa
18. Bulimia Nervosa Mood Disorder
19. Major Depressive Disorder
20. Bipolar Disorder (Manic Depression)
21. Cyclothymic Disorder
22. Dysthymic Disorder

Cognitive Disorders (Delirium, Dementia, Amnestic Disorders)
23. Delirium
24. Multi-Infarct Dementia
25. Dementia Associated with Alcoholism
26. Dementia of the Alzheimer Type
27. Dementia Personality Disorders
28. Paranoid Personality Disorder
29. Schinoid Personality Disorder
30. Schizotypial Personality Disorder
31. Antisocial Personality Disorder
32. Borderline Personality Disorder
33. Histrionic Personality Disorder
34. Narcissistic Personality Disorder
35. Dependant Personality Disorder
36. Avoidant Personality Disorder
37. Obsessive-Compulsive Personality Disorder

Schizophrenic and other Psychotic Disorders
38. Schizophrenia
39. Delusional Disorder
40. Brief Psychotic Disorder
41. Schizophreniform Disorder
42. Schizoaffective Disorder
43. Shared Psychotic Disorder

Substance-Related Disorders
44. Alcohol Dependence
45. Amphetamine Dependence
46. Cannabis Dependence
47. Cocaine Dependence
48. Hallucinogen Dependence
49. Inhalant Dependence
50. Nicotine Dependence
51. Upload Dependence
52. Phencyclidine Dependence
53. Sedative Dependence

ပုံ = ဗင်းဆင့် ဗန်ဂိုးပန်းချီကား Wheat Field With A Lark (Vincent van Gogh)

ဒေါက်တာတင့်ဆွေ

Okara လေးဒီးစ် ဖင်းဂါး

မြန်မာလူမျိုးတွေစားတာကို အမေရိကားမှာ စိုက်ကြပါတယ်။ ကိုယ့်အိမ်ခြံမှာစိုက်ထားပြီး ဖေ့စ်ဘွတ်ကနေ ပို့စ်တင်တယ်။ Smile ကွန်မင့်တခုရေးလိုက်တာ အိမ်တိုင်ယာရောက် လာပေးတယ်။

ချဉ်ပေါင်ရွက်၊ ပင်စိမ်းရွက်၊ ငရုပ်သီးနဲ့ (လေဒီးစ်ဖင်းဂါး)။

နောက်ဆုံးစားစရာကိုမှ အင်္ဂလိပ်လိုရေးရာ အကြောင်းရှိပါတယ်။ အစိုးရထုတ် မြန်မာအဘိဓာန်မှာ (ရုံးပတီသီး) တဲ့။ အွန်လိုင်းသတ်ပုံကျမ်းက (ရုံးမတီသီး) တဲ့။ ကျွန်တော်တို့အရပ်မှာ (ရုံးပလေသီး) လို့သာခေါ်တယ်။ ဒေလီမှာ (လေဒီးစ်ဖင်းဂါး) ဆိုရင် လူတိုင်းသိတယ်။ အမေရိကားမှာတော့ တမျိုးတဘာသာ (အိုကရာ) တဲ့။

ကြုံကြိုက်လို့ ပြောရအုံးမယ်။ ဒေလီတုံးကဆေးခန်းလေးမှာ ဆရာမတွေကိုစာသင်ပေးရတော့ ခွဲစိတ်ကုဆရာဝန်ဆိုတာ အရည်အချင်း (၃) ရပ်ရှိအပ်တယ်လို့ သင်ပေးပါတယ်။
၁။ (အီးဂဲလ်စ် အိုင်း) သိန်းငှက်တို့မျက်စိလို စူးရှပြီး မြင်နိုင်စွမ်း ကောင်းရတယ်။
၂။ (လိုင်းယွန်းစ် ဟဒ်) ခြင်္သေ့လို သားကောင်ငယ်ပါစေ စိုက်ထုတ်တဲ့လုံ့လကို မပေါ့ရ။
၃။ (လေးဒီးစ် ဟင်း) မိန်းကလေးလက်တွေလို ကိုင်တာတွယ်တာ ညင်သာရမယ်။

နောက်ရက်တွေမှာ မှတ်မိကြလား ပြန်မေးတော့ ဆရာမ ၃-၄ ယောက်က နံပတ် (၃) ကို တထပ်တည်း ဖြေကြတယ်။ (လေးဒီးစ် ဖင်းဂါး) တဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆
Thanks to Ma Hnin and Aung Kyaw Moe

Timor-Leste တီမော-လက်စ်

Ant Bwe Kyaw ကိုယ်အင်အားကြီးတိုင်း အနိုင်ယူလို့ရပါသလား။ ဒီည မြန်မာ မိန်းကလေးဘော်လုံး အသင်းနဲ့ တီမောနိုင်ငံ ကန်ကြတာ မြန်မာက ၁၇ ဂိုးနိုင်တယ်ဆိုတာ စိတ်ထဲ မကောင်းဘူးဖြစ့့််

အရှေ့တီမော ခေါ် (တီမောလက်စ်) ကို အားနာတယ်။ ကျွန်တော်က တလတိတိသွားနေခဲ့ရလို့ သူတို့တတွေ နိမ့်ကျလွန်းတာကို ကောင်းကောင်းသိတယ်။ ဆောရီးပါ တီမောကမိတ်ဆွေတွေခင်ဗျား။

ကျွန်တော် ပြည်ပနိုင်ငံရေးလုပ်ခဲ့စဉ်က (တီမော-လက်စ်) ကို နှစ်ခေါက်ရောက်ပါတယ်။ ပဌမကြိမ်က တပတ်နဲ့ နောက်တကြိမ်က တလကြာတယ်။

အဲဒီကိုသွားချင်ရင် သူ့ကိုအရင်ကအုပ်စိုးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း (ဒင်ပါဆာ) လေဆိပ်ကနေ လေယာဉ်နဲ့သာ သွားရတယ်။ မြေပုံမှာ နီးတယ်လို့ ထင်ရပေမဲ့ ဂျားဗားကနေ (၃) နာရီခွဲ ကောင်းကောင်း လေယာဉ် စီးရတယ်။ အဝင်ဗီဇာကြေး ဒေါ်လာ (၃ဝ) ပေးရလို့ အင်ဒိုနီးရှား ဗီဇာကြေးထက် (၃) ဆများတယ်။ လူတွေက ဖေါ်ရွေကြပါတယ်။ တီမောမှာတော့ လမ်းမှာလူစိမ်းတွေ့ရင် ကလေး-လူကြီး၊ ယောက်ျား-မိန်းမ နှုတ်ဆက်ဖေါ်ရကြတယ်။ အသားအရေ ညိုသူကများတယ်။ မျိုးဗီဇနဲ့ ပင်လယ်ရေ-ပင်လယ်လေကြောင့်လည်း ပါမယ်။

ပြောတဲ့ဘာသာစကားက ပေါ်တူဂီနှင့် (တက်တူး) ခေါ်ဒေသခံစကားဖြစ်ပေမဲ့ အင်္ဂလိပ်စကားလည်း အသုံးချနိုင်တယ်။ စားသောက်ဆိုင် စားပွဲထိုးမိန်းကလေးကို အင်္ဂလိပ်လိုမှာလို့ရတယ်။ တက်စီသမားတွေနဲ့လည်း အဲလိုပဲ။ အမျိုးသမီးတွေ အလုပ်လုပ်နေကြတာက ထိုင်းနိုင်ငံလောက်နီးပါး ဖြစ်နိုင်တယ်။ အိမ်တွင်းပုန်းလေ့ရှိတဲ့ အိန္ဒိယထက် အများကြီးသာတယ်။

ပိုက်ဆံကတော့ အမေရိကန်ဒေါ်လာကိုသုံးသည်။ ခပ်ဝါဝါအရောင်ရှိတဲ့ (တီမောကွိုင်) ဒေါ်လာသုံးရလို့ အမ်းရတောရ လွယ်စေတယ်။ ဘဏ်စနစ် အတော်လိုသေးတယ်။ ဘဏ်နှစ်ခုသာရှိတယ်။ ဝန်ဆောင်ခသက်သာတဲ့ဘဏ်က လူတန်းစီရပြီး၊ (အေ-အင်-ဇက်) ဘဏ်ကလူများတယ်။ အစစဈေးကြီးတယ်။ စားသောက်ဆိုင်မှာ အသားငါးထမင်းကျော်၊ ခေါက်ဆွဲကျော်တပွဲ လေးဒေါ်လာခွဲ အနည်းဆုံးပေးရတယ်။ တိုက်ဂါးဘီယာတဗူး တစ်ဒေါ်လာခွဲ၊ ယောက်ျားလေး ဆံပင်ဖြတ်ရင် ၅ ဒေါ်လာ။ စတိုးဆိုင်ခေါ် မီနီမားကက်ရှိလို့ ဈေးဝယ်ရလွယ်ကူတယ်။

တီမော ရဲတွေကိုတော့ သြစတေးလျကနေလာပြီး၊ သင်တန်းပေးပါတယ်။ သြစတေးလျရဲအရာရှိတွေတည်းကြတဲ့ ဟော်တယ်မှာပဲ ကျွန်တော်ကတည်းရပါတယ်။ ကျန်းမာရေးဖက်မှာ ကျူးဘားဆရာဝန်တွေ အများကြီးလာကြတာ တွေ့ပါတယ်။ (ဟာဗားနား) ဆေးကျောင်းသွားပြီးစာသင်ကြတယ်။ ကွန်မြူနစ်စနစ်ကြောင့် မဟုတ်ပါ။ ပေါ်တူကီစကား ပြောကြလို့ ထင်ပါတယ်။

သူတို့နိုင်ငံ ဆင်းရဲပါတယ်။ သမတက ကျွန်တော်တို့ အစိုးရကို ကူညီချင်ပေမယ့် ငွေမရှိပါ။ ကျွန်တော်ရုံးဖွင့်ရင်လည်း ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ငွေမကူပါ။ အဲတာနဲ့ ကိုယ်တတ်တဲ့ဆေးပညာနဲ့ အလုပ်လုပ်ရင်း ရုံးစရိတ်ရအောင် လုပ်မယ်ဆိုပြီး တီမောကျန်းမာရေးဝန်ကြီးနဲ့ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တလနဲ့သာ အပြီး ပြန်လာခဲ့ရပါတယ်။

ကျွန်တော်တို့သွားစဉ်က တီမောသမတ (ရားမို့စ် ဟော်တာ) ကိုယ်တိုင် နေ့လည်စာကျွေးပါတယ်။ ပင်လယ်ကမ်းနားနဲ့ မနီးမဝေး မြန်မာစားသောက်ဆိုင်မှာပါ။ စားလို့သောက်လို့ကောင်းပါတယ်။ ခရီးစဉ်သတင်းနဲ့ဓါတ်ပုံတွေကို အတတ်နိုင်ဆုံး မထုတ်ပြန်ပါ။ ခင်မင်နေတဲ့ (အာရ်အက်ဖ်အေ) သတင်းထောက်တယောက်သာ သတင်းတချို့သွားတယ်။ နိုင်ငံရေးအရ အဲဒီအချိန်မှာ (တီမော) က (အာစီယန်) ထဲဝင်ဘို့ကြိုးစားနေတယ်။ (ရားမို့စ် ဟော်တာ) ကနေ ဒီမိုကရေစီရေးကို ပြောင်ပြောင်တင်းတင်းထောက်ခံတာရယ်၊ ကျွန်တော်တို့ အဝေးရောက်ညွန့်ပေါင်းအစိုးရကို ရုံးခန်းဖွင့်ခွင့်ပေးမယ်လို့ ပြောတာရယ်ကြောင့် ကျွန်တော်တို့က အားနာနေရတယ်။ ကျွန်တော်ဒုတိယအကြိမ် တယောက်တည်း သွားနေရတော့ ဝန်ကြီးချုပ် (ဆနာနား) နဲ့ပါတွေ့ပါတယ်။ သူ့ကို ကျွန်တော်တို့က အဲလိုစောင့်ထိန်းကြောင်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရကလည်း (တီမော) က (အာစီယန်) ထဲဝင်ချင်တာကို ကန့်ကွက်ထားတယ်။ နောက်ပိုင်းမှာ (ရားမို့စ် ဟော်တာ) က အမေရိကန်ကနေ မြန်မာပြည်ကို (ဆန်ရှင်) လုပ်ထားတာကို သဘောမတူကြောင်းပြောလာတယ်။ ကျွန်တော်က သူ့အပြောကို သဘောမတူပါ။ ကျွန်တော့်ဟော်တယ်စရိတ်ကို သမတရုံးကကျခံပေးလို့ ကျေးဇူးတင်ပါတယ်။

အခုတော့ တီမောမှာ ခေါင်းဆောင်းအပြောင်းအလဲတွေရှိနေပြီ။ တိုင်းပြည်ကတော့ ဘယ်လောက်ထိတိုးတက်လာသလဲ သိပ်မသိပါ။ ကျွန်တော်သွားစဉ်က ဟော်တယ်ကနေ လေဆိပ်အသွားမြင်ရတာတွေဟာ မြန်မာပြည် ဆင်ခြေဖုံးရပ်ထဲ ဖြတ်သွားရတာနဲ့ မခြားပါ။ တီမောနိုင်ငံ တိုးတက်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆

The accused တရားခံနိုင်တဲ့ခေတ်

Ah Htein မြန်မာစာ ဖတ်စာစာအုပ် ပထမတန်းရဲ့ ဖတ်စာ ၅ မှာတော့ စံပယ် လို့ ရေးထားပါတယ်။ ဆရာ့

ကျွန်တော်တို့ သူငယ်တန်း (၁၉၅၄-၅၅) လောက်ကစာအုပ်ကို သိမ်းမထားခဲ့မိတာ နာတယ်ဗျာ။
က ကဇွန်းပင် ရေမှာရွှင်
ခ ခရမ်းသီး ဒါးနဲ့လှီး
ဂ ဂဏန်းကောင် လက်မထောင်
င ငပုဏ္ဏား ဟင်းချက်စား
စ စပယ်ဖြူ မွှေးကြူကြူ

အခုက သက်သေခံပစ္စည်း အစားထိုးထားတဲ့ခေတ်ဆိုတော့ တရားလိုရှုံးသွားပြီပေါ့။ ထောင်ကျလည်း တန်တယ် ထင်လိုက်မယ်။ ဂ ဂဏန်းကောင် လက်မထောင့့်

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆

Tuesday, July 26, 2016

Jasmine Flowers စ စပယ်ဖြူ မွှေးကြူကြူ

ကနေ့တွေ့တယ်။ မှားတတ်သောသတ်ပုံများတဲ့။ လက်ရှိထုတ်ဝေထားတဲ့ မြန်မာအဘိဓာန်ကသတ်ပုံတွေကသာ အမှန်လို့ တယောက်ပြီးတယောက် ကူးတင်နေကြတယ်။ (စပယ်ပန်း) ကို (စံပယ်ပန်း) လို့ရေးရမယ်တဲ့။

ကျွန်တော်တို့ကတော့ (စပယ်ပန်း) နဲ့ပဲကြီးပြင်းလာခဲ့ပါတယ်။ စ စပယ်ဖြူ မွှေးကြူကြူ၊ ဆ ဆရာရိုသေပါ။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၃)၊ စာမျက်နှာ (၃၄၉) မှာလည်း (စပယ်) လို့သာရိုက်နှိပ်ထားပါတယ်။ ကျွန်တော်တို့ငယ်ငယ်က စပယ်ပန်းတွေက အတော်ကိုမွှေးပါတယ်။ ခုခေတ်စံပယ် မွှေးမမွှေး မသိပါ။

ဘုရားငါးဆူ ပဟေဠိလေးဆစ်ကဗျာ
- စပယ်တဲ့လေးရုံ
- မလေးကွယ်မပန်ခိုက် (ထိုက်)
- ပန်းပြတ်ခိုက်ကြုံ
- အပွင့်ရယ်ကုန်
- တငုံကျန်ပါသေး
- ပန်ချင်သူ ညိုနွဲ့နှောင်းရယ်
- ခေါင်းဖြီးခဲ့လေး။

ကျွန်တော့်ဆရာတွေကို အခုထိရိုသေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆

ဇိုးကနဲ ဇတ်ကနဲ

နောက်ထပ် တွေ့ရပြန်ပါတယ်။ လက်ရှိထုတ်ဝေထားတဲ့ မြန်မာအဘိဓာန်ကသာ အမှန်လို့ တယောက်ပြီးတယောက် ကူးတင်နေကြတယ်။ မှားလေ့ရှိသော မြန်မာစကားလုံးများ (၁) မှာ (ဇိုးကနဲ ဇက်ကနဲ) ကို (ဆိုးကနဲ ဆတ်ကနဲ) လို့ ရေးတာက အမှန်လို့တွေ့ရပြန်ပါတယ်။

(ဇိုးကနဲ ဇက်ကနဲ) ကို၌က အရင်ကလည်း ဘယ်သူမှမသုံးပါ။ (ဇိုးကနဲ ဇတ်ကနဲ) လို့ (တ) သတ်နဲ့သာသုံးပါတယ်။

(ဆတ်ကနဲ) လို့ရေးတာကတော့ အဓိပ္ပါယ်မမှားပါ။ (ဆိုးကနဲ) က အဓိပ္ပါယ် တက်တက်စင်လွဲပါတယ်။

(ဇိုးကနဲ ဇတ်ကနဲ) ဟာ လှုပ်ရှားမှုမြန်ဆန်တာကို ထိထိမိမိဖေါ်ပြရာမှာသုံးပါတယ်။ (ဇိုးဇိုးဇတ်ဇတ်) လို့လည်း သုံးပါတယ်။ (ဇွတ်၊ ဇွတ်ဒရွတ်) လို့သုံးသလိုဖြစ်တယ်။ ဗန်းစကားသဘောနဲ့ (ဇွတ်ကြီးပဲ)၊ (ဇွတ်သမား) လို့ ကနေ့အထိသုံးတယ် ထင်ပါတယ်။ (ဆွတ်သမား) လို့သာရေးခိုင်းရင် ပန်းခူးတဲ့သူလို့ပဲထင်မယ်။

အဆိုတော် မေဆွိဆိုတဲ့ ဇွတ်ချစ်မယ်သီချင်းရှိတယ်။ တွယ်တာ ဆိုတာလည်းရှိတယ်။ သီချင်းရေးဆရာ သုခမိန်လှိုင်က ဆွတ်ချစ်မယ်လို့ မရေးပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆

တစ်ရားတော်

ဝိပဿနာရှုနည်းကျမ်း ပထမတွဲ
ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည်
စာမျက်နှာ ၆ = တပါးသောနည်းတို့ကို အားထုတ်၍ ကျေနပ်လောက်အောင် မပေါက်ရောက်နိုင်သေးသော်လည်း စိတ်အားငယ်၍ မနေလင့်။
စာမျက်နှာ ၂၄ = တနည်းကား ကဲ့ရဲ့ခြင်းသည် လူတိုင်းနှင့်သက်ဆိုင်သော လောကဓံတရားပေတည်း။
စာမျက်နှာ ၃၅ = ဤအမတ်ကြီးသည် ယနေ့ပင် ငါ၏ထံ၌ ဂါထာတပုဒ်ကိုကြားနာပြီးလျှင် ရဟန္တာဖြစ်လိမ့်မည်။
စာမျက်နှာ ၁၂ဝ = ဤနည်းသည်ကား တမျိုးတမည်နှလုံးသွင်းနည်းမဟုတ်ပေ။
မှတ်ချက် -
- တစ်ပါးသောနည်းတို့ကို မဟုတ်။
- တစ်နည်းကား မဟုတ်။
- ဂါထာတစ်ပုဒ်ကိုကြားနာပြီးလျှင် မဟုတ်။
- တစ်မျိုးတစ်မည်နှလုံးသွင်းနည်းမဟုတ်ပေ မဟုတ်။

မြတ်စွာဘုရားရဲ့ တရားတော်တွေ၊ ဆရာတော်တွေရေးသားစီရင်တဲ့တရားစာအုပ်တွေကို (တစ်ရားတော်) နဲ့ (တစ်ရားစာအုပ်) တွေမဖြစ်သင့်ဟု ယူဆပါကြောင်း သူတော်ကောင်းအပေါင်းတို့ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆

Achilles heel ထရွိုင်မြို့ကိုအောင်နိုင်ခဲ့ခြင်း

မနှစ်က ကနေ့မှာတင်ခဲ့တဲ့စာ

ကျွန်တော့်ပို့စ်တခု = ပေါင်းရှင်းချိန်
တယောက်က ဆရာ့ ကျနော်ပေါက်တူးတလက်နဲ့ စောင့်နေပြီတဲ့။
- ဟုတ့့် ကျွန်တော်က ပေါင်းမြက်သင်မဲ့သူ လူစုနေတာ၊
- လာဗျာ့ ပေါက်တူး၊ ပေါက်ပြား၊ ငန်းပြား၊ တူရွင်း၊
- ဘာမှမပါလည်း ခြေထောက်နဲ့နင်း၊
- ဖနာင့်နဲ့ပေါက်၊ တယောက်မှာ ဖနောင့်မဲ ၂ မဲစီပိုင်တာ၊
- မြားပစ်ရမယ့်နေရာ (အာချီလီစ် ဟီးလ်) ဟာ နိုဝင်္ဘာ၊
- နေပြည်တော်ဟာ ထရွိုင်မြို့ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Saggaing စစ်ကိုင်းတံတားဖက်ဆီကို့

မနှစ်ကဒီနေ့မှာရေးတဲ့စာ

စစ်ကိုင်းမြို့တည် နှစ် ၇ဝဝ ပြည့်သတင်းကိုဖတ်ရပါတယ်။ ကျွန်တော်က စစ်ကိုင်းပြည်သူ့ဆေးရုံမှာ ၂ နှစ်လောက်သာ တာဝန်ကျခဲ့ပါတယ်။ စောစောကလည်း စစ်ကိုင်းတံတားအဟောင်းပုံလေးတင်ထားတာ တွေ့လိုက်တယ်။ ဧရာဝတီတံတား၊ ရတနာပုံတံတား၊ အင်းဝတံတားသစ်လို့လည်းခေါ်ပါတယ်။ အင်္ဂလိပ်လို Ava နဲ့ပေါင်းတာကို အခုတော့ Inwa လို့ ပြောင်းခိုင်းထားတယ်။ Ava စာလုံးက ဂေဇက်ဝင်ပါ။ Governor-general of India to the court of Ava အိန္ဒိယ ဘုရင်ခံချုပ်မှ အင်းဝရွှေနန်းသို့ပေးစာဆိုတာရှိတယ်။

စစ်ကိုင်းနဲ့တဆက်တည်း သတိရစရာတခုရှိသေးတယ်။ ခွေး။ ကျွန်တော်က တိရစ္ဆာန်မွေးတာ ဝါသနာမပါဘူး။ အကောင်တွေ နေမကောင်းလို့ မေးကြတာလည်းကြုံရပါတယ်။ တိကုဆေးပညာမှာ အလွန့်အလွန်ညံ့တယ်။ စစ်ကိုင်းမှာ နေရတုံးက ကိုယ်ကမမွေးပဲ ခွေးတကောင်ရလာပါရော။ ကလေးတွေကချစ်ကြလို့ ကျွေးမွေးထားကြတယ်။ Darky လို့ နာမည်ပေးထားကြသေးတယ်။

တနေ့တော့ စစ်ကိုင်းကနေ မန္တလေးကို ဆေးဝယ်ဈေးဝယ်သွားတာ ခွေးကကားနောက်ကနေလိုက်လာတာ၊ ပြန်ခိုင်းလို့လည်းမရ။ တံတားထိပ်ရောက်တော့ မခိုင်းရပဲနေရစ်ရော။ အဲသည်ကတည်းက ခွေးပျောက်သွားပါတော့တယ်။ ကလေးတွေက စိတ်မကောင်းကြဖူး။ အဲတာ နောက် လတွေကြာလာတော့ တနေ့ညကြီးသန်းခေါင် အိမ်တံခါးကို အသံပေးလို့ထဖွင့်တော့ လားလာ့း့ ဒတ်ကီဖြစ်နေပါရောလား။ သူက အိမ်ရှိလူကုန်နှုတ်ဆက်ရှာတယ်။ ဒီအကြောင်း မိသားစုထဲမှာပြန်ပြောကြရင် ၇ နှစ်အရွယ်သမီးကနေ ဒတ်ကီလာလာဆိုပြီး မီးသွေးခဲတွေကျွေးလည်း စားတာပဲတဲ့။ ခွေးကိုယ်နဲ့တိုက်မိရင် သမီးလဲကျရောတဲ့။

ကြောင်က နေစရာကိုခင်တယ်။ ခွေးက သခင်ကိုခင်တယ်တဲ့။ လူကတော့ မွေးရပ် နေရပ်တွေကို ချစ်ခင်ပါတယ်။ စစ်ကိုင်းမြို့တော် အရှည်တည်တံ့ပါစေသောဝ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Civics ပြည်သူ့နီတိ


Kyaw Soe Win တစ် မသုံး တ သုံးတဲ့စာကြောင်းပါလို့ ဆရာ့အတွက် အသုံးဝင်မယ်ထင်ပါတယ်။ အကိုးအကား အထောက်အထားရမယ် ထင်ပါတယ်ဆရာ။

၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းက ထုတ်ဝေပြီး အထက်တန်းကျောင်းသုံးစာအုပ်အဖြစ်ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့နီတိစာအုပ်မှာ (တ) တွေကို (တစ်) မလုပ်ပါ။

ကျွန်တော်တို့က ပြည်သူ့နီတိနဲ့သာ ကြီးပြင်းလာခဲ့ရပါတယ်။ သစ္စာအဓိဋ္ဌာန်လေးချက်၊ တို့တာဝန်အရေးသုံးပါးနဲ့သာ ကြီးပြင်းရသူများအတွက် အမှောင်ခွင်း၍ အလင်းဆောင်အံ့။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆

Tit usage (တစ်) အသုံးမှန်များ

တစ်-နှစ်-သုံး။ တစ်တရားခံ၊ တစ်တစ်ခွခွ၊ တစ်ငှက်၊ တစ်ရှူး။ တစ်တီတူး။ ဆင်ပြောင်ကြီး အမြီးမှတစ်၊ အမှိုက်တွေလဲတစ်၊ ရင်ထဲမှာတော့ တစ်ဆို့ဆို့။ တစ်လစ်။ တစ္ဆေမှင်စာ၊ မဟော်သဓာ သားတစ်တရားစီရင်ခန်း။

မြတ်စွာဘုရား၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူနေတဲ့အချိန်။ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်လို့ နာမည်ကြီးတဲ့ ဓုတင်ဆောင်ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားကို ဖူးမြော်ဖို့ ပါဝါမြို့ကနေ သာဝတ္ထိမြို့ကို ဝါဆိုအမီကြွချီလာခဲ့ကြပါတယ်။ သာဝတ္ထိကို ဝါဆိုအမီမရောက်တော့ဘဲ သာဝတ္ထိနဲ့ ခြောက်ယူဇနာဝေးတဲ့ သာကေတမြို့မှာပဲ ဝါဆိုဝါကပ်လိုက်ကြရပါတယ်။ ဆင်ပြောင်ကြီးအမြီးကျမှတစ်ဆိုတာလို မြတ်စွာဘုရားအနား ရောက်ခါနီးမှ မဖူးတွေ့ရတာမို့ ရဟန်းတော်များဟာ ဝါတွင်းသုံးလလုံး မပျော်မမွေ့ဘဲ အချိန်ကုန်ခဲ့ကြရပါတယ်။

တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် (သြကာသဘုရားရှိခိုး)။

ဒေါက်တာတင့်ဆွေ

သတ်ပုံနှင် ကျမ်းသုံးစကား

ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည့် ဝိပဿနာရှုနည်းကျမ်း ပထမတွဲ။ စာမျက်နှာ (၇)

သတ်ပုံနှင် ကျမ်းသုံးစကား
အချို့အနည်းငယ်သောအရာ၌ ရှေးရိုးသတ်ပုံသို့မလိုက်ဘဲ အသံမှန်သို့လိုက်၍ရေးအံ့။ ပုံကား - မရှိပါပဲလျက်၊ သို့သော်လည်း၊ လျစ်လျူ၊ ဤသို့စသောအရာတို့၌မရှိပါဘဲလျက်၊ သို့သော်လဲ၊ လစ်လျူ - ဤသို့စသဖြင့် ရေးအံ့။

ကျမ်းဂန်သုံးစကားသို့ မလိုက်မူ၍ ထင်ရှားသိလွယ်စေရန် အရပ်သုံးစကားသို့လိုက်၍ရေးအံ့။ ဤသို့သော ရေးသားချက်များသည် အထူးအားဖြင့် အခဏ်း (၅) ၌ များစွာပါဝင်လတံ့။

မြတ်စွာဘုရားသည် တရားတော်ကို ထိုစဉ်အခါက ကျမ်းသုံးစကားဖြစ်သော သက္ကတဘာသာဖြင့် မဟောခဲ့ချေ။ တောရွာသူ ကလေးများအထိ အများပင်နားလည်၍ သုံးစွဲပြောဆိုနေသော မာဂဓဘာသာဖြင့်သာ ဟော်တော်မူခဲ့ပေသည်။ သို့ဖြစ်၍ ဤအရပ်သုံးစကားကိုလဲ လေးပြုသင့်သည်သာတည်း။ ဆန်းသည် သေးနုပ်သည်ဟူ၍ကား မအောက်မေ့သင့်ပေ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၆

Scar (1) အမာရွတ် (၁)

၁။ ဆရာရှင့် ကျွန်မခြေသလုံးနှင့်ဒူးမှာ အမာရွတ်များ ရှိနေပါတယ်။ ငယ်စဉ်ကတည်းက ဆော့ကစားရင်း ဖြစ်ခဲ့တာတွေပါ။ အဲဒါ ဘယ်လို ပျောက်ကင်းအောင် လုပ်လို့ရပါသလဲရှင်။ ကျွန်မက Multinational company တခုမှာ အလုပ် လုပ်ပါတယ်။ အလုပ်ခွင်မှာ သူများနည်းတူ Fashionable ဖြစ်အောင်ဝတ်လို့ မရတော့ စိတ်အားငယ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မိမိကိုယ်ကို Confidence နည်းစေပါတယ်။ နည်းလမ်းများရှိရင် ညွှန်ကြားပေးပါရှင်။

၂။ ကျွန်တော်က အသက် ၁၆ နှစ်။့ ကပါဆရာ။ ကျွန်တော့် အသက် ၅ နှစ်တုန်းက ခြေထောက်မှာ အရည်ကြည်ဘုလေးတွေ ပေါက်ပါတယ်။ အနာလေးတွေဖြစ်ပြီး ပျောက်သွားပါတယ်။ နောက်အမာရွတ်လေးတွေကျန်ပြီးမပျောက်တော့လို့ပါ။

လူ့ခန္ဓာမှာ ဒဏ်ရာကြောင့် ရောဂါကြောင့် (ဆဲလ် နဲ့ တစ်ရှူး) တွေ ထိခိုက်ပျက်စီးသွားရင် Healing process ပြန်ပြီး ကုစားမှုဆိုတာ သူ့အလိုလို ရှိနေပါတယ်။ အရေပြားဆိုတာ မှန်ဘီလူးနဲ့ ကြည့်ရင် အထပ်ထပ် ရှိတယ်။ Epidermis, Dermis နဲ့ Hypodermis ၃ ထပ်လို့ အကြမ်းပြောနိုင်တယ်။ အမာရွတ်ဆိုတာ Dermis အရေပြားရဲ့ အောက်အလွှာကို ထိခိုက်လို့ ဖြစ်တာပါ။ အပေါ်ယံသာ ဖြစ်ရင် အမာရွတ်ပေါ်တောင် မပေါ်ဘူး။ ပေါ်တာလဲ ကြာရင် နဂိုအနေ ပြန်ရောက်မယ်။

အသစ် ပြန်မဖြစ်နိုင်တဲ့ (တစ်ရှူး) တွေလဲ ရှိတယ်။ Cardiac muscle cells နှလုံးကြွက်သား နဲ့ Neurones အာရုံကြောတွေ ဖြစ်တယ်။ Heart attack ရပြီး၊ သွေးကြောပိတ်လို့ နှလုံးကြွက်သားမှာ ထိခိုက်ရင် သူ့အလုပ်သူ မလုပ်နိုင်တော့တာ ဖြစ်တယ်။ လေဖြတ်ရင် သွားပြီ။

အနာကျက်ဘို့ အဆင့် ၃ ဆင့် ဆက်တိုက် ဖြစ်လာတယ်။ Inflammation ရောင်ခြင်း၊ Proliferation ပွါးခြင်း နဲ့ Maturation or Remodeling ကြီးရင့်ခြင်း (ပုံပြန်ဖေါ်ခြင်း) တို့ဖြစ်တယ်။ ပဌမအဆင့်မှာ ရောဂါပိုးတွေကို ခံတိုက်နေမယ်။ ပွါးတဲ့အဆင့်ကို “အသားနုတက်တယ်” လို့ အလွယ်ခေါ်တယ်။ ဆိုပါစို့ ခွဲစိတ်ကုသတဲ့ ဒါးချက် စလိုက်တာနဲ့ သွေးထွက် လာတယ်။ သွေးကို တိတ်စေမဲ့ အဆင့်တွေ တခုပြီးတခု လုပ်လာမယ်။ တခါထဲ ရောင်ရမ်းခြင်းဖြစ်စဉ် ဝင်လာတယ်။ ၆-၈ နာရီအတွင်းမှာ အနာကျက်ဘို့ဖြစ်စဉ် တကယ်စပြီ။ နောက်မှ Granulation အသားနုတက်တယ် ဆိုတာလာတယ်။ နောက်ဆုံးမှာတော့ Remodeling ပြန်ပုံဖေါ်ပါမယ်။

အမာရွတ်ဆိုတာ Fibrous tissue အရွတ်တစ်ရှူးတွေ ဖြစ်တယ်။ အမာရွတ်မှာ ပုံမှန်ရှိတဲ့ (Collagen) ပရိုတင်းမျိုး ဖြစ်ပေမဲ့ ခြင်းတောင်း ရက်ထားသလိုမျိုး မဟုတ်ဘဲ၊ လားရာ တခုထဲကို သွားနေတာမျိုး ဖြစ်လာတယ်။ ဒါ့ကြောင့် နဂိုအနေလောက် သိပ် မကောင်းတော့ဘူး။ ခရမ်းလွန်-ရောင်ခြည်ကို သိပ်မခံနိုင်ဘူး။ ချွေးထွက် (ဂလင်း) နဲ့ ကိုယ်အမွှေး ဆိုတာလဲ ပြန် မပေါက်တော့ဘူး။

Hypertrophic scars ဆိုတာမျိုးက အရေပြားရဲ့အထက်မှာ မောက်ကြွနေတာမျိုး။ နောက်ပြီး Acne ဝက်ခြံ၊ Chicken pox ရေကြောက်၊ Surgical scar ခွဲစိတ်ဒဏ်ရာ၊ Injuries ထိခိုက်ဒဏ်ရာတွေကနေ Atrophic scar ဆိုတာမျိုး ဖြစ်တတ်တယ်။ အရေပြားအောက်က အဆီနဲ့ ကြွက်သားတွေ ထိခိုက်မိလို့ ကြုံ့သွားတာမျိုး။ Keloid အမာရွတ်အသီး ဆိုတာ ဖြစ်ရင် အကြိတ်တခုလို ဖြစ်လာမယ်။ အရုပ်ဆိုးလှတယ်။ အမာရွတ်ထက်မက ဘေးလျှောက် ကြီးနေတာမျိုး။ အနေရလဲခက်၊ အကုရလဲ သိပ်ခက်တယ်။ ကင်ဆာမဟုတ်တဲ့ အကြိတ်အုပ်စုဝင် ရောဂါဘဲ။

Stretch marks အမာရွတ်စဉ်းကြောင်းတွေ ကတော့ ရုတ်တရက် ကြီးထွားလာတာကနေဖြစ်တာ။ ကိုယ်ဝန်ဆောင်တာ၊ အရွယ်ရောက်ချိန် ကြီးထွာလာတာမျိုး။ Acid Burn Scars ဆိုတဲ့ (အက်စစ်) ကြောင့်ဖြစ်တဲ့ အမာရွတ်ကလဲ အတော်ဆိုးတယ်။ အမာရွတ်ရိုးရိုးထက် အဆစ်နေရာ၊ အကွေး-အဆန့်လုပ်ရာ နေရာတွေမှာ လာဖြစ်ရင် Plastic surgery နည်းတွေ လုပ်ရတယ်။ အစားထိုးရတာတွေ လိုမယ်။

အနာ-ဒဏ်ရာဖြစ်တုံးက ဆိုးဝါးသလောက် အမာရွတ်က လိုက်ဆိုးတယ်။ ပျောက်ဘို့ဆိုတာ ဖြစ်တုံးက အရေပြား ဘယ်လောက်အထိ နက်သွားခဲ့သလဲ အပေါ် မူတည်တယ်။ မီးလောင်-အပူလောင် ဒဏ်ရာရရင် ဘယ်လောက် နက်သလဲ၊ ဘယ်လောက် မျက်နှာပြင် ကျယ်သလဲကို ဆုံးဖြတ်ရတယ်။ အနာ-ဒဏ်ရာတခုဟာ မကျက်သေးသ၍ အမာရွတ် မဖြစ်ပါ။ အမာရွတ် ဖြစ်လာတာ ရောဂါ ပျောက်သွားတာလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပါ။ ဘယ်လို ကုသမလဲ။ ဆေးပညာအရ ပြောရရင် အမာရွတ် ပျောက်အောင် လုပ်မရပါ။ သက်သာအောင် လုပ်နည်းတွေတော့ အမျိုးမျိုး ရှိနေပါတယ်။

Dermabrasion နည်း၊ Laser (လေဆာ) နည်း၊ Scar Revision နည်း။ Semiocclusive ointments, Silicone gel sheeting နည်း၊ Steroid injections (စတီရွိုက်) ထိုးဆေးနည်း၊ Needling နည်း၊ Pressure dressing နည်း၊ Collagen injections နည်း၊ Surgery ခွဲစိတ်နည်း၊ Radiotherapy ဓါတ်ကင်နည်း၊ Chemical peels နည်း။

ဆေးဆိုင်တွေမှာ ဝယ်ရတဲ့ဆေးတွေလဲ ရှိတယ်။ Mineral oil တွေပါတဲ့ လိမ်းဆေးတွေ၊ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ကြက်သွန်နီကထုတ်တဲ့ Mederma ဆေး၊ Lactic Acid Scar Care Products ကြော်ညာ၊ Hyaluronic Acid ကြော်ညာ၊ Scarring treatment and glycolic acid products ဆေးနည်း ကြော်ညာတာရှိသလို Acne scars ဝက်ခြံ-အမာရွတ် ပျောက်အောင် MD Forte (15% glycolic acid) ဆေးသုံးမိလို့ ပိုအရုပ်ဆိုးသွာတယ်လို့ ပြောသူလဲ ရှိတယ်။ Ayurvedic (အာယုဗေဒ) နည်း၊ Homeopathy (ဟိုမီယိုပက်သစ်) နည်းတွေလဲ ရှိပါတယ်။ ဘယ်ဟာမဆို “ပျောက်ဘို့ ခက်လေ ဆေးနည်း များလေ။”

အမာရွတ်တွေထဲမှာ ထူးခြားတာတွေ ရှိတယ်။ မျက်စိရဲ့ မျက်ကြည်လွှာမှာ Corneal ulcer အနာဖြစ်ပြီး ကျက်သွားလို့ ဖြစ်တဲ့ အမာရွတ်ကို အပြင်တိမ်လို့ ခေါ်တယ်။ မျက်လုံး အစားထိုးရတော့မယ်။ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်ရာကနေ ကျက်သွားတဲ့အခါ အနာတော့ ပျောက်ပါရဲ့ သားအိမ်ပြွန် ကျဉ်း-ပိတ်စေတာမို့ ကလေးမရနိုင်တာ ဖြစ်စေမယ်။

မေးတဲ့သူအတွက် အကြံပေးချင်တာက အမာရွတ် ပျောက်စေမယ် ဆိုတိုင်းတော့ မယုံပါနဲ့။ တပူပေါ် နှစ်ပူဆင့်သလို Confidence မနည်းပါနဲ့။ လူတွေဟာ တနေမှာ အားနည်းရင် တခြားနေရာမှာ ပိုအားသန်တတ်တယ်။ ရုပ်ရှင်တွေမှာ အမာရွတ်နဲ့ သရုပ်ဆောင်ဟာ (ဗီလိန်) လုပ်ရတာများတယ်။ ဒါပေမဲ့ Mel Gibson မင်းသားဟာ The Man Without a Face ထဲမှာ ဇာတ်လိုက်ပါ။ Harry Potter မှာလဲ အမာရွတ်နဲ့ မဟုတ်ပါလား။

မြန်မာပြည်မှာတော့ ဇာတ်ကောင်တွေကို အမာရွတ်တွေနဲ့ ရုပ်ဖျက်ပေးရတဲ့ မိတ်ကပ် အထူးဖန်တီးတဲ့ ပညာရပ်တခုလို့ ချီးကျူးတာ ဖတ်ရပါတယ်။ မြန်မာလို ဆေးကြော်ညာတခုကလဲ ရိုးသားပုံရတယ်။ အမာရွတ်က အနာကျက်ကျက်ခြင်း ဆေးလိမ်းမှ ပျောက်ကင်းပါတယ်။ ဖြစ်တာကြာပြီးမှ လိမ်းမယ်ဆိုရင်တော့ ဇွဲနဲ့ လိမ်းသည့်တိုင် လုံးဝအရှင်း မပျောက်ကင်း နိင်ပါဘူးတဲ့။ လေဆာနဲ့ ဖျက်ရင်တော့ပျောက်တယ်။ ဘတ် ၇ဝဝဝ ပေးရတယ်။ ဘန်ကောက်မှာ သွားလုပ်တာတဲ့။ မေးခွန်းမှာ (ပြောက်) လို့ ပေါင်းထားတယ်။ ပျောက်တာမဟုတ်ဘဲ (အစက်-အပြောက်) လို့ ထင်သွားစေနိုင်ပါတယ်။ သတ်ပုံမှားရင် ဆေးချက်ပါလွဲတတ်တယ်။

Dr. တင့်ဆွေ

Sivkort ဆေး

ကျမ အသက်က ၂၅ နှစ်ပြည့်ပြီးပါပြီ။ ကျမငယ်ငယ်ကတည်းက လက်မောင်းရယ် ရင်ဘက်ရယ်မှာ အသားပို အမာရွတ်လိုရှိပါတယ်။ ထိခိုက်မိရင်လဲ အနာရွတ်ကမပျောက်ပဲကြီးကြီးလာပါတယ်။ အဲလိုအနာမျိုးက ခွဲစိတ်ရင် နှစ်ဆဖြစ်မယ်ပြောလို့မခွဲရဲပါဘူး။ အဲဒါသူငယ်ချင်းတစ်ယောက်က သူလဲ အဲလိုဖြစ်နေတာ Sivkort ဆေးထိုးနေတာ ပိန်သွားတယ်ပြောလို့ သူ့ကိုထိုးပေးနေတဲ့ ဆရာဆီမှာပဲ Sivkort ဆေးသွားထိုးဖြစ်ပါတယ်။ အဲဒါ သူက တလုံးပဲ ထိုးရပါတယ်။ ကျမက အနာနှစ်ခုဆိုတော့ တခါထိုးရင် ဆေးနှစ်လုံးထိုးရပါတယ်။ တပတ်တစ်ခါ အပတ်တိုင်းထိုးပါတယ်။ စုစုပေါင်း ၇ ပတ်လောက်ထိုးဖြစ်သွားပါတယ်။ အဲဒါ ရာသီကမှန်တော့မှ side effect ရှာဖတ်ဖြစ်ပါတယ်။ အခု ဆေးထိုးတာ ရပ်လိုက်ပါပြီ။ မျက်နှာကြီးကလဲ တော်တော်ဖောင်းကားလာပါတယ်။ တွေ့တဲ့သူတိုင်းက ပြောလောက်တဲ့အထိပါ။ နှတ်ခမ်းမွေးတွေလဲ ထွက်လာပါတယ်။ ဆရာဝန်တစ်ယောက်ကို ထပ်သွားပြတော့ အဲဆေးထိုးရင် အဲလိုတွေ ဖြစ်တက်တယ်။ ဆေးရှိန်ကျသွားရင် မျက်နှာက ပြန်ပိန်သွားမယ်ပြောပါတယ်။ ဒါပေမယ့်ပြန်မပိန်မှာ နဂိုလိုပြန်မဖြစ်မှာ စိုးပါတယ်။ ဘယ်လိုဖြစ်နိုင်တယ် ဘာတွေလုပ်သင့်လဲဆိုတာ အကြံပေးပါအုံးဆရာ။ လက်မောင်းကအနာမပိန်ချင်နေ မျက်နှာတော့ ပုံမှန်ပြန်ဖြစ်ချင်ပါတယ်ဆရာ။ ကူညီနိုင်ရင် ကူညီပါအုံးဆရာ။ လက်မောင်းကအနာပုံကိုပါ တွဲပိုးပေးလိုက်ပါတယ်။

မေးတဲ့သူမှာ (ကီးလွိုက်) ခေါ် ဆိုးတဲ့အမာရွတ်ရှိနေတာဖြစ်ပါမယ်။ ရောဂါစာတပုဒ်ရေးထားပါတယ်။

Sivkort Retard ဆေးဟာ Triamcinolone ဆေးဖြစ်တယ်။ တာရှည်ခံ ဓါတ်ခွဲခန်းမှာထုတ်ထားတဲ့ ကော်တီကိုစတီရွိုက်ဆေးဖြစ်တယ်။ ထိုးဆေး၊ သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေးတွေအနေနဲ့ လာတယ်။ နာတာရှည်အရေပြားနာတွေဖြစ်တဲ့ နှင်းကူလိုအနာတွေကို လိမ်းဘို့သုံးတယ်။ အဆစ်နာ၊ အလာဂျီ၊ အူမကြီးရောင်၊ လူးပတ်စ်၊ sympathetic ophthalmia မျက်စိရောဂါတမျိုး၊ temporal arteritis, uveitis, ocular inflammation, Urushiol-induced contact dermatitis, visualization during vitrectomy ရောဂါတွေနဲ့ ပန်းနာအတွက်ပါ သုံးတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = လည်ချောင်းနာ၊ နှာခေါင်းသွေးယို၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို။

နာမည်တွေ အမျိုးမျိုးနဲ့လာတယ်။ Aristocort, Kenacort, Kenalog, Tri-Nasal, Triaderm, Azmacort, Trilone, Volon A, Tristoject, Tricortone and Ratio-Triacomb တွေဖြစ်တယ်။

Sivkort (Triamcinolone) injection ထွိုင်ယမ်စီနိုလုံး ထိုးဆေး
Aristocort, Aristospan, Cenocort, Cinalone, Kenalog, Kenaject စတဲ့နာမည်တွေနဲ့လာတယ်။ Corticosteroid ကော်တီကိုစတီရွိုက် ထိုးဆေးဖြစ်တယ်။ ရောင်တာ၊ နီရဲနေတာ၊ ယားနေတာနဲ့ အလာဂျီရတာတွေကို သက်သာစေမယ်။ ဆိုးဝါးတဲ့ အလာဂျီ၊ ပျောက်ခဲတဲ့ အရေပြားနာတွေ၊ ပန်းနာနဲ့ အဆစ်နာ စတဲ့ရောဂါတွေအတွက် ပေးနိုင်တယ်။

ယေဘုယျအားဖြင့် 0.5–1 mg/kg body weight (40-80 mg for typical adult) ကို ၁ လ၊ ၁ ကြိမ်၊ ၃-၆ လ ထိုးလေ့ရှိတယ်။

ဒီဆေးထိုးချင်ရင် ဒီရောဂါ-အခြေအနေတွေရှိမနေသင့်ဘူး။
• သွေးမခဲရောဂါ၊
• ဆီးချို၊ သွေးတိုး၊
• သွေးတိုး၊
• ရေကြောက်၊ ရေယုံ၊ ဝက်သက်၊ တီဘီ၊
• အသည်းရောဂါ၊
• မျက်ခွံပိတ်ရောဂါ၊
• အရိုးပါးရောဂါ၊
• နှလုံးအတက်ရဘူးသူ၊
• စိတ်ရောဂါ
• အတက်ရောဂါ၊
• အစာအိမ်-အူရောဂါ၊
• လည်ပင်းကြီးဟော်မုန်းနည်းခြင်း၊
• အလာဂျီရဘူးသူ၊

ဒီလိုဆေးတွေနဲ့ ဓါတ်ပြုနိုင်လို့ သတိထားပြီးထိုးရမယ်။
• antiinflammatory drugs (NSAIDs) အနာ-အကိုက်-အရောင်ကျဆေးတွေ၊
• aspirin အက်စ်ပရင်၊
• barbiturate အတက်သက်သာ အိမ်ဆေး၊
• bosentan အဆုပ်သွားသွေးလွှတ်ကြောဖိအားများရောဂါအတွက်ဆေး၊
• carbamazepine အတက်သက်သာဆေး၊ စိတ်ရောဂါဆေး၊
• contraceptive or birth control pills ကိုယ်ဝန်တားဆေး၊
• heart medicine နှလုံးရောဂါဆေး၊
• medicines for diabetes ဆီးချိုဆေး၊
• medicines that improve muscle strength or tone ကြွက်သားအားပေးဆေး၊
• phenytoin အတက်သက်သာဆေး၊
• rifampin တီဘီဆေး၊
• toxoids and vaccines ကာကွယ်ဆေးတွေ၊
• water pills ဆီးသွားစေတဲ့ဆေး။

ဘေးထွက်သက်ရောက်မှုများ
• ဝမ်းထဲသွေးပါ၊
• စိတ်ရှုပ်၊ စိတ်လှုပ်ရှား၊ ဂနာမငြိမ်၊ ကောင်းနေသလိုခင်မြင်၊
• မျက်လုံးနာ၊ ကြည့်မကောင်း၊
• ကိုယ်ပူ၊ လည်ချောင်းနာ၊ နှာခြေ၊ ချောင်းဆိုး၊
• ဆီးခဏခဏသွားချင်၊
• သူများ မမြင်-မကြားတာတွေကိုယ့်မှာဖြစ်၊
• ရေငတ်၊
• နှလုံးခုန်မမှန်၊
• ရာသီမမှန်၊
• စိတ်ကျ၊ စိတ်မူပြောင်း၊ ကိုယ့်ကိုယ်ကိုအထင်ကြီး၊ ကိုယ့်ကိုနှိမ်နေတယ်ထင်၊
• ကြွက်တက်၊ ကြွက်သားအားနည်း၊
• ပျို့-အန်ချင်၊
• ကိုယ်တွေလက်တွေနာ၊
• ဆေးထိုးတဲ့နေရာ နာ-ရောင်-နီ၊
• မျက်နှာလပြည့်ဝန်းလိုဖြစ်၊
• ခြေထောက်တွေရောင်၊
• ဝက်ခြံထွက်၊
• ဗိုက်နာ၊
• အရေပြားသွေးထွက်လွယ်၊
• မောပန်း၊
• ကိုယ်အလေးချိတ်တက်၊
• အနာမကျက်နိုင်။
• ဝမ်းပျက်-ဝမ်းချုပ်၊
• အရသာပျက်၊
• ခေါင်းကိုက်၊
• အစာပိုစားချင်၊ မစားချင်၊
• ချွေးပိုထွက်၊
• စိတ်ကြောင့်အိပ်မပျော်၊
• ကိုယ်မွှေတွေပေါက်၊
• ဗိုက်မကောင်း။

Pregnancy Category C ကိုယ်ဝန်ဆောင်မှာ မထိုးသင့်ပါ။ ကလေးနို့တိုက်နေချိန်မှာ နို့ရည်ထဲ ဆေးပါနေမယ်။ ကလေးဖွံဖြိုးမှုကို ထိခိုက်စေနိုင်တယ်။

ဆေးဒဏ်တွေဟာ ကြာလာရင်တော့ သက်သာလာပါတယ်။ အချိန်ကြာတတ်တယ်။ ဘယ်ဆေးဖြစ်ဖြစ် မသုံးမီမှာ ဘေးထွက်သက်ရောက်မှုကို သိထားရမယ်။ ဆေးတိုင်းမှာ အဲလိုသတ္တိရှိတယ်။ အကျိုးနဲ့အပြစ်ကိုချိန်ဆပြီးဆုံးဖြတ်ရတယ်။ HIV, TB အသည်းရောင်ဆေးတွေဆိုရင် ဘေးထွက်သက်ရောက်မှုတွေရှိပေမယ့် ထိုးရ-သောက်ရ-လမ်းရတယ်။ မေးတဲ့သူလိုအမာရွတ်ရောဂါမှာ ချိန်ဆတတ်ရပါမယ်။ အမှန်က (ကီးလွိုက်) အမာရွတ်ကို အမာရွတ်နေရာမှာသာ ကော်တီဇုန်းထိုးဆေးကို အပ်သေးသေးလေးနဲ့ ဘေးမှာ လှည့်ပတ်ထိုးပေးပါတယ်။ ဆေးအရှိန်ရှိတုံး ဥပမာ တလလောက် သက်သာနေမယ်။ မပျောက်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၃
၂၆-၇-၂ဝ၁၆