မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, August 30, 2016

ယသော်ဓရာအား ပူဇော်ခြင်း




ချစ်သခင်သည်
လောကီငြိုငြင်၊ တောဝင်မွေ့ပျော်
လျော်တေညစ်ညမ်း၊ ဖန်ရည်စွန်းသော
ဆင်မြန်းဝတ်ရုံ၊ ဆိုတုံကြားရ
သည်ခဏမှာ၊ နုလှချောညက်
အိစက်ညံ့ထွေး၊ သိုးမွေးကတ္တီပါ
ဆင်မြဲစွတ်လွှတ်၊ ဖန်ရည်ဝတ်ခဲ့။

ချစ်သခင်သည်
မြင်းပြတ်ညောင်စောင်း၊ မလျောင်းမစက်
ပြေထက်မွေ့လျော်၊ ရှိသော်ကြားရ
သည်ခဏမှာ၊ ပန်းမွေ့ယာကျင်း
ကော်ဇောခင်းဖြန့်၊ ညံ့သက်နုလွ
ခြူးကြွကြာရံ၊ သဉ္စာစွန့်လျက်
မြေ၌စက်ခဲ့။

ချစ်သခင်သည်
တနေ့တာမှ၊ တခါမျှသာ
အစာမှီဝဲ၊ ခြိုးခြံမြဲတဲ့
ကြားခဲ့သည်က၊ ချိုမြခဲဖွယ်
ပွဲတော်ထူးထူး၊ ဆီဦးထောပတ်
တပ်မက်စွန့်ပစ်၊ သစ်သီးသစ်ရွက်
တရက်တခါ၊ မှီဝဲလာခဲ့
ဘယ်မှာနှိုင်းဆ၊ တုမရသော
ယသော်ဓရာ၊ မေတ္တာဘုရား။

ကိုယ့်ဘုရားကို ဝပ်တွားပူဇော်လိုက်ပါ၏။ (လူထုစိန်ဝင်း)

မှတ်ချက် = တ အမှန်ကို တစ် အကြံအဖန်လုပ်မထားတဲ့စာအား ဝပ်တွားပူဇော်လိုက်ပါ၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၆
Photo from Nay Thukha

Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း

ဆရာရှင့် မွေးကင်းစကလေးငယ်ကို ခေါင်းအုံးနဲ့မသိပ်သင့်ဘူးလို့ သိထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်က လူတော်တော်များများက ကလေးငယ်များကို ခေါင်းအုံးအပါးလေးတွေနဲ့သိပ်တာတွေ့တွေ့နေရပါတယ်။
အဲ့ဒီလို ခေါ်င်းအုံးအပါးနဲ့သိပ်တာရော အန္တရာယ်ရှိနိုင်ပါသလားရှင့်။ ကျေးဇူးပြုပြီး အဲ့ဒီအကြောင်းလေး ရေးပေးစေချင်ပါတယ်။

အမေရိကန် Consumer Product Safety Commission (CPSC) စားသုံးသူ ထုတ်ကုန်စိတ်ချရမှုကော်မရှင်ရဲ့ လေ့လာမှုအရ ၁၉၉၂ ကနေ ၂ဝ၁ဝ ခုနှစ်အတွင်းမှာ ကလေးငယ်လေးတွေ (၁၂ လနဲ့အောက်) ၇ဝဝ ယောက်နီးပါးဟာ အိပ်စက်ခြင်းနဲ့ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။ ခေါင်းအုံး၊ ကူရှင်၊ စတာတွေနဲ့ ဆက်စပ်လို့ ဖြစ်ပါတယ်။ ကလေး ပုခက်ထဲသေဆုံးမှုတဝက်နဲ့ ရေချိုးကန်ထဲသေဆုံးမှု ၃ ပုံ ၂ ပုံတို့ဟာ အသက်ရှူလမ်း ပိတ်ဆို့လို့ သေဆုံးကြရတာ ဖြစ်တယ်။ ကလေးအိပ်စက်ရာနေရာဝန်ကျင်မှာအပိုထားပေးတဲ့ ခေါင်းအုံး၊ ဂွမ်းကပ်၊ စောင် စတာတွေကနေ အဲလိုဖြစ်စေတယ်။

အကောင်းဆုံး (စိတ်အချရဆုံး) ကလေးသိပ်နည်းက ကလေးအနားမှာ ဘာတခုမှ မထားပါနဲ့။ ခေါင်းအုံး မပါ၊ ဂွမ်းကပ်မပါ။ စောင်ပိုမပါ၊ အခုအခံမပါ၊ ကလေးကစားစရာမပါ၊ ကလေးချီပိုးစရာမပါ၊ တခြားဘာမှမပါ။ ပုံထဲပါကလေးပုခက်မှာသိပ်တာ စိတ်အချရဆုံးဖြစ်တယ်။

ကလေးနဲ့ လူကြီးမှာ ကွာတာတွေကိုသတိထားရမယ်။ အမေရိကမှာ တနှစ် ကလေး ၃၂ ယောက် ခေါင်းအုံးနဲ့သိပ်လို့ အသက်ရှူလမ်းပိတ်ပြီးသေဆုံးနေရတယ်။ အများစုဟာ အသက်အတော်ကိုငယ်လွန်းတဲ့ကလေးတွေဖြစ်တယ်။

ကလေးအိပ်တဲ့ပုံစံလုပ်ထားတာမျိုးနဲ့သိပ်တာလည်း မသင့်ပါ။ ကားပေါ်သယ်သွားနိုင်တဲ့ပုခက်မျိုးမှာ ကားပေါ်မှာမဟုတ်ရင် မသုံးသင့်ပါ။ ကလေးဗိုက်ခေါက်နေရင် အစာအိမ်ကိုဖိထားရာရောက်မယ်။ ကလေးအနေအထားပြောင်းလို့မရစေလို့ အချိန်ကြာလေ မသင့်လေဖြစ်မယ်။ ၂ဝဝ၃ ကနေတွက်ရင် ကလေး ၉ ယောက် ကားပေါ်သယ်ယူတဲ့ခုံထဲမှာ သေဆုံးခဲ့ရတယ်။

ကလေးပုခက်မှာတွဲဆက်ထားတဲ့ ကလေးကစားစရာပါနေရင် သေချာချည်နှောင်ချိတ်ဆက်ထားပါ။ ကြိုးစအပို၊ ရှည်နေတာ မပါစေနဲ့။ ကလေးလက်နဲ့ဆွဲချတာမျိုး လက်တကမ်းမှာမရှိစေပါနဲ့။

ရာသီဥတုအရ လိုအပ်မယ်ထင်ရင် ကလေးကို နွေးထွေးတဲ့အဝတ်ကိုဝတ်ထားပေးပါ။ စောင်မသင့်ပါ။ မျက်နှာနဲ့ နှာခေါင်းကို ဖိပိတ်မိနိုင်တယ်။ ကလေး ၄ လအောက်ဆို ပိုသတိထားရမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၆

Monday, August 29, 2016

Out of the EQ and IQ အီးကျူ-အိုင်ကျူ ဘောင်အပြင်ကနေပြောခြင်း

အရင်တခါ IQ နဲ့ EQ အကြောင်းတင်တော့ ကိုယ့်အမြင် ကိုယ့်ယူဆချက်တွေရေးလာကြတယ်။ IQ နဲ့ EQ ဝေါဟာရ အသုံးဟာ တီထွင်ကြတဲ့ ပညာရှင်တွေရဲ့ မူပိုင်စကားဖြစ်ပြီး မူပိုင်စံတွေရှိပါတယ်။ လူတွေရဲ့ဉာဏ်ရည်ကို သိပ္ပံနည်းကျ ပြောတာတွေဖြစ်တယ်။ အဲဒီစာထဲမှာ ကျွန်တော့်အမြင်အာဘော် ထည့်မထားပါ။ တချို့က ကျွန်တော့်ကို IQ ဖက်က ရေးသလိုထင်ကြတယ်။ တချို့က သူတို့သန်တာကြိုက်တာကို ရေးလာကြတယ်။ ကျွန်တော်ရေးတာက လူတိုင်းကိုယ်စီမှာ IQ ရော EQ ပါရှိနေတာပါ။ ကြိုက်တာတခုတည်းရွေးရှိတာ မဟုတ်ပါ။

IQ နဲ့ EQ အကြောင်းပြောကြရင် သူ့မူဘောင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်ကနေသာ ပြောရမှာပါ။ ကနေ့မြန်မာ့ နိုင်ငံရေးမှာ ဒီမိုကရေစီဖြစ်ဖြစ်၊ လူ့အခွင့်အရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ ပြည်ထောင်စုမူဖြစ်ဖြစ်ပြောရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျော်ပြောလို့သာရသလောက်ပေမဲ့ လုပ်လို့ မရသေးသလိုပါပဲ။

IQ, EQ ခွဲပြောတာ ဟုတ်ပါ့မလား။ လူတွေရဲ့ဉာဏ်ရည်ကိုပြောရင်တော့ IQ နဲ့ EQ ကနေကျော် ပြောရပါတော့မယ်။ လူတဦးရဲ့ဉာဏ်ရည်နဲ့ အောင်မြင်မှုကို နှိုင်းယှဉ်ပြောကြတယ်။ ဘာကတော်လို့၊ ဘာကကောင်းလို့ဖြစ်တယ်။

CEO လို စီးပွါးရေးလုပ်ငန်းတွေမှာ ဦးဆောင်တွေကိုတမျိုး၊ နိုင်ငံရေးခေါင်းဆောင်တွေကိုတမျိုး တွက်ရပါမယ်။ နိုင်ငံရေးမှာ ဉာဏ်နဲ့မဆိုင်ဘူးပြောရမလား။ တခြားအချက်အလက်တွေကြောင့် ထိပ်ရောက်တာမျိုးရှိတယ်။ ဂျာမဏီမှာ ဟစ်တလာဟာ လိုအပ်ချက်အရ အောက်နားကနေ ထိပ်ရောက်လာတာ။ ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရလို့ ဝန်ကြီးချုပ်ဖြစ်တယ်။ အဲတာကြောင့် ရာဇပလ္လင် ဖင်ကပ်ပါလာတာလို့ ပြောခဲ့ကြတယ်။ (သူ့အရည်အချင်းနဲ့သူလည်း ရှိပါတယ်။) မြောက်ကိုရီးယားခေါင်းဆောင်ကတော့ မိဘအရှိန်အဝါနဲ့သာ နေရာရလာတာပါ။ FIFA ဥက္ကဋ္ဌဟောင်းကိုလည်းကြည့်ပါ။ အဲတာတွေက IQ, EQ နဲ့ ဆိုင်ပါ့မလား။

EQ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့ဆိုင်တယ်။ ကိုယ့်စိတ်လှုပ်ရှားမှုကို မျိုသိပ်ထိန်းချုပ်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုပ်ရှားမှုကို သိပြီး အသုံးချနိုင်စွမ်းရှိသူဟာ EQ မြင့်သူဖြစ်တယ်။ မျက်ရည်ကျစေအာင်၊ ပြုံးရွှင်ရယ်မောစေအောင် ပြောဆို ရေးဖွဲ့တာမျိုး လုပ်ပြီး စိတ်လှုပ်ရှားမှုဖြစ်လာသူတွေအပေါ် အနိုင်ယူနိုင်စွမ်းကလည်း EQ ပဲလား။ တက်နေတဲ့ အစိုးရနဲ့ ထောက်ခံသူတွေကို အမြင်ကပ်အောင်၊ ဘာသာရေးအမုန်းတရားပွါးအောင် လုပ်ပေးသူတွေကတော့ EQ ကို ကောင်းကောင်း အသုံးချနေတာလား။

EQ ကိုလည်း တယောက်တမျိုးရေးကြတယ်။ ကျွန်တော်လည်း တမျိုးရေးမယ်။ Emotional Intelligence (EQ) မှာ Emotional quotient (EQ) စိတ်လှုပ်ရှားမှုမပါရင်တော့ EQ မဟုတ်တော့ပါ။

သိပ္ပံနည်းနဲ့ တိုင်းတာနိုင်တာတွေရှိသလို ကံဇာတာ၊ စန်း၊ လာဘ်ဆိုတာလည်း ရှိပါသေးတယ်။ စိတ်ရင်းစေတနာလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၆
၂၉-၈-၂ဝ၁၆

EQ and IQ


ကျွန်တော့်ပို့စ်တခု = Brain size ဦးနှောက်ကြီးသလား

ကွန်မင့် (၁) = Kyaw Kyaw - ဥာဏ်အရည်အသွေးကို ဦးဏှောက်လေးတာ ပေါ့တာနှင့် နှိုင်းယှဉ်လို့ရပါလားဆရာ။
ကွန်မင့် (၂) = Chan Naing - Is weight of brain really important?

တိုက်ဆိုင်မှုပေါ့။ စောစောကပဲ၊ စင်္ကာပူမှာ ဇီကာဗိုင်းရပ်စ်ကူးစက်တဲ့သတင်းတင်လိုက်တယ်။ ဇီကာကူးစက်ခံနေရတဲ့ ကိုယ်ဝန်ကနေ ဦးနှောက်သေးတဲ့ကလေး မွေးတတ်တယ်။ ဦးနှောက်သေးရင် ဉာဏ်ရည်မမီဘူး။ လူစဉ်မမီဘူး။ မွေးရာပါဦးနှောက်ရောဂါတွေထဲမှာ ဦးနှောက်ထဲကအရည် ရှိသင့်တာထက်များနေရင် ခေါင်းကြီးနေမယ်။ အဲတာကနေလည်း ဉာဏ်ရည်မမီ၊ လူစဉ်မမီဖြစ်နိုင်တယ်။

ဉာဏ်ရည်အကြောင်းရေးပါမယ်။ IQ ကို ၁၈၈၃ ခုနှစ်မှာ Francis Galton ရေးသားတဲ့ Inquiries into Human Faculty and Its Development ကနေစတင်ခဲ့တယ်။ IQ (Intelligence quotient) ဆိုတာ စံသတ်မှတ်ထားတဲ့အတိုင်း စစ်ဆေးတဲ့အခါ ရရှိတဲ့အမှတ်တွေကိုခေါ်တယ်။ ဉာဏ်ကောင်းတာကိုဖေါ်ပြတယ်။ စိတ်ပိုင်းဆိုင်ရာရင်ဆိုင်စရာ (ချဲလင့်) တွေကို ဘယ်လိုကျော်လွှားနိုင်သလည်းဆိုတဲ့ အရည်အသွေး ဖြစ်တယ်။

EQ (Emotional Intelligence) သို့မဟုတ် (Emotional quotient) ဆိုတာ တစုံတခုကို အဲတာဘာလည်းဆိုတာ ဖေါ်ပြတတ်မှု၊ အဲတာကို သုံးသပ်တတ်မှုနဲ့ ထိန်းသိမ်းတတ်မှုအရည်အသွေးတွေဖြစ်ပြီး၊ အဲသည်အတိုင်း ထုတ်ဖေါ်မယ်။ ခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန်ရရှိသူတွေဟာ EQ မြင့်ကြတယ်။ EQ ကို ၁၉၈၅ တုန်းက Wayne Payne ရဲ့ ပါရဂူဘွဲ့ယူစာတမ်း A Study of Emotion: Developing Emotional Intelligence ကနေစတင်ပြီး လူသိများလာတယ်။

EQ မြင့်သူတွေဟာ လုပ်ငန်းမှာအောင်မြင်သူတွေဖြစ်ကြတယ်။ ခေါင်းဆောင်မှုကောင်းသူဖြစ်တယ်။ အထက်ကိုလည်း သိတယ်။ အသင်းသားအဖွဲ့ဝင်တွေအကြောင်းကိုလည်းသိတယ်။ EQ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့အတူ ဆင်ခြင်မှုနဲ့ တွေးခေါ်မှုကို တိုးတက်စေအောင် သက်ရောက်စေတဲ့ စိတ်လှုပ်ရှားမှု ဖြစ်တယ်။ EQ မြင့်သူဆိုတာ သူ့စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်ကြတယ်။ သူ့စိတ်လှုပ်ရှားမှုကိုလည်း တွေးခေါ်မှု၊ သူ့စိတ်လှုပ်ရှားမှုကို နားလည်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုပ်ရှားမှုကို သိရှိနိုင်စွမ်းဖြစ်တယ်။ တနည်းအားဖြင့် သူ့စိတ်လှုပ်ရှားမှုတွေကို ထိန်ထားနိုင်ပြီး သူများတွေနဲ့ ဆက်ဆံရေး ထူထောင်နိုင်စွမ်းလည်းဖြစ်တယ်။

IQ ဆိုတာ သင်ယူနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ရလာတဲ့သတင်းအချက်အလက်တွေကို အသုံးချနိုင်စွမ်းတွေကို တိုင်းတာတာ ဖြစ်တယ်။ ယုတ္တိကျကျတွေးတောဆင်ခြင်နိုင်ခြင်းဖြစ်တယ်။ ဂဏန်းသင်္ချာမှာလည်း ခြုံငုံသိနိုင်ခြင်းဖြစ်တယ်။ IQ မြင့်သူဟာ စိတ္တဇဆန်ဆန် (ဆုပ်ကိုင်မရတာမျိုး) တွေးတတ်တယ်။ ယေဘုယျချတတ်ပြီး၊ ဆက်စပ်တွေးတောနိုင်သူဖြစ်တယ်။

IQ နဲ့ EQ ဘယ်ဟာ ပိုအရေးပါသလည်း
အယူအဆ မတူတာတွေရှိတယ်။ IQ ကောင်းရင် ကျောင်းမှာ အမှတ်ကောင်းကောင်းရမယ်။ EQ ကောင်းမှသာ ဘဝမှာ အမှတ်ကောင်းတယ်တဲ့။ IQ ကောင်းမှာသာ EQ လည်း ကောင်းနိုင်တယ်လို့ ပြောတယ်။ သုတေသနပြုမှုတခု အဆိုအရ IQ ဟာ အလုပ်မှာစွမ်းဆောင်ရည် ၁၄% ကျော်ရတယ်။ EQ က ၁% ထက်နည်းတယ်။

EQ မြင့်သူတွေဟာ ယေဘုယျပြောရရင် အသင်းလိုက်လုပ်ဆောင်မှုမှာ ပိုတော်ကြတယ်။ ဝန်ဆောင်မှုပိုကြတယ်။ အစပျိုးလုပ်ဆောင်မှုရှိတယ်။ အဲတာကြောင့် စီးပွါးရေးလုပ်ငန်းကြီးတွေမှာ အဲတာမျိုးကိုလိုချင်ကြတယ်။

EQ တိုင်းတာနည်းက ဓမ္မဓိဌာန်ကျတယ်။ Mayer-Salovey-Caruso Emotional Intelligence Test ကိုသုံးတယ်။ Emotion-based problem-solving questions စိတ်လှုပ်ရှားမှုတွေနဲ့ဆက်စပ်နေတဲ့ ပြဿနာအဖြေရှာနည်းတွေ မေးတယ်။ ရမှတ်က စမ်းသပ်ခံသူရဲ့ စိတ်လှုပ်ရှားမှုနဲ့ဆက်နေတဲ့ ဆင်ခြင်နိုင်စွမ်းဖြစ်တယ်။ Goleman's model မော်ဒယ်ကတော့ စိတ်လှုပ်ရှားမှုမှာ ပြည့်စုံခြင်း (ခိုင်မာခြင်း) ကိုတိုင်းတယ်။ ဒီမော်ဒယ်မှာ Emotional Competency Inventory နဲ့ Emotional Intelligence Appraisal နည်း ၂ ခုရှိတယ်။

IQ tests နည်းကို ပညာရေးနဲ့ စိတ်ပညာနယ်ပယ်တွေမှာသုံးတယ်။ IQ testing ကိုလည်း ပိုပြီးဓမ္မဓိဌာန်ကျအောင် လုပ်လာတယ်။ Stanford-Binet test နည်းဟာ ပဌမဆုံးဖြစ်တယ်။ စမ်းသပ်ခံသူရဲ့ Mental age စိတ်သက်ကို သိမယ်။ စိတ်သက်ကို သူ့အသက်နဲ့စားပြီး  ၁ဝဝ နဲ့မြှောက်တယ်။ အမေရိကန်စိတ်ပညာရှင် David Wechsler ကနေ IQ tests သုံးခုတီထွင်ထားတယ်။ ကျောင်းမဝင်ခင်ကလေးတွေနဲ့ မူလတန်းကလေးတွေအတွက်၊ ကလေးအကြီးတွေအတွက်နဲ့ လူကြီးတွေအတွက်။ Woodcock-Johnson Test of Cognitive Abilities နည်းလည်းရှိတယ်။

EQ နည်းရော IQ နည်းမှာပါ အငြင်းပွါးစရာတွေ မလွတ်ပါ။

မေးခွန်းတွေမကြာခဏလာတယ်။ မွေးလာမယ့်ကလေးဉာဏ်ကောင်းချင်တဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမိဘတွေက မေးကြတယ်။ ဉာဏ်ကောင်းဆေးရှိလားတဲ့။ အဲလိုဆေးမရှိပါ။ ကြော်ငြာရင် မယုံပါနဲ့။ ရှိတယ်လို့ယုံရင် ဉာဏ်နည်းလို့။

EQ နဲ့ IQ ကို ကောင်းအောင်လုပ်နိုင်သလား
စိတ်လှုပ်ရှားမှုအရည်အသွေးကို ငယ်စဉ်ကတည်းက ပျိုးထောင်ပေးနိုင်တယ်။ သူသိတာကိုမျှဝေစေခြင်း၊ သူများအကြောင်းကို တွေးတောစေခြင်း၊ ကိုယ့်ကိုယ်ကို သူများနေရာမှာ ဝင်ကြည့်ပြီးစဉ်းစားခိုင်းခြင်း၊ သူ့အတွက် ဝန်းကျင်ကျယ်ပေးထားခြင်းနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ ယေဘုယျချတတ်စေခြင်း။ EQ မြင့်စေဘို့ရာ ကစားစရာတွေ၊ (ဂိမ်း) တွေသုံးနိုင်တယ်။ နိမ့်နေတဲ့ကလေးကို SEL (Social and Emotional Learning) သင်တန်းတက်စေရင် တိုးတက်လာမယ်။ လူကြီးတွေအတွက်လည်းရှိတယ်။

IQ ကတော့ ပိုပြီး မျိုးဗီဇနဲ့ဆိုင်တယ်။ ပိုကောင်းအောင်လည်း နည်းနာတွေရှိပါတယ်။ Brain-food and mental ability exercises လေ့ကျင့်မှုခေါ်တဲ့ Puzzles ပဟေဠိ၊ Lateral thinking ပြဿနာကိုဘေးတိုက်စဉ်းစားနည်း၊ Think outside the box ကန့်သတ်ထားတဲ့ အဝန်းအဝိုင်းအပြင်ထွက် စဉ်းစားနည်း။

ဒီစာကိုဖတ်ပြီး အဲတာဘာလည်းဆိုတာ ဖေါ်ပြတတ်မှု၊ အဲတာကို သုံးသပ်တတ်မှုနဲ့ ထိန်းသိမ်းတတ်မှုအရည်အသွေးတွေနဲ့ ကွန်မင့်တွေ လာမယ်ထင်တယ်။ ခေါင်းစဉ်နဲ့တင် ကောက်ရေးချသူလည်းပါမယ်။ ဆက်စပ်စဉ်းစားပြီး ရေးသူလည်းပါမယ်။ ရှိထားတဲ့အရည်အသွေး ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ကို စူးစမ်းနေသူလည်းပါမယ်။

မြန်မာနိုင်ငံသားတွေ ဗလငါးတန်ပြည့်ကြစေ။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

A bowl of polished rice ဆန်ဖြူတခွက်

မနက်က ဆရာဝန်ဂျာနယ်လစ်တွေရဲ့ အင်နယ်လ်ဒီအစိုးရအပေါ် ရိသဲ့သဲ့ ခနဲ့တဲ့တဲ့လုပ်ကြတဲ့အကြောင်းလေးရေးတော့ ကွန်မင့်တခုက ပြောပြလိုက်ပါဆရာလို့ ရေးပါတယ်။ အဲတာနဲ့ ဟောရင်းသာ ပျံတော်မူရမည်၊ ဆန်ဖြူဖြူတခွက်မှ ထွက်ပုံမရလို့ ပြန်ရေးလိုက်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲတိုင်းမှာ ဟိုဖက်သည်ဖက်ရှိစမြဲပါ။ ကျွန်တော်ဆိုတဲ့ ဂျာနယ်လစ်မဟုတ်တဲ့ဆရာဝန်ကလည်း ၁၉၉ဝ ကတည်းက အုပ်ချုပ်နေသူတွေကို အကောင်းမပြောခဲ့ပါ။ ဒီတခါက သူတို့အလှည့်။ ကျွန်တော်က နှစ်အစိတ်နဲ့ ဆန်ဖြူတခွက်ရလို့ တစခန်းရပ်နိုင်ခဲ့တယ်။ သူတို့ခေတ် ဘယ်လောက်ကြာမလဲ။ ကြာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Brain size ဦးနှောက်ကြီးသလား

ကိုယ်ခန္ဓာနဲ့ ဦးနှောက်အရွယ်အစားက အချိုးကျကျ ရှိတတ်တယ်။ တချို့အကောင်တွေမှာ ဦးနှောက်ရယ်လို့ သတ်သတ် မှတ်မှတ်မရှိပဲ ဦးနှောက်အလုပ်ကိုလုပ်တဲ့အင်္ဂါလို့သာရှိတယ်။ တချို့အကောင်ငယ်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။ Echinoderms (starfish, sea urchins, sand dollars) အကောင်တွေမှာ ဦးနှောက်အင်္ဂါ မပါကြဘူး။ ကြယ်ငါးတွေမှာ အာရုံခံစရာသာပါပြီး ဗဟိုအာရုံကြောစနစ်မပါဘူး။ အူနေသန်ကောင်အပြားတွေမှာ အာရုံကြောတွေတော့ပါတယ်။ ပုရွက်ဆိတ်တွေမှာတော့ ဦးနှောက်ပါတယ်။ သူ့အရွယ်နဲ့စာရင် ကြီးတယ်။ လူတွေထက် အနံ့ခံအား ပိုကောင်းတယ်။

ဝါရှင်တန်တက္ကသိုလ်သုတေသနအရ Green lizard အစိမ်းရောင်ပုတ်သင်ဟာ ဦးနှောက်အသေးဆုံးရှိတဲ့ အကောင်လို့ သိရတယ်။ Green anole ပုတ်သင်က အရောင်ပြောင်းတယ်။ အညိုရောင်လဲဖြစ်နိုင်တယ်။

ဦးနှောက်-ကိုယ်ခန္ဓာအချိုးအစားတိုင်းတာနည်းရှိတယ်။ ကိုယ်ခန္ဓာကြီးတိုင်း ဦးနှောက်ကြီးတယ်ဆိုတာ ယေဘုယျသာ မှန်တယ်။ ဥပမာ ဆင်ဆိုရင် ဦးနှောက်အရွယ်က ကိုယ်အရွယ်အစားနဲ့ မမျှဘူး။ အသိဥာဏ်ကတော့ ကောင်းပါတယ်။ ဒေါ်လဖင်တွေမှာ ဦးနှောက်-ကိုယ်အလေးချိန်အချိုးအစားမှာ အမြင့်ဆုံးဖြစ်လို့ ဆင်တွေလိုပဲ ဥာဏ်ကောင်းတယ်။ ပုတ်သင်တွေ၊ တချို့လိပ်တွေလည်းအဲလိုပဲ။

ငှက်တွေထဲမှာ Parrots ကြက်တူရွေး၊ Crows ကျီးကန်းနဲ့ Magpies ငှက်ကျား၊ Jays ဖွတ်ကုလား၊ Ravens ကျီးနက်ကြီးငှက်တွေက ဥာဏ်ကောင်းကြတယ်။

Octopuses ရေဘဝဲ၊ Jumping spiders ပင့်ကူတွေကလည်း ဥာဏ်ကောင်းတယ်။ Sharks ငါးမန်းတွေဟာ ငါးတွေထဲမှာ ဥာဏ်အကောင်းဆုံးဖြစ်တယ်။ Whales ဝေလငါးတွေက ဆင်တွေလို ကိုယ်ခန္ဓာအချိုးနဲ့စာရင် ဦးနှောက်သေးတယ်။ သက်ရှိသတ္တဝါမှန်သမျှထဲမှာ နို့တိုက်သတ္တဝါတွေကဦးနှောက်ဥာဏ်အကောင်းဆုံးဖြစ်တယ်။ Sperm whale အမျိုးအစား ဝေလငါးမှာ ဦးနှောက်က 7 kg (17.5 pounds) လေးတယ်။ Blue whale အမျိုးအစားဝေလငါးမှာ ဦးနှောက်က 5 kg (12.5 pounds) လေးတယ်။

ဦးနှောက်အရွယ်အစားကြီးတာထက် နူရုန်း အရေအတွက်ကပိုပြီးအရေးပါတယ်။ သစ်သီးယင်ကောင်ကတော့ တိရစ္ဆာန်တွေထဲမှာ အငယ်ဆုံးဦးနှောက်ရှိတယ်။ နူရုံးခေါ်တဲ့ အရုံကြောဆဲလ်တွေ စုစုပေါင်း ၂ သိန်းခွဲသာရှိတယ်။ ရေဘဝဲ ဦးနှောက်ထဲမှာ နူရုန်းအကြီးစားပေါင်း သန်း ၅ဝဝ ပါတယ်။ လူ့ဦးနှောက်မှာ နူရုန်းအသေးစားပေါင်း ၁ဝဝ ဘီလီယန်ပါတယ်။

ဆင်ဦးနှောက်က 4.78 kg (10.5 pounds) လေးတယ်။ ကိုယ်အလေးချိန်ရဲ့ ဝ့၁% သာရှိတယ်။ Gorilla gorilla beringei ဂေါ်ရီလာတွေဦးနှောက်က 430 g (0.95 pounds) လေးတယ်။ Chimpanzee ချင်ပန်ဇီတွေဦးနှောက်က 350 g (0.77 pounds) လေးတယ်။ Mouse lemur (Microcebus murinus) ကြွက်အမျိုးဦးနှောက်က 2 g (0.004 pounds) သာလေးတယ်။  Walrus (Odobenus rosmarus) အစွယ်ပါပင်လယ်ဖျံဦးနှောက်က 1.1 kg (2.4 pounds) လေးတယ်။ အိမ်မွေးကြောင်ဟာ 30 grams (0.06 pounds) လေးရင် ဦးနှောက်က တောကြောင်ထက် 23.9 % ပိုပေါ့တယ်။ ခွေးဦးနှောက်ဟာ Wolf မြေခွေးဦးနှောက်ထက် 29 % ပိုပေါ့တယ်။ ဒေါ်လဖင်တကောင်ဟာ 120 kg (280 pounds) လေးရင် သူ့ဦးနှောက်ဟာ 1.7 kg (4 pounds) လေးတယ်။ ချင်ပန်ဇီတကောင်ထက် ၃ ဆပိုတယ်။

လူ့ဦးနှောက်ဟာ 2.7 pounds (1.2 kg) လေးတယ်။ 1.1 - 1.4 kg ဆိုရင်ပုံမှန်ဖြစ်တယ်။ ကိုယ်အလေးချိန်ရဲ့ ၂% ရှိတယ်။ ယောက်ျားတွေဦးနှောက်က မိန်းမတွေထက် 100 grams (0.3 pounds) ပိုလေးတယ်။

ဒေါက်တာတင့်ဆွေ

Brain Facts ဦးနှောက်၏ ကိန်းဂဏန်းများ

• 3 = အလေးချိန် = (၃)ပေါင်။
• 4 to 6 = အောက်စီဂျင်မရဘဲ ရှင်နိုင်သည့်အချိန် = (၄-၆)မိနစ်။
• 8 to 10 = သွေးကုန်သဖြင့်သတိမလစ်မီ ရရှိသည့်အချိန် = (၈-၁ဝ)စက္ကန့်။
• 10 to 23 = နိုးနေသည့်အချိန်၌ အသုံးပြုသောလျပ်စစ်စွမ်းအင် (၁ဝ-၂၃)ဝပ်။
• 20 = လှည့်ပတ်နေသောသွေး နှင့် အောက်စီဂျင်၏ ဦးနှောက်သို့ လာသောရာခိုင်နှုန်း = (၂ဝ)
• 100,000 = ဦးနှောက်ထဲရှိသည့် သွေးကြောများအား ဆန့်တန်းလျင် ရှည်သည့်မိုင်ပေါင်း = (၁ဝဝဝဝဝ)မိုင်။
• 1,000 to 10,000 = (နူရုန်း) တခုတွင်ရှိသည့် (ဆင်နက်ပ်စစ်)ပေါင်း = ၁ဝဝဝ - ၁ဝဝဝဝ။
• 100 billion = (နူရုန်း) စုစုပေါင်း = ၁ဝဝ ဘီလီယန်။

(ဆင်နက်ပ်စစ်) = ဦးနှောက်နှင့်အာရုံကြောများ အလုပ်လုပ်ရာတွင် ဤနေရာ၌ ကူးလူးဆက်ဆံရသည်။
(နူရုန်း) = ဦးနှောက်နှင့် အာရုံကြောများ၏ အသေးဆုံးယူနစ် (ကလပ်စည်း)။

ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် မတူခြားနားတယ်။ ယောက်ျားဦးနှောက်မှာ ရှေ့ဖက်ကနေ နောက်ဆက်ဆီသွားလမ်းရှိပြီး ဘယ်နဲ့ညာ ကြားဖြတ်တာတွေရှိတယ်။ မိန်းမဦးနှောက်မှာ ဘယ်နဲ့ညာ ကန့်လန့်ဖြတ်သွားလမ်းတွေ ရှိတယ်။ ဒါကိုကြည့်ရင် ယောက်ျားတွေက လေ့လာသင်ယူမှုမှာ အားကောင်းကြပြီး၊ တခုတည်းသောကြွမ်းကျင်မှုကိုလုပ်ဆောင်နိုင်ကြတယ်။ ဥပမာစက်ဘီးစီးတာ၊ ခရီးလှည့်လည်တာမျိုး။

မိန်းမတွေကတော့ တာဝန်အများကိုလုပ်ဆောင်နိုင်စွမ်းရှိကြတယ်။ အမျိုးသမီးတွေက အာရုံစူးစိုက်မှု၊ စကားလုံးဝေါဟာရ၊ လူမှုရေးရာတွေမှာ ပိုသာကြတယ်။ အမျိုးသမီးတွေက သုံးဖက်မြင်ရှုတာမျိုးနဲ့ အာရုံခံ + ကြွက်သာလှုပ်ရှားမှု မြန်နှုန်းမှာ ပိုသာကြတယ်။ ပင်ဆယ်လ်ဗေးနီးယား ပညာရှင်တွေက တွေ့ရှိလာတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Blood Type Incompatibility သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း

အသက် ၃ဝ/မ၊ ၁၂ လပိုင်းမှာအိမ်ထောင်ပြုပါတယ်။ ကိုယ်ဝန်နဲ့ပါဆရာ။ DD က13.10.2016 ပါ။ သွေးအမျိုးအစားက O+ ပါ။ အမျိုးသားရဲ့သွေးအမျိုးအစားက A ပါ။ OG က ကလေးကိုအသားဝါတတ်တယ်လို့ ပြောပါတယ်။ သွေးအမျိုးအစားကြောင့်လား။ ဘာကြောင့်လဲသိချင်ပါတယ်။ ကလေးအသားဝါရင် စိုးရိမ်ရလားသိချင်လို့ပါ။ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။ တခါမှမမေးဖူးလို့အမှားပါရင်ခွင့်လွှတ်ပါဆရာ။ ကျေးဇူးတင်ပါတယ်။

သွေးအုပ်စုဆိုတာ A-B-O နဲ့ Rh ဆိုပြီး ၂ မျိုးခွဲရတယ်။ အဆင်မသင့်ရင် မွေးလာတဲ့ကလေးမှာ အသားဝါတတ်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ မိခင်ဆီက သွေးနီဥတွေဟာ အချင်းကနေတဆင့် ကလေးဆီရောက်နိုင်တယ်။ အဲလိုဖြစ်ရင် မိခင်မှာ အင်တီဘော်ဒီဆိုတာ ထွက်လာမယ်။ အဲတာကနေ ကလေးကိုတိုက်ခိုက်သလိုဖြစ်မယ်။ Jaundice အသားဝါစေမယ်။ ကလေးမွေးကာနီးမှာ ဖြစ်နိုင်ခြေအများဆုံးကာလဖြစ်တယ်။ auto-immune response လို့ခေါ်တယ်။ သွေးထဲမှာ ဘီလီရူဘင်များနေတာကို Hyperbilirubinemia လို့ခေါ်တယ်။

A-B-O incompatibility ခေါ်မတည့်ခြင်းဟာ ဒီလိုအခြေအနေတွေမှာဖြစ်နိုင်တယ်။
၁။ မိခင်သွေး O နဲ့ ကလေးသွေး B, A, or AB
၂။ မိခင်သွေး A နဲ့ ကလေးသွေး B or AB
၃။ မိခင်သွေး B နဲ့ ကလေးသွေး A or AB

Rh incompatibility ဆိုတာကတော့
မိခင်သွေး Rh-negative နဲ့ ကလေးသွေး Rh-positive ဆိုရင်ဖြစ်နိုင်တယ်။ ဒီလိုမသင့်တာက နောက်ကိုယ်ဝန်တွေမှာ ပိုဆိုးတယ်။ ဆောရီး။

အဲလိုမဖြစ်အောင် ကိုယ်ဝန်ဆောင်ရင် သွေးစစ်ရမယ်။ Rh incompatibility ဖြစ်နေရင် ကိုယ်ဝန် ၂၈ ပတ်မှာ Rh-immune globulin ကုသမှုခံယူရမယ်။ ကုသမှုမလုပ်ရင် ကလေးအသားဝါတာများပြီး ဦးနှောက်ကိုထိခိုက်နိုင်တယ်။ ဆောရီး။

မွေးလာတဲ့ကလေးကို Hydration ဆေးရည်သွင်းတာနဲ့ Phototherapy အလင်းရောင်ပေးကုတာ လုပ်ပေးရတယ်။ Biliblankets နည်းလည်းရှိတယ်။ ကလေးအသားဝါစေမဲ့ Bilirubin ဘီလီရူဘင်ကိုရှင်းပေးတာဖြစ်တယ်။

လေ့လာမှုတခုမှာ ကလေး ၁၈့၅% မှာ အသားဝါကြတယ်။ O Positive ကလေးတွေမှာ ၃၈% ဖြစ်တယ်။ ၆၂% က တခြားသွေးအုပ်စုကလေးတွေမှာဖြစ်ကြတယ်။

မိဘတွေကရဲ့သွေးအမျိုးအစားတွေကနေ သားသမီးတွေမှာ ဖြစ်လာနိုင်တဲ့ သွေးအမျိုးအစားများ
မိဘသွေးအုပ်စု = သားသမီး
(အေ) + (အေ) = (အေ) နှင့် (အို)
(အေ) + (ဘီ) = (အေ)၊ (ဘီ)၊ (အေဘီ) နှင့် (အို)
(အေ) + (အေဘီ) = (အေ)၊ (ဘီ) နှင့် (အေဘီ)
(အေဘီ) + (အေဘီ) = (အေ)၊ (ဘီ) နှင့် (အေဘီ)
(ဘီ) + (ဘီ) = (ဘီ) နှင့် (အို)
(ဘီ) + (အေဘီ) = (အေ)၊ (ဘီ) နှင့် (အေဘီ)
(အို) + (အို) = (အို)
(အေ) + (အို) = (အေ) နှင့် (အို)
(ဘီ) + (အို) = (ဘီ) နှင့် (အို)
(အေဘီ) + (အို) = (အေ) နှင့် (ဘီ)
(Rh +) + (Rh -) = (Rh +) နှင့် (Rh -)
(Rh -) + (Rh -) = (Rh -)
(Rh +) + (Rh +) = (Rh +) နှင့် (Rh -)

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Hydrosalpinx သားအိမ်ပြွန်ရောဂါ

ဆရာရှင့် ရိုသေစွာမေးမြန်းလိုပါသည်။ ကျွန်မညီမက သားအိမ်ဘေးမှာရေအိတ်တည်လို့ (၅.၅ စင်တီမီတာ) မှန်ပြောင်းနဲ့ခွဲထားတာ ၇ လပိုင်း ၁၄ ရက်နေ့ကပါ။ သူဆေးရုံကဆင်းပြီး ၂ ပတ်လောက်အကြာမှာ ဗိုက်ပြန်အောင့်တာနဲ့ ultrasound ရိုက်ခိုင်းပြီး ပြန်ကြည့်တော့ ပြည်ဖတ်တွေတွေ့တာနဲ့ ၈ လပိုင်း ၁ ရက်နေ့မှာ ပြန်ခွဲပါတယ်။ ဒီတစ်ခါ မှန်ပြောင်းနဲ့ခွဲတာ မဟုတ်ပါ။ အခုတခါ ဗိုက်နဲနဲပြန်အောင့်နေတာနဲ့ ဆေးခန်းပြပြီး ultrasound ပြန်ရိုက်ကြည့်ခိုင်းတော့ ရေအိတ် ၁ဝ စင်တီမီတာ ထပ်တွေ့ပါတယ် သူ့ BOC မှာ ကင်ဆာမတွေ့ပါဆရာ။ ကျွန်မတို့အနေနဲ့ သူ့ကိုထပ်မခွဲစေလိုပါ။ သူ့မှာခံနိုင်ရည်အား မပြည့်ဝသေးလို့ပါဆရာ။ သူကအပျိုပါရှင့်။ အသက် ၂၃ နှစ်ပါ။ ရေအိတ်စဖြစ်တာ ၁ နှစ်ကျော်လောက် ရှိပါပြီဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါသည်။ ကျေးဇူးအထူးတင်ပါသည်။

အသက်နဲ့ အိမ်ထောင်ရေးကို အရင်ဆုံးရေးဘို့ မေးနည်းစည်းကမ်းမှာပါတယ်။ နောက်မှရေးတော တခါထပ်ဖတ်ရတယ်။
အာလ်ထွာဆောင်းအဖြေ (ပုံ မဟုတ်) မှာ ဘာရေးထားလဲ။ သားအိမ်လား၊ မျိုးဥအိမ်လား။

ဆရာရှင့် ကျွန်မ ရေအိတ်ဘယ်မှာဖြစ်တာလဲသိပ်နားမလည်လို့ ပုံပို့ပေးလိုက်ပါသည်ရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ တအိမ်သားလုံးလဲ စိတ်ပူနေလို့ပါရှင့်။

ရေအိတ်မဟုတ်ပါ။ သားအိမ်ပြွန်မှာ အရည်အောင်းတဲ့ရောဂါဖြစ်တယ်။ သားအိမ်ပြွန်ပိတ်နေမယ်။ ကလေးရဘို့ခက်မယ်။ နှစ်ဖက်လုံးဖြစ်တာက ပိုများတယ်။ သားအိမ်ပြွန်ထိပ်မှာ လက်ချောင်းလေးတွေလိုရှိလို့ အဲတာတွေကရောင်ရာကနေ ပိတ်စေတာဖြစ်တယ်။ ထွက်နေတဲ့အရည်တွေ စီးလျှောက်တာမလုပ်နိုင်ပဲ အရည်အိတ်ဖြစ်လာမယ်။ တွယ်ကပ်မှုတွေလည်း ဖြစ်တယ်။

ဘာလို့ဖြစ်သလည်း။ (PID) ခေါ် တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ရာကနေဖြစ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ ကလီမီးဒီးယားနဲ့ ဂနိုးရီးယားပိုးတွေကနေဆက်ဖြစ်တာများတယ်။ တီဘီပိုးကနေ ဖြစ်တာက အလွန်ရှားတယ်။ တချို့မှာ ပြွန်ပိတ်မနေပါ။ ဘာလို့ဖြစ်သလည်း၊ အရင်က ဗိုက်ထဲမှာကလေးဆုံးဘူးတာ၊ အင်ဒိုမီထရီယိုးဆစ် ခေါ် သားအိမ်ရောဂါ၊ ဗိုက်ခွဲဘူတာ၊ စတာတွေကို စဉ်းစာနိုင်တယ်။ ခွဲစိတ်ကုသမှု၊ ကင်ဆာရောဂါတွေကနေလည်း အခုရောဂါကိုဆက်ဖြစ်စေနိုင်တယ်။

ခံစားရမှာတွေက မတူကြပါ။ အများစုမှာ ဗိုက်အောက်ပိုင်း မကြာမကြာနာမယ်။ ကလေးမရလို့ စစ်ဆေးရင်းသာ တွေ့တဲ့သူလည်း ရှိတယ်။ သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်စေနိုင်တယ်။ Tuboovarian abscess (TOA) သားအိမ်ပြွန် ပြည်တည်နာလည်း တွဲရှိနေနိုင်တယ်။

Hydrosalpinx ကို အာလ်ထွာဆောင်းနဲ့သိမယ်။ လိုအပ်ရင် hysterosalpingogram (HSG) လုပ်ရမယ်။ လိုအပ်ရင် Laparoscopy ဗိုက်ထဲကရိယာထည့်ကြည့်မယ်။

ကာကွယ်ဘို့က တင်ပါးဆုံတွင်းအင်္ဂါတွေကို မရောင်စေဘို့ပဲ။

ကုသဘို့မှာ အနာသက်သာဆေးတွေသောက်ရတယ်။ Salpingostomy ခွဲစိတ်ရမယ်။ Adhesiolysis တွယ်ကပ်နေတာတွေကို ရှင်းပေးရတယ်။ ကံတော့မကောင်းပါ၊ ကလေးရဘို့ခက်ပြီ။ IVF နည်းနဲ့တော့ ကလေးရနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Baby movements ဗိုက်ထဲကကလေးလှုပ်ခြင်း

မင်္ဂလာပါဆရာ သမီးမေးပါရစေ။ သမီးအသက် ၂၁ နှစ်ပါ။ သမီးရဲ့ကိုယ်ဝန်က ၈ လထဲမှာပါဆရာ။ ကလေးလှုပ်တာ သိချင်ပါတယ်။ ဆရာ အိုဂျီကပြောပါတယ် ကလေးလှုပ်တဲ့အရေအတွက်ကို မှတ်ထားခိုင်းပါတယ်။ တခါလှုပ်ရင် ၃ ကြိမ်၊ တနေ့ ၁၂ ကြိမ်လှုပ်ရမယ်တဲ့။ ဒါပေမယ့် ၂၉ရက်နေ့ထိ ကလေးကသိပ်မလှုပ်ဘူးဆရာ။ သေချာစောင့်ကြည့်ပါတယ်။ မလှုပ်ဘူးရှင့်။ မနက်တခါ ညအိပ်ရာဝင်တခါလောက်ပဲလှုပ်တာ ၅ ရက်ရှိပါပြီ။ အဲ့ဒါ စိုးရိမ်ရတယ်ပြောပါတယ်။ ဘာတွေ စိုးရိမ်ရလဲ သိချင်ပါတယ်ဆရာ။ ကလေးအလှုပ်နည်းတာ ဘာကြောင့်လည်း သိချင်ပါတယ်ရှင့်။ ပြီးတော့ ကလေး နှလုံးခုန်သံစမ်းတာအရင်တပတ်က ၁၄၈ ရှိပါတယ်။ ဒီတပတ်စမ်းတာ ၁၄၄ ပဲရှိတယ်။ ပုံမှန်အဲ့လောက်ပဲလားဆရာ။ အရမ်း စိုးရိမ်လို့ ပြန်လည်ဖြေပေးပါနော်ဆရာ။

မေးခွန်းထဲက � ၈၂ ခုကို ဖျက်ပြီးဖတ်ရတယ်။ တစ် ၅ ခုကို ဖယ်လိုက်ပါတယ်။

ကိုယ်ဝန် ၅ ပါတ်ရှိရင် အထဲကကလေး နှလုံးစခုန်နေပြီ။ ခုန်ကာစမှာ အမေလို တမိနစ်မှာ ၈ဝ-၈၅ ခုန်ရာကနေ တရက်မှာ ၃ ခါတိုးနှုန်းနဲ့ မြန်မြန်လာတယ်။ ၉ ပါတ်ရှိရင် ၁၇၅ အထိရှိလာတယ်။ ဒိနောက် ပြန်နှေး လာတယ်။ ပုံမှန် Fetal heart rate ဗိုက်ထဲကလေး နှလုံးခုန်နှုန်း တမိနစ်မှာ ၁၂ဝ-၁၈ဝ ရှိတယ်။ မွေးစကနေ ၆ လကလေး = ၁၃ဝ၊ တနှစ်သား = ၁၂ဝ၊ ၃-၆ နှစ်သား = ၁ဝဝ၊ ၈ နှစ်သား = ၉ဝ၊ ၁၂ နှစ်သား = ၈၅၊ လူကြီး = ၆ဝ-၁ဝဝ။

ကိုယ်ဝန်ဆိုတာ ဆန်းကြယ်တယ်။ မတူကြပါ။ တယောက်တည်းမှာတောင် အရင်ကိုယ်ဝန် နောက်ကိုယ်ဝန် မတူတတ်ပါ။ သူများတွေဖြစ်တာ ကိုယ့်မှာမဖြစ်တာနဲ့တော့ အစိုးရိမ်မကြီးပါနဲ့။

ကိုယ်ဝန် ၁၆ ပတ်ကနေ ၁၉ ပတ်မှာ မသိသာကလေးလှုပ်တာသိလာမယ်။ သားဦးကိုယ်ဝန်က နောက်ကျမှသိတာ များတယ်။

ကိုယ်ဝန် ၂ဝ ပတ်ကနေ ၂၃ ပတ်မှာ ကလေးလှုပ်တာသန်လာပြီ။ ကန်တတ်ပြီ။ ကလေးကြို့ထိုးတယ်လို့ တချို့ပြောတယ်။

ကိုယ်ဝန် ၂၄ ကနေ ၂၈ ပတ်မှာ ရေမြွာရည်က 750ml (26fl oz) ရှိလာလို့ ကလေးမှာနေရာချောင်လာတယ်။ လှုတ်တာ ပိုများလာမယ်။ သတိထားတတ်ရင် ကလေးကိုယ်လှုတ်တာနဲ့ ခြေကန်တာခွဲခြားသိမယ်။

ကိုယ်ဝန် ၂၉ ကနေ ၃၁ ပတ် လှုပ်ရှာမှု ငြင်သာမယ်။ သတ်သတ်မှတ်မှတ် သိသာလာမယ်။ ကန်ချက်ပြင်းမယ်။ ဗိုက်နာချင်သလိုဖြစ်လာမယ်။

ကိုယ်ဝန် ၃၂ ကနေ ၃၅ ပတ်မှာ ကလေးကလှုပ်တာအများဆုံးဖြစ်လာပြီ။ ဒီရက်တွေနောက်မှာတော့ ကလေးလှုပ်တာ နည်းလာမယ်။ လှုပ်ပုံလှုပ်နည်းပြောင်းလာမယ်။ ငြင်သာပြီး တာရှည်တယ်။ သူလှုပ်ရှားချိန်က ဘယ်အချိန်မျိုးလို့ မှတ်ထားလို့ရလာမယ်။

ကိုယ်ဝန် ၃၆ ကနေ မွေးတော့မဲ့ ၄ဝ ပတ်အထိ အရင်လောက်မလှုပ်တော့ပါ။ ကန်တာလည်း နည်းလာပြီ။ တချက်တချက်သာ ကန်မယ်။ လက်ကနေလက်သီးထိုးသလိုဖြစ်မယ်။ မိခင်လောင်းနာနိုင်တယ်။

Photo shows Bronze figure of a pregnant naked woman by Danny Osborne, Merrion Square အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့၊ မာရီယွန် စကွဲယားပန်းခြံထဲက အဝတ်အစားမပါ ကိုယ်ဝန်ဆောင်ကြေးရုပ်တု

ဒေါက်တာတင့်ဆွေ
၂၉-၈-၂ဝ၁၆

Sunday, August 28, 2016

My Writings စာတွေကို ဘာလို့ ဘယ်လိုရေးသလဲ


My Writings စာတွေကို ဘယ်လိုရေးသလဲ

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကစာ)

ကျွန်တော်က စာတွေရေးဖြစ်တာ မကြာသေးပါ။ ဆေးစာတွေကို ဘာသာပြန်ရင်းကနေ စရေးဖြစ်လာတာပါ။ နောက်မှာ ကိုယ်လုပ်ခဲ့တဲ့နိုင်ငံရေးတွေ ရေးဖြစ်လာတယ်။ စိတ်ထဲပေါ်တာ ပါလာပြန်ရော။ ဘဝဇာတ်ကြောင်း တိုတိုတိတိ မေးလာတာရှိတဲ့အခါရေးပြန်ပါတယ်။

ခုဆိုရင် ပုဒ်ရေထောင်ကျော်လာတော့ တချို့က ကျွန်တော့်ကို စာရေးဆရာထင်လာကြပြန်ရော။ တန်းမဝင်ပါ။ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်အောင်လုပ်တဲ့ ကြိုးပမ်းမှုလဲ မလုပ်ပါ။ ကာရန်သင့်တာလေးတွေနဲ့ ခပ်တိုတိုရေးတော့ ကဗျာလို့ နာမည်တပ်မရ။ ကိုယ့်ကိုယ်ကို သိပ်နှိမ့်ချတာမဟုတ်၊ အသားလိုလို့ အရိုးတောင်းတာ မလုပ်ပါ။

ရသဆိုတာ စာရဲ့ပေတံလို့သဘောထားကြတယ်။ ကျွန်တော်က အဲလို ရသပေါ်အောင် ရေးနိုင်ဘို့မကြိုးစားပါ။ ကြိုးစားရင် အတန်အသင့်တော့ ဖြစ်မလားမပြောတတ်။ ကိုယ်ရေးတဲ့စာကို ဖတ်လိုက်သူမှာ တခုခုရစေချင်တယ်။ အဲဒီတခုခုဟာ အတုံးလိုက်အတစ်လိုက် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အချက်အလက် အမှန်တော့ဖြစ်တယ်။ အချက်အလက် မှန်ချင်မှမှန်မှာ မဟုတ်တဲ့ ဝတ္ထုတွေလို စိတ်ကူးကောင်းကောင်းနဲ့ ဖွဲ့နွဲ့ပြီး မရေးချင်ပါ။ ဝတ္ထုတွေကို မကြိုက်တာလဲ မဟုတ်ပါ။ သိပ်ကိုစိတ်ကူးယဉ်လွန်းတာမျိုးကိုလဲ အကြိုက်စာရင်းထဲမှာ မထည့်ချင်ပါ။ နာမည်ကြီးလို့ဆိုပြီးလည်း လိုက်မကြိုက်နိုင်ပါ။

ရသမဟုတ်ရင် သုတလို့သတ်မှတ်ကြတယ်။ သုတရေးတာကို ဆောင်းပါးလို့ ခေါ်ကြတယ်။ ကျွန်တော့်စာတွေကို ဆောင်းပါးလို့၊ အာတီကယ်လို့၊ အက်ဆေးလို့ မပြောပါ။ စာများလို့သာ ခေါင်းစဉ်တပ်ထားပါတယ်။

စာရေးဆရာ၊ ကဗျာဆရာ၊ ဂီတသမား၊ အနုပညာသမားတွေဟာ သူ့နယ်ပယ်မှာသူတို့ တစိုက်မတ်မတ်ရှိကြရတယ်။ စားလဲသည်စိတ်၊ အိပ်လဲသည်စိတ်။ အဲလိုဖြစ်မှလဲ နက်နဲတာမျိုးကို ထုတ်ကုန်အဖြစ်ထွက်နိုင်မဲ့သဘောလို့ ထင်ပါတယ်။ ဒါပေမဲ့ နက်နဲလွန်းတာမျိုးကြရင် သူတို့လိုလူမျိုးမဟုတ်သူတွေက နားမလည်ကြတော့ဘူး။ သူတို့ အချင်းချင်းသာ ငြင်းခုန်နေကြတာမျိုး မဖတ်ချင်ပါ။ အဲလိုကောင်းလွန်းတာ (အောက်ခြေလွတ်တာ) မျိုးကို မကြိုက်ပါ။ တန်ဘိုးတော့ ရှိမှာပေါ့။ ကျွန်တော်က အားမကျပါ။

နိုင်ငံရေးမှာတော့ တချို့ သဘောတရားတွေဆိုရင် သမိုင်းတန်ဘိုးထက်မပိုတော့တာတွေ ရှိပါတယ်။ ခေတ်အလိုအရ တန်ဘိုးကျလာတဲ့သဘောဖြစ်တယ်။ ဝါဒဖြန့် အရေးအသားမျိုးကို လက်မခံပါ။ လက်တွေ့မျက်မြင်ကို ရေးချင်တယ်။ ဘဝသရုပ်ဖေါ်စာမျိုးကို အားပေးကြတယ်။ ဆင်းရဲသူတွေအကြောင်းရေးတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်းက စားစရာမရှိအောင်ဆင်းရဲနေကြတာလဲ မဟုတ်ပါ။ ဒီမိုကရေစီမှာ သိပ်ဟောင်းတာကိုလဲ အများစုကမကြိုက်ကြပါ။ လူတိုင်းကလဲ ဆန်းချင်နေကြတာလည်း မဟုတ်ပါ။

စာကိုအလေးအနက်ဖတ်သူ နည်းရင် ဝါဒဖြန့်တာကို အလွယ်နဲ့ယုံကြတော့တယ်။ ပြုပြင်ရေးလို ရေးသူတွေ၊ ဖတ်သူတွေ များစေချင်တယ်။ အချက်အလက်ပါတဲ့ အမှန်တွေကို လူအများဖတ်ချင်လာအောင်ရေးတာမျိုး ကြိုက်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၄

Classic songs မရိုးနိုင်တဲ့ သီချင်းများ

မုံရွာ TOP ကျောင်းမှာ သီချင်းဆိုပြိုင်ပွဲပို့စ်တွေ တွေ့ပါတယ်။

ကျွန်တော်တို့ ပြည်ပနိုင်ငံရေးလုပ်ကြသူတွေ တခါက ဖိလစ်ပိုင်ကိုသွားကြရတယ်။ ကွန်ဖရင့်အိမ်ရှင်က ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Raul Manglapus (ရာအူးလ် မင်္ဂလာပတ်စ်) ဖြစ်တယ်။ သူက တေးဂီတမှာလည်းဆရာကြီး။ ညစာမစားခင်မှာ ကိုယ်ပိုင် (အော်ခက်စထွာ) တီးဝိုင်းနဲ့ ဧည့်ခံတယ်။ ဧည့်သည်တွေထဲက တနိုင်ငံတယောက်ကျ သီချင်းဆိုဘို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ မြန်မာ့အရေးအတွက်သွားကြသူတွေက ၁ဝ-၁၅ ယောက်လောက်ရှိမယ်။ မြန်မာပြည် အလှည့်မခေါ်ခင် တယောက်ပြီးတယောက် ထွက်သွားကြရော။ ထွက်မကောင်းလို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းရယ်၊ ကျွန်တော်ရယ်။ ပအိုဝ်အဖွဲ့က ဦးခွန်ဥက္ကာရယ်။ သုံးယောက်သာကျန်တယ်။ မြန်မာ့အဆိုတော်ကို ဖိတ်ခေါ်တော့ တယောက်ကိုတယောက် လက်တို့ကြတယ်။ တယောက်မှ သီချင်းဆိုတတ်သူကမပါ။ နောက်ဆုံးမှာ ခွန်ဥက္ကာက ကျွန်တော်တို့ စင်ပြိုင်အစိုးရကို ကယ်လိုက်ပါတယ်။ သူကပဲ စင်ပေါ်တက်ပြီး ပအိုဝ်ရိုးရာသီချင်းတပုဒ် (ဆိုလို) လုပ်ပါတယ်။ အခုထိ ကျေးဇူးတင်တယ်။

• နဂါးနီ၊ ရွှေညာဆီသွားမယ်၊
• စိမ်းမြလျှံခြယ်၊ အောင်ပင်လယ်၊

• မင်္ဂလာနံနက်ခင်း၊ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း၊
• အောင်ခြင်းရှစ်ပါး၊ မင်္ဂလာဆယ်နှစ်ပါး။
• ပြည်ထောင်စုသားများ ကျန်းမာချမ်းသာကြစေသား။

သုမောင် သီဆိုတဲ့ နဂါးနီ https://www.youtube.com/watch?v=OB3tsn-Uu9k

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၄
နံနက် ဝဝ နာရီ၊ ၅၃ မိနစ်။

Midwife သားဖွါးဆရာမ

ဆရာ့ ကျမက MW (သားဖွါးဆရာမ) ပါဆရာ။ အောက်ခြေဝန်ထမ်းတွေအပေါ်ထားတဲ့ ဆရာ့စိတ်ထားအတွက် မျက်ရည်ဝဲတဲ့အထိ ခံစားကျေးဇူးတင်တာပါဆရာ။ မြန်မာပြည်က MW တွေ အလုပ်တွေက လူနဲ့မမျှပါဆရာ။ ရှိသမျှ Project တွေအကုန်လုံး MW တွေလုပ်ရပါတယ်။ ဒါပေမဲ့ သားဖွါးဆရာမတွေမှာ စာရင်းဇယားနဲ့ပဲ အချိန်ကုန်နေပါတယ်။ ဗဟုသုလည်းနည်းနေပါပြီ အွန်လိုင်းကနေပဲကြည့်နေရတာပါဆရာ။ သင်ကြားပေးပါဆရာ။

ဆရာ အခုအခြေအနေတွေကို သိပ်မသိဘူး။ ပညာလိုချင်ရင်တော့ပြော။ ဆရာစာတွေ အများကြီးရေးထားတယ်။ ဆရာ ဒေလီမှာဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်းလေးမှာ လာကူညီကြမယ့်ဆရာမတွေကို စာသင်ပေးဘို့ ဆေးစာတွေကို ဘာသာပြန်ရာကနေ ဆေးပညာစာတွေရေးတယ်။ ကြာတော့ ခေါင်းစဉ်တွေကစုံလာတယ်။ မေးလာတာကိုဖြေရင်းနဲ့ အမေးအဖြေပါဖြစ်လာတယ်။ ကြာတော့ သဗ္ဗပေါင်းစုံ အကုန်ရေးဖြစ်လာတယ်။

သားဖွါးဆရာမရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က သားဖွါးပညာရပ်ကို ဆေးပညာနည်းကျ သင်ယူတတ်မြောက်ထားသူဖြစ်ပါတယ်။ သားဖွါးဆရာမတွေဟာ မွေးဖွားခြင်းဆိုင်ရာကျန်းမာရေးအတွက် ကာကွယ်ရေးနဲ့ ကုသရေးမှာ ရှေ့တန်းက နေကြရတယ်။ စိတ်ချရအောင်နဲ့ ကုန်ကျစရိတ်နဲ့မျှစေတာကို လုပ်ပေးကြရတယ်။

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွါးချိန်နဲ့ မွေးဖွါးပြီးကာလသုံးပါအတွက် အတတ်ပညာကို သင်ယူထားသူ ဖြစ်တယ်။ တချို့ နေရာတွေမှာ သားဖွါးခြင်းနဲ့တိုက်ရိုက်မဆိုင်တာကိုပါ လုပ်ရတယ်။ ဒါပေမယ့် မျိုးပွါးခြင်းနဲ့ပတ်သက်တဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုကိုသာ လုပ်စေတယ်။ ဥပမာ မီးယပ်ပိုင်းစမ်းသပ်ခြင်း၊ မိသားစုစီမံကိန်းနဲ့ သွေးဆုံးခြင်းကို ပြုစုပေးခြင်းတွေဖြစ်တယ်။ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာတော့ လူထုကျန်းမာရေးလုပ်သားတွေ လုပ်ရတာတွေကိုပါ လိုအပ်ရင်လုပ်စေတယ်။ အခုလက်ရှိမြန်မာပြည်ကလိုပေါ့။ အဲလိုလုပ်တာမှာ ကောင်းတာရော အားနည်းတာပါ ရှိတတ်တယ်။

မြန်မာပြည်မှာ အရင်ကတော့ သားဖွါးဆရာမကို တနှစ်ခွဲသင်တန်းပေးတယ်။ ဒိနောက်မှာ အလွတ်သင်ကျောင်းတွေက သင်တန်းကာလ အမျိုးမျိုးလုပ်လာတယ်။ အစိုးရခန့်သားဖွါးဆရာမတွေကို ကျေးလက်ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တိုက်နယ် ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တာဝန်ပေးတယ်။ သူတို့အပိုင်နယ်ဆိုတာ ရွာ ၄-၅ ရွာရှိတတ်တယ်။ သားဖွါးကိရိယာ တစုံထက်ပိုပြီး ထောက်ပံ့ပေးတာ မရှိပါ။

သားဖွါးဆရာမတွေလုပ်ကြရတဲ့ ကျန်းမာရေးစီမံချက်တွေက အများကြီးရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးကာကွယ်ဆေး ထိုးလုပ်ငန်းကတော့ သူတို့ရဲ့ ပင်မအလုပ်နဲ့ဆက်စပ်နေတယ်။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေက သွယ်ဝှိုက်ပြီးသာ ဆိုင်တယ်။ ကူးစက်ရောဂါ နှိမ်နင်းရေးထဲမှာ ရောဂါတွေကပေါင်းစုံတယ်။ တန်းစီရေးရင် စာအတော်ရှည်သွားမယ်။ ဝမ်းရောဂါ၊ တီဘီ၊ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗွီ။ စာရေးရတာက စာလုံးလေး ၂ လုံး ၃ လုံး၊ ရောဂါတွေက အကြီးစားတွေ။ လုပ်စရာတွေဆိုတာက တရက်တည်းပြီးမဟုတ်။ တလလည်းမဟုတ်။ တသက်စာအလုပ်။

သားဖွါးဆရာမတွေကို စီမံကိန်းအလုပ်တွေနဲ့ မနိုင်ဝန်ကိုထမ်းရတာကို လေ့လာဆန်းစစ်မှုလုပ်ရင် အကျိုးတွေနဲ့ အဆိုးတွေ တွေ့ပါမယ်။ သားဖွါးဆရာမတိုင်းကနေ မွေးလူနာတွေကို အကောင်းဆုံးလုပ်ပေးနိုင်စေချင်တယ်။ တောသူကိုယ်ဝန်ဆောင်တွေက မြို့သူတွေလိုခွဲမမွေးချင်ကြဘူး။ တောက သားဖွါးဆရာမတွေကလည်း မြို့ကအိုဂျီတွေလို ခွဲဘို့မလိုသူတွေကို ခွဲတာမျိုးမလုပ်တတ်သူတွေဖြစ်ကြတယ်။

သူများတွေက (အာလ်ထွာဆောင်း သရီး-ဒီ၊ ဖိုး-ဒီ) တွေနဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ပေးနေချိန်မှာ ဆရာမတို့မှာ (ထရမ်းပ်) ခေါ် သတ္တုအော်လံလေးနဲ့ လုပ်ပေးနေကြရတယ်။ သားဖွါးဆရာမတွေကိုပေးထားတဲ့ မလွဲမသွေလိုတဲ့ပစ္စည်း ကိရိယာတွေ မစုံဘူးလို့ပြောကြတယ်။ တခါသုံးလက်အိတ် အလုံအလောက် ရှိကြရဲ့လား။ တောမှာ HIV နဲ့ ဘီပိုး မစစ်ကြတာများတော့ ပိုးရှိနေတဲ့လူနာဆီကနေ သားဖွါးဆရာမတွေ ကူးစက်ခံရနိုင်တယ်။ (ဘီ) ပိုးကာကွယ်ဆေးတော့ ထိုးထားကြ။ (စီ) ပိုးကလည်း သွေးကနေကူးတာ။ ကာကွယ်ဆေးမပေါ်သေးဘူး။ ကံတရားသာ အားကိုးကြ။ HIV အရေးပေါ်ကာကွယ်နည်းလည်း လက်လှမ်းမီအောင် လုပ်ထားကြ။ အဲတာတွေကတော့ ကိုယ့်အိတ်စိုက်ပဲ။ ဆရာလည်း ဆောရီးပဲတတ်နိုင်သေးတယ်ဆရာမတို့ရေ။

ဓါတ်ပုံ = ၂၄-၈-၂ဝ၁၂ နေ့က ယမုန်နာဆေးခန်းမှာ မွေးလူနာတယောက်ကို ခက်ခက်ခဲခဲမွေးပေးကြစဉ်က

ဒေါက်တာတင့်ဆွေ

New books ဘုတ်အုပ်သစ်များ

စစ်တွေနဲ့နေခဲ့ရတဲ့တိုင်းပြည်မှာ တစ်တွေနဲ့သာရေးတတ်ကြတယ်။
စစ်တွေဆိုတာ မြို့ မဟုတ်။ တစ်တွေဆိုတာ နံပါတ်ဝမ်း မဟုတ်။
စာအုပ်သစ်တွေ ဘုတ်အုပ်သစ်တွေမှာ စလုံးတွေကများလှတယ်။
စလုံးဆိုတာ စင်္ကာပူမဟုတ်။ စသတ်ဟုတ်။
အဖြစ်ကတော့ တကျွန်းပြန်ကရေးလည်း စသတ်နေလိုက်တာ ဂျွမ်းကိုပြန်လို့။
ကျွန်းဆိုတာ ကျောက်ပြင်မဟုတ်၊ ကိုကိုးကျွန်ဟုတ်။
အမြစ်ကနေလှန်ပြလို့ ပုတ်သင်ဥပေါ်၊ ဘောင်းတော်ညိတ်၊ စိတ်တော်သိသူကများလှတယ်။ ဘောင်းတော်ညိတ်ဆိုတာ ဘုရားထူး အဘခေါ်သူဟုတ်။

မော်ဒန်စာရေးဆရာ၊ ကဗျာဆရာ၊ ထုတ်ဝေသူတွေရဲ့စာအုပ်တွေကို မော်ဒန်ကာတွန်းနဲ့ မလဲချင်တာဟုတ်။
မှတ်ချက်။ အဲလိုမြန်မာစာအုပ်တွေက (ကန်တော့ပါ) ပုဂံဘုရားတွေလို လက်ညှိုးထိုးမလွဲ များလှပေမဲ့ ပုံတင်ရမှာ အားနာလို့။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၆

Swallow and Barn swallow မိုးစွေငှက်နဲ့ မိုးစာငှက်

မိုးစာငှက်သည် ပျံလွှား၊ ဇီဝဇိုးငှက်တို့နှင့်အတူ အိပိုဒီးဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအမည်မှာ ဆစ်ပဆီအာရတ် ပါးဗတ် အင်ဖူးမေးတပ်ဖြစ်သည်။ အလျား ၅ လက်မရှိ၍ တကိုယ်လုံးတွင် ကျပ်ခိုးရောင်ထနေသည့် အညိုရောင်လွှမ်းနေသည်။

မိုးစွေငှက်သည် မိုးစာငှက်နှင့် အသွင်အပြင်ချင်း တူသော်လည်း ကိုယ်အနေအထားတည်ဆောက်ထားပုံချင်းမှာ အလွန် ကွဲပြားသည့်ပြင် မျိုးစဉ်နှင့် မျိုးရင်းချင်းလည်း မတူကြချေ။ မိုးစွေငှက်သည် ပက်ဆာရီဖောမီး မျိုးစဉ်နှင့် ဟီရန်ဒီဒီဒီး မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအမည်မှာ ဟီရန်ဒို ရတ်စတစ်ကား ဂရက်တူရာလစ်ဖြစ်သည်။ မိုးစွေငှက်သည် ပျံသန်းနေစဉ် တောင်ပံကို တခါတခါ အနည်းငယ် ပိတ်၍ပိတ်၍  ပျံတတ်သော်လည်း မိုးစာငှက်ကား မည်သည့်အခါမျှ တောင်ပံကို မပိတ်ချေ။

မှတ်ချက် -
ပါဏဗေဒကို နောင်မှာ ဇီဝဗေဒလို့ခေါ်လာတယ်။
လက်မကို လက္မလို့ရေးတာလည်း မမှားပါ။
တစ်ကိုယ်လုံးတွင်လို့ မရေးရပါ။
တစ်ခါတစ်ခါလို့ မရေးရပါ။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၆

Music သီချင်း ဂီတ

သီချင်းများရေးဖွဲ့ရာမှ တစတစနှင့် ဂီတလောက၌ ကဏ္ဍသစ်တရပ်ဖြစ်သော အော်ပရာခေါ် ဂီတဇာတ်ကို ၁၇ ရာစုနှစ်တွင် ဣတလီနိုင်ငံကပင်စ၍ ထွင်လိုက်ပြန်သည်။့ (မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၁၉)

တစ်စတစ်စနှင့် မဟုတ်။
ကဏ္ဍသစ်တစ်ရပ် မဟုတ်။

ကြာရင် (ဂီတ) ကနေ (ဂီတစ်) များဖြစ်လာလေမလာ့း့

မြမန်းဂီရိ တီး - စောင်းဦးမြင့်မောင်၊ ဆို - ရီရီသန် https://www.youtube.com/watch?v=TXlQ25QAn2k
မြမန်းဂီရိ ယိုးဒယား Mya Man Giri (Thailand tune) https://www.youtube.com/watch?v=HPwszPRGzj8

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

Deer hunter သုဝဏ္ဏသာမဇာတ်တော်ကား ဤသို့တည်း

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်အနီး၌နေသော ဒဂါမခေါ် ရွာတရွာတွင် တံငါသည်ကြီးတဦးရှိသည်။ ထိုရွာ၏တဖက်ကမ်းတွင်လည်း တံငါသည်ကြီးတဦးရှိလေရာ ထိုသူနှစ်ဦးတို့သည် မိတ်ဆွေဖြစ်ကြသည့်အလျောက် မိမိတို့၏သားနှင့်သမီးတို့ကို လက်ထပ်ထိမ်းမြားရန် ကတိထားကြလေသည်။ တယောက်သောအမျိုးသားအိမ်၌ ဒုကူလသတို့သားကို ဖွားမြင်၍ တယောက်သောအမျိုးသားအိမ်၌ ပါရီကာသတို့သမီးကို ဖွားမြင်သည်။ ထိုသူတို့ အရွယ်ရောက်သောအခါ ကတိရှိသည့်အတိုင်း ထိမ်းမြားပေးကြသည်။ သို့ရာတွင့့်

(မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၃)၊ စာမျက်နှာ (၁၅၈)
ရွာတစ်ရွာတွင် မဟုတ်။
တံငါသည်ကြီးတစ်ဦး မဟုတ်။
တစ်ဖက်ကမ်းတွင်လည်း မဟုတ်။
တစ်ယောက်သောအမျိုးသားအိမ်၌ မဟုတ်။

ရုပ်ပြစာအုပ်တွေမှာ သတ်ပုံတွေကို လိုသလိုပြင်ထားကြလို့ စာအုပ်နမူနာပုံတင်ရမှာ အားနာလို့ မတင်တော့ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

Saturday, August 27, 2016

Tamarind fruits မန်ကျည်းသီး သုံးဆောင်ပါဦး

ကျွန်တော့်ပို့စ်တခု = Tamarind tree ရွာထိပ်က မန်ကျည်းပင်

ကွန်မင့် (၁) = Phyu Phyu Tin Aung ကိုယ်ပျောက်နေတာ သူများပျောက်တယ် ထင်တတ်ကြတယ် ဟီးဟီး။ ဆရာ ကျမ်းမာနေဖို့ဘဲလိုပါတယ်၊ အန်တီရောပေါ့။

ကွန်မင့် (၂) = Win Thura Aung ကျွန်တော်ကတော့ ဆရာကို See first လုပ်ထားတော့ ဆရာကြီးရဲ့ Post တွေ နေ့တိုင်း တွေ့ရပါတယ်။ တနေ့တနေ့ အနည်းဆုံး Post သုံးခုလောက်တော့ တွေ့ရပါတယ်။

အဲတာနဲ့ ကိုယ်တနေ့မှာ ပို့်စ်ဘယ်နှစ်ခုရေးဖြစ်လဲ ကြည့်တယ်။ ကနေ့ ၂၇-၈-၂ဝ၁၆ မှာ အခုထိတင်ပြီးတာ
1. Osteoporosis အရိုးပွရောဂါ (သို့) အမေ့ရောဂါ
2. The exiles တက္ကသီလာ ပြည်ပမှာ
3. Pregnancy and Antihistamines ကိုယ်ဝန်နှင့် အအေးမိပျောက်ဆေး
4. Fake Goods အမှား အလကားမဝေပါနဲ့
5. Hyperprolactinaemia နို့ထွက်ဟော်မုန်းများခြင်း
6. English ဗိုလ်လိုပြောကြခြင်း
7. Tamarind tree ရွာထိပ်က မန်ကျည်းပင်
(၇) ခုရှိပြီ။ နေ့တဝက်ကျော်လောက်တော့ရှိပြီ။

၂၆-၈-၂ဝ၁၆ မနေ့ကတော့ -
1. Miscarriage Prevention ကိုယ်ဝန်မပျက်အောင်
2. Substandard စာရေးညံ့သူ
3. UN headquarters နယူးယော့ဖြစ်သွားသော နေပြည်တော်
4. တစ်မိုး မဟုတ်တဲ့ တင်မိုး
5. Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ
6. September စက်တင်္ဘာလ
7. Urinary Tract infection in women အမျိုးသမီး ဆီးအောင့်ခြင်း
8. Speaking skills စကားပြောနည်း ဆယ်မျိုး
9. ဒေါက်တာဂျော်နီ
10. FB language ဖေ့စ်ဘွတ်စာ
11. Venus de Milo ဗီးနပ်စ်ရုပ်တုကို လက်မတပ်ပါနဲ့
12. I miss Yamuna Clinic ကလေးမွေးမပေးရတာ နှစ်နှစ်ကြာပြီ
13. အဖြစ်ရှိ တစ်မရှိတဲ့ ဒေါက်တာသန်းထွန်း
14. Unity is bleeding အရေ့း့ ကြီးပြီ ညီနောင်အပေါင်းတို့
15. Bureaucrat နရသီဟပတေ့လက်ထက်က ဗျူရိုကရက်
16. B Vitamins ဗမာဗီတာမင်
17. Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း
18. Ferrovit ဖါရိုဗစ်
19. Semen Analysis သုက်ရည်ရဲ့ အရည်အသွေး
20. Cervical length သားအိမ်လည်ပင်းအရှည်
21. Pen name ကလောင်နာမည်
22. Abdominal Pain နာတယ်ဆိုတာ မကောင်းပါ
မနေ့က (၂၂) ခုရှိခဲ့တယ်။

မန်ကျည်းပင်အိုကြီးမှာ အသီးမတုံးသေးပါ။ အချိုသီးရော၊ အချဉ်သီးရော။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

English ဗိုလ်လိုပြောကြခြင်း

Tint Swe မောနင်း။
DrZaw Min အားဖတားနွန်း။
Tint Swe ဆေးကျောင်းမှာ ဗိုလ်လိုပြောခဲ့ရတာဆိုလို့ (ရက်တာ) ကို အဲဒီတခွန်းတည်းသာရှိလို့ အမှတ်တရ ပြောကြည့်တာ။

အင်္ဂလန်မှာနေသူနဲ့ ယူအက်စ်အေမှာနေသူ ဆေးမန်းသူငယ်ချင်းတွေ ဟယ်လို-ဟိုင်း လုပ်ကြတာပါ။

ကျွန်တော်တို့က (မဆလ) ခေတ်မှာ လူဖြစ်ရတာ။ ပညာတွင်းက နက်လှတယ်။ အင်္ဂလိပ်စာဆိုရင် အဝီစိတွင်းလောက်။ ဆေးစာအုပ်တွေက ဘာသာပြန်တာမရှိ။ စကားကြတော့ အင်္ဂလိပ်လိုတလုံးနှစ်လုံးပြောမိရင် ဗိုလ်ရူးအပြောခံရတယ်။ စာကြတော့ ဗမာလိုမရှိတာကို အင်္ဂလိပ်လိုမသင်ရ။

အဲဒီခေတ်က ဗမာနဲ့ မြန်မာ ဝိဝါဒကွဲစေတဲ့ပြဿနာသစ် မရှိသေးပါ။ အခုတော့ အင်္ဂလိပ်စာက မပေါက်မြောက် မြန်မာစာကတော့ ချောက်ထဲရောက်။

ရက်တာ = ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ကြီး

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၆

Pregnancy and Antihistamines ကိုယ်ဝန်နှင့် အအေးမိပျောက်ဆေး

၁။ ဆရာရှင့် ကျမအသက်၂၉ နှစ်ရှိပါပြီ။ ကိုယ်ဝန်ဆောင်တာ ၇ လထဲရောက်ပါပြီ။ ယခု ဖျားနာချောင်းဆိုးနှာစီး၍ OG မှ cefalexin, dextromethrophan, paradenk, bisolvan, cetrine ဆေးများပေးထားပါသည်ရှင့်။ သောက်တာ ၃ ရက် ရှိသွားပါပြီ။ ၄င်းဆေးများထဲမှ ကလေးအပေါ် side effect တခုခု ရှိမလားသိချင်ပါသည်ရှင့်။ ကိုယ်ဝန်ဆောင်များ ရှောင်သင့်သောဆေးများလည်း သိချင်ပါသည်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်။ ကျေးဇူးတင်ပါသည်ရှင့်။

၂။ ဆရာရှင့် ကိုယ်ဝန်ဆောင်တွေက Cetrine သောက်လို့ရပါလားဆရာ။ သားဦး ၂ လပါ။ အသက်က ၂၄ ပါ။ ယားဘုတွေထွက်နေလို့ပါဆရာ။

၃။ အအေးပတ်တာပါ။ အသက် ၃၁ နှစ်။ အမျိုးသမီး။ ၂ နှစ်အရွယ် သားတယောက်ရှိပါတယ်။ ဒုတိယ ကိုယ်ဝန် ၁၄ ပတ်ပါ။ အဖျား ၁ဝဝ ရှိပါတယ်။ မနေ့က ဆရာဝန်သွားပြတော့ အအေးပတ်တယ်ပြောတယ်။ Biogesic သောက်ခိုင်းတယ် ဆရာ။ အဲဒါသောက်ရင် ဗိုက်ထဲကကလေးထိခိုက်နိုင်လားရှင့်။

၎။ သမီးနာမည်က့ ပါ။ မန္တလေးမှာနေပါတယ်။ ကိုယ်ဆောင်စဉ် နှာခေါင်းပိတ်တာ ဘာမီတွန်သောက်လို့ရပါသလား။ အထဲကကလေးထိခိုက်မှာစိုးလို့ပါ။

၅။ ဆရာ ကိုယ်ဝန်ဆောင်စဉ် နှာမွှန်ဖျားနာဝေဒနာအတွက် ဘာမီတွန်၊ စီထဇင်း သောက်လို့ဖြစ်ပါသလားဆရာ။

၆။ ဆရာ ကိုယ်ဝန်ဆောင်စဉ် နှာမွှန် ဖျားနာဝေဒနာအတွက် ဘာမီတွန်၊ စီထဇင်းသောက်လို့ဖြစ်ပါသလားဆရာ။

အတိုဆုံးပြောရရင် ရပါတယ်။ Burmeton ဘာမီတွန်၊ Cetrizine စီထဇင်းတွေက Antihistamine (အင်တီဟစ်စတမင်း) ဖြစ်တယ်။ အိမ်သုံးဆေးလို လူသုံးများတယ်။ မသောက်ဘူးသူ မရှိပါ။ အများဆုံးက Allergic rhinitis နှာမွန်တာ၊ Cold အအေးမိတာနဲ့ Allergy (အလာဂျီ) ဖြစ်တာ၊ Pruritus ယားယံတာအတွက်သုံးတယ်။ သူ့တမျိုးတည်းဖြစ်ဖြစ် တခြား ဆေးတွေနဲ့ရောပြီးဖြစ်ဖြစ် ဥပမာ ချောင်းဆိုးပျောက်ဆေး။

(အင်တီဟစ်စတမင်း) မှာ အစပေါ်နဲ့ နောက်ပေါ်ဆိုပြီး အတန်းအစားခွဲထားတယ်။ အရင်ပေါ်ဆေးတွေက ကိုယ်ဝန်ဆိုရင် ပိုပြီးစိတ်ချနိုင်တယ်လို့ ပြောလို့ရတယ်။ နောက်ဆေးတွေက ပေါ်တာသိပ်မကြာသေးတော့ လေ့လာမှု နည်းသေးလို့ ယှဉ်ပြောရတာသာ ဖြစ်ပါတယ်။ စိတ်ချရရတယ်ဆိုပေမဲ့ တန်ဆေး၊ လွန်ဘေးဆိုသလို များသွားရင် အထဲကကလေးကို ထိခိုက်စေမလား သတိထားရတယ်။ နို့ထဲကိုလဲ နည်းနည်းလေးသာရောက်လာလို့ ကလေး နို့တိုက်နေတုံးလဲ သောက်နိုင်တယ်။ ဆေးက အိပ်ချင်တာကိုတော့ သိထားရမယ်။ စိုးရိမ်ချက်သာဖြစ်ပြီး တကယ်တန်း ကလေးမှာ ရောဂါရစေတာ မရှိသေးပါ။ သတိပေးချက်တခုက ကိုယ်ဝန် ၃ ပါတ်ကနေ ၁၁ ပါတ်အတွင်းမှာ သတိနဲ့သုံးပါတဲ့။

First-generation antihistamines ပဌမမျိုးဆက်ဆေးတွေက Brompheniramine, Chlorpheniramine, Dimenhydrinate, Diphenhydramine, Doxylamine, Hydroxyzine, and Pheniramine တွေဖြစ်တယ်။ Doxylamine နဲ့ Dimenhydrinate တွေကို အအန်ပျောက်ဆေး၊ ကားမူးပျောက်ဆေးအဖြစ် သုံးတယ်။

Second-generation antihistamines ဒုတိယမျိုးဆက်ဆေးတွေကတော့ Cetirizine, Desloratadine, Fexofenadine, and Loratadine တွေဖြစ်တယ်။ သုတေသနတွေလုပ်တယ်။ Cetirizine နဲ့ Fexofenadine တွေကို ကိုယ်ဝန်တွေသုံးတော့ မလိုလားအပ်တာတွေ မဖြစ်တာတွေ့ရတယ်။ Loratadine နဲ့ Desloratadine တွေကိုလေ့လာတော့ အများအားဖြင့် စိတ်ချရတာတွေ့တယ်။ သုတေသနတခုမှာဘဲ Hypospadias ဆိုတဲ့ ယောက်ျားလေးတွေမှာ မွေးရာပါ ဆီးထွက်ပေါက် နေရာမမှန်တာ နဲနဲပိုများတာတွေ့ရတယ်။

Pregnancy and Pain Medicines ကိုယ်ဝန်နဲ့ အနာသက်သာဆေးများ
ကိုယ်ဝန်ဆောင်နေရင် ဆေးသောက်တာသတိထားကြဘို့ ကောင်းတယ်။ အထူးသဖြင့် ပဌမ ၃ လအတွင်း။ အအေးမိတာ၊ တော်တော်တန်တန် နာတာ-ကိုက်တာက ဆေးလဲမလိုပါ။ ဆေးသောက်ရပြီဆိုရင်လဲ ဆေးထိရောက်မှုအတွက် အနည်းဆုံးလိုအပ်ချက်နဲ့ အတိုဆုံးရက်သာသုံးသင့်တယ်။ အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။ အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးကပိုပါတယ်။

Paracetamol (ပါရာစီတမော) ဆေးကို နာတာ၊ ကိုက်ခဲတာ နဲ့ ကိုယ်ပူကျဘို့သုံးတယ်။ ကိုယ်ဝန်နုနုရင့်ရင့်သုံးပေမဲ့ စိတ်ချရတယ်။ ဆေးအဆကိုတော့ သတိထားတာ မမှားဘူး။

Ibuprofen (အိုဘူပရိုဖင်) ဆေးကလည်း နာတာ၊ ကိုက်ခဲတာ နဲ့ ကိုယ်ပူကျဘို့သုံးတယ်။ (ပါရာစီတမော) လိုတာ့ စိတ်မချသင့်ဘူး။ ကိုယ်ဝန် ၆ လအထိအတွက်။ တတိယ ၃ လမှာတော့ မသောက်ဘဲနေတာ ကောင်းတယ်။ ကိုယ်ဝန် ပဌမ ၃ လ (၁-၁၃ ပါတ်) အတွင်းသောက်သူတွေကိုလေ့လာတော့ ကိုယ်ဝန်ပျက်ရသူ အရေအတွက် ပိုများတာ သိထားရတယ်။ ဒုတိယ ၃ လ (၁၄-၂၇ ပါတ်) အတွင်းမှာ စိတ်ချနိုင်တယ်။ တတိယ ၃ လ (၂၈-၄ဝ ပါတ်) အတွင်း ရှောင်နိုင်ရင် ကောင်းတယ်။ တချို့မှာ သွေးဖိအားများရာကနေ ကလေးအဆုပ်ကိုသက်ရောက်တာ၊ မွေးဖွါးရတာ အချိန်ပိုကြတာ၊ ရေမြွာရည်နည်းတာတွေ တွေ့ရတယ်။

Medicine during pregnancy ကိုယ်ဝန်ဆောင်နဲ့ဆေးများ http://doctortintswe.blogspot.com/2015/05/medicine-during-pregnancy.html
Pregnancy and Antihistamines ကိုယ်ဝန်နှင့် (အင်တီဟစ်တမင်း) ဆေး http://doctortintswe.blogspot.com/2014/11/pregnancy-and-antihistamines.html

ဒေါက်တာတင့်ဆွေ

The exiles တက္ကသီလာ ပြည်ပမှာ

(မနှစ်က ဒီရက်မှာရေးခဲ့တာ)

၁။ ဆရာရေ ၈၈ မှာတောခိုလာတဲ့လူတွေအများစုက နိုင်ငံပြင်ပကိုရောက်လာရင် ဘာဖြစ်လို့ သဘောထားတွေ ပြောင်းကုန်တာလဲမသိဘူးဆရာ။ တကယ်ဆိုရင် သူတို့လဲအာဏာရှင်ကိုဖြုတ်ချဖို့က လိုရင်းဆိုရင် သူတို့တွေလုပ်ခဲ့တဲ့ တော်လှန်ရေးနဲ့ လက်ရှိလုပ်နေတဲ့ စိတ်ခံစားမှုကဘာဆိုလိုလဲဆိုတာ နားမလည်နိုင်အောင်ပဲဆရာရေ။

၂။ ကျွန်တော့်အမြင်ကတော့ ဟီးရိုးလုပ်ချင်တာ၊ အများနဲ့မတူပဲဆန့်ကျင်ခဲ့ရင် ထင်ပေါ်မယ်ထင်တာလို့ပဲ မြင်ပါတယ်ဆရာ။

အတော်မေးသင့်တဲ့ မေးခွန်းပါ။ မေးတဲ့သူကိုယ်တိုင်က ကိုယ်ပိုင်လေ့လာမှုသဘောလုပ်ပြီးမှ ကောက်ချက်ထွက်လာမျိုး။ ကာလအပိုင်းအခြား အနည်းဆုံးနှစ်ခုကို ကြည့်ရတာမျိုး။ စာတမ်းလိုမရေးချင်ပါ။ လူနာမည် အသင်းအပင်း နာမည်တွေ မတပ်လိုပါ။

ကျွန်တော်တို့က ဝါအရပြောရင် အကြီးဆုံးမဟုတ်ပါ။ ကျောင်းသားတွေနောက်မှရောက်တဲ့ (နောက်ရောက်တဲ့သူ နောက်ကတန်းစီရတဲ့ခေတ်က) ၁၉၉ဝ အုပ်စုကဖြစ်ပါတယ်။ ဒိနောက်မှ ရောက်လာတဲ့အုပ်စုတွေလည်း ရှိသေးတယ်။ ၁၉၉၆ အုပ်စု၊ ၂ဝဝ၇ အုပ်စု၊ စသဖြင့်။ နောက်ဆုံးမှာ နိုင်ငံရေးနဲ့ လားလားမှမဆိုင်ဘဲရောက်လာသူတွေကနေ ပြည်ပကို ကြီးစိုးလာတယ်။ ဒီမိုကရေစီအရေးဓါတ်ပုံထဲမှာတော့ ရှေ့ဆုံးတန်းကနေကြတယ်။ သူတို့ကိုးကွယ်တဲ့ ဘာသာရေး ခေါင်းစဉ်အောက်ရောက်ရင် နိုင်ငံရေးကိုခါးခါးသီးသီးရန်တွေ့ပြီး၊ နိုင်ငံရေးမှာနေရာပေးရင် ထိပ်ဆုံးကရချင်သူတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတယ်။

နိုင်ငံရေးအုပ်စုထဲမှာကလည်းအမျိုးမျိုး။ အခြေခံအသက်မွေးမှုမတူတာ၊ ပညာရေးနဲ့ လေ့လာမှု မတူတာ၊ ရည်ရွယ်ရင်း မတူတာ၊ အဲတော့ အခြေအနေကို သုံးသပ်မှုမတူတာတွေရှိပါတယ်။ ဟီးရိုးလုပ်ချင်သူဆိုတာ တကယ်ပါတယ်။ အာဏာရှင်ကို အော်ကြီးဟစ်ကျယ် ဆန့်ကျင်ပြတဲ့သူတချို့ အာဏာရှင်ကအရေးမလုပ်တော့ ဘေးကလူတွေကို လိုက်တုတ်တယ်။

ငယ်ရွယ်သူတွေ (ကျောင်းသားအုပ်စု) ထဲမှာ အတွေ့အကြုံများလာတော့ တိုးတက်လာသိမြင်လာကြသူတွေရှိတယ်။ ချီးကျူးတယ်။ အဲ့ မငယ်သူတွေထဲမှာ ကြီးမိုက်ဆိုတာ တကယ်ရှိတယ်။ ဗီဇ (ဥာဉ်) ကို မပြင်နိုင်ကြပါ။ နှုတ်အာ ကြမ်းတဲ့သူတွေက အသက် ဘယ်လောက်ရရ ကြမ်းနေကြတာပဲ။ တချို့ကလည်း နေရာတကာမှာ ဗိုလ်သာ လုပ်ချင်ကြတယ်။ တတိယနိုင်ငံ သွားရေးအတွက် ပြည်ပထွက်လာကြသူတွေကိုဆွဲစားပြီး ဆရာကြီးလုပ်တယ်။ အစာခံရသူတွေကလည်း ပျော်လို့။ အဲဒီကာလမှာ ကျွန်တော့်ဘဝက ကျနေပြီ။ နိုင်ငံတကာကလည်း အကူအညီမပေးတော့။ ဇာတ်သိမ်းမလှတဲ့ (ကျွန်တော့်) ပြည်ပနိုင်ငံရေး။

ထောင်ကျသူတွေထဲမှာ ထောင်ချခံရတာကို ဆုတံဆိပ်လိုသဘောထားကြသူတွေရှိတယ်။ ပြည်ပထွက်ကြသူတွေထဲမှာ တချို့က သူတို့ကိုယ်သူတို့ တက္ကသီလာမှာ အဋ္ဌာရသပညာတွေ သင်ပြီးပြန်လာသလို အထင်ရောက်ကြတယ်။ အကုန်လုံးမဟုတ်တော့ တလှေလုံး မပုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၅
၂၇-၈-၂ဝ၁၆

Friday, August 26, 2016

UN headquarters နယူးယော့ဖြစ်သွားသော နေပြည်တော်

ယူနက်စကို ရောက်နေပြီတဲ့။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားရတဲ့ ပုဂံကရှေးဟောင်းအမွေအနှစ်တွေကို စနစ်တကျ ထိန်းသိမ်းနိုင်အောင် ကူညီဘို့တဲ့။

ယူအင် အတွင်းရေးမှူးချုပ်လည်းလာမယ်တဲ့။ လက်နက်ကိုင်ဒဏ်အမျိုးမျိုးကြောင့်ပျက်စီးသွားတဲ့ ငြိမ်းချမ်းရေးအတွက် အားပေးမလို့တဲ့။

ယူအင် အတွင်းရေးမှူးချုပ်ဟောင်းလည်းလာမယ်တဲ့။ နိုင်ငံရေးဒဏ်နဲ့ ဘာသာရေးဒဏ်တွေကြောင့် ယိုယွင်းနေရတဲ့ ရခိုင်ဒေသအတွက် အကြံပြုဘို့တဲ့။

နယူးယော့မှာရှိတဲ့ ယူအင်ဌာနချုပ်ဟာ မီးခြစ်ပုံးနဲ့ သဏ္ဌာန်တူတယ်လို့ ငယ်ငယ်က ကျောင်းဖတ်စာထဲမှာ သင်ခဲ့ရတယ်။ အဲဒီအဆောက်အဦကြီးသာ ငလျင်ဒဏ်ထိရင်တော့ မြန်မာပြည်က စစ်ထောက်လှမ်းရေးချုပ်ဟောင်းကို လွှတ်လိုက်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

September စက်တင်္ဘာလ

September စက်တင်္ဘာနာမည်ဟာ Septem (Seven) ကနေ ဆင်းသက်လာတာဖြစ်တယ်။ ရောမခေတ် ပြက္ခဒိန်အရ သတ္တမမြောက်လဖြစ်လို့ပါ။ အဲသည်ခေတ်က တနှစ်မှာ (၁ဝ) လသာရှိတယ်။ ဇန္နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေကမပါသေးဘူး။

၂ဝ၁၆ ခုနှစ် စတကင်္ဘာလမှာ မြန်မာလို ၁၃၇၈ ဝါခေါင်လကွယ်နေ့ကနေ တော်သလင်းလပြည့်ကျော် (၁၄) ရက်နေ့အထိ ကျရောက်တယ်။

စက်တင်္ဘာလ အထိမ်းအမှတ်နေ့များ
• ပဌမတနင်္ဂနွေနေ့ = Grandparents Day အမေရိက နဲ့ ကနေဒါ အဖိုး-အဖွါးများနေ့
• ပဌမတနင်္လာနေ့ = Labor Day (Labour Day) အမေရိက နဲ့ ကနေဒါ အလုပ်သမားနေ့
• တတိယတနင်္လာနေ့ = ဂျပန် သက်ကြီးရွယ်အိုများနေ့
• ၁ ရက်နေ့ = အူဇဘက်ကစ်စတန် လွတ်လပ်ရေးနေ့
• ၂ ရက် = ဗီယက်နမ် အမျိုးသားနေ့
• ၅ ရက် = Teachers’ Day (အိန္ဒိယ) ဆရာများနေ့
• ၇ ရက် = ဘရာဇီးလ် လွတ်လပ်ရေးနေ့
• ၈ ရက်နေ့ = International Literacy Dayနိုင်ငံတကာစာတတ်မြောက်ရေးနေ့
• ၁၃ ရက် = Positive Thinking Day အပြုသဘောဆောင်စဉ်းစားရေးနေ့
• ၁၅ ရက် = အယ်လ်ဆာဗာဒို လွတ်လပ်ရေးနေ့
• ၁၅ ရက် = အမေရိကန် ဟစ်ပင်းနစ် ရှေးဟောင်းအမွေအနှစ်နေ့
• ၁၅ ရက် = International Day of Democracy နိုင်ငံတကာဒီမိုကရေစီနေ့
• ၁၈ ရက် = National Cheeseburger Day ချိစ်ဘာဂါ နေ့
• ၁၉ ရက် = Puppy Farm Awareness Day ဘိန်းစိုက်ပျိုးရေး လှုံ့ဆော်ရေးနေ့
• ၂၁ ရက် = International Peace Day နိုင်ငံတကာငြိမ်းချမ်းရေးနေ့
• ၂၄ ရက် = Heritage Day တောင်အာဖရိက ရှေးဟောင်းအမွေအနှစ်နေ့
• ၂၅ ရက် = မိုဇမ်ဘစ် တော်လှန်ရေးနေ့
• ၂၇ ရက် = World Tourism Day ကမ္ဘာ့ ကမ္ဘာလှည့်ခရီးသွားလာရေးနေ့
• ၂၉ ရက် = World Heart Day ကမ္ဘာ့နှလုံးနေ့
• ၂၉ ရက် = National Coffee Day ကော်ဖီနေ့

စက်တင်္ဘာလ အမှတ်အသားများ
• Sapphire နီလာ (ပြာလဲ့လဲ့) ကျောက်ဟာ စက်တင်္ဘာလရဲ့ သင်္ကေတဖြစ်တယ်။
• Aster မေမြို့ပန်း၊ Forget-me-not ပန်းနဲ့ Morning glory ပန်းတွေဟာ စက်တင်္ဘာလရဲ့ ပန်းတွေ ဖြစ်ကြတယ်။
• Zodiac (Astrological) Signs ဆယ်နှစ်ရာသီခွင်အရ Virgo ကန်ရာသီ (အပျိုစင်) နဲ့ Libra တူရာသီ (ချိန်ခွင်) တွေ ဖြစ်ကြတယ်။

ကျန်းမာရေးနဲ့ စက်တင်္ဘာလ
• Prostate Cancer Awareness Month ယောက်ျားဆီးကျိတ်ကင်ဆာ လှုံ့ဆော်ရေးလ
• Liver Cancer Awareness month အသည်းကင်ဆာ လှုံ့ဆော်ရေးလ
• ၉ ရက် = Fetal Alcohol Syndrome Awareness Day ကလေးသူငယ်အရက်ဒဏ်ရောဂါ လှုံ့ဆော်ရေးနေ့
• ၁၅ ရက် = World Lymphoma Awareness Day လင်ဖိုးမားရောဂါ လှုံ့ဆော်ရေးနေ့
• ၂၁ ရက် = World Alzheimers Day ကမ္ဘာ့ အယ်လ်ဇာမိုင်ယားရောဂါနေ့
• ၂၁ ရက် = International Deaf Awareness Week နားမကြားရောဂါ လှုံ့ဆော်ရေးရက်သတ္တပါတ်
• ၂၅ ရက် = Ataxia Awareness Day (အတက်ဇီယား) အာရုံကြောရောဂါ လှုံ့ဆော်ရေးနေ့
• ၂၈ ရက် = World Rabies Day ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့

မြန်မာ့နိုင်ငံရေးနဲ့ စက်တင်္ဘာလ
• ၅-၉-၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကို စတင်ပေးတဲ့အဖြစ်အပျက် ပခုက္ကူမှာဖြစ်တယ်။
• ၉-၉-၁၉၃၉ နေ့မှာ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တယ်။
• ၁၄-၉-၂ဝ၁၂ နေ့မှာ ၁၈-၁၂-၁၉၉ဝ နေ့က စတင်ထူထောင်ခဲ့တဲ့ (NCGUB) ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရကို ဆန္ဒအလျှောက်ဖျက်သိမ်းခဲ့တယ်။
• ၁၈-၉-၁၉၈၈ နေ့မှာ (နဝတ) အမည်နဲ့ စစ်တပ်ကအာဏာသိမ်းခဲ့တယ်။
• ၂၇-၉-၁၉၈၈ နေ့မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့တယ်။

1. January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
2. February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
3. March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
4. April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
8. August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
9. September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
10. October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
11. November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
12. December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.htm

ဒေါက်တာတင့်ဆွေ

တစ်မိုး မဟုတ်တဲ့ တင်မိုး

ခူးပါလှည့်ဆို
ချိုတယ်တဲ့လေး။

ပွင့်ရွှေကြာနန္ဒာဦးမှာ
ကျူးရင့်တဲ့တေး။

ဆွတ်ပါလှည့်မြူ
ကြူတယ်တဲ့လေး။

ပဒုမ္မာကြာတပွင့်ရဲ့
ခွင့်ပြုတဲ့တေး။

တင်မိုး
(၁၉၇၂ ဝန်းကျင်၊ ရန်ကုန် ဝ/သ တက္ကသိုလ် ဒဿနိကဗေဒအသင်း၊ အမှတ်တရ ပို့စကဒ်မှ)

ပဒုမ္မာကြာတစ်ပွင့်လို့မရေးတဲ့ ဆရာတင်မိုးရဲ့ကဗျာတွေကို နောက်လူတွေက တစ်လုပ်ပြီးသကာလ ပိုက်ဆံရှာကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆
ပုံ = UMyintThein

Speaking skills စကားပြောနည်း ဆယ်မျိုး

Shwe Nwe Yoe ဆရာအချိန်ရတဲ့အခါ စကားပြောနည်းဆယ်နည်း၏ အဓိပ္ပါယ်လေးကိုရှင်းပြပေးပါလား။ လေးစားစွာဖြင်-

ကျွန်တော်တို့ ဆယ်တန်း မြန်မာစာပြဋ္ဌာန်းစာအုပ်မှာပါတယ်။

၁။ ရေကူးညာတင်ပြောနည်း
မြစ်ကူးရာတွင် မြစ်ညာကတင်ပြီးကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏။ စကားပြောဆိုရာတွင်လည်း လိုရင်းရောက်အောင် ကြိုတင်ပြင်ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည်။

၂။ ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သောအခါ ကောက်ပင်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမှ တံစဉ်နှင့် ပြန်ရိတ်ရ၏။ စကားပြော ဆိုရာတွင်လည်း တဖက်လူ၏ စကားကိုမိမိရရဆုပ်ကိုင်မိမှ ချက်ကောင်းယူပြီး ပိုင်အောင်ပြောဆိုနည်းကို ဆိုလိုသည်။

၃။ ရေစီးဖောင်ဆန်ပြောနည်း
ရေစီးသည့်နေရာမှာ ဖောင်ဆန်သည့်အခါ ဖြည်းညှင်းစွာထိုးဝါးနှင့် ထောက်ထောက်ပြီး စိတ်ရှည်လက်ရှည် ဆန်တက်ရ၏။ စကားပြောဆိုရာတွင်လည်း လိုရာရောက်အောင် စိတ်ရှည်လက်ရှည် သာယာညှင်းပျောင်းစွာ ပြောဆိုနည်းကို ဆိုလိုသည်။

၎။ အိုးတန်ဆန်ခတ်ပြောနည်း
အိုးနှင့်ဆန်ကို တန်အောင်ချက်လျှင်နူးနပ်စွာ စားသုံးရ၏။ စကားပြောဆိုရာတွင်လည်း မိမိပြောမည့် စကားသည် မိမိပြောမည့်လူနှင့်တန်သောစကားမျိုးပြောမှမိမိဆိုလိုရင်းကိုထိုသူသဘောပေါက်အောင်ပြောနိုင် မည်ဖြစ်၏။

၅။ ဆန်ပွတ်ကျည်ပွေ့ပြောနည်း
ဆီကိုရအောင် ပွတ်သည့်အခါ အထပ်ထပ်အခါခါ ပွတ်ရ၏။ စကားပြောဆိုရာတွင်လည်း မိမိပြောလိုသော စကားအောင်မြင်အောင် အထပ်ထပ်အခါခါ ပြောရန်လိုအပ်သည်ကို ဆိုလိုသည်။

၆။ ဆင်ဝှေ့ရန်ရောင်ပြောနည်း
ဆင်ဝှေ့သည့်ရန်ကို ရှောင်သည့်အခါ ကွေ့ပတ်ဝေ့ဝိုက်၍ရှောင်ရ၏။ တည့်တည့်ပြေး၍မရ၊ စကားပြောဆိုရာတွင်လည်း မိမိဘေးအန္တရာယ်ဖြစ်စေမည့် အနေအထားရှိလျှင် ကွေ့ပတ်ပြောရန်လိုအပ်သည်ကို ဆိုလိုသည်။

၇။ တောင်သူယာခုတ်ပြောနည်း
တောင်သူများ ယာခုတ်သည့်အခါ ချုံနွယ်ပိတ်ပေါင်းသစ်ပင်ငယ်များကို အရင်ခုတ်ပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲသည်။ စကားပြောဆိုရာတွင်လည်း ကိစ္စငယ်များကို အရင်ကိုင်တွယ်ဖြေရှင်းပြီးမှ ကိစ္စကြီးကို ဖြေရှင်းပြောဆိုရန် ကိုဆိုလိုသည်။

၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်တို့သည် ဆုတ်၍ အရှိန်ယူပြီးမှ ပြန်ခွပ်ပစ်တတ်သည်။ စကားပြောဆိုရာတွင်လည်း တဖက်သား၏ စကားကို အလိုက်သင့် လျှော့ပေးပြီးမှ ပိုင်ကွက်တွေ့သည့်အခါ ပြန်ဖိပြီး ပြောပစ်လိုက်သော နည်းကိုဆိုလိုသည်။

၉။ ရေစစ်ကရားရေသွားသောသွင်ပြောနည်း
ရေစစ်ကရားသည် ရေသွားသောအခါတွင် တသွင်သွင်သွားသကဲ့သို့ ပိတ်၍လည်းရ၏။ မိမိပြောသော စကားသည် ရပ်၍လည်းရ၏။ အဆက်မပြတ်ပြော၍လည်းရသော စကားမျိုးဖြစ်ရမည်ဖြစ်သည်။

၁ဝ။ ခက်တင်မောင်းနင်းပြောနည်း
မောင်းနင်းသည့်အခါ စည်းဝါးကိုက်ထောင်းနေသကဲ့သို့၊ စကားပြောဆိုရာတွင်လည်း တဖက်လူပြောသည့်စကားကို ချက်ကျကျ အခွင့်ကောင်းယူပြီး ပြန်ပြောတတ်ရန်ဖြစ်သည်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

ဒေါက်တာဂျော်နီ


ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်
အမ်စီကို ရောက်ခဲ့တယ်။

မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာ
ဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့
အိုင်အယ်လ်အေ ကောင်းခဲ့တယ်။

မောနင်းကျူရှင်၊ နိုက်ကျူရှင်နှင့်
ကွက်ရှင်ဟူသမျှ၊ အနံ့ရရာ
အိမ်ကကားနဲ့ ပို့ခဲ့တယ်။

ရီဇာတ်အောက်တော့၊ မျက်နှာမော့၍
ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲ
ဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။


အမ်စီတက်တော့
ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေး
ကောင်မလေးနှင့်
စာမေးရင်းက ဆုံကြတယ်။
ဒီကောင်မလေး၊ အသွေးဖြူဖြူ
နှတ်ခမ်းထူသနဲ့။
အမူပိုပို၊ အဖိုအရှိုက်
ဘီးဟိုက်အုပ်လုံး၊ နားရွက်ဖုံးသနဲ့။

မျက်လုံးကစား၊ ခြေဖျားမြှောက်ချီ
ပိုးတီတွန့်ဟန်၊ ခေတ်ကဆံသနဲ့။

ဟန်ပန်သွက်သွက်၊ လျှပ်လိုလက်တော့
ပရက်တီကယ်မှာ ဆုံကြတယ်။


နောက်တော့
'ကျမနာမည်၊ မော်လီတဲ့လေ
ဒက်ဒီတို့က၊ အမ်စီသွားပါ
ဆိုလို့သာဘဲ၊
ဝါသနာဆို၊ မပါလိုက်တာ
စိတ်ကုန်ပါရော'
ဘာရယ်ညာရယ်၊ ရယ်ပေါင်းစုံစွာ
ဟန်မူရာနှင့်။

'ဟိုလေ... အန်-အန်၊ ကာလ်တန်မှာ
အီတာလျံကား၊ လဲသွားပြီနော်
အော်- အော် ဟုတ်သား၊ မေ့များနေသေး
ဖရိုက်ဒေးဟာ၊ ကိုယ့်မွေးနေ့ပေါ့
ကိုယ့်မွေးနေ့မှာ၊ ယူလာရမယ်
လာရမယ်နော်၊ ယူ့အဖော်တွေ
ခေါ်ချင်ခေါ်ခဲ့'။

ဘာတဲ့ညာတဲ့၊ မဲ့ချည်နွဲ့ချည်
ဟိုသည်ကြောင်းရာ၊ စုံလေပါရော
ပန်ကာမလေး ဆိုလောက်တယ်။


တလနှစ်လ၊ သုံးလေးလမှာ့
လက်ဖက်ရည်ဆိုင်၊ ထိုင်လည်းတူတူ
လူသူစည်ရာ၊ ကော်ရစ်ဒါမှာ
လာလဲတွတ်ထိုး၊ ခန်းထောင့်ချိုးမှာ
တိုးတိတ်တိုးတိတ်၊ မွတ်သိပ်လှစွာ
ဘာညာဘာညာ၊ ဖြစ်ကြတာတွေ
တခါတရံ၊ အင်းယားကန်မှာ
မှန်ကလေးတချပ်၊ ဖျတ်ကနဲကွဲ
မြက်ခင်းထဲမှာ၊ လှဲကာလူးကာ
ကောင်းကင်ပြာက၊ ဟိုမှာတလုံး
သည်တလုံးဟု၊ ကြယ်ကုံးရေတွက်
တိမ်ကိုဖက်လျက်၊ သစ်ရွက်ဆုပ်ချေ

တညနေက
ရီဝေရီဝေ ထွေခဲ့တယ်။


သည်လိုနှင့်ပင်
ရုပ်ရှင်ကြည့်လိုက်၊ စာကျက်လိုက်နှင့်
တွဲလိုက်လည်လိုက်၊ ဖားခွဲလိုက်နှင့်
အမြိုက်အရသာ၊ ခံစားရာက
ဒေါက်တာဂျော်နီ ဖြစ်ပါရော။
ဒေါက်တာမော်လီ ဖြစ်ပါရော။


ထို့နောက် -
'ဒေါက်တာဂျော်နီ၊ အမ်ဘီဘီအက်စ်နှင့်
ဒေါက်တာမော်လီ၊ အမ်ဘီဘီအက်စ်' ဟု
ပြောင်လက်ကြေးပြား၊ အထင်းသားဝယ်
ကြွားကြွားရွားရွားပေါ်ခဲ့တယ်။
ကားနှင့်တိုက်နှင့်၊ မော်လီနှင့်မို့
တင့်တင့်တယ်တယ် ဖြစ်ခဲ့တယ်။


အို - အလုပ်သမား၊ လယ်သမား
ပြည်သူများတို့
ဂျော်နီတို့လင်မယား၊ တန်ခိုးထွားအောင်
များများ ဖျားနာကြပါကုန်။

တင်မိုး

မှတ်ချက်
အိုင်အယ်လ်အေ = ILA = Intelligent Level + Aggregate = သိပ္ပံသာမက ဝိဇ္ဇာဘာသာတွဲ ယူသူတွေပါ တက်နိုင်အောင်စီစဉ်လိုက်တဲ့ တက္ကသိုလ်-ကောလိပ်ဝင်ခွင့်စနစ်၊ ၁၉၆၄ ခုနှစ်ကစတယ်။
အမ်စီ = ဆေးကောလိပ်
မက်(စ်) = သင်္ချာ
ဖစ်ဆစ် = ရူပဗေဒ
အင်္ဂလစ်ရှ် = အင်္ဂလိပ်
ဒစ်စတင်းရှင်း = ဂုဏ်ထူး
ရီဇာတ် =အောင်စာရင်း
ဆိမ်းဗက်ခ်ျက = အတန်းတူ
ဘီးဟိုက် = ပျားအုံပုံဆံပင်ပုံစံ
ပရက်တီကယ် = လက်တွေ့
ကာလ်တန် = ရုပ်ရှင်ရုံ

ဆရာတင်မိုးရေးတဲ့သတ်ပုံ
တလနှစ်လ၊ တစ်မဟုတ်
တခါတရံ၊ တစ်မဟုတ်
မှန်ကလေးတချပ်၊ တစ်မဟုတ်
ဟိုမှာတလုံး တစ်မဟုတ်
သည်တလုံးဟု၊ တစ်မဟုတ်
တညနေက တစ်မဟုတ်

ဒေါက်တာတင့်ဆွေ
Photo from Ye Hla

I miss Yamuna Clinic ကလေးမွေးမပေးရတာ နှစ်နှစ်ကြာပြီ

Janese Even Ngalaeng: At Yamuna Clinic with most respected Dr. Tint Swe.... He's the best Doctor ever... I miss u Saryar

Tint Swe ကျွန်တော့်အကြီးဆုံးမြေးထက်ငယ်တဲ့ ယမုန်နာဆေးခန်းက အငယ်ဆုံးဆရာမလေး အီဗင်ကတင်ထားတာကို အခုပဲတွေ့တယ်။ သူကအားကိုးရတယ်။ ခွဲစိတ်လူနာကိုပါကူညီနိုင်တဲ့အထိ တတ်မြောက်ခဲ့သူဖြစ်တယ်။

Janese Even Ngalaeng ဆရာ့ကို ဒေလီကမွေးလူနာတွေက သတိရနေကြတယ်။ 😊😊 We miss u

ကလေးမွေးမပေးရတာ နှစ်နှစ်ကြာပြီ။ ဒေလီမှာနေစဉ်ကတော့ တနှစ်မှာ ကလေး (၅ဝ) ယောက်ကို ကျွန်တော့်လက်နဲ့ မွေးပေးခဲ့ရတယ်။

ဒေလီမှာကျန်ရစ်ကြတဲ့ မြန်မာပြည်ကဒုက္ခသည်တွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

Venus de Milo ဗီးနပ်စ်ရုပ်တုကို လက်မတပ်ပါနဲ့

နာမည်ကျော် ရှေးဟောင်းဂရိလက်ရာ ဗီးနပ်ရုပ်တုကို Aphrodite of Milos လို့လည်းခေါ်တယ်။ ရောမ (ရိုမန်) လိုက (ဗီးနပ်စ်) ဖြစ်တယ်။ အလှနဲ့ အချစ် ဂရိနတ်ဘုရား (အဖရိုဒိုက်စ်) ပုံကို ထုလုပ်ထားတာလို့ ယူဆကြတယ်။ (မာဘယ်လ်) ကျောက်နဲ့ လုပ်ထားတယ်။ ၆ ပေ ၈ လက္မမြင့်တယ်။ ၈-၄-၁၈၂ဝ နေ့မှာ စတွေ့ကတည်းက လက်နှစ်ဖက်ကမစုံတော့ပါ။ ပျောက်နေတဲ့လက်နှစ်ဖက်ကို ပညာရှင်တွေအမျိုးမျိုးကြိုးစားပြီး ရှာကြပေမယ့် မတွေ့သေးပါ။

ပုဂံနားက ဘုရားစေတီပုထိုးတွေနဲ့ အဆောင်အအုံတွေသက်တမ်းက နှစ်တထောင် (တစ်ထောင် မဟုတ်) ဝန်းကျင်သာ ကြာသေးတယ်။ ဗီးနပ်စ်ရုပ်တုကို ဘီစီ ၁၃ဝ နဲ့ ၁ဝဝ လောက်ကထုလုပ်ခဲ့တာလို့မှန်းဆရတယ်။ ပန်းပုပညာရှင်တွေက ဒီလောက်လက်ရာကောင်းလှတဲ့ ရုပ်တုက လက်နှစ်ဖက်ကို အသစ်တပ်ဆင်ပေးဘို့ တခါမှ မကြိုးစားကြပါ။

ကျွန်တော်တို့နိုင်ငံမှာ ရှေးဟောင်းလက်ရာတွေကို မွမ်းမံနေကြတာကို ကျွန်တော်တော့ နားမလည်ပါ။ ပြိုပျက်နေတာကို နောက်ထပ်မပျက်စီးအောင်လုပ်တာက အကောင်းဆုံးနည်းလမ်းလို့ ထင်မိတယ်။

စစ်ကိုင်းကောင်းမှုတော်ဘုရားကိုရွှေချတာလည်း ကျွန်တော်က တယောက်တည်းသာရှိရှိ သဘောမတူပါ။ သာလွန်မင်းတရားကြီးတည်ခဲ့သလိုသာရှိစေချင်တယ်။ ၁၂-၇-၂ဝ၁၆ နေ့ကသတင်းထွက်တယ်။ ပုဂံအာနန္ဒာဘုရားကြီးကို ကျပ်သိန်း  ၁ဝဝဝ ကျော်ကုန်ကျခံ၍ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည်တဲ့။ ရှေးဟောင်းလက်ရာကောင်းတွေကို မူရင်းအတိုင်းထားချင်ပါတယ်။ အာနန္ဒာဘုရားကို ကျန်စစ်သားလက်ထက်ကအတိုင်းသာ ဖြစ်ချင်စိတ်ကို ဖျောက်မရသေးပါ။

ဗီးနပ်စ်ရုပ်တုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Louvre Museum ပြတိုက်မှာ လုံလုံခြုံခြုံခမ်းခမ်းနားနားထားတယ်။ ကျွန်တော်တို့ ရှေးဟောင်း ဘုရားတွေကို နောက်လူတွေက ထုံးသုတ်ကြ၊ ရွှေချကြတယ်။ ဘုရားပရဝုဏ်နဲ့ ဘေးပတ်ဝန်းကျင်မှာတော့ ခြုံနွယ်တွေ အမှိုက်သရိုက်တွေနဲ့။

ဗီးနပ်စ်ရုပ်တုမှာ လက်အသစ်တပ်လိုက်တာနဲ့ ဘုရားပွဲဈေးမှာရောင်းတဲ့အရုပ်အဆင့်ရောက်သွားပါမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

B Vitamins ဗမာဗီတာမင်

တောင်သူသား၊ စိုက်စားစရာမြေမရှိ၊ တောမှာမွေးပေသိ၊ မြို့တွေမှာနေရတာ ဇာတာသက်ထက်လျှော့တာ ၅ နှစ်တိတိ၊ မွေးရပ်မှာမနေရတာ နှစ်အစိတ်ရှိ။

ဧရိယာစတုရန်းမိုင် ၃့၈ သန်းရှိတဲ့တိုင်းပြည်ကြီးမှာ စိုက်ပျိုးစရာ တလက္မမ မပိုင်ရှိ။ ဒါပေသိ ပူစရာမရှိ၊ အသိမိတ်ဆွေတွေက ပေါများပါဘိ။

အခင်းမရှိ၊ ဈေးနှုန်းမသိ၊ ခြေထောက်မရှိတဲ့ အသီးအရွက်တွေဟာ အိမ်တိုင်ယာရောက် ပေါက်ချလာ၊ ညစာ-နေ့စာ-သိမ်းထားစရာ၊ ကျေးဇူးတင်တယ်ဗျာ။

ချဉ်ပေါင်လည်းပါ၊ မြင်းခွါနဲ့ ခွေးတောက်ရွက်၊ ခေါင်းရွက်သည်ဆီကမဟုတ်၊ အမေရိကမှာလုပ်တဲ့ ဗမာဗီတာမင်သုံးထုပ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၆

Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း

၁။ ကျွန်မ အသက် ၃၈ နှစ် အိမ်ထောင်ရှိပါတယ်။ ကလေးမရှိသေးပါ။ လွန်ခဲ့တဲ့ ၂ နှစ်က သားအိမ်အတွင်းက myoma ကို ခွဲစိပ်ကုသဖူးခဲ့ပါတယ်။ ကလေး မရသေးလို့ OG နင့်ပြပြီးမျိုဥကြွေဆေးနင့် forlic acid သောက်ခိုင်းလို့ ၆ လကျော်ခဲ့ပါပါပြီ။ OGဆရာဝန်က ကလေးမရသည့်အတွက် သားအိမ်အတွင်းမှသားဥပြွန်များစစ်ဆေးကြည့်ချင်၍ကျွန်မကို မနက်ဖြန် HSG သွားရိုက်ခိုင်းပါတယ်။ နားမလည်လို့ပါဆရာ။ HSG ရိုက်ရင်အန္တရာယ်ရှိပါသလား။ နာကျင်ပါသလား။ HSG ရဲ့အဓိပ္ပါယ်ကို သိချင်ပါတယ်ဆရာ။ ကျေးဇူးအထူးတင်ရှိစွာဖြင့် ဆရာအသက်ရာကျော်ရှည်ပါစေ။

၂။ ဆရာရှင့် သမီးအိမ်ထောင်ကျတာ တစ်နှစ်လေးလရှိပါပြီ။ ကလေးမရလို့ ဧပြီလ 2016 မှာ့ က OG နဲ့ပြပါတယ်။ သူပြောတဲ့စစ်ဆေးမှုတွေ လုပ်ကြည့်ပါတယ် မျိုးဥကြီးထွားမှု စစ်ဆေးချက်နှင့် သားအိမ်းအတွင်း ultrasound စစ်ဆေးချက်တွေပါ။ အဲဒါနဲ့ပတ်သက်လို့ မေးချင်လို့ပါ။ ညာဘက် သားဥပြွန် ပိတ်နေတယ်လို့ပြောပါတယ်။ ဖွင့်လို့တော့ရတယ် ပွင့်မပွင့် အာမမခံဘူးလို့ပြောပါတယ်။ မြန်မာပြည်မှာရော ကုသပေးပါသလားရှင်။ ဆရာရဲ့ ဆေးပညာအမြင်နဲ့အကြံပြုချက် လိုချင်လိုပါ။ သမီးကလေးလိုချင်ပါတယ်။ အောက်ကပုံတွေက ဆေးစစ်ချက် report ပါ။

၃။ မင်္ဂလာပါဆရာ ကျွန်မအသက် ၃၂ နှစ်ပါ။ အိမ်ထောင်ကျတာ ၂နှစ်ကျော်ပါပြီ။ ကလေးမရသေးပါ။ တားဆေးလုံးဝ မသောက်ဖူးပါ။ သုက်ပိုးထည့်တဲ့နည်းပြုလုပ်ကြည့်ဖို့ရှိပါတယ်ရှင့်။ သားဥပြွန်ပိတ်တယ်ဆိုတာသိချင်လို့ပါ။ တကယ်လို့ သားဥပြွန်ပိတ်တဲ့သူတွေဆို ကလေးမရနိုင်တော့ဘူးလားသိချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။ ဆရာကျန်မာပါစေ။

သားအိမ်ပြွန်ပိတ်စေတဲ့ အကြောင်းရင်းတွေကို စာရင်းချရေးရရင် -
• Endometriosis သားအိမ် (တစ်ရှူး) တွေ တခြားနေရာတွေကိုရောက်နေခြင်း၊
• Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊
• Uterine Fibroids သားအိမ်အကျိတ်၊
• Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊
• Tubal Ligation Removal သားကြောဖြတ်ခြင်း၊
• Complications from lower abdominal surgery and Cesarean section ဗိုက်ခွဲခြင်း၊ ဗိုက်ခွဲကလေးမွေးခြင်း၊
• Genital Tuberculosis မျိုးပွါးလမ်း တီဘီဖြစ်ခြင်း။

သားအိမ်ပြွန်ပိတ်နေတဲ့ အဓိကနေရာ (၃) ခုရှိတယ်။ အဖျား၊ အရင်းနဲ့ အလယ်နေရာတွေမှာဖြစ်တယ်။ အရင်းမှာ ပိတ်တာက ပိုးဝင်ရာကနေဖြစ်တာ။ ကိုယ်ဝန်ဖျက်တာ၊ ကိုယ်ဝန်ပျက်တာ၊ ဗိုက်ခွဲမွေးတာနဲ့ လိင်ကတဆင့် ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါ ရဘူးသူတွေမှာ ၄ ယောက်မယ် ၁ ယောက် သားအိမ်ပြွန်ပိတ်နိုင်တယ်။ အလယ်နေရာပိတ်တာက ကလေးမလိုချင်လို့ ဖြတ် (ချည်) ထားလို့ဖြစ်တယ်။ အဖျားမှာ လာပိတ်တာကတော့ Hydrosalpinx အရည်အောင်းနေတာနဲ့တွဲနေတယ်။ များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ Chlamydia trachomatis infection ကြောင့်ဖြစ်ပြီး ဆေးမကုဘဲ နေရင်ဖြစ်မယ်။ ဒါမှမဟုတ် သားအိမ်ပြင်ပ သန္ဓေတည်ရာကနေထိခိုက်လို့ဖြစ်တယ်။ PID, Endometriosis, Uterine fibroids or Abdominal surgery တွေကြောင့်လဲ ဖြစ်နိုင်တယ်။

သားအိမ်ပြွန်ပိတ်နေတာကို ဘယ်လိုသိမလဲ -
ဒီအတိုင်းနဲ့မသိနိုင်ပါ။ တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်ဘူးသူဆိုရင်တော့ ဆီးစပ်နဲ့ဗိုက်အောက်ပိုင်းမှာ နာတာ၊ အဖြူဆင်းတာ၊ အတူနေစဉ်မှာ မနာသင့်ဘဲနဲ့နာတာမျိုးတွေ ခံစားရနိုင်တယ်။ အိမ်ထောင်ကျပြီးကလေး (ကိုယ်ဝန်) မရတော့မှ ဆေးစစ်ရာကနေ ပိတ်နေတာကိုသိရတယ်။

ပိတ်နေတာသိအောင် နည်းတွေ -
• Hysterosalpingogram (HSG) ခေါ်တဲ့ဓါတ်မှန်ရိုက်တယ်။ မွေးလမ်းကြောင်းကနေ ပိုက်ငယ်ကလေးထည့်ပြီး ဆေးသွင်းပြီးမှ ရိုက်ရတယ်။
• Chromotubation test နည်းကလည်း ဆေးထည့်တယ်။ Laparoscopy ဗိုက်ထဲကို ကိရိယာထည့်ပြီစစ်ဆေးတယ်။ ဆေးကအပြာရောင်ဖြစ်ပြီး ဓါတ်မှန်နဲ့ကြည့်မရဘူး။ စိတ်အချရဆုံးနည်းလို့သတ်မှတ်တယ်။
• Sonohysterography နည်းက (အာလ်ထွာဆောင်း) ကိုသုံးတယ်။ သားအိမ်ပြွန်လေးကကျဉ်းတော့ ကြည့်ရတာ ခက်တယ်။ Hydrosalpinx ပြွန်မှာအရည်အောင်းနေတာတို့ Fibroids သားအိမ်အကျိတ်တို့ကို ကောင်းကောင်းသိနိုင်တယ်။ Hydrosalpinx ရှိနေရင် IVF နည်းနဲ့ကလေးရအောင်မလုပ်ခင်မှာ ခွဲစိတ်ကုသပေးရတယ်။
• ဒါမှမဟုတ် Salpingostomy ပြွန်ကိုပြန်ဆက်ပေးနည်းလဲ လုပ်နိုင်တယ်။ တာဝရကောင်းချင်မှ ကောင်းမယ်။
• Fimbrioplasty ခွဲစိတ်နည်းဆိုတာ ပြွန်အဖျား လက်ဝါးလိုနေတဲ့နေရာမှာ ဒဏ်ရာရထားရင် လုပ်ပေးတယ်။ ခက်တယ်။
• Selective tubal cannulation နည်းကို Proximal tubal occlusion ပြွန်နဲ့သားအိမ်ဆုံရာနေရာမှာ ပိတ်နေတာအတွက် လုပ်ပေးတယ်။ Hysteroscopy or Fluoroscopy ကရိယာသုံးရတယ်။ မွေးလမ်းကြောင်း-သားအိမ်ဝကနေ ပြွန်လေးတခု သွင်းရတယ်။
• Tubal reanastomosis တခိန်တုံးက ကလေးမလိုချင်တော့လို့ ပိတ်(ဖြတ်-ချည်) ထားသူကို ပြန်ဆက်ပေးနည်း ဖြစ်တယ်။ Tubal Reversal လို့လဲခေါ်တယ်။ microscope အနုကြည့်မှန်ဘီလူသုံးရတယ်။ 
• ခွဲစိတ်ကုသနည်းတွေမှာ အောင်မြင်နှုန်းတမျိုးစီရှိသလို သတိထားရမှာတွေလဲ ကိုယ်စီရှိပါတယ်။ မအောင်မြင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ ဗိုက်ခွဲရသူတိုင်းကြုံနိုင်တဲ့သတိထားစရာတွေ၊ 
• သဘာဝနည်းတွေဆိုပြီး ရှိတယ်။ ဆရာဝန်တွေက မညွှန်ပါ။

တချို့ကိုမေ့ဆေး၊ တချို့ကိုခါးထိုးဆေးနဲ့ တချို့ကို မေ့ဆေးနဲ့လုပ်ပါတယ်။ နာတယ်ဆိုတာ ခံနိုင်ရည်ရှိတာထက် မပိုပါ။

Infertility သားသမီးမရသေးသူများအတွက် ဆေးပညာစာများ
1. Blocked Fallopian Tubes သားအိမ်ပြွန်ပိတ်ခြင်း http://doctortintswe.blogspot.com/2014/11/blocked-fallopian-tubes.html
2. Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://doctortintswe.blogspot.com/2014/11/clomiphene-citrate.html
3. Contraception and Fertility တားဆေး-တားနည်း ဖြတ်ပြီးသည့်နောက် http://doctortintswe.blogspot.com/2014/11/contraception-and-fertility.html
4. Egg freezing မျိုးဥခဲခြင်း http://doctortintswe.blogspot.com/2014/10/egg-freezing.html
5. Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://doctortintswe.blogspot.com/2015/10/facts-to-get-pregnant.html 
6. Female infertility ကလေးမရနိုင်သေးတဲ့ အမျိုးသမီး http://doctortintswe.blogspot.com/2016/02/female-infertility.html
7. Fertility and Weight ကိုယ်အလေးချိန်နဲ့ ကလေးမရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/fertility-and-weight.html
8. Fertomid 50 mg မျိုးဥကျွေဆေး http://doctortintswe.blogspot.com/2014/11/fertomid.html
9. Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သား-သမီးရနိုင်ခြင်း http://doctortintswe.blogspot.com/2014/11/hyperthyroidism-and-fertility.html
10. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://doctortintswe.blogspot.com/2014/11/infertility-treatments-1.html
11. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://doctortintswe.blogspot.com/2014/11/infertility-2.html
12. Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://doctortintswe.blogspot.com/2014/11/infertility-and-fallopian-tube.html
13. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) htt2p://doctortintswe.blogspot.com/2014/11/infertility-and-tb-1.html
14. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) htt3p://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
15. Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ http://doctortintswe.blogspot.com/2014/11/infertility-q-and.html
16. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://doctortintswe.blogspot.com/2014/11/infertility-treatments-1.html
17. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html
18. IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး http://doctortintswe.blogspot.com/2014/11/iui-and-iutpi.html
19. IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး http://doctortintswe.blogspot.com/2014/11/iui-and-iutpi.html
20. IUI နည်းနဲ့ ကလေးရစေခြင်း http://doctortintswe.blogspot.com/2014/11/iui.html
21. Made in Thailand ကြော်ငြာဆေးနဲ့ ကလေးရချင်သူများသို့ http://doctortintswe.blogspot.com/2015/09/made-in-thailand.html
22. Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် http://doctortintswe.blogspot.com/2014/11/pregnancy-after-tubal-ligation.html
23. Progesterone (ပရိုဂျက်စတီရုန်း) http://doctortintswe.blogspot.com/2014/11/progesterone.html
24. Semen collection Method သုက်ရည် ထုတ်ယူနည်း http://doctortintswe.blogspot.com/2014/11/semen-collection-method.html
25. Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html

ဒေါက်တာတင့်ဆွေ

Thursday, August 25, 2016

Waste picker အမှိုက်ကောက်သူ

ကျွန်တော်က မြန်မာစာကို တတ်သလောက်လေးနဲ့ ရေးနေတာများပြီ။ ရေးနိုင်တာက လူမှုရေးကွန်ရက်မှာပါ။

ရေးတာကလည်း လမ်းဘေးအမှိုက်လိုက်ကောက်သလို။ အလေအလွင့်ပဲ လိုက်ကောက်နိုင်တယ်။ ကောက်ရင်တော့ (ရီဆိုက်ကယ်) လုပ်လို့ရတာကိုသာ ရွေးကောက်ပါတယ်။

စာရေးဆရာတွေ၊ မြန်မာစာပညာရှိကြီးတွေကသာ ပိုက်ဆံနဲ့ရောင်းရတဲ့စာတွေ ရေးကြပါတယ်။

ကျွန်တော်ရေးတဲ့စာကို စာအုပ်တိုက်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက ထုတ်ပေးရဲကြမယ်လည်း မထင်ပါ။ သူတို့ကို အပြစ်မပြောပါ။ သူတို့ခင်ဗျာ ရေဆန်လှော်ရတာက ပိုပင်ပန်းလို့ပါ။ ဆရာဝန်ဆိုတာ လူနာကို (ခီမို) ပေးရတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Indian Trumpet ကြောင်လျှာသီး

ငယ်သူငယ်ချင်းတယောက်က ဒီနေ့တော့ Furen International School က video interview ရှိတာနဲ့ မစီးဖြစ်တာကြာပြီ ဖြစ်တဲ့ နက်ကတိုင်လေးစီးဖြစ်တယ် စသဖြင့်ရေးတာတွေ့တယ်။ ခေါင်းစဉ်က ကြောင်လျှာသီးနဲ့တဲ့။

ဟိုတလောက ကျွန်တော် အင်္ဂလိပ်စာသင်ကူနေတဲ့ကျောင်းမှာ ဖတ်စရာတခုမှာ လက်ငင်းဖြစ်နေတဲ့ သတင်းတပုဒ်ကို ဖတ်ခိုင်းတယ်။ အမေရိကန်သမတလောင်း ဒေါ်နယ်ထရမ့်။ Trump ထရမ့်လို့ ရေးတော့ ကျောင်းသားတယောက်က သူ့ဖုန်းထဲက အင်္ဂလိပ်-မြန်မာအဘိဓာန်ထဲမှာလိုက်ရှာတယ်။ စာလုံးနဲ့အနီးစပ်ဆုံးဖြစ်တာ Trumpet ပေါ်လာပြီး ဗမာလို ကြောင်လျှာသီးတဲ့။ ကျောင်းသားက ဘယ်လိုမှဆက်စပ်မရ၊ ဒုက္ခရောက်နေလို့ ရှင်းပြရတယ်။

ကြောင်လျှာပင်ကို Indian Trumpet လို့ခေါ်ကြတာများတယ်။ Broken Bones နဲ့ Damocles Tree လို့လည်းခေါ်တယ်။ ရုက္ခဗေဒလို Oroxylum Indicum ခေါ်တယ်။ ဟင်ဒီလို Muhudie လို့ခေါ်တယ်။ ကြောင်လျှာသီးကို Oroxylum pod လို့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Spelling prisoners နိုင်-ပုံ

ပုဂံငလျင်သတင်းကိုတင်ကြတာမှာ သတ်ပုံအမှားတွေ ရွေးထုတ်လိုက်သလိုထွက်ထွက်လာတယ်။ စူဠာမဏိကိုရေးကြတာ စူဌာမဏိ၊ စူဋ္ဌာမဏိ၊ စုဋာမဏိ၊ စုံနေတာပဲ။

ဌာ နဲ့ ဋ္ဌာ လည်းမတူပါ။ ဋာစာလုံးမြင်တိုင်း ပဋာစာရီပဲထင်မိတယ်။ ဘုရားဘွဲ့တော်တွေကိုတော့ မှန်မှန်ကန်ကန် ရေးသင့်ကြပါတယ်။

အသံထွက်ကော မှန်အောင်မထွက်ကြလို့ စာလုံးပေါင်းမှားရေးတာဖြစ်မယ်။ (စူလာမနိ) သံထွက်ပါတယ်။ တခြား သတ်ပုံတွေဆိုရင် (စူထာမနိ)၊ (စူတာမနိ) ဖြစ်ကုန်မယ်။

(ဒဏ်) ကိုလည်း (ဒါဏ်) လို့ရေးနေကြတာ မှားတယ်။

စစ်အစိုးရဒဏ်ခံကြရတဲ့ နိုင်ငံရေးအကျဉ်းသား (နိုင်-ကျဉ်း) စာရင်းပြုစုသလို ထောင်ချခံရတဲ့ မြန်မာစာသတ်ပုံတွေပါ ပြုစုရင်ကောင်းမယ်။ (နိုင်-ပုံ) လို့ခေါ်မယ်။

ပြည်ပထွက်ပြေးရတဲ့ သတ်ပုံတွေကိုလည်း မမေ့ကြပါနဲ့။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

Twisted language ဒဏ်ကြောင့် ပဲရွဲ့နေတဲ့မြန်မာစကား

Tint Swe ဒဏ်
Shi Di ဆရာ ဘာပြောချင်တာလဲရှင့်
Tint Swe ပဌမဆုံးပုံမှာ ငလျင်ဒါဏ်ခံလို့ရေးတာ သတ်ပုံမှားနေတယ်။ ဒဏ်လို့သာရေးရတယ်။ ဆရာက အမှားတွေကို ဘယ်တော့မှ နမူနာပြစရာအဖြစ် ယူမသုံးပါ။ ဆိုးသွမ်းတဲ့သူ၊ လူမကြည်ညိုသူတွေပုံတွေကိုလည်း မသုံးပါ။ ဆေးအတုတွေကိုလည်း ပုံမတင်ပါ။ တင်ရင် ဘယ်မှာဝယ်ရမလဲကလာပြီ။ အမှားတွေတင်ရင် အမှန်ပဲထင်ကြသူက အလွန့်အလွန်များတယ်။ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့သူပုံကို ခဏခဏတင်နေကြတာ ကိုးကွယ်ရာကျတယ်။ ဆဲရေး တိုင်းထွာသူပုံတွေကို တင်နေကြတာလည်းအဲလိုပဲ။ အဲလိုလုပ်တာ သူတို့ကို ပရိုမိုးရှင်းလုပ်ပေးရာကျတယ်။

La Min ဆရာ့ကို ဆီးဖတ်လုပ်ထားတာဆရာ
Tint Swe ဆရာကတော့ ဆီးဖတ်စ် လို့ရေးစေချင်တယ်။ ဖတ် ဆိုရင် အဖတ်လို့ထင်နိုင်တယ်။ နှမ်းဖတ်ခဲမှတ်လို့ ထပ်ဖတ်ရတယ်။ Smile!

အဲလိုရေးတာကို ဗိုလ်ဆန်တာလို့ မခေါ်သင့်ပါ။ မြန်မာပြည်ကြီး အခုတော့ နွားခြေရာကွက်ထဲကထွက်လာရပြီမို့ သူများ အရီမခံရအောင်၊ နားလည်စေအောင် အင်္ဂလိပ်လို ပြောမှ ရေးမှရတာမျိုးကို မှန်ကန်ပီသအောင် ပြောရ ရေးရမယ်။ ခက်နေတာက မြန်မာစကားကို ပဲ့ရွဲ့စောင်းအောင်ပြောနေကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆

သီရိ နဲ့ သိရီ

Aung Hlaing Oo ဆွေးနွေးချက် (၁)
ဆရာခင်ဗျား ကျနော်ကိုယ်တိုင် (ကျွန်တော်ကို မကြိုက်) သတ်ပုံကိုစိတ်ဝင်စားပါတယ် တ တစ်နဲ့ပါတ်သက်လို့ ဆရာ့အမြင်တွေကိုလဲ လက်ခံပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ စာနဲ့ပါတ်သက်လုပ်ကိုင်အသက်မွေးခဲ့ရတဲ့ ကျနော့်အတွက် သိသိနဲ့မှားခဲ့ရပါတယ်။ မိသားတစုကောင်းမှုကို မိသားတစ်စုလို့ မရေးရင်မှားတယ်ပြောတဲ့သူတွေနဲ့ လုပ်ခဲ့ရပါတယ်။ ကြာတော့အကျင့်ဖြစ်သွားရော ဒါပေမဲ့ အမကြီး အမဆိုတာတွေမှာ အစ်မဆိုတာက မှန်မယ်ထင်ပါတယ်။ အထီးအမနဲ့ ကွဲစေချင်တာလို့ ယူဆပါတယ်။ အစ်မသုံးလို့ဆိုပြီး အကိုကို အစ်ကိုလို့သုံးတာကိုတော့မကြိုက်ပါ။ ကျနော်တို့မှာ နှစ် ၅ဝ ကျော် ဖျက်စီးခံခဲ့ရတဲ့သူတွေနဲ့ အလုပ်လုပ်နေရပါတယ်။

ဟုတ့့် ကျနော် နဲ့ အစ်မ ရေးဘူးတယ်။ ဒီစာမှာထပ်မရေးတော့ပါ။ သည်လိုပဲ ဆက်ကြိုးစားကြရပါမယ်။ ဇွဲမလျှော့ပါ။

Aung Hlaing Oo ဆွေးနွေးချက် (၂)
သီရိ နဲ့ သိရီ အမှားအမှန်ကို လေ့လာဖူးသမျှ သိရီ ကအမှန်လို့ဆိုတယ်။ ဒါပေမဲ့ နိုင်ငံတော်က ဘွဲ့တံဆိပ်ဆက်ကပ်တဲ့ သတင်းတွေမှာ သီရိလို့ရေးနေတုန်းပဲ။ ကိုယ့်ကိုအလုပ်အပ်တဲ့သူတွေကို ကိုယ်က အမှား ထောက်ပြတော့ ကျုပ်က ဒကာကြီးကို ငွေပေးခိုင်းတာ၊ ကျုပ်ခိုင်းတာခင်ဗျားလုပ်မှာလား၊ ခင်ဗျားခိုင်းတာ ကျုပ်က လုပ်ရမှာလားလို့ အပြောခံရဖူးတယ်။ ဒါပေမဲ့ ခုချိန်ထိမှားတာတွေ့ရင်တော့ ပြောဆဲပါ။ လက်မခံတော့လဲ မှားပေးလိုက်ရပါတယ်။ အချို့ဆိုသတ်ပုံသာမက သဒ္ဒါပါမှားကြတာ။

ဟုတ့့် ငယ်ငယ်ကတည်က သီရိ နဲ့ သိရီကို နာယူမှတ်သားခဲ့ရပါတယ်။ အကိုးအကားလက်လှမ်းမီတာလေးပေးပါရစေ။

အကိုးအကား (၁)
အမေး = အရှင်ဘုရာ့း့ ရဟန်းတော်များနှင့် သီလရှင်များဘွဲ့အမည်၌ အချို့က သိရီ၊ အချို့က သီရိ ဟု ရေးသားလျက် ရှိနေကြပါသည်။ ယင်း သိရီ နှင့် သီရိ မှာ မည်သည်က မှန်ကန်ကြောင်း ဖြေကြားပေးတော်မူပါဘုရား။ (မောင်မြင့်ကြည်၊ မိတ္ထီလာမြို့)

အဖြေ = အဘိဓာနပဒီပိကာ (အဘိဓာန်ပါဌ်) တွင် လက္ခီ-သိရိဝတ္တိယံ ဟု (ဂါထာ-၈၂) တွင် ဖော်ပြလျက် သိရိ ဟူသော ပုဒ်ကား ရတ္တိ စသော သဒ္ဒါမျိုးကဲ့သို့ ဣကာရန္တ ဣတ္ထိလိင်သာတည်း။ မြန်မာဆရာတို့ မှတ်ထင် ဆုံးဖြတ်ကြသည့်အတိုင်း နဒီ စသော သဒ္ဒါမျိုးကဲ့သို့ ဤကာရန္တ ဣတ္ထိလိင်မဟုတ်ဟု နိဿယသစ်၌ တောင်ပေါက်ဆရာတော်မှာ၏။ သို့သော် ကတပုညေဟိ သေ၀ိယတေ ၀ါ သေဝတီတိ သိရီ၊ သိ သေဝါယံ ရော၊ ဤစ။ သိ နိဿယေ ဝါ ဟု အဘိဓာန်ဋီကာ ဆိုသဖြင့် သိရီ ဟုလည်း ရေးသားနိုင်ပါသည်။ သီရိ-သိရီ နှစ်ချက်သင့်ပင် ဆိုပါ၏။ သို့သော် မြန်မာဘာသာ အနေဖြင့်ကား သီရိဟု ရေးထုံးပြုသဖြင့် သီရိမင်္ဂလာ၊ သီရိဂေဟာ စသည် ရေးသားနေကြပါသည်။

အကိုးအကား (၂)
နောက်ထုတ်မြန်မာစာသတ်ပုံစာအုပ်တွေမှာ သီရိ လို့သာရေးကြတယ်။ မပြည့်စုံပါ။

ပါဠိ-မြန်မာအဘိဓာန်မှာ သိရီ = ဘုန်းကြက်သရေ၊ ကြက်သရေမင်္ဂလာ၊ တင့်တယ်ခြင်း လို့ပါတယ်။ မှန်တယ်။

ဝီကီအဘိဓာန်မှာ Pali-သီရိ (n) လို့ရေးထားတယ်။ မှားတယ်။

ကောက်ချက်
သိရီ က စစ်မှန်တဲ့စကားလုံးဖြစ်ပြီး၊ သီရိ လို့အသုံးများတယ်။ မူလစာလုံးကို မှားတယ်လို့မပြောသင့်ပါ။ မိထွေး-ပထွေးနဲ့ နေရပေမယ့် အမေ-အဖေအစစ်ကို မမေ့အပ်သလို။ သီရိက လှလည်းလှလို့ လူနာမည်မှာသုံးတာ ပြောစရာမရှိပါ။ ဘာသာရေးနဲ့ဆိုင်တာ၊ ပညာရေးနဲ့ဆိုင်တာတွေမှာတော့ သိရီလို့သုံးသင့်တယ်ထင်ပါတယ်။ သိရီက မိဘအစစ်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၆