မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, October 31, 2016

Japan model ဂျပန်နမူနာ

လွန်ခဲ့တဲ့ ၂ နှစ်ကရေးခဲ့တဲ့စာကို ဒေါ်စုခရီးစဉ်နဲ့တိုက်ဆိုင်လို့ ပြန်တင်ပါရစေ။

နာဂါဆာကီဒေးကို ဘယ်တောမှ မမေ့ပါ။ ကျွန်တော်မမွေးခင် ၃ နှစ်တိတိ၊ ၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ ဂျပန်နိုင်ငံ နာဂါဆာကီမြို့ အနုမြူဗုံးချခံရတယ်။ လူပေါင်း ၃၈,ဝဝဝ ကနေ ၄ဝ,ဝဝဝ သေဆုံးရတယ်။ ၆-၈-၁၉၄၅ ဟီရိုရှီးမားမှာ လူ ၉ဝ,ဝဝဝ ကနေ ၁၄၆,ဝဝဝ သေဆုံးခဲ့ပြီးဖြစ်တယ်။ မြင်မြင်သမျှ ပြားချပ်ကုန်ပြီ။ အဲဒီနောက်မှာ ဂျပန်တွေ ဘာလုပ်ခဲ့ကြသလဲ။

ကမ္ဘာမှာ ချမ်းသာနေတဲ့နိုင်ငံတွေ ဘယ်လိုကနေဘယ်လို ချမ်းသာလာကြသလဲက စိတ်ဝင်စားဘို့ အလွန်ကောင်းတယ်။ အဲဒီမေးခွန်းကို ခပ်သောသောနဲ့ ဖြေခဲ့ဘူးတယ်။ အဲလိုချမ်းသာတဲ့နိုင်ငံကလူတွေဟာ အရင်က ပင်လယ်ဓါးပြတွေ ဖြစ်ခဲ့ကြတယ်လို့။ ဒီစာမှာရေးချင်တာကတော့ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်မှာ မရှုမလှ အရှုံးကြီးရှုံးခဲ့ရာကနေ ကနေ့မှာ ဘာလို့ချမ်းသာလာသလဲ။

ဂျပန်လူမျိုးတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာရှိတာကိုစားပြီး ဗိုက်ဖြည့်ကြတယ်၊ အလုပ်လုပ်စရာမရှိချိန်မှာ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်၊ ဒီကြားထဲကနေ ကမ္ဘာမှာ လူတိုင်းက လေးစား အားကျရတဲ့အဆင့်ကို မရရအောင် လုပ်ဆောင်ပြနိုင်ကြတယ်။ (မေဂျီ) ပြုပြင်ပြောင်းလဲရေးခေတ်တုံးကလို သန္နိဋ္ဌာန်နဲ့ စည်းကမ်းကိုပြန်ပြီးစွဲကိုင်လိုက်ကြတယ်။ ၁၉၄၆ ကနေ ၁၉၈၉ အထိသာ ကြာလိုက်ပါတယ်။ ဘယ်သူကမှ ဖြစ်နိုင်မယ်လို့ မထင်မှတ်တဲ့ ချမ်းသာကြွယ်ဝမှုနဲ့အတူ ထိုက်တန်တဲ့ဂုဏ်သိက္ခာကို စုစုစည်းစည်းနဲ့ အရယူနိုင်လိုက်ကြပါတယ်။ အနာဂတ်အတွက် ကြီးမားတဲ့မျှော်လင့်ချက်ကို ရစေလိုက်ပါတယ်။

ကျွန်တော်တို့တတွေဟာ ငတ်မွတ်မှုထဲကနေ၊ ရတာကိုစားပြီး ဗိုက်ဖြည့်ကြရတဲ့ ဂျပန်တွေဘဝနဲ့တော့ တူနေပါပြီ။ ဒီကနေတက်ဘို့ရာ ကျွန်တော်တို့တတွေမှာ ဂျပန်တွေနဲ့ ဘာတွေများတူလို့၊ ဘာတွေမတူနေပါသလဲ။ မီးခိုးခေါင်းတိုင်ကနေ အငွေ့ထွက်သလို ဆေးလိပ်သောက်ကြတယ်။ ကြွက်တွင်း ရေလောင်းလို့ မပြည့်နိုင်သလို အရက်သောက်ကြတယ်။ (မေဂျီ) လိုပဲ ကနောင်မင်းသားလည်းကြိုးစားဘူးတာရှိတယ်။ သန္နိဋ္ဌာန်ဆိုတာ (မဆလ) ခေတ်က ကျောင်းတိုင်းမှာ အဆိုခိုင်းတဲ့ ကျွန်ုပ်တို့၏ယုံကြည်ချက်မျိုး မဟုတ်ပါ။ စစ်အစိုးရလက်ထက်ကတည်းက နေရာတိုင်းမှာထိပ်ကပါနေတဲ့ ဒို့တာဝန်အရေးများ မဟုတ်ပါ။ စည်းကမ်းဆိုတာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကိုပြောတာ မဟုတ်ပါ။ စစ်တပ်တိုင်းမှာ စည်းကမ်းရှိတယ်။ အရပ်စည်းကမ်းနဲ့ ထပ်တူမကျပါ။

ဂျပန်တွေက (၁၉၄၆ - ၁၉၈၉) ၄၃ နှစ်နဲ့ကမ္ဘာ့ထိပ်အထိ တက်နိုင်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ (၁၉၆၂ -၁၉၈၇) ၂၅ နှစ်နဲ့ ကမ္ဘာ့အောက်အထိ ဆင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ LDC ဘဝကနေတက်လမ်း မမြင်ရသေးပါ။ ဂျပန် ဒိုင်းယက်ထဲမှာ ယူနီဖေါင်းဝတ်တွေ မထိုင်ပါ။ ဂျပန်နိုင်ငံရေးမှာ ယူနီဖေါင်းချွတ်တွေက ဦးစီးမထားပါ။ နောက်ဆုံးဖြစ်လာတဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီး (တိုမိုမီ အင်နာဒါ) က အရပ်သူဖြစ်တယ်။

ကျွန်တော်တို့ငယ်ငယ်က ဂျပန်ပစ္စည်းကို ဘယ်သူကမှ မသုံးချင်ကြပါ။ ကနေ့တော့

ဂျပန်တွေဆီကယူစရာ စည်းကမ်းရှိမှု၊ သန့်ရှင်းမှု၊ အချိန်အသုံးချမှုနဲ့ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးကို တကယ်ချစ်တဲ့စိတ်။ စစ်တပ်နဲ့ အရပ်ဘက်ဆက်ဆံရေး။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၄

November Morning နိုဝင်္ဘာ နံနက်ခင်း

ဟိုလွန်ခဲ့တဲ့ ၁၉၆၅ ခုနှစ်၊ နိုဝင်္ဘာလ (၁) ရက်နေ့ မနက်ခင်း၊ စက်ဘီးတစီးနဲ့ ကျောက်မီးသွေးမိုးခိုးနံ့ကိုရှူရင်း မန္တလေး ဘူတာကြီးအရှေ့ဖက်ဆက်နင်း၊ အရက်ပျံနဲ့ လိုက်ဇောနံ့သင်းနေတဲ့ မန္တလေးဆေးရုံကြီးရှေ့ကဖြတ်ရင် ဖေါ်မလင်နံ့ရှိရာ ဆေးတက္ကသိုလ်မှာ ဖရက်ရှာခေါ် ကျောင်းသားသစ်လေးတယောက်ဟာ အားသစ်အင်သစ် အပြည့်နဲ့ပေါ့ဗျာ။

နောင် (၇) နှစ်မှာ ဆရာဝန်ဖြစ်ဘို့တခုတည်းသာ သိသေး။ နောင်ရေး မတွေးမိ။ နှစ်အစိတ်ရှိရင် နိုင်ငံရေးထဲ ဝင်ရမယ်လို့က စိုးစဉ်းမျှ စိတ်ကူးထဲမှာမရှိ။ နောင် (၂၆) နှစ်တိတိမှာ ကိုယ့်မွေးရာတိုင်းပြည်ကြီးကို ကျောခိုင်းပြီး ထွက်ရလမ်း မှန်းမထားမိ။ အခုရှိတဲ့နေရာဆိုတာလည်း အိပ်မက်ထဲမှာ နတ္ထိ။

နိုဝင်္ဘာလဆန်းဆိုတာ ကျွန်တော့်ဘဝမှာ အဓိပ္ပါယ်တွေ အများကြီးရှိ။

ဒေါက်တာတင့်ဆွေ
၁-၁၁-၂ဝ၁၆

HIV Update

သတင်း = မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အောက် HIV ရောဂါကူးစက်သူ လူငယ်တွေ မနှစ်ကထက် ပိုမိုများပြား

၂ဝ၁၅ ကမ္ဘာ့ HIV ကိန်းဂဏန်း
• HIV ဟာ ကမ္ဘာ့ပြဿနာကြီးဖြစ်တယ်။
• လူဦးရေအားလုံးရဲ့ ဝ့၈% မှာ HIV ရှိနေတယ်။
• ဆာဟာရအောက်ပိုင်းဒေသမှာ ၂၅့၅ သန်းရှိတယ်။
• ၂ဝ၁၅ တုန်းက ၃၆့၇ သန်းဟာ HIV နဲ့နေထိုင်နေကြရတယ်။
• ကလေးပေါင်း ၁့၈ သန်းပါဝင်တယ်။
• AIDS နဲ့ဆက်စပ်ပြီး ၁့၁ သန်း သေဆုံးခဲ့ကြရတယ်။
• ကပ်ရောဂါစတကည်းက လူပေါင်း ၇၈ သန်းကူးစက်ခံရပြီးပြီ။ ၃၅ သန်း သေဆုံးခဲ့ရပြီးပြီ။
• ၂ဝ၁၅ မှာ လူနာသစ် ၂့၁ သန်းတိုးလာခဲ့တယ်။ ကလေးပေါင်း တသိန်းခွဲပါတယ်။
• ၂ဝ၁ဝ နောက်ပိုင်း လူကြီးတွေကူးစက်မှု ၆% နှေးတော့ရှိပါတယ်။ ဆေးကုသမှုလည်း တိုးလာတယ်။
• လူပေါင်း ၁၇ သန်းထဲက ၁၅့၈ သန်းက ART ဆေးသောက်နေကြတယ်။ အဲတာဟာ လူကြီး ၄၆% နဲ့ ကလေး ၄၉% သာဖြစ်တယ်။ ပိုးရှိနေတဲ့ကိုယ်ဝန်ဆောင် ၇၇% က ART ဆေးရနေကြတယ်။
• ၂ဝဝ၅ တုန်းက သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး အခုတော့ ၄၅% ကျဆင်းလာတယ်။
• US$ 19 billion ရင်းနှီးမြှုပ်နှံမှုလုပ်ထားတယ်။ ၅၇% ကို ကိုယ့်တိုင်းပြည်ကနေသာ စိုက်ထုတ်သုံးစွဲတယ်။
• ခန့်မှန်းချေ ၄ဝ% လောက် HIV ရှိနေမှန်းမသိကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၆

Snowflakes ဆောင်းဦးပေါက်

လွန်ခဲ့တဲ့ ၂ နှစ်တိတိက ဒီလိုညမှာ နှင်းပွင့်ဖတ်တွေ ကျခဲ့တယ်။

• လေလည်းရောရာ၊ မိုးမပါဘဲ၊
• သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊
• မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
• ဧကန် ဟေမန်လာချေပြီ၏တည်း။

ဒီနှစ်တော့ စောစောက ဖလန်နယ်ရှပ်အင်္ကျီလက်ခေါက်ဝတ်ပြီး လမ်းလျှောက်လို့ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၄

Pestle and Mortar ဘန်းစကား (က)

မြန်မာစာနဲ့ စကားအကြောင်း ရေးနေမိတယ်။
• တချို့က ကလီကမာလုပ်တယ် ထင်ကြမယ်။ တချို့က ကလိန်စေ့ငြမ်းဆင်တယ် မြင်ကြမယ်။
• အိပ်ပျော်နေတဲ့ မြန်မာစာ ကာလနဂါးလောက်တော့ မကြာသေးပါ။
• အဲလိုဖြစ်ခဲ့တာ ကြိုးကိုင်သူနောက် ကောက်ကောက်ပါလိုက်ကြလို့။ ကြိုးဆွဲရာကတဲ့ ဆရာကြီးတွေရှိလို့။
• အဲလိုရေးတော့ တချို့က ကြက်ခေါင်းဆိတ်မခံဖြစ်ကုန်ကြတယ်။ တချို့က ကျွဲမြီးတိုကုန်ကြတယ်။
• ကိုယ်ကပါမှားနေရင် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်မယ်။ ကွက်ကျော်မြင်မှ သက်သာရာရမယ်။
• ကချော်ကချွတ်တွေ၊ ဂဏန်းသွားသလို ဘေးတိုက်တွေကို ကတွတ်ပေါက်က ငါးစောင့်သလို စောင့်နေပါတယ်။
• ကောက်ရိုးမီးလိုထလောင်တဲ့ ဘန်းစကားတွေကိုလည်း မျက်နှာသာမပေး ရေးဖြစ်တယ်။
• ခေတ်စားပေမယ့် ဘန်းစကားဆိုတာ ခဏပါ။ အခုစာထဲက ဘန်းစကားဘယ်နှစ်လုံးကို လူဘယ်ရာနှုန်းက သိကြသလဲ။

ဘန်းစကား (က) တွေစုံသွားအောင် ထည့်ပါရစေ။ ကာတစ်ဆိုတာတော့ သိတော့တဲ့သူ အလွန်နည်းမှာပါ။ မန္တလေး၊ ၂၆ (ဘီ) လမ်းပေါ်က ဆေးတိုက်တံဆိပ်။ ဆေးထောင်းတဲ့ ငရုပ်ဆုံ။ အဲဒီခေတ်မှာ ကိုယ်ခန္ဓာအချိုးအစားကျတဲ့ အမျိုးသမီးတွေကို အဲလိုခေါ်ကြတယ်။ Smile!

ဒေါက်တာတင့်ဆွေ

Tortoise upside down လိပ်

(မနှစ်က ဒီနေ့မှာ ရေးတဲ့စာ)

အီတလီလူမျိုးဆရာဝန်တဦးကို ယူကေနိုင်ငံမှာ အင်္ဂလိပ်စာစစ်ဆေးမှုလုပ်တော့ကျလို့ လိုင်စင်သိမ်းခံရတယ်။ (ဒေါက်တာ အယ်လက်ဆန်ဒရို တက်ပါး) ဟာ ယူကေမှာ ၂ဝ၁၄ တုံးက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်အရ အဲလို လိုင်စင်သိမ်းခံရတဲ့ ပဌမဆုံးအီးယူကဆရာဝန်ပါ။ စာမေးပွဲတွေစစ်ပြီးမှ အဲလိုဆုံးဖြတ်လိုက်တာပါ။ သူကအီတလီကတည်းက အင်္ဂလိပ်စာ သင်တန်းတွေ ယူလာခဲ့ပါတယ်။ ပိုလန်ဆရာဝန် ဒေါက်တာ (တောမတ်ဇ် ဖရီဇွဲလ်ဝဇ်) လည်း ယူကေမှာ (၉) နှစ် လာဆေးကုဘို့ လိုင်စင်ရထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူလည်း အင်္ဂလိပစာစာမေးပွဲ ၃ ကြိမ်ကျထားပြီဖြစ်ပါတယ်။ ဥပဒေအရ (၁၂) လအတွင်းမှာ အင်္ဂလိပ်စာစာမေးပွဲအောင်ရပါမယ်။

ကျွန်တော့်မှတ်ချက်
ပြောဆိုတဲ့စကားဆိုတာ အလွန်အရေးကြီးပါတယ်။ အင်္ဂလိပ်လူနာပြောတာကို ဆရာဝန်ကနားမလည်ရင် အသက်ကိုပါ စေသေနိုင်တယ်။ မြန်မာစကားလည်း အတူတူပဲ။ မြန်မာစကားကို မြန်မာလို မှန်မှန်ကန်ကန်မပြောနိုင်တဲ့ အရာထမ်း အမှုထမ်းတွေရှိတော့ လုပ်ငန်းခွင်မှာခက်ခဲရတယ်။ အဲတာကိုနားလည်မှုပေးတာတော့ လက်တွေ့ကျပါသေးတယ်။ စကားနဲ့ ဆက်သွယ်ရေးလုပ်တဲ့ ဗမာမီဒီယာမှာ မပီကလာပြောတာကိုတော့ မသင့်လို့ထင်ပါတယ်။

ပြည်ပထွက်နေရ လုပ်ရသူတွေ (၄) သန်းလောက်ရှိတယ်။ ဘာသာစကားအခက်အခဲတွေ ရှိကြတယ်။ ဒီကြားထဲ အင်္ဂလိပ်စာကို တိုင်းတပါးဆိုတဲ့တံဆိပ်ကပ်တဲ့သူက ကပ်နေသေးတယ်။ ကနေ့ခေတ်ဟာ ကိုယ့်ဟာမှမှန်တာ လုပ်နေရမယ့်ခေတ် မဟုတ်ပါ။ အဲ့ ကိုယ့်စာနဲ့စကားကတော့ နံပတ်တစ်ဖြစ်တယ်။

မြန်မာစာ မြန်မာစကားလို မှန်ကန်ပီသ၊ အင်္ဂလိပ်စာကိုလည်း အင်္ဂလိပ်လို ပြောဆိုရေးသားတတ်ရပါမယ်။ မြန်ဂလိပ် ဆိုတာ ခေါင်းမဖော်ရဲတဲ့လိပ်နဲ့တူတယ်။ လိပ်ဆိုတာ ရေထဲမှာရော ကုန်းပေါ်မှာပါ သွားလာနေထိုင်သလို ကျွန်တော်တို့လည်း အတူတူပဲမဟုတ်ပါလား။ မြန်မာလိုရော အင်္ဂလိပ်လိုပါ ကပျက်ကချော်ဆိုရင်တော့ လိပ်ကြီး ပက်လက်လှန်ထားသလို။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Language Law ဘာသာစာပေစောင့်ဥပဒေ

(မနှစ်က ဒီနေ့မှာ ရေးတဲ့စာ)

မိခင်စကားမဟုတ်တဲ့ အင်္ဂလိပ်စာအကြောင်းလေး ရေးပါရစေ။ ပြည်ပထွက်နေရတွေ သန်းဂဏန်းမနည်းပါ။ ဘာသာစကား အခက်အခဲတွေရှိကြတယ်။ အိန္ဒိယမှာနေရတုံးက မေးလာတဲ့သူရှိတိုင်း အကြံပေးရပါတယ်။ ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူဘို့၊ အိန္ဒိယ-အင်္ဂလိပ်နဲ့ မြန်မာ-အင်္ဂလိပ်တွေကိုမယူပါနဲ့လို့။

ယူအက်စ်အေရောက်ပြန်တော့ အင်္ဂလိပ်စာသင်တဲ့ကျောင်းမှာ မြန်မာဘာသာပြန်ဆရာလုပ်ရတာမို့ အကြံပေးစရာတွေ ပိုရှိလာတယ်။ ကျွန်တော်တို့တတွေမှာ အင်္ဂလိပ်လိုစစ်စစ်တတ်ဘို့မှာ ဘာတွေက အတားအဆီးဖြစ်နေသလည်း။

ကျွန်တော်က အင်္ဂလိပ်စာတော်သူမဟုတ်ပါ။ ပညာရေးဘာသာရပ်ကို လေ့လာထားသူလည်းမဟုတ်ပါ။ မြန်မာပြည်မှာ အင်္ဂလိပ်စာသင်နည်းနဲ့ နမူနာယူစရာအင်္ဂလိပ်လိုရေးတာတွေမှာ လိုနေတယ်ထင်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်ကတည်းသုံးနေတဲ့ Ka = က၊ Kha = ခ၊ Kya ကြ-ကျ စတဲ့ သင်ရိုးကို ပြင်ဆင်ဆန်းသစ်တာ မတွေ့သေးပါ။ ကျွန်တော်နာမည် နှစ်လုံးစလုံးလည်း အင်္ဂလိပ်စကားပြောသူတွေက မှန်အောင်မထွက်ပါ။ သူတို့ မမှားဘူးထင်ပါတယ်။

Myanmar ကို သူများတွေက မှန်အောင်မထွက်နိုင်ကြပါ။ My နဲ့ စတဲ့စာလုံးမို့ (မိုင်) သံနဲ့ (မိုင်ယန်မာ) လို့ဘဲ ထွက်တယ်။ Kyi ကိုလည်း မှန်အောင်မထွက်တတ်ကြပါ။ အိန္ဒိယ-အင်္ဂလိပ်မှာ R သံကို ပီပီသသထွက်ကြတယ်။ Doctor ဆိုရင် (ဒေါက်တားရ်) လို့ ထွက်ကြတယ်။ အိန္ဒိယနေတဲ့ ရွှေမြန်မာတွေအတော်များများလည်း အင်္ဂလိပ်စကားထဲမှာ မဆလာနံ့ ပါနေတယ်။

ကွန်တော်တို့က ငပိသံ။ နောက်တော့ ငြိမ်ဝပ်စာလုံးပေါင်းနဲ့ ပိပြားသံ။ လက်ရှိ (မြန်ဂလိပ်) ဆိုတာ လိပ်နဲ့တူတယ်။ သူများဆီသွားရင် မဖေါ်ရဲဖြစ်တတ်တယ်။ ကျွန်တော်တို့ကျောင်းသားတွေ အသံထွက်မမှန်သေးတာကို မကဲ့ရဲ့ကြပါ။ ပြည်တွင်းမှာ အရင်က အင်္ဂလိပ်အသံထွက်မှန်ရင် ဗိုလ်ရူးလို့ကဲ့ရဲ့ကြတယ်။ ဗိုလ်တွေအုပ်ချုပ်စဉ်ကပါ။

မြန်မာစာ မြန်မာစကားလို ပီသမှန်ကန်ပါစေ။ အင်္ဂလိပ်စာကိုလည်း အင်္ဂလိပ်လိုမှန်အောင် ပြောဆိုရေးသားဘို့ ကြိုပမ်းသင့်ပါတယ်။ ဘာသာစာပေစောင့်ဥပဒေ ပေါ်ပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၅

Ginger ချင်း နဲ့ ဂျင်း


Honey Drew ချင်းသုပ်ကအမှန်လား။ ဂျင်းသုပ်၊ ချင်းသုပ် လူအတော်များများကမှားတယ်တဲ့။

ချင်း နဲ့ ဂျင်း နှစ်ခုလုံး သုံးကြပါတယ်။

ဒေါက်တာတင့်ဆွေ

ပျက် နဲ့ ပြက်

ဆရာ သမီးက အသက်​ ၂၀ ပါ။ အိမ်​​ထောင်​သက် ​၁ နှစ်​နဲ့ ၇ လပါ။ က​လေးကမရ​သေးဘူးရှင်​။ ပထမကိုဝန်​ ၄၉ ရက်​နဲ့ ပြက်​ကြဖူးပါတယ်​ရှင်​။ ​သောက်​​ဆေးရှိရင်​ ညွန်း​ပေပါဆရာ။

ကိုယ်ဝန်လို့သာ ရေးရတယ်။ ပြက်ကြလို့ရေးတာလည်း မမှန်ပါ။ ပျက်ကျလို့သာ ရေးရတယ်။

ပျက်
ကိုယ်ဝန်ပျက်ကျ။
စည်းကမ်းပျက်။
စိတ်ပျက်လက်ပျက်။
တရားပျက်။
ပျက္ခဒိန် (အသုံးဟောင်း)။
ပျက်စီးဆုံးပါး။
မပျက်မကွက်။
လူပျက် (ပျက်စီးနေသောသူ)။
ဝမ်းပျက်။
အစားပျက်။
အကြံအစည်ပျက်။
အဖြစ်အပျက်။
အနေအထိုင်ပျက်။
ပေါ့ပျက်ပျက်။

ပြက်
ထုပြက်အလျားအနံ။
ပြက်ပြက်ထင်ထင် (ထင်ထင်ရှားရှား)။
ပြက်ရယ်ကျီစယ်။
ပြက်ရယ်ပြုသည်။
ပြက်လုံးထုတ်။
ပြက်ချော်ချော်။
ပြိုးပြိုးပြက်ပြက်။
လက်ဝါးပြက်။
လျှပ်စစ်ပြက်။
လူပြက် (လူရွှင်တော်)။
သပြက်ပင်။

လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက်ရောင်ခြည်မျှင်၊ ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်။ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖေါ်ပြ အာကာဝေဟင်၊ ဘယ် ရှေးဝဋ်ကြွေးတုံ့တင် ချေပြီ ထင်ခဲ့ ခိုမီရာမဲ့ ရှုလှဲ့မြင်လှဲ့စေခင် ချစ်တဲ့သူရဲ့ရင်ခွင် တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင် ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင် အော့့် မိုးသက်လေနှင့့်

ဒေါက်တာတင့်ဆွေ

Sunday, October 30, 2016

အပယ်ရတနာ

ပဲတီချဉ် စားချင်သလားအောက်မှာ တယောက်ကရေးတယ်။

ကယ်ပါ စားချင်လိုက်တာတဲ့။

ရေးတဲ့သူကတော့ ပေါ့ပေါ့ပါးပါး၊ ခေတ်စကားလို ရေးပုံရပါတယ်။ ဒါပေမဲ့ ကယ်ပါဆိုတာ အဓိပ္ပါယ်ရှိထားပြီးသားစကားလုံး ဖြစ်နေတယ်။

ကယ်ပါ = ဘုရားကျွန်၊ တောင်းစားရသူ။

ပုဂံခေတ်က ဘုရားတွေတည်ရင် ဘုရားကျွန်အဖြစ် သတ်မှတ်ပေးထားခံရသူတွေကိုပါ ဘုရားကို လှူတယ်။ ရုပ်ပွားတော် မျက်နှာတော်သန့်စင်ပေးခြင်း၊ ကြမ်းပြင်လှည်းကျင်းခြင်း၊ ဆွမ်းနဲ့ သောက်တော်ရေ ကပ်လှူခြင်း စတာတွေလုပ်ကြရတယ်။ တချို့ဘုရင်တွေကနေ ကျွန်အဖြစ်ကနေ နှုတ်ပယ်ပေးတာတွေလည်းရှိတယ်။ လွတ်လပ်ရေးရတော့လည်းကြိုးပမ်းပါတယ်။ အခုထိ အမျိုးအနွယ်တွေ ကျန်သေးတယ်။ နောက်ပိုင်းမှာ တောင်းရမ်းစားသူတွေနဲ့ ရောထွေးလာတယ်။

ကျန်စစ်သားဟာ စောလူးမင်းရန်ကြောင့် မြင်းပါရွာအနားမှာ ပုန်းအောင်းနေရစဉ်မှာ အပယ်ရတနာမိဖုရားက လာတွေ့ခဲ့တဲ့နေရာမှာ အမှတ်တရအဖြစ် အပယ်ရတနာဘုရားကို တည်ခဲ့သည်။ ရှုမဝဦးကျော်ရိုက်ကူးခဲ့တဲ့ အပယ်ရတနာရုပ်ရှင်ကို ငယ်ငယ်ကကြည့်ခဲ့ရတယ်။ အပယ်ရတနာဘုရားရှေ့မှာ တောင်းရမ်းစားသောက်ရတဲ့ ဦးကျန်အဖြစ် သရုပ်ဆောင်သူ တယောဆရာကြီး ဦးကြည်မောင်နဲ့ မြေးမကလေးမိအေးအဖြစ်သရုပ်ဆောင်သူ ရှုမဝ စမ်းစမ်းအေးတို့ နာမည်ကြီးပါတယ်။ ဇာတ်ဝင်သီချင်းမှာ အပယ်ရတနာ ကယ်ပါဘုရာ့လို့ ပါတယ်။

ခေတ်စကားတွေကို သတိထားစေချင်တယ်။ တခြားသူတင်တဲ့ တကျပ်လား၊ တစ်ကျပ်လားဆိုတဲ့ ပို့စ်တခုအေက်မှာ ရေးထားတဲ့ ကွန်မင့် နှစ်ခုကြောင့် မြန်မာစာအတွက် အတော်စိုးရိမ်မိတယ်။ ခေတ်ပေါ်တွေသာ ကောင်းတယ်တဲ့။ တယောက်က ရှေးကရေးတာတွေကိုဖတ်ရတာ ရီစရာကောင်းတယ်တဲ့။

ကျွန်တော် တယောတော့ မထိုးတတ်ပါ။ မြန်မာစာ ကယ်ပါဘုရာ့

ဒေါက်တာတင့်ဆွေ

Dos and Don’ts for Common Colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ

ဆရာရှင့် ကျွန်မ အသက် ၃၇ နှစ်ပါ။ မိန်းကလေဖြစ်ပြီး ရာသီပုံမှန်လာပါတယ်။ အိမ်ထောင်မရှိပါ။ အအေးမိ နှာစေးခြင်းအတွက် Amoxicillin 500 mg သောက်တာ တနေ့ သုံးကြိမ်နှုန်းနဲ့ ၂ ကဒ်ရှိပါပြီ။ ချောင်းမဆိုးပါ။ ရာသီဥတုမမှန်တာကြောင့် အခုချိန်ထိမပျောက်ပါ။ ဒီဆေးဆက်သောက်သင့် မသင့်နဲ့ ဒီဆေးများများသုံးခြင်းအားဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။ ကျွန်မ ငယ်ငယ်တည်းက အအေးမိလွယ်ပါတယ်ဆရာ။

၁၉-၁၁-၂ဝ၁၁ နေ့က ဗိုင်းရပ်စ်တမျိုးမျိုး ကူးစက်ခံရတာကို ပဋိဇီဝဆေးသောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ သတိပေးလိုက်ပါတယ်။ ၁၈-၁၁-၂ဝ၁၃ နေ့က နှာရည်ယိုနေတာအတွက် ပဋိဇီဝဆေးမသောက်သင့်ကြောင်း အင်္ဂလန်လူထုကျန်းမာရေးနဲ့ တော်ဝင်ကောလိပ်ကနေ သတိပေးလိုက်ပါတယ်။

နှာစေးအအေးမိတာ၊ အများစုလည်ချောင်းနာတာ၊ လေပြွန်ရက်တိုရောင်တာ၊ ဆိုင်းနပ်စ်အများစု၊ နားကိုက်တာ အများစုတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါ မပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်သက်ရောက်မှုတွေ ရစေမယ်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။ အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ကြရတာ မဟုတ်ပါ။ ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။ မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။ အသက်ကိုရန်ရှာနိုင်လောက်တဲ့ (ဗက်တီးရီးယား) ပိုးဝင်တာအတွက် ပဋိဇီဝဆေးတွေက အတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေး ပြဿနာကြီး ဖြစ်ပါတယ်။

ဗီတာမင် (စီ) နဲ့ (ဒီ) များများသောက်ရင် ပိုကောင်းမယ်လို့ထင်မှတ်ထားကြတယ်။ အမှန်က ၃% ထက် ပိုမကောင်းပါ။ ပိုပြီးထိရောက်တာက ဇင့် (သွပ်) ဓါတ်ဖြစ်တယ်။ Zinc lozenges ငုံဆေးဝယ်လို့ရတယ်။ အရက်ပိုသောက်ရင် အအေးမိတာပိုကောင်းမယ်လို့ယူဆထားတယ်။ မဟုတ်ပါ။

ပျားရည်တဇွန်း ညအိပ်ခါနီးသောက်ပါ။ ချောင်းဆိုးပျောက်ဆေးထက် ပိုထိရောက်တယ်။ တခြား ဟာဗယ်ဆေးတွေ (ချင်းရည်-ချင်းပြုတ်ရည်) တွေက သုတေသနအရမထူးပါ။

ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အကိုက်အခဲ-အဖျား-အရောင်ကျဆေး (Paracetamol/Ibuprofen) ဖြစ်ဖြစ် အအေးမိဆေး (Cold tablet/Sneeza/Coricidin) ဖြစ်ဖြစ်သာ သောက်ပါ။ Hand Sanitizers ခေါ်တဲ့ လက်ဆေး ဆေးရည်သုံးပါ။ ပိုးမွှားတွေ သန့်ရှင်းပေးတယ်။ ဆရာဝန်တွေလဲ လူနာစမ်းသပ်ပြီးတိုင်း သုံးကြတယ်။ ကောင်းပါတယ်။ (တစ်ရှူး) သုံးရင်လဲ စနစ်တကျစွန့်ပစ်ရတယ်။

ဓါတ်ပုံထဲပါအအေးမိနေသူ ချောင်းဆိုးနေပုံဟာ သူများတိုင်းပြည်တွေမှာ လုပ်တဲ့အကျင့်ဖြစ်တယ်။ တတောင်ဆစ်ထဲမှာ ပါးစပ်ထားရင်းသာ ချောင်းဆိုးကြတယ်။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးကြပါ။ လူတွေ့ရင် လက်ဆွဲနှုတ်ဆက်လေ့ရှိတဲ့ ယဉ်ကျေးမှုအရ လက်ဝါးကို တတ်နိုင်သမျှ အသန့်ထားကြတယ်။ လက်ဆွဲနှုတ်ဆက်တာမလုပ်သူတွေလည်း လက်ကို ကလေးထိန်းတာ၊ စားသောက်စရာတွေစားတာ၊ ချက်ပြုတ်တာ၊ ကိုယ့်မျက်နှာစတဲ့နေရာတွေကို ကိုင်တွယ်တာတွေ လုပ်ရလို့ ဒီနည်းကို အတုခိုးသင့်ကြပါတယ်။

နွေးနွေးထွေးထွေးနေပါ။ တိုက်ရိုက်ရတဲ့နေရာင်ခြည်ကောင်းတယ်။ ရေသောက် မနည်းစေနဲ့။ ရေနွေး၊ ရေနွေးကြမ်း ကောင်းတယ်။

http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
Dos and don’ts for common colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ
https://www.facebook.com/profile.php?id=100010441749295
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု http://doctortintswe.blogspot.com/2015/06/healthy-culture_18.html

ဒေါက်တာတင့်ဆွေ

ပဲတီချဉ် စားချင်သလား

ဟက်ပီး ဘိန်းမုံ့ အိမ်မှာတင်လုပ်အောက်မှာ ချင် နဲ့ ခြင် လွဲရေးတာလေးတွေတွေ့လို့

ချင်
ချင်ခြင်းဖြစ်သည်။ ချင်ချင်မြည်သံ။ ချင်ရဲမပြေ။ ကချင်လူမျိုး။ မချင်မရဲ။ တံခါးအချင်။ စားသောက်ချင်သည်။ ပြောချင်ဆိုချင်။ မသိစေချင်။ လုပ်စေချင်သည်။ ဖြစ်ချင်တိုင်းဖြစ်နေသည်။

ခြင်
ခြင်ကတဆင့်ကူးစက်သည်။ ခြင်ထောင်နဲ့အိပ်ပါ။ ခြင်္သေ့။ ရိုးတွင်းခြင်ဆီ။ အိမ်မိုးအခြင်။ ရှေ့နောက်ဆင်ခြင်ပါ။ အိပ်ချင်နေသည်။ စပါးခြင်တွယ်သည်။

ချဉ်
ချဉ်ပေါင်ရွက်။ ငချဉ် (ငါးချဉ်)။ ခါချဉ်ကောင်။ ကျောက်ချဉ်။ ချဉ်ရည်ဟင်း။ စိတ်ချဉ်ပေါက်နေသည်။ ညောင်ချဉ်ပင်၊ ဒိန်ချဉ်၊ ပဲတီချဉ်၊ ပန်းချဉ်ပေါင်၊ မျှစ်ချဉ်၊ လေချဉ်တက်။ လက်လုပ်ချဉ်။ ဒီကောင်ကို ချဉ်နေတာကြာပြီ။

ဒေါက်တာတင့်ဆွေ
Photo from TTSweet

The Three Musketeers သရီး မာစကက်တီးယား

ဆေးကျောင်းတက်ဖက် သူငယ်ချင်းတယောက်ကနေ ဖေါင်ကြီးသင်တန်းကို အတူတက်ကြတဲ့ဆရာဝန်ဖြစ်စ သုံးယောက်ပုံကိုတင်ပြီး Three Musketeers လို့ရေးတယ်။ ကျွန်တော်လည်း လူသုံးယောက်တွေ့ရင် သရီး မာစက်တီးယားဖြစ်ဖြစ်။ သုံးယောက်ပေါင်းလောင်းကျော်ဖြစ်ဖြစ် ပြောမိတယ်။

သရီး မာစကက်တီးယားခေါ် သေနတ်သမားသုံးယောက်ဝတ္ထုကို မြန်မာဘာသာပြန်တာ ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။ ရုပ်ရှင်လည်းကြည့်ရတယ်။ သုံးယောက်ပေါင်းလောင်းကျော်ကလည်း မြန်မာရုပ်ရှင်ပဲ။

သရီး မာစကက်တီးယားထဲက ဇာတ်လိုက်နာမည်တွေက အဆန်းတွေ။ ပြင်သစ်နာမည်တွေမို့ပါ။ စိတ်ထဲမှာ စွဲနေတာတခုပဲ ကျန်တယ်။ ဒါးတညံ့။ တခြားသူငယ်ချင်းကနေ ထပ်ဖြည့်ပေးလို့ ပေါသိုး နဲ့ အားသိုး တို့ကိုအမှတ်ရတော့တယ်။

Athos အားသိုး၊ Porthos ပေါသိုးနဲ့ Aramis အာရာမီတို့က သေနတ်သမားသုံးယောက်။ D'Artagnan ဓါးတညံ့ ကတော့ တောကနေ ပဲရစ်မြို့ကြီးတက်လာသူ။ ဝတ္ထုကို နာမည်ကြီးစာရေးဆရာ Alexandre Dumas အလက်ဇန်းဒါး ဒူးမားက ၁၇ ရာစုဇာတ်လမ်းရေးတာပါ။

ဖေါင်ကြီးသင်တန်းမှာ အကောင်းဆုံးသင်တန်းသားကို ငွေဓါးဆုပေးတယ်။ ကျွန်တော်တို့ ၂ဝ ရာစုထဲက ဆရာဝန်တွေကတော့ ဓါးတညံ့တွေချည်းပဲ။ အဲ့ ခွဲစိတ်ဓါးတော့ လက်ကချမထားချင်ပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆
ဓါတ်ပုံ = ၁၉၇၅ ဇေယျ ၂ဝ က မျိုးဝင်း၊ ကြံအောင်နဲ့ ဇော်မင်း။ ၁၉၇၄ ဇေယျ ၁၉ က သက်တင်၊ တင့်ဆွေနဲ့ ကံလှိုင်။

စပ်ဆေး ဘေးအန္တရာယ်

By ဒီဗွီဘီ 9 January 2016

Delia Fish ဆရာ nimesulite တို့ danzo တို့ လို ဆေးတွေကို ဆေးခန်းတွေ က တွင်တွယ်ကျယ်ကျယ် အသုံးပြုနေပြီး
ဆေးခန်းတွေကိုကြ အသုံးပြုခွသ့်ပြုထားတာလား၊ါ့မှ မဟုပ် ဆေးခန်းဆရာဝင်တွေကရော ခိုးသုံးနေတာလား
တစ်ချက်ရှိ ဆေးဆိုင်တွေပဲ ပြောနေကြတာ။ ဆေးခန်းတွေမှာ သုံးနေတဲ့ တရုတ်ဆေးတွေက register ရှိတဲ့ဆေးတွေလား သိချင်တယ်။ ဆရာက မဖြစ်သင့်တာ မဖြစ်အောင်ပြောပေးပေမယ့် တကယ့်အရေးကြီး မရှိအောင်လုပ်ရမှာက အိမ်ဆိုင်မှာ ရောင်းနေတဲ့ဆေးတွေ နိုင်ငံတော်ကခွင့်ပြုထားတဲ့ဆိုင်လဲ မဟုတ်။ ဆေးတွေကို ရောင်းချနေတယ်။ တကယ်တမ်း မဟုပ်တဲ့ဆေးတွေ အိမ်ဆိုင်တွေက ပေးမိရင်လည်း နောက်ဆုံး အပြောခံရတာ ဆေးဆိုင်တွေ။ ဒါပါပဲဆရာ ကျေးဇူးပါ ပြောပြပေးလို့။

Denzo ဆိုတာ Nimesulide နဲ့ Serratiopeptidase ရောထားတာဖြစ်ပါတယ်။ Danzen တိုတာ Serratiopeptidase ဆေးဖြစ်ပါတယ်။

အရင်ကလည်း မေးတာရှိလို့ ရေးထားပါတယယ်။
၁။ ဆရာရှင့် ကလေးနို့တိုက်မိခင်တွေ စပ်ဆေးသောက်လျှင် ကလေးကိုထိခိုက်စေနိုင်သလား သိချင်ပါတယ်။သောက်သင့် မသောက်သင့်ပြောပြပေးပါရှင့်။ ဆရာဝန်ကပေးတာမဟုတ်ဘဲ ဆေးဆိုင်တွေက တွဲပေးတဲ့ဆေးတွဲတွေကိုပြောတာပါရှင့်

၂။ ဆရာ့စာတိုင်းက ဗဟုသုတအပြည့်ပါပဲ။ တန်ဖိုးကြီးလွန်းလို့ ခဏခဏကျေးဇူးတင်မိပါတယ်ရှင်။ ပညာအရည်အချင်း နိမ့်ကျတဲ့ သာမန်လူတန်းစားများတဲ့ ကျွန်မတို့နိုင်ငံမှာ ရမ်းကုအန္တရာယ်နဲ့ ဆေးဆိုင်ကိုဆရာတင်ပြီး သောက်နေတဲ့ စပ်ဆေးအန္တရာယ်အကြောင်းတွေလည်း ဆရာအချိန်ရရင်ရေးပေးပါဆရာ။ ပြည်သူအများစုအတွက်ပါ။ လေးစားစွာဖြင့်။

ကျန်းမာရေးဝန်ကြီးဌာနကနေ အများအတွက် အသိပေးနှိုးဆော်ချက်သစ်တခု ထုတ်ပြန်လထားပါတယ်။ ဆေး (၉) မျိုးကို မသုံးသင့်ကြောင်းအသိပေး သတိပေးထာတာပါ။ ဆေးတွေက စပ်ဆေးလို့အရပ်ခေါ် ခေါ်မယ်ထင်ပါတယ်။ ဆေးထုပ်တိုင်းမှာ ဆေးတမယ်မက ရောစပ်ထားတယ်။ ဘာဆေးတွေလည်း တိတိကျကျသိဘို့ခက်သေးတယ်။ ရောဂါအညွှန်းတွေကိုဖတ်ရင် အနာသက်သာဆေးတွေချည်းများတယ်။ ကိုယ်ပူ၊ နှာစေး၊ ချောင်းဆိုး၊ အကြောပြေ၊ အဆစ်အမြစ်ကိုက်အတွက်လို့ရေးထားတယ်။ ပန်းနာလည်းပါတယ်။ ပန်းနာနဲ့ အကိုက်အခဲဟာ ဆက်စပ်မှုမရှိပါ။

သတင်းပို့ပေးသူကပြောပါတယ်။ ဆေးခန်းသွားပြရင် ၃ဝဝဝ လောက်ကုန်တယ်။ စပ်ဆေးဝယ်သောက်ရင် ၃ဝဝ လောက်ပဲ ကုန်တော့ ဝယ်သောက်ကြတာပဲတဲ့။ ရန်ကုန်နေဆရာဝန်တယောက်က စပ်ဆေးယဉ်ကျေးမှု ထွန်းကားနေတာ နှစ် ၂ဝ လောက်ရှိပြီတဲ့။

အနာသက်သာဆေးတွေက အမျိုးအစားလည်းများတယ်။ အမျိုးအမည်လည်းများတယ်။ ဆေးတွေက စွမ်းတယ်လို့ ပြောရတာတောင် မှားတော့မယ်။ ဓါးထက်ရင် မီးဖိုထဲသုံးတာတော့ ကောင်းပါရဲ့ ရာဇဝတ်မှုအတွက်ပါ သုံးနိုင်တာကို သတိပြုကြစေချင်တယ်။ ဆေးလည်းအဲလိုပဲ။ အကိုက်အခဲတော့ သက်သာစေမယ်။ ဆက်တွဲဖြစ်တာတွေကိုတော့ ခံပေရော့။ လူတွေမှာ နာတယ်ဆိုတာ အာရုံကြောစနစ်ထဲက နာတာနဲ့ပတ်သက်တာကို သက်ရောက်မှုဖိအား ခံရလို့ ဖြစ်တယ်။ အနာသက်သာဆေးတွေကနေ အဖျားအနား အာရုံကြောတွေဖြစ်ဖြစ်၊ ဗဟိုအာရုံကြောစနစ်ဖြစ်ဖြစ်ကို သက်ရောက်စေတယ်။ ဆေးသဘောချင်း မတူကြပါ။ (ပါရာစီတမော)၊ (စတီရွိုက်) မပါတဲ့ အနာအရောင် သက်သာဆေးတွေနဲ့ ဘိန်းသဘောပါတဲ့ဆေးတွေဆိုပြီးရှိတယ်။ နာပုံနာနည်းမတူရင် အနာသက်သာဆေး ရွေးပေးရတယ်။ ဘယ်လောက်နာသလည်းအပေါ်နဲ့ အနာအမျိုးအစားအပေါ်မှာ မူတည်ပြီး ဆေးရွေးပေးရပါတယ်။ အခုဟာက လူနာကိုမမြင်ရသေးပဲ ဆေးရွေးပေးထားတယ်။ လက္ခဏာကြည့်ခိုင်းတာ လက်ဝါးမပြခင် ဟောစာတမ်း ပေးသလိုပဲ။

• (ပါရာစီတမော) မှာ ဘေးထွက်ဆိုးကျိုး သိပ်မရှိပါလို့ယူဆလာရာကနေ နောက်သိလာရတာက  ဆေးများသွားရင်တော့ အသည်းနဲ့ ကျောက်ကပ်မှာ ဆိုးဝါးတာဖြစ်စေနိုင်တယ်။
• COX-2 inhibitors တွေက NSAIDs တွေရဲ့ ဘေးထွက်ဆိုးကျိုးကို သက်သာအောင် တီထွင်ထားတဲ့ Rofecoxib နဲ့ Celecoxib တွေဖြစ်တယ်။ ထိရောက်တာမှာတူပြီး အစာလမ်းကသွေးယိုမှာ သက်သာစေတယ်။ ဒါပေမဲ့ နောက်ပိုင်း လေ့လာမှုတွေအရ နှလုံးနဲ့ ဦးနှောက်ကို သက်ရောက်မှုဖြစ်စေနိုင်တာ သိလာရတယ်။ Rofecoxib (Vioxx) ကို ရောင်းခွင့်မပြုတော့ဘူး။ Celecoxib ထဲမှာ (ဆာလ်ဖါ) ပါတယ်။ တချို့ကမတည့်ပါ။
• Morphine, Codeine, Oxycodone, Hydrocodone, Dihydromorphine, Pethidine ဆေးတွေက ဘိန်း၊ ဘိန်းနဲ့ ဆင်တာတွေကနေ ထုတ်လုပ်တာဖြစ်တယ်။
• Buprenorphine က ဓာတ်ခွဲခန်းမှာထုတ်တဲ့ ဘိန်းဖြစ်တယ်။
• Tramadol ဆေးက Codeine နဲ့ ဆင်တယ်။
• Flupirtine (Aminopyridine) ဆေးမှာ ဘိန်းမပါဘူး။
• Tricyclic antidepressants စိတ်မကျဆေးတွေကိုလည်းသုံးနိုင်တယ်။
• Paracetamol နဲ့ Codeine လို ရောထားတဲ့ဆေးတွေလည်း ရှိတယ်။
• Ibuprofen or Diclofenac တွေကို လိမ်းဆေးအဖြစ်လည်းသုံးနိုင်တယ်။
• Capsaicin ငရုပ်သီးကနေထုတ်တယ်။ ဆေးကပ်ခွါအဖြစ်သုံးတယ်။
• Lidocaine အဆစ်ထဲထိုးပေးနိုင်တယ်။ ပါးစပ်အနာအတွက်လည်း လိမ်းပေးနိုင်တယ်။
• Tetrahydrocannabinol (THC) စိတ်ရောဂါအတွက်ဆေး၊ နာတာအတွက်လည်း ပေးတယ်။
• Ketamine မေ့ဆေးထိုးဆေးကို မတော်မတရားပြုကျင့်ဖို့၊ ပစ္စည်းလုယက်ဖို့ သုံးတယ်။
• Clonidine ယားတာ၊ စိုးရိမ်တာ၊ သွေးတိုးနဲ့ နာတာတွေအတွက်သုံးတယ်။
• Mexiletine နှလုံးခုန်မမှန်တာကို အဓိကသုံးတယ်။ နာတာကိုလည်းသက်သာစေတယ်။
• တခြား အနာသက်သာဆေးတွေကတော့ Nefopam, Orphenadrine, Pregabalin, Gabapentin, Cyclobenzaprine, Scopolamine တွေဖြစ်ကြတယ်။
• Dextromethorphan ချောင်းဆိုးပျောက်ဆေးဖြစ်တယ်၊ အနာလည်းသက်သာစေတယ်။
• High-alcohol liquor အရက်အပြင်းကိုလည်း နာတာသက်သာအောင်သုံးတယ်။
• အနာသက်သာဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း တိတိကျကျသုံးစွဲရမယ်။ ရက်တိုအတွက်သာသုံးပါ။ ကော်ဖီ၊ (ကိုလာ)၊ ဖျော်ရည်၊ နွားနို့၊ လဖက်ရည်တွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးအဆက အနည်းဆုံးဖြစ်သင့်တယ်။ နာတာသက်သာမယ်၊ ဆိုးကျိုးနည်းမယ်။ တချို့မှာ အနာသက်သာဆေးတမျိုးက ပိုသက်သာစေတာ ဖြစ်နိုင်တယ်။ အဲလိုမတူညီမှုတွေရှိပေမယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးတဲ့ဆေးတွေကို ကိုယ့်မှာဘာဖြစ်နေမှန်း တိတိကျကျမသိပဲသောက်ရင် အကျိုးထက် အဆိုးဖြစ်နိုင်တယ်။

အနာသက်သာဆေးတွေသုံးရင် အစာလမ်းမှာ သွေးယိုလာမှာကို အထူးသတိထားရမယ်။ သွေးယိုစေနိုင်တာက (ဝါဖရင်) သွေးကျဲဆေး၊ (စတီရွိုက်ဆေး)၊ နှလုံးကို ကာကွယ်ဘို့ သောက်ရတဲ့ (အက်စ်ပရင်) ဆေးတွေနဲ့ အတူသောက်ရင် ပိုဖြစ်စေနိုင်တယ်။ (အက်စပရင်) ကို အသက် ၁၆ နှစ်အောက်မပေးသင့်ဘူး။ နှလုံး (အတက်) ရာမှာနဲ့ (ဆထုပ်) ဖြစ်မှာကိုပါ သတိထားရမယ်။

(စတီရွိုက်) မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကို စနစ်တကျ လေ့လာမှု (မက်တာ-အနာလိုက်ဆစ်) ပြုခဲ့တယ်။ ဒီဆေးတွေကြောင့် နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေ အန္တရာယ်နဲ့ သေဆုံးမှု ဆက်စပ်နေတာကို တွေ့ရှိရတယ်။ Naproxen ဆေးကတော့ အသက်သာဆုံးဖြစ်တယ်လို့ ၂ဝ၁၁ ဧပြီလမှာ ထုတ်ပြန်ခဲ့တယ်။

NSAIDs ဆေးတွေဟာ သာမန်နဲ့ အသင့်အတင့် နာတာကိုရော အဆစ်နာရောဂါအတွက် ရေရှည်သုံးဘို့အတွက်ပါ ကောင်းစေတဲ့မှတ်တိုင်ထားရမဲ့ ဆေးဝါးတွေဖြစ်တယ်။ ဒါပေမယ့် ၂ဝဝ၄ ခုနှစ်မှာ COX-2 inhibitor အမျိုးအစားဖြစ်တဲ့ Rofecoxib ဆေးကို နှလုံးသွေးကြောရောဂါနဲ့ဆက်စပ်တာ သိလာရလို့ ဈေးကွက်ကနေဖယ်ရှားလိုက်တယ်။

ဆေးသုတေသနကျယ်ပြန့်တဲ့ လေ့လာမှု လုပ်ခဲ့ပါတယ်။ လေ့လာသူတွေအားလုံးကို ယေဘုယျကျကျ နှစ်တွေနဲ့ချည်ပြီး လေ့လာ မှတ်တမ်းတင်းတယ်။ သတ်မှတ်ထားတဲ့ လူစုကိုသာ လေ့လာမှုပြုတာ မဟုတ်ဘူး။ စမ်းသပ်မှုပေါင်း ၃၁ ခုမှာ လူနာပေါင်း ၁၁၆၄၂၉ ယောက် ပါဝင်ခဲ့တယ်။ ပထမကောက်ချက်မှာ နှလုံးသွေးကြောပိတ်သူတွေထဲက မသေသူရော သေဆုံးသူပါ ပါဝင်တယ်။ ဒုတိယကောက်ချက်မှာ သွေးယိုတာနဲ့ သွေးကောင်းကောင်း မလျှောက်တာတွေထဲက မသေသူရော သေဆုံးသူပါ ပါဝင်တယ်။ ဒါ့ပြင် နှလုံးရောဂါနဲ့ သေဆုံးသူတွေ၊ တခြားအကြောင်းတွေကြောင့် သေဆုံးရသူတွေ၊ သွေးမှုံနည်းတာနဲ့ ဆက်စပ်သူတွေ ပါဝင်သေးတယ်။

ဆေး (၇) မျိုးကိုစမ်းခဲ့တယ်။ Celecoxib, Diclofenac, Etoricoxib, Ibuprofen, Lumiracoxib, Naproxen နဲ့ Rofecoxib တွေဖြစ်တယ်။ တွေ့ရှိချက်တွေကတော့ –

• Ibuprofen, Celecoxib, Rofecoxib နဲ့ Lumiracoxib တွေက Placebo ဆေးမပေးဘဲနေသူတွေနဲ့စာရင် နှလုံး-သွေးကြောပိတ်တဲ့အန္တရာယ် ပိုများတယ်။
• ဆေး ၇ မျိုးလုံးက နှလုံးသွေးကြောရောဂါနဲ့ ရင်ပတ်နာတာ ပိုများတယ်။
• Naproxen ကလွဲရင် ကျန်ဆေး (၆) မျိုးလုံးက နှလုံးသွေးကြောရောဂါကြောင့် သေဆုံးရတာ ပိုများတယ်။
• ဆေး (၇) မျိုးလုံးက ဘယ်အကြောင်းနဲ့ဖြစ်ဖြစ် သေဆုံးရတာ ပိုများတယ်။
• ဆေး (၇) မျိုးလုံးက သွေးမှုံနည်းတာနဲ့ ဆက်စပ်မှု ပိုများတယ်။
• NSAIDs တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက အန်၊ ပျို့၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အစားအသောက်ပျက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အရေပြားအနီပြင်ထွက်၊ အိပ်ချင်။ တချို့ကို ခြေ-လက်ရောင်စေတယ်။ အဆိုးဆုံးဖြစ်စေတာက လေနာ၊ သွေးယိုတာ၊ ကျောက်ကပ်ထိခိုက်တာ၊ ရှားရှားပါးပါး အသည်းထိခိုက်တာ။ ကလေးငယ်တွေကို Aspirin မပေးသင့်ဘူး။ ရေကျောက်နဲ့ တုပ်ကွေး ဖြစ်နေရာကနေ ဒီဆေးပေးရင် Reye’s syndrome ခေါ်တဲ့ အသည်းရောဂါရစေနိုင်တယ်။

– Vioxx နဲ့ Bextra တွေကို ဈေးကွက်မှာ ရောင်းခွင့် ပိတ်လိုက်ပြီ။
– Celecoxib (FDA ကနေ စိတ်ချရမှုကို ယူအက်စ်မှာ သတိပေးထားတယ်။)
– Rofecoxib (တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။)
– Valdecoxib (တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။)
– Parecoxib (FDA တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)
– Lumiracoxib (သြစတြေးလျ TGA က ပြန်ပိတ်လိုက်တယ်။)
– Etoricoxib (FDA တရားဝင်ရောင်းချခွင့် ယူအက်စ်မှာ ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)
– Nimesulide (အသည်းကိုထိခိုက်စေနိုင်လို့ နိုင်ငံအတော်များများမှာ ပိတ်ထားတယ်။)

အဲလိုအမျိုးမျိုးသောဆေးတွေထဲက ဘယ်ဆေးကို ဆေးအလေးချိန်ဘယ်လောက်မှန်းမသိ ရောထားတဲ့ စပ်ဆေးတွေ သာမကပါ၊ အရပ်ဆေးတွေ၊ ကွမ်းယာဆိုင်ကဆေးတွေ၊ သူများနိုင်ငံတွေကလာလည်း ဆရာဝန်ညွှန်တာမဟုတ်ရင် သတိထားကြပါ။ ဆေးကုသစရိတ်ကြီးတာမှန်ပါတယ်။ တကယ်လို့ ဆေးသောက်တာ လွဲမှားရာကနေ ဆိုးဝါးတာတွေ ဖြစ်လာရင် စရိတ်ပိုကြီးတဲ့အပြင် အသက်ကိုပါရန်ရှာပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၉-၁-၂ဝ၁၆
၂၂-၄-၂ဝ၁၆
၎-၇-၂ဝ၁၆
၃ဝ-၁ဝ-၂ဝ၁၆

Griseofulvin မိုးတောင်က၊ ပွေးပေါင်က၊ ဆေးအတု တရုပ်ပြည်က

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (FDA) အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲ ကြပ်မတ်လျက်ရှိပါသည်။

၂။ ဈေးကွက်ရှိဆေးဝါးများကို ပုံမှန်စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆေးဗူးပေါ်တွင် ဖော်ပြချက်အရ Chengdu Ernei Pharmaceutica Co., Ltd, Sichuan, China ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Griseofulvin Tablets 125mg ဆေးဝါးသည် ဆေးဝါးအတု(အတု) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၃။ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို မှီဝဲသောရောဂါဝေဒနာရှင်များသည် စရိတ်များစွာကုန်ကျသည့် အပြင် မိမိတို့ခံစားနေရသော ရောဂါများပျောက်ကင်းခြင်း (လုံးဝ) မရှိဘဲ ပိုမိုဆိုးရွားသောအခြေအနေ ခံစားရမည်ဖြစ်ပါသည်။ သို့ပါ၍ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝ(လုံးဝ) မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ (၁၈) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Dr. တင့်ဆွေ
၂၂-၇-၂ဝ၁၆

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း

(အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။)

ဆရာရှင့် ကျမဆရာရဲ့ အသက်မှာ ၅၉ ဖြစ်ပြီး မုံရွာမှာ နေထိုင်ပါသည်။ ငယ်ငယ်က ဆေးလိပ် ကွမ်း စွဲခဲ့ပေမယ့် ယခု အားလုံး ဖြတ်နိုင်ခဲ့ပါပြီ။ အိမ်ထောင်ရှိပါသည်။ အနည်းငယ်မောသဖြင့် ဆေးစစ်ခဲ့ရာ အသည်းအဆီဖုံးနေတယ်လို့ သိခဲ့ရပါသည်။ ယခု ဗိုက်အခြေအနေမှာ သာမန်ထက် ပိုပူလာခဲ့ပါသည်။ ထို့ကြောင့် အသည်းအဆီဖုန်းသည့်ရောဂါ အတွက် ဆောင်ရန် ရှောင်ရန်များအား ရှင်းလင်းဖြေကြား ပေးစေချင်ပါသည်။

အသည်းအဆီဖုံးခြင်းကို Hepatic Steatosis လို့လည်းခေါ်တယ်။ အသည်းအဆီဖုံးရောဂါသည် အရေအတွက်ဟာ လူအားလုံးပေါင်းရဲ့ ၁ဝ-၂၄% ရှိတယ်။ အဝလွန်သူတွေထဲမှာ ၇၅% က ဒီလိုဖြစ်နေမယ်။ အရက်မသောက်သူတွေက ၃၅% ရှိတယ်။ အသည်းမှာအဆီလာဖုံးနေတဲ့ရောဂါ ကလေး-လူကြီး၊ ယောက်ျား-မိန်းမအားလုံးမှာ ဖြစ်နိုင်တယ်။ အသည်းမှာအဆီတွေ လိုတာထက် ပိုစုဝေးလာရင် အသည်း (ဆဲလ်) တွေဟာ နေရာဖယ်ပေးလိုက်ရမယ်၊ သူတို့လုပ်ရမဲ့ အဆိပ်အတောက် ဖယ်ရှားရေးကို အရင်လိုမလုပ်နိုင်တာ ဖြစ်လာတယ်။

(ဖက်တီး-လစ်ဗာ) ဘာလို့ဖြစ်သလဲ၊ အမျိုးမျိုး ဖြစ်နိုင်တယ်။ ရောဂါဗေဒအရပြောရရင် ကိုယ်ထဲက တခြားနေရာတွေက အဆီတွေ အသည်းမှာလာစုနေလို့၊ အူထဲကအဆီကိုအသည်းကနေများများစုပ်ယူလို့၊ အသည်းကနေ အဆီကို ချေဖျက်တာ သိပ်မလုပ်နိုင်လို့။ ဒါပေမဲ့ အဆီများများစားတိုင်း အသည်းမှာအဲလိုအဆီမများစေပါ။

ဘာလို့ဖြစ်ရသလဲ
အရက်၊ အဝလွန်တာ၊ အစာငတ်ခံတာ၊ ဆီးချို၊ (စတီရွိုက်ဆေး)၊ Carbon tetrachloride နဲ့ Yellow phosphorus အဆိပ်သင့်ခြင်း၊ Cushing's syndrome ရောဂါ နဲ့ Hyperlipidemia သွေးထဲမှာအဆီများရောဂါတွေကနေ ဖြစ်လာစေနိုင်တယ်။ Microvesicular fatty liver ဆိုတဲ့ အသည်းအဆီများနေတာမျိုးကတော့ Valproic acid နဲ့ မသင့်တာ၊ (တက်ထွာဆိုက်ကလင်း) ဆေးများတာ၊ ရက်လွန်တာနဲ့ ကိုယ်ဝန်ဆောင်တာတွေကနေ ဖြစ်စေနိုင်တယ်။

Amiodarone, Methotrexate, Diltiazem, Highly active antiretroviral therapy, Glucocorticoids, Tamoxifen, Phosphorus, Mushroom poisoning ဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ Inflammatory bowel disease, HIV, Hepatitis C (genotype 3), Alpha 1-antitrypsin deficiency ရောဂါတွေနဲ့လဲဆက်ဖြစ်နိုင်တယ်။

အရက်နဲ့ ဆက်ဖြစ်တာကို Alcoholic steatosis ခေါ်တယ်။ အရက်မဟုတ်တာကို Non-alcoholic fatty liver disease ခေါ်တယ်။ အရက်ကနေဖြစ်စေတဲ့ ပိုဆိုးတာကို Alcoholic steatohepatitisနဲ့ Non-alcoholic steatohepatitisလို့ ခေါ်တယ်။ အရက်ကြောင့် မဟုတ်တာဟာ Metabolic syndrome ခေါ်ပြီး Diabetes ဆီးချို၊ Hypertension သွေးတိုး၊ Obesity အဝလွန်ခြင်းနဲ့ Dyslipidemia သွေးထဲအဆီများရောဂါအပြင် တခြားရောဂါတွေကနေ ဖြစ်စေနိုင်တယ်။ Hepatitis အသည်းရောင်တာနဲ့ တွဲနေသူလဲရှိတယ်။

လူအတော်များများ အသည်းအဆီဖုံးရောဂါ ရှိနေပေမဲ့ လူကောင်းလိုနေကြသေးတယ်။ စမ်းသပ်တဲ့အခါ အသည်း ကြီးနေတာ တွေ့ရနိုင်တယ်။ အသည်းလုပ်ငန်းကိုသိဘို့ သွေးစစ်ရင် Alanine transaminase (ALT) နဲ့ Aspartate aminotransferase (AST) ခေါ်တဲ့ အသည်းမှာ (အင်ဇိုင်းမ်) တွေ များနေမယ်။ (ALT) နဲ့ (AST) (အင်ဇိုင်းမ်) တွေ များနေတာကအသည်းရောဂါ ရမှသာ ဖြစ်တာမဟုတ်ပါ။ ကြွက်သားရောဂါ ကြောင့်လဲရစေတယ်။ CT scan နဲ့ MRI လုပ်ရင် ပိုသိနိုင်တယ်။ Liver biopsy အသည်းက အသားစထုတ်ယူစစ်ဆေးမှ ရောဂါရှိတာသေခြာမယ်။

• အသည်းနေရာတချို့မှာနာနေတယ်။ သူ့ကိုဖိကြည့်ရင် နာမယ်။
• အားယုတ်မယ်။ အစားပျက်မယ်။
• အသား-ဆီးဝါနေမယ်။
• ကိုယ် (ဗိုက်-ခြေထောက်) ရောင်နိုင်တယ်။
• ပိုဆိုးလာရင် အသည်း (ဆဲလ်) တွေ သေတော့ အမာရွတ် ဖြစ်တာကြောင့် အသည်းခြောက် ရောဂါ ဖြစ်လာမယ်။ ပြန်မကောင်းတော့ပါ။ အသည်းအစားထိုးရမယ်။
• ဆေးမကုဘဲနေရင် တချိန်မှာ ဦးနှောက် ထိခိုက်တာ ဖြစ်လာနိုင်တယ်။
• အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်နေသူတွေထဲက ၁ဝ% ဟာတချိန်မှာ အသည်းကင်ဆာ ဖြစ်လာနိုင်တယ်။

အရက်ကြောင့်မဟုတ်ပဲဖြစ်ရတဲ့ အသည်းအဆီဖုံးရောဂါကနေ အသည်းရောဂါမဖြစ်တာ ၈ဝ% ရှိတယ်။ ၂ဝ% ကတော့ (NASH) ဖြစ်မယ်။ အဲဒီ NASH ထဲက ၂ဝ-၃ဝ% ဟာ အသည်းခြောက်တာနဲ့ အသည်းမကောင်းတော့တာတွေ ဖြစ်လာနိုင်တယ်။

ဘာလို့ဖြစ်သလဲကိုသိမှ ကုသတာမှန်မယ်။ ရိုးရိုးအသည်းအဆီဖုံးတာကို ကုစရာမလိုပါ။ Steatosis ကြောင့်ဖြစ်ရင် ပြန်ကောင်းနိုင်တယ်။ ဖြစ်လာမှတော့ နဂိုလို ပြန်မရောက်နိုင်တာများတယ်။ ရောဂါဖြစ်နေတာ နှေးအောင် လုပ်လို့တော့ ရတယ်။ အစောပိုင်းအဆင့် အစားအသောက် ဆင်ခြင်တာ၊ လူနေပုံ ပြင်တာနဲ့ ပြန်ကောင်းနိုင်တယ်။

• ကိုယ်အလေးချိန် လျှော့ချပါ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။
• အဆီလျှော့စားပါ။ အချိုပါ လျှော့စားပါ။
• အရက်ဖြတ်ပါ။
• ဆားခါး၊ ဗီတာမင် စီနဲ့ အီးတွေကအထောက်အကူပေးနိုင်တယ်။
• Ursodeoxycholic acid ဆေးကအကျိုးများစေနိုင်တယ်။
• ဆန်လုံးညို၊ သိပ်ဖြူစင်အောင်ချွတ်မထားတဲ့ အစေ့အဆီတွေကကောင်းတယ်။ Phytic acid ပါနေလို့ ဂျုံကမကောင်းပါ။
• ပေါင်မုံ့ဖြူ၊ ကြက်ဥခေါက်ဆွဲ၊ ကိတ်မုံ့၊ သွားရည်စာတချို့တွေကိုရှောင်ပါ။
• အသီးတွေနဲ့ အသီအရွက်တွေကိုနေ့တိုင်းစားပါ။
• နွားနို့ထဲမှာအဆိပ်ပျယ်ဓါတ်ပါလို့ ကောင်းတယ်။
• ကြာကြာကျော်ထားတဲ့အစာတွေ၊ နှစ်ခါပြန်ကြော်တာတွေ၊ အဆီများအစာတွေ၊ စက်ရုံကနေ ပြုပြင် ထုပ်ပိုးထားတဲ့ အစာတွေ ရှောင်ပါ။
• ဝက်အူတောင့်၊ (ဟော-ဒေါ့ခ်) မတည့်ပါ။
• ကြက်ဥနည်းနည်းသာစားပါ။
• အချိုရည်၊ ကော်ဖီ၊ အရက်ပါအရည်တွေ မတည့်ပါ။
• အမဲသား၊ ဝက်သားနဲ့စာရင် ကြက်ဆင်နဲ့ ကြက်သားတွေကတော်သေးတယ်။
• (စတီရွိုက်)ဆေး၊ ကြီးထွားဆေး၊ ပဋိဇီဝဆေးတွေ မပါတဲ့ အသားငါးသာရွေးစားပါ။
• ရေများများသောက်ပါ။

ဗိုက်ဖေါင်းတာဟာ ဖျင်းခေါ် ဗိုက်ထဲမှာ အရည်ပိုတွေအောင်းတာဖြစ်တယ်။ လိုအပ်ရင်ဖေါက်ထုတ်ရတယ်။ ဆေးတွေလိုမယ်။ ဗီတာမင် ဘီ-၁ နဲ့ တခြားဗီတာမင်တွေလိုနိုင်တယ်။ ပိုတက်ဆီယမ်ဓါတ်ဆား လိုနိုင်တယ်။ ဆီးသွားစေတဲ့ဆေးလိုနိုင်တယ်။ အနာသက်သာဆေး လိုနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Maternal mortality မိခင်များ မီးတွင်းသေဆုံးခြင်း

၃ဝ-၁ဝ-၂ဝ၁၆ နေ့ထုတ် 7Day Daily မှာ ဒေသတွင်းနိုင်ငံများတွင် ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း မြန်မာနိုင်ငံက နီပေါနိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်လို့ ရေးသားထားတယ်။

ကမ္ဘာမှာ အမျိုးသမီးပေါင်း (၈၃ဝ) ယောက်ဟာ ကလေးဖွားခြင်းနဲ့ဆိုင်တဲ့ ကျန်းမာရေးအခြေအနေတခုခုနဲ့ဆက်စပ်ပြီး နေ့စဉ် သေဆုံးနေရတယ်လို့ ၂ဝ၁၅ နိုဝင်္ဘာလမှာ WHO ထုတ်ပြန်ချက်ကဆိုပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း အမျိုးသမီး စုစုပေါင်း ၃ သိန်း ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆာဟာရတောင်ပိုင်းဒေသက အဆိုးဆုံးဖြစ်တယ်။ အာရှနဲ့ မြောက်ပိုင်း အာဖရိကမှာလည်း ဆိုးတယ်။

Maternal mortality ratio (MMR) မီးတွင်းသေဆုံးနှုန်းကို ကလေးအရှင်မွေး တသိန်းမှာ သေဆုံးသူ ဘယ်နှစ်ယောက် ရှိသလဲလို့တွက်ယူပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းမှာ မြန်မာနိုင်ငံက တတိယလိုက်ပါတယ်။
နီပေါ = ၂၅၈
တီမောလက်စ် = ၂၁၅
မြန်မာနိုင်ငံ = ၁၇၈
ပါကစ္စတန် = ၁၇၈
ဘင်္ဂလားဒက်ရှ် = ၁၇၆
အိန္ဒိယ = ၁၇၄
ကမ္ဘောဒီးယား = ၁၆၁
ဘူတန် = ၁၄၈
အင်ဒိုနီးရှား = ၁၂၆
ဖလစ်ပိုင် = ၁၁၄
မြောက်ကိုရီးယား = ၈၂
မောလ်ဒိဖ် = ၆၈
ဗီယက်နမ် = ၅၄
မလေးရှား = ၄ဝ
သီရိလင်္ကာ = ၃ဝ
တရုပ် = ၂၇
ထိုင်း = ၂ဝ
တောင်ကိုရီးယား = ၁၁
စင်္ကာပူ = ၁ဝ

ကောင်းတဲ့နိုင်ငံတွေကတော့ -
ကနေဒါ = ၇
ၾသစေတးလ် = ၆
ဂျပန် = ၅
ဖင်လန် = ၃
ဂရိ = ၃
အိုက်စလန် = ၃
ပိုလန် = ၃

အဆိုးဆုံးနိုင်ငံတွေကတော့ -
ဂမ္ဘီယာ = ၇ဝ၆
ဘာရြန္ဒီ = ၇၁၂
လိုက်ဘေးရီးယား =၇၂၅
ဆိုမာလီ = ၇၃၂
တောင်ဆူဒန် = ၇၈၉
နိုက်ဂျီးရီးယား =၈၁၄
ဗဟိုအာဖရိ = ၈၈၂
ချတ် = ၈၅၆
ဆာရာလီယွန်း = ၁၃၆ဝ

အဲလိုအမျိုးသမီးတွေ ဘာကြောင့်သေဆုံးရသလဲ။ တချို့သေဆုံးရစေတဲ့အကြောင်းရင်းတွေဟာ ကြိုတင်ကာကွယ်လို့ ရနိုင်တာတွေ ဖြစ်ပါတယ်။
၁။ ကလေးမွေးပြီး သွေးအလွန်ဆင်းခြင်း
၂။ ကလေးမွေးပြီး ကူးစက်ရောဂါပိုးဝင်ခြင်း
၃။ ကိုယ်ဝန်သွေးဆိပ်တက်ခြင်း
၎။ မွေးဖွားရခက်ခဲခြင်း
၅။ စိတ်မချရတဲ့နည်းနဲ့ ကိုယ်ဝန်ဖျက်ချင်း

မီးတွင်းမိခင်သေဆုံးမှု များနေစေတဲ့ အခြေခံအကြောင်းတွေကတော့ -
၁။ ဆင်းရဲမှု
၂။ ကျန်းမာရေးဌာနနဲ့ဝေးကွာခြင်း
၃။ ကျန်းမာရေးအသိနည်းခြင်း
၎။ ဝန်ဆောင်မှုမပြည့်စုံခြင်း
၅။ မှားယွင်းတဲ့ရိုးရာအလေ့အထများ

မြန်မာပြည်က မိခင်လောင်းတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆

Sweeping broom တံမြက်စည်းလှည်းနည်း

(မနှစ်က ဒီနေ့မှာ Sweep vote အမှိုက်သိမ်းရေး မဲပေးပါခေါင်းစဉ်နဲ့ ရေးခဲ့တဲ့စာ)

မုံရွာမှာပွဲအပြီး အမှိုက်ကောက်ကြတာကို သဘောကျလို့ အမှိုက်သိမ်းခွင့်တော်လှန်ရေးဆိုပြီး စာလေး နှစ်ကြောင်း သုံးကြောင်း ရေးလိုက်တယ်။ ကျွန်တော်တို့တတွေ တကယ်ကို အနှစ်နှစ်ဆယ်လောက်ကြာအောင် ကိုယ့်အမှိုက်ကိုယ် ကောက်ခွင့်ရလာအောင် ကြိုးစားခဲ့ရတယ်။

တံမြက်စည်းလှည်းတဲ့ပညာကို ငယ်လေးကတည်းက ပညာယူခဲ့ရပါတယ်။ အဖေကသင်ပေးတယ်။ ဦးကြီးဦးလေးတွေက သင်ပေးတယ်။ ဇာတိမင်းရွာမှာက အုန်းပင်ပေါလို့ အုန်းတံမြက်စည်းထွက်တယ်။ ငါးနှစ်သားကတည်းက မိသားတစုလုံး မုံရွာကိုပြောင်းနေတော့လည်း လူကြုံလာတိုင်းပါလာကြလို့ အုန်းတံမြက်စည်းဟာ အိမ်မှာပြတ်လပ်နေတယ်လို့ မရှိပါ။

အဲလိုတံမြက်စည်းမျိုးကို တသက်လုံးသုံးခဲ့ရပြီး မြန်မာပြည်ကနေ ထွက်နေရတဲ့နောက် ဘယ်တိုင်းပြည်ရောက်ရောက် ပြန်မတွေ့တော့ပါ။ နောက်ပေါ်တံမြက်လှည်းစရာတွေကို ငယ်တုံးကသုံးတဲ့ အုန်းတံမြက်စည်းလောက် မကြိုက်ပါ။
တံမြက်စည်းအသစ်မှာ အုန်းလက်တံလေးတွေက ဖြောင့်စင်းနေတယ်။ တဖြေးဖြေးနဲ့ တဖက်သပ်ယိုင်စောင်းလာတယ်။ အစောင်းနှစ်ဖက်ကို အမှိုက်ကိုလှည်းတဲ့အခါ အသုံးပြုရတာ မတူပါ။ အကြိုအကြားကအမှိုက်ကို ခြူယူတဲ့အခါ အချွန်ပိုင်းလေးနဲ့ယူမှရတယ်။ တံမြက်စည်းကို ပက်လက်ထားပြီး အမှိုက်လှည်းမိရင် အဆူခံရတယ်။ အမှိုက်ပါမလာပဲ ဖုန်ပဲထတယ်။ အမှိုက်မလှည်းခင် ရေလေးနည်းနည်းဖြန်းနိုင်ရင် ဖုန်မထပါ။

အမှိုက်ကို ဘယ်နေရာမှစုထားမလည်း။ အလှမ်းကျယ်ရာမှာ အမှိုက်လှည်းရရင် ဟိုနေရာမှာတပုံ၊ သည်နေရာမှာတပုံ လုပ်ရတယ်။ အမှိုက်ကို မြေနိမ့်ရာမှာပုံမှသာ ကြာတော့ မြေသားပါညီလာတယ်။ အိမ်ပြင်ကအမှိုက် အိမ်ထဲမသွင်းရ ဆိုတဲ့ဥပဒေသက မြန်မာစကားပုံထဲမှာတောင်ပါသေးတာ။

မြန်မာပြည်မှာ အမှိုက်လှည်းတာ ကိုယ့်အိမ်ရှေ့လမ်းကိုယ်တာဝန်ယူတဲ့ခေတ်ရှိခဲ့တယ်။ လမ်းထဲက စေတနာထားသူ တယောက်က တလမ်းလုံး နိစ္စဓူဝလှည်းရှင်းတာမျိုးလည်းရှိတတ်တယ်။ အလိုက်သိတဲ့ အိမ်နီးခြင်းတွေက လှည်းပုံထားပြီးသား အမှိုက်ကို လာကြုံးပေးကြတယ်။ အဲတာလည်း ပညာပါသေးတယ်။ မြေကြီးတွေ ကျန်နေစေရမယ်။ မဟုတ်ရင် လမ်းခွက်ဝင်ပြီး မိုးရွာရင်ရေဝပ်မယ်။ လက်ခတ်လို့ခေါ်တဲ့ သစ်သားပြား နှစ်ချပ်ကို တဖက်ကအဖြောင့် တဖက်ကိုခုံးခုံးလေးလုပ်ထားတာနဲ့ အမှိုက်ကြုံးရတယ်။ အိမ်မှာကိုယ့်ဖါသာလုပ်ရတာ ကျွန်တော်က သိပ်မပိုင်ပါ။

အဲဒီ စေတနာ့ဝန်ထမ်းယဉ်ကျေးမှုက အိန္ဒိယရောက်တော့ ပြဿနာတက်ပါရော။ သူတို့ဆီမှာ အမှိုက်လှည်းတာကို အိမ်စေတွေ၊ ဇာတ်နိမ့်သူတွေကသာလုပ်တော့ ဗမာတယောက် စေတနာပေါက်လို့ အိမ်ရှေ့မှာ အမှိုက်လှည်းတာကို ဆိုရှယ်ဝပ်လို့ မသတ်မှတ်ပါ။ တော်ကြာဘေးအိမ်တွေက သူတို့အိမ်ရှေ့မှာပါ လာလှည်းလို့ခိုင်းမယ်ဆိုပြီး အရင်ရောက်နှင့်သူတွေကသတိပေးမှ တံမြက်လှည်းအမှိုက်သိမ်းအတတ်ကို ရှင်ခန်းဖြတ်လိုက်ရတော့တယ်။

မြန်မာပြည်ထဲမှာ ယဉ်ကျေးမှုတွေ၊ တန်ဘိုးထားမှုတွေ ယိုယွင်းကျဆင်းလာနေတာ မမြင်ရလို့ မျက်စေ့အောက်လို့ မပြောနိုင်ပေမယ့် အတတ်သိနေရတယ်။ အဲလိုအစဉ်အလာကောင်းခဲ့တဲ့ လူမှုဝန်ထမ်းယဉ်ကျေးမှုကို အသိရှိသူတွေက အညစ်အပေခံ၊ အထင်သေးတဲ့မျက်လုံးတွေနဲ့ ပါးစပ်ပေါက်တွေကို ရင်ဆိုင်ပြီးလုပ်နေကြတာ မကြာလှသေးပါ။ ပျက်ခဲ့တာက ရာစုနှစ်တဝက်လောက်ရှိခဲ့ပြီ။

မှတ်ချက် = အရင်က တံမျက်စည်းလို့ရေးတာလည်း တွေ့ဘူးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁ဝ-၂ဝ၁၆

Saturday, October 29, 2016

The Mirage of Multilevel Marketing မာလ်တီလယ်ဗယ် တံလျှပ်

ဆရာခင်ဗျာ တခုလောက် အကူအညီတောင်းပါရစေခင်ဗျာ။ Multi-level-marketing ဆိုတဲ့ စံနစ်နဲ့ ဓာတ်စာလို့ အမည်ခံထားတဲ့ ဆေးဝါးများလား ဘာလား မသိသော အရာများကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ်ခင်ဗျာ။ လင်ဇီး ပန်းဝတ်မှုန် ဆောင်းပိုးနွေမြက် စတာတွေအပြင် အခြားဘာမှန်းမသိသော ဓာတ်စာအမျိုးမျိုးကို မြန်မာကျပ်ငွေသောင်းဂဏန်းမှ သိန်းဂဏန်းအထိ နှုန်းထားများဖြင့် ရောင်းချနေပါတယ်။ ၉၆ ပါး ရောဂါပျောက်သလိုမျိုး ရွှန်းရွှန်းဝေအောင် ပြောဆိုကြပါတယ်။ member ဝင်ခြင်း ဆေးဝယ်ယူ၍ ပြန်လည်ရောင်းချခြင်း down line လို့ ခေါ်နေကြတဲ့ ကိုယ်အောက်ကိုနောက်ထပ်ဝင်လာမယ့်သူတေကို မဲဆွယ်စည်းရုံးခြင်း စတာတွေ လုပ်ခိုင်းပြီး ချမ်းသာကြီးပွားမယ်ဆိုတဲ့ မက်လုံးအမျိုးမျိုးနဲ့ ဆွဲဆောင်ကြပါတယ်။ အဲဒီဆေးတွေကို ယုံကြည်မိလို့ ဒုက္ခရောက်ရတဲ့လူနာတွေလည်း မနည်းတော့ပါဘူးခင်ဗျာ။ ဒါကြောင့် ဆရာအနေနဲ့ အဲဒီစံနစ်အကြောင်း အဲဒီဆေးတွေအကြောင်းကို မြန်မာပြည်သူများ ဂဃနဏသိရအောင် ရေးသားဖော်ပြပေးပါဦးလို့ မေတ္တာရပ်ခံ တောင်းဆိုပါရစေခင်ဗျာ။
Dr.့
SAMA့
Station Medical Officer
့ Station Hospital
့ Township
့ Division

အရင်ရေးထားတဲ့ MLM ကရောင်းတဲ့ဆေးတွေဆိုတာဘာလည်းရှင့်ကို ပို့လိုက်ပြီးမှ စာရေးလာသူဟာ ဆရာဝန်တဦးဖြစ်ပြီး သူဘယ်သူဘယ်ဝါဆိုတာကို (ဆမ) နံပတ်ကအစထည့်ရေးထားလို့ ဒီစာကို ဆက်ရေးပါတယ်။ ပြီးရင်တင်ပါမယ်။

MLM ဆိုတာ Multilevel marketing မာလ်တီလယ်ဗယ်ဈေးကွက်ရှာခြင်းဖြစ်တယ်။ Network marketing ကွန်ရက် ဈေးကွက်နည်းလို့လည်းခေါ်တယ်။ နိုင်ငံတိုင်းလိုလိုမှာ လူသန်းပေါင်းများစွာဟာ အဲလို မာလ်တီလယ်ဗယ်ကုမ္ပဏီတွေမှာ ပါမယ်လို့ ကတိပေးထားကြ၊ ငွေရင်းစိုက်ထားကြ၊ လုပ်ကိုင်နေကြတယ်။

ကိုယ့်ဆွေမျိုးသားချင်း မိတ်ဆွေအသိတယောက်ကနေ ဒါလေး အားပေးပါအုန်း၊ ဒီဆေးက သိပ်ကောင်းတာပဲ စသဖြင့် ဈေးလာရောင်းတာ ကြုံဖူးကြမှာပါ။ လူကြီမင်းဆီကို ဈေးလာရောင်းသူက အဲဒီ MLM ကုမ္ပဏီတခုမှာ ကုန်ဖြန့်ဖြူးသူလို့ စာရင်းပေါက်ထားသူဖြစ်ပါတယ်။ မြန်မာပြည်မှာသာမဟုတ်ပါ။ အမေရိကားမှာလည်း သလိုပဲ။ ကုန်ပစ္စည်းအမယ်ကတော့ စုံတယ်။ MLM စီးပွားရေးလုပ်ငန်းအကြောင်းတော့ ရေးထားပြီ။ ဒီတခါ တခြားရောင်းကုန်တွေကိုတော့ ဆရာဝန်ဖြစ်လို့ မရေးလိုပါ။ ဗီတာမင်တွေ၊ အားဆေးတွေ၊ ဖြည့်စွက်အာဟာရတွေ၊ စတာတွေကိုသာ ရေးပါမယ်။

ဆေးလာရောင်းတာမှန်ပေမဲ့ ဖြန့်ဖြူးသူဟာ ဆေးအကြောင်းသိဘို့ မလိုအပ်ပါ။ ဆေးဆိုင်ဖွင့်သူဆိုရင် (ဖားမစ်ဆစ်) ခေါ် ဆေးဝါးပညာ သင်ကြားတတ်မြောက်ထားယုံသာမက လိုင်စင်ရထားသူ ဖြစ်ရတယ်။ အခွန်ဆောင်နေရတယ်။ ဒီခေတ်ပေါ် ဆေးရောင်းသူက အဲတာတွေ တခုမှမလိုပါ။ ဆိုင်ခွန်လည်း မပေးရပါ။ အိမ်တိုင်ယာရောက် လာပါမယ်။ အားနာနာနဲ့ ဝယ်ရတာတွေထဲမှာ အားဆေးနဲ့ ဖြည့်စွက်စာပါတယ်။ လာရောင်းသူဟာ လူကြီမင်းထက် အာဟာရအကြောင်းကို ပိုမသိပါ။

အမေရိကန်ဆရာဝန် Stephen Barrett, M.D. ကနေ ၅-၅-၂ဝ၁၄ နေ့ကရေးတဲ့ဆောင်းပါတပုဒ် ဖတ်ရတယ်။ MLM ကနေ ရောင်းနေတဲ့ဆေးတွေ စွမ်းတယ်လို့ပြောတာတွေဟာ သံသယပွားစရောတွေဖြစ်တယ်။ ရောဂါတွေပျောက်စေမယ်ဆိုတာ အထောက်အထားခိုင်မာမှု မရှိပါ။ ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှုတွေကိုလည်း သုတေသနလုပ်မထားပါ။ ကောင်းပါတယ်လို့ သက်သေခံထွက်ဆိုချက်ဆိုတာတွေကလည်း ဘယ်သူကရေးရေး ရေးလို့ရတာမျိုးသာဖြစ်တယ်။

ဆရာဝန်တွေသုံးနေတဲ့ဆေးမှန်သမျှမှာတော့ အဲလိုနဲ့မရပါ။ ဥပမာ စစ်ပရိုဖလောက်စာဆင် ပိုးသေဆေးဆိုပါစို့ -
၁။ What is ciprofloxacin? စစ်ပရိုဖလောက်စာဆင်ဆိုတာဘာလဲ
၂။ Important information အရေးပါတဲ့အချက်များ
၃။ Before taking this medicine ဆေးမသောက်မီ
၎။ How should I take ciprofloxacin? ဆေးကို ဘယ်လိုသောက်ရမလဲ
၅။ What happens if I miss a dose? ဆေးသောက်ဘို့ မေ့သွားရင်
၆။ What happens if I overdose? ဆေးသောက်မိတာ များသွားရင်
၇။ What should I avoid while taking ciprofloxacin? ဆေးသောက်နေစဉ် ဘာတွေရှောင်ရမလဲ
၈။ What other drugs will affect ciprofloxacin? ဒီဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ တခြားဆေးများ
၉။ Ciprofloxacin Side Effects ဘေးထွက်သက်ရောက်မှုများ
(က) In Summary အချုပ်
(ခ) For the Consumer စားသုံးများအတွက်
(ဂ) Major Side Effects အဓိကဘေးထွက်သက်ရောက်မှုများ
(ဃ) Minor Side Effects သာမန်ဘေးထွက်သက်ရောက်မှုများ
(င) For Healthcare Professionals ဆေးပညာရှင်များအတွက်
၁ဝ။ References အကိုးအကားများ

ကြော်ငြာပြီးရောင်းတဲ့ဆေးတွေကတော့ အားလုံးကောင်းပါသည်ရှင့်လို့သာ ဖတ်ရပါမယ်။ ဆေးသောက်ဘို့ မလိုအပ်ဘဲ သောက်ရင် ဘာဖြစ်မလဲ မပါ။ တခြားအပြိုင်ဆေးတွေထက် ပိုကောင်းပါတယ်ဆိုတာ သက်သေပြစရာမရှိ။ ကာကွယ်နိုင်၊ ပျောက်စေနိုင်တယ်ဆိုတာအတွက် ဆေးသုတေသနမရှိ။ ဆေးထဲမှာ ဘာတွေပါသလဲ တိတိကျကျဖော်ပြထားခြင်းမရှိ။ တကယ်ထိရောက်မှုထက် လွန်ကဲပြီးရေးထားကြပါတယ်။

ဆေးတွေကို အဲလိုရောင်းတာကို Quackery လို့ခေါ်ပါတယ်။ ရမ်းကုဆေးသည်။

တချို့ဆေးတွေမှာ ချက်ချင်းသက်ရောက်မှုပြတဲ့ဆေးတွေနဲ့လုပ်ထားလို့ လူတွေက သဘောကျတယ်။ ဥပမာ Caffeine ကေဖင်း၊ Ephedrine စိတ်ကြွဆေး။ Valerian စိတ်ငြိမ်ဆေး စတာတွေဖြစ်တယ်။ အဲတာမျိုးကို Mood-altering effects စိတ်မူပြောင်းလဲစေတဲ့သတ္တိများလို့ခေါ်တယ်။ ကြာတော့ စွဲတယ်။ ဘေးထွက်သက်ရောက်မှုတွေ ခံရမယ်။

အဲဒီ MLM ဂိုဏ်းတွေထဲမှာ ဆရာဝန်တွေလည်း ပါဝင်နေတယ်။ အရင်ဆုံးနာမည်ကြီးခဲ့တဲ့ Amway ကနေ အခုတော့ Quixtar လို့နာမည်ပြောင်းထားတယ်။ အဲတာနဲ့ Body Wise, Nu Skin, Rexall, and Juice Plus+ တွေကနေ ဆရာဝန်တွေကို တပ်သားသစ်စုသလို စုဆောင်းရေးကျကျနနလုပ်ကြတယ်။ American Medical Association Council on Ethical and Judicial Affairs ကနေ ၁၉၉၇ ခုနှစ် ဒီဇင်္ဘာလမှာ အကြံပြုချက်ထုတ်ခဲ့ရတယ်။ လူနာတွေကို ကျန်းမာရေးနဲ့မဆိုင်တာတွေ မရောင်းကြဘို့။

ရောင်းတဲ့ဆေးတွေထဲမှာ ကိုလက်စထောကျဆေး၊ ဆီးချိုဆေး၊ အိုမီဂါ-သရီး၊ ဗီတာမင်တွေလည်း ရောင်းပါတယ်။ ကောင်းတော့ ကောင်းမှာပါ။ ဒါပေမဲ့ ဈေးပိုတင်ထားကြတယ်။ ကြော်ငြာဖိုးတင်ထားတယ်။ ဗူးခွံဖိုးတင်ထားတယ်။ မော်ဒယ်ဖိုးတင်ထားတယ်။ လက်ဆောင်ရထားလို့ ဘယ်လိုသောက်ရမလဲမေးကြတာ အဲလိုဆေးတွေများတယ်။

သည်းခြေကြိုက်ဆေးတွေကတော့ လိင်ပိုင်းဆိုင်ရာဆေး၊ မျိုးပွါးလမ်းဆေး၊ နုပျိုဆေး၊ အလှအပဆေး၊ အရပ်ရှည်ဆေး၊ ယောကျားပီသဆေး၊ မိန်းမပီသဆေး၊ အပျိုပြန်ဖြစ်ဆေး၊ ကျဉ်းဆေး၊ ရှည်ဆေး၊ ကြီးဆေး၊ ကြာဆေး၊ ဘာဆေး။့။ (ကန်တော့ပါ)

ထိရောက်တဲ့ဆေးတွေလည်းပါတယ်။ အနာအကိုက်အခဲသက်သာဆေးတွေ၊ လေနာသက်သာဆေးတွေ၊ အိပ်ဆေးတွေ စသဖြင့်။ အဲတာတွေအများစုဟာ ဆရာဝန်မညွှန်ဘဲ မသုံးသင့်တဲ့ဆေးတွေဖြစ်ပါတယ်။ ဆေးတွေတမယ်မက ရောထားတဲ့ စပ်ဆေးတွေအကြောင်း ရေးထားပါတယ်။

ဈေးကွက်မှာရော မာလ်တီလယ်ဗယ် ဖြန့်ဖြူသူတွေကနေ လာရောင်းတာတွေထဲမှာ Dietary Supplement လို့ ရေးထားတာတွေ အတော်များတယ်။ ဗီတာမင်တွေနဲ့ အမိုင်နိုအက်စစ်တွေလို့ ရေးထားပါမယ်။ အားဆေးနဲ့ ဖြည့်စွက်စာလို့ အတန်းအစားခွဲထားလို့ FDA က မကန့်ကွက်ပါ။ သဘာဝအရာတွေကနေထုတ်တယ်ဆိုလို့ တချို့က ပိုစိတ်ချရမယ် ထင်ကြတယ်။ အားလုံးတော့ မမှန်ပါ။ ဒီခေတ်မှာ အော်ဂဲနစ်တိုင်းလည်း မစစ်ပါ။

တချို့ အဲလို MLM ရောင်းတာသုံးတော့ ကောင်းပါတယ်လို့ပြောကြတယ်။ စောစောကပဲ Virgin အဓိပ္ပါယ်စာအောက်မှာ ကလေး ၂-၃ ယောက်မွေးထားသူသုံးတော့ ကောင်းတယ်လို့ပြောဆိုပဲလို့ ကွန်မင့်တခု ဖတ်ရတယ်။ ဆေးသစ်တွေကို စမ်းသပ်ရင် လူအုပ်စုကို နှစ်ခုခွဲပြီး တစုကို ဆေးပေးတယ်။ ကျန်တစုကို ဆေးမဟုတ်တာ တခုခုပေးတယ်။ ပြီးမှ နှိုင်းယှဉ် လေ့လာတယ်။ ဆေးခန်းတွေမှာ ရောဂါမရှိပဲ ဆေးလာကုသူတွေ ရှိပါတယ်။ ဆေးထိုးပေးပါပြောသူတွေလည်း ရှိတယ်။ ခွဲပေးပါအထိ ပြောသူမျိုးလည်း ကိုယ်တိုင်ကြုံဘူးပါတယ်။ ဆေးလိုချင်သူကို ဆေးတခုခုပေးလိုက်လို့ သက်သာသွားတာ တကယ်ရှိပါတယ်။ အဲတာကို Placebo effect အာနိသင်မရှိတဲ့ဆေးကနေရတဲ့ သက်ရောက်မှုလို့ခေါ်တယ်။

ဘာလုပ်ကြမလဲ
အစိုးရတွေကနေ အဲလိုရောင်းဝယ်နေတာတွေကို ကိုင်တွယ်ရာမှာ အလွန်အားနည်းနေတယ်။ နိုင်ငံတိုင်းမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ ဥာဏ်သုံးကြပါ။ ဆေးပညာသုတ၊ ဗဟုသုတ ရှာကြပါ။ လွယ်လွယ်နဲ့ မယုံပါနဲ့။ မဟုတ် မမှန်တာကို တိုင်ကြားပါ။ အသိပေးပါ။ ထုတ်ပြောပါ။ တည်တည်တန့်တန့်တော့ ဖြစ်ပါစေ။ ဖြောင့်မှန်တဲ့ပညာပေးမှုတွေ လိုအပ်တယ်။ တာဝန်ရှိသူတွေကနေလည်း အရေးယူမှုတွေ လုပ်သင့်တယ်။ တချို့အဖြစ်အပျက်တွေဟာ ရာဇဝတ်မှုမြောက်တယ်။

ဆရာဝန်ကောင်းတယောက်ဟာ လူနာကို မေးစရာတွေ မစုံသေးပဲ၊ စမ်းသပ်တာတွေ အတွင်းရောအပြင်ပါ မစုံသေးပဲ ရောဂါအမည်မတပ်ပါ။ ဆေးကုသနည်း မလုပ်ပါ။ ဆရာဝန်ကျင့်ဝတ်ထဲမှာ ရိုးသားစွာပြောဆိုကုသပါမည်လို့ ပါတယ်။ လူနာကို ဒုက္ခရောက်စေအောင်မလုပ်ပါလို့ ကျမ်းကျိန်ထားရတယ်။ အမှန်အတိုင်းပြောတာ အမြတ်အစွန်းမထွက်တတ်ပါ။ MLM ကရောင်းတာမျိုးလို ကြော်ငြာကောင်းကောင်းနဲ့ရောင်းတာမျိုးလို လူနာအားလုံးအတွက် အကုန်လုံးကောင်းတဲ့ ဆေးဆိုတာ ဆရာဝန်ကောင်းတယောက်ဆီမှာ မရှိပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆
မှတ်ချက် = တံလျှပ်လို့ရေးတာများပြီး တံလှပ်လို့လည်း ရေးကြတယ်။ ပူလွန်းတဲ့ချိန်ခါမှာ အဝေးကနေကြည့်ရင် ရေမဟုတ်ဘဲ ရေလို့ထင်ရတဲ့ အမြင်သွေလွဲမှုကို ခေါ်ပါတယ်။

Each and every one ကိုယ်စီကိုယ်ငှ

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးသဝဏ်လွှာလေးချိုးကြီးတင်စဉ်က ကြငှန်းသတ်ပုံမှားတာ သတိမထားလိုက်မိလို့ ပြန်ပြင်ရပါတယ်။ တချို့က အမှုမဲ့အမှတ်မဲ့ (ဟထို) ကို အလွယ်ရေးမိတတ်ကြတယ်။ (ဟထိုး) ဟာ ဗျည်းစာလုံးတွေရဲ့ အလယ်ကနေ အောက်ကိုဆွဲရမယ်။ အဆုံးကနေဆက်ပြီး အောက်ကိုမဆွဲရပါ။ င ကို အဆုံးကနေအောက်ဆွဲလိုက်ရင် ဌ ဖြစ်သွားမယ်။ ငှ လို့ရေးမှသာ မှန်တယ်။

ငှ = ဝေငှသည်။ လောက်ငှသည်။ ကိုယ်စီကိုယ်ငှ။ ကြငှန်း (အထွတ်အမြတ်)။ သုံးလူ့ကြငှန်း။

ဌ = ပဌမ (ပထမ)။ ဌပနာသည်။ ဌပနာတိုက်။ ဥက္ကဌ (ဥက္ကဋ္ဌ)။

(ပါ) ဌပန = ထားခြင်း။ ယခုရေး = ဌာပနာတိုက်။
ပဌမ = ပါဠိ။
ပထမ = သင်္သကကြိုက် (သင်္သသကရိုက်၊ ဆန်းစ်ကရစ်)

ဌာ = ဌာပနာတိုက်။ ကျန်းမာရေးဌာန။ ရာထူးဌာနန္တရ။ နေရာဌာန။

ဋ္ဌ = ဆဋ္ဌမ။ အဋ္ဌမ။ ဒိဋ္ဌမျက်မြင်။ ကုဋ္ဌနူနာ။ အဋ္ဌကထာ။ ပြဋ္ဌာန်း။ ဥက္ကဌ (ဥက္ကဋ္ဌ)။ အဋ္ဌာရသပညာ။

ဥာတိမိတ်ဆွေတွေ ကိုယ်စီကိုယ်ငှ အမျှရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

Each and every one ကိုယ်စီကိုယ်ငှ

သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးသဝဏ်လွှာလေးချိုးကြီးတင်စဉ်က ကြငှန်းသတ်ပုံမှားတာ သတိမထားလိုက်မိလို့ ပြန်ပြင်ရပါတယ်။ တချို့က အမှုမဲ့အမှတ်မဲ့ (ဟထို) ကို အလွယ်ရေးမိတတ်ကြတယ်။ (ဟထိုး) ဟာ ဗျည်းစာလုံးတွေရဲ့ အလယ်ကနေ အောက်ကိုဆွဲရမယ်။ အဆုံးကနေဆက်ပြီး အောက်ကိုမဆွဲရပါ။ င ကို အဆုံးကနေအောက်ဆွဲလိုက်ရင် ဌ ဖြစ်သွားမယ်။ ငှ လို့ရေးမှသာ မှန်တယ်။

ငှ = ဝေငှသည်။ လောက်ငှသည်။ ကိုယ်စီကိုယ်ငှ။ ကြငှန်း (အထွတ်အမြတ်)။ သုံးလူ့ကြငှန်း။ 

ဌ = ပဌမ (ပထမ)။ ဌပနာသည်။ ဌပနာတိုက်။ ဥက္ကဌ (ဥက္ကဋ္ဌ)။

ဌာ = ဌာပနာတိုက်။ ကျန်းမာရေးဌာန။ ရာထူးဌာနန္တရ။ နေရာဌာန။ 

ဋ္ဌ = ဆဋ္ဌမ။ အဋ္ဌမ။ ဒိဋ္ဌမျက်မြင်။ ကုဋ္ဌနူနာ။ အဋ္ဌကထာ။ ပြဋ္ဌာန်း။ ဥက္ကဌ (ဥက္ကဋ္ဌ)။ အဋ္ဌာရသပညာ။ 

ဥာတိမိတ်ဆွေတွေ ကိုယ်စီကိုယ်ငှ အမျှရ၍ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

Prenatal Diagnosis of Microcephaly ကိုယ်ဝန်မှာ ကလေးဦးခေါင်းအရွယ် စစ်ဆေးခြင်း

မင်္ဂလာပါဆရာ။ သမီးက အသက် ၃၅ နှစ်၊ ကိုယ်ဝန်ဆောင်တစ်ဦးပါ။ ဇီကာပိုးရှိတဲ့ခြင် ကိုက်ခံရရင် တချို့က ရောဂါလက္ခဏာပြတယ်၊ တချို့ကမပြဘူးလို့ သိထားပါတယ်။ သမီးသိချင်တာက ဇီကာဖြစ်ပင်မယ့် ရောဂါလက္ခဏာမပြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် Ultrasound ရိုက်ခြင်းဖြင့် ဇီကာဖြစ်နေကြောင်း သိနိုင်ပါလားဆရာ။ ဘာဖြစ်လို့လဲဆိုတော့ Ultrasound ရိုက်တဲ့အခါ ကလေးဦးခေါင်းပိုင်း အတိုင်းအတာ  (HC) ကိုကြည့်ခြင်းဖြင့် ကလေးဟာ ဦးခေါင်းသေးနေလား ပုံမှန်လား သိရခြင်းဖြင့် ဇီကာဖြစ်မဖြစ် ခန့်မှန်းနိုင်သလားလို့ပါ။ တကယ်လို့ ကိုယ်ဝန် ၈လ/၉ လမှာ Ultrasound ရိုက်တဲ့အထိ HC ပုံမှန်ဆိုရင် ဇီကာမဖြစ်ဘူးလို့ ယူဆလို့ရနိုင်ပါသလားဆရာ။

ကိုယ်ဝန်ဆောင်တိုင်းမှာ အာလ်ထွာဆောင်းရိုက်တယ်။ အများအားဖြင့် ကိုယ်ဝန် ၁၈ ပတ်နဲ့ ၂ဝ ပတ်မှာစရိုက်ပါတယ်။ အထဲကကလေးမှာ Microcephaly ဦးခေါင်းအရွယ်အစား သေးနေတာနဲ့ Intracranial calcifications ဦးခေါင်းတွင်း ကယ်လ်စီယန်ဖြစ်စဉ်ကိုတော့ ၃ လနဲ့ ၆ လကြားမှသာသိမယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင် ကလေးဦးနှောက်သေးတာ ဖြစ်နိုင်တယ်။ ခေါင်းသေးတာသာမက တခြားဦးနှောက်ရောဂါလည်းဖြစ်တတ်တယ်။ ကလေးအထဲမှာ ဆုံးတာလည်း ဖြစ်နိုင်တယ်။

အာလ်ထွာဆောင်းအဖြေ ဘယ်လောက်တိကျသလဲ မပြောနိုင်သေးပါ။ ကိုယ်ဝန်ဆောင်က ဝလွန်းတာ၊ စက်က ဟောင်းတာ၊ နည်းပညာ စတာတွေအပေါ်မူတည်မယ်။ လေ့လာမှုတခုအရ ဇီကာကြောင့် မဟုတ်ပဲခေါင်းသေးတာမှာ ၅၇% သာမှန်ခဲ့တယ်။

ဗီကာဗိုင်းရပ်စ်ဟာ ကိုယ်ဝန်ဆောင်တွေအတွက်က ပိုပြီးအန္တရာယ်ရှိတယ်လို့ မပြောနိုင်သေးပါ။ သတိပိုထားဘို့တော့ အကြံပြုထားပါတယ်။ ကိုယ်ဝန်မှာ ဇီကာပိုးကူးစက်ခံရတိုင်းလည်း အဲလိုကလေးမွေးမယ်လို့ မဟုတ်ပါ။ ပြင်သစ်ပိုင် ပိုလီနီးရှားကျွန်းမှာ ၁% ကနေ ၁၃% သာ ခေါင်းသေးတဲ့ကလေးမွေးတာ တွေ့ရတယ်။ ဘရာဇီးမှာ ၂၉% တွေ့တယ်။

အာလ်ထွာဆောင်းအပြင် Real-time reverse transcription polymerase chain reaction (rRT-PCR) စစ်ဆေးနည်း၊ Immunoglobulin M (IgM) စစ်ဆေးနည်းနဲ့ Plaque reduction neutralization (PRNT) tests စစ်ဆေးနည်းတွေ လုပ်နိုင်တယ်။ ဒါပေမဲ့ တိကျမှန်ကမှုကို သုတေသနအဆင့်မှာသာရှိတယ်။

Zika virus ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင် ဒီရောဂါလက္ခဏာတွေဖြစ်နိုင်တယ်။
- Fever ကိုယ်ပူမယ်။
- Rash အရေပြား အနကွက်ထွက်မယ်။ (အလာဂျီလို မဟုတ်ပါ)
- Joint pain အဆစ်တွေနာမယ်။
- Conjunctivitis မျက်စိနာမယ်။
- Muscle pain ကြွက်သားတွေနာမယ်။
- Headache ခေါင်းကိုက်မယ်။
- Pain behind the eyes မျက်စိနောက်နေရာနာမယ်။
- Vomiting အန်မယ်။

ဇီကာကာကွယ်ဆေးလည်း မပေါ်သေးပါ။ ခြင်မကိုက်အောင် သတိထားပါ။ ခြင်နှိမ်နင်းရေးလုပ်ပါ။ ကူးစက်မှုဖြစ်နေချိန်မှာ ကိုယ်ဝန်မဆောင်ပါနဲ့။ ကိုယ်ဝန်ရှိနေရင် သတိရှိပါ။ လိုတာထက် ပိုမကြောက်ပါနဲ့။ ကျန်းမာရေးအသိပညာပေးသူတွေ မှန်ကန်တိကျပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

Urinary Incontinence in Women အမျိုးသမီး ဆီးမထိန်းနိုင်ခြင်း

၁။ ကျွန်မ အသက် ၃၅နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ သမီး ၂ ယောက်မွေးထားပါတယ်။ ကျွန်မ အခု ကိုယ်တွေယားပြီး အပိန့်အကွက်ကြီးများထွက်ပါတယ်။ ဓာတ်မတည့်မှုလဲအမြဲလိုဖြစ်တတ်ပြီး နေပူထဲသွားလျှင် အနီကွက်တွေလဲ ထွက်တတ်ပါတယ်။ အဲလိုဖြစ်ပြီးလျှင်ဆီးလဲမထိန်းတော့ပါဘူးဆရာ။

၁။ ဆရာရှင့် ကျွန်မကခွဲထားတာ ၁ နှစ်ကျော်ပါပြီ။ အရည်အိတ်ကြောင့်ဖြစ်ပါတယ်။ မျိုးဥလက်နှစ်ဘက်စလုံးပါ။ မခွဲခင်ကလည်း ဆီးမထိန်းနိုင်ပါရှင့်။ ခွဲပြီးတော့လည်း မထိန်းနိုင်ပါ။ ဆီးပိုးကြောင့်ဆိုပြီး ပိုးသတ်ဆေးတွေလည်း တပတ်ကျော်သောက်ရပါတယ်။ ဒါလည်းမထူးပါ။ ခရီးသွားရင် ပိုဆိုးပါတယ်။ ကားကို နာရီဝက်လောက်ဆို ရပ်ပြီး နေရာရှာရပါတယ်။ အဲဒီအတွက် လေ့ကျင်ခန်းနဲ့ဆေးဝါးလေးများ ညွှန်ကြားပေးပါရှင်။ အသက်က ၄၉ ပါဆရာ။

၂။ ဆရာရှင့် ခုတစ်ခါ ကျမရဲ့အမပါ။ အသက်ကတော့ ၃၄ နစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတယောက်ရပြီ။ နှာချေ တဲ့ အခါတို့ချောင်းဆိုးတဲ့အခါတို့မှာ ဆီးမထိန်းနိင်ပါရှင့်။ ဆောင်ရန်ရှောင်ရန်များ ညွှန်ကြားပေးစေချင်ပါတယ်ရှင့်။

ကလေးတွေ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် အမျိုးသမီးတွေကြီးလာရင်အဲလိုဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွေးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင်တော့ ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့ ကြွက်သားတွေနဲ့ အာရုံကြောတွေမှာ တခုခုဖြစ်လို့ဖြစ်ကြရတယ်။

ဆီးမထိန်းနိုင်တာ (၆) မျိုးရှိတယ်။
၁။ Stress Incontinence ဖိအားကြောင့် = ချောင်းဆိုး၊ ရယ်မော၊ နှာချေ၊ စတာမျိုးကနေလဲဖြစ်တယ်။ ကိုယ်ဝန်ကြောင့်၊ မီးဖွါးလို့နဲ့ သွေးဆုံလို့ကြောင်လဲ ဖြစ်တယ်။ (အီစထိုဂျင်) နည်းတဲ့ ရာသီမလာခင် တပါတ်လောက်မှာ ပိုသိသာတယ်။

၂။ Urge Incontinence ဆီးသွားချင်လာရင် အမြန်သွားရခြင်း = အာရုံကြောမှာ ပြဿနာရှိလို့ဖြစ်ရတယ်။ ဆီးသွားစေတဲ့ဆေးသောက်ထားရင်၊ စိုးရိမ်စိတ်များရင်၊ တချို့က ပူလို့၊ တချို့ကအေးလို့ ဖြစ်ကြတယ်။

၃။ Functional Incontinence လုပ်ငန်းပျက်ယွင်းခြင်း = လည်ပင်းကြီး-ဟော်မုန်း များတာနဲ့ ဆီးချို မထိန်းနိုင်တာကနေလဲ ဖြစ်နေတာကို ဆိုးစေနိုင်တယ်။ အာရုံကြောရောဂါ၊ ထိခိုက်မိတာတွေကနေလဲ ဆီးအိမ်ကိုထိန်းလို့ ခက်စေမယ်။ (မာလ်တီပယ်-စကလ်ရိုးဆစ်) (ပါကင်ဆန်) ရောဂါ (အဇာမိုင်ယာ) ရောဂါ၊ ဦးနှောက် သွေးကြောပိတ်ရောဂါတွေကနေလဲ ဖြစ်တယ်။ လူဝလွန်းရင်၊ အိုလာရင် ယောက်ျားတွေရော မိန်းမတွေမှာပါ ဆီးမလုံတာဖြစ်နိုင်တယ်။

၎။ Overactive Bladder ဆီးအိမ်က လိုတာထက်ပိုအလုပ်လုပ်နေခြင်း အာရုံကြောကြောင့် ဖြစ်တယ်။

၅။ Overflow incontinence ယောက်ျားတွေမှာ ပိုဖြစ်တယ်။ ဆီးပိုက်ပိတ်နေတာ၊ ဆီးချိုကြောင့် အာရုံကြော အားနည်းတာ၊ ဆီးကျောက်။ ကင်ဆာတွေကနေဖြစ်စေတယ်။

၆။ Transient incontinence အခိုက်အတန့်မှာသာဖြစ်တာက ဆီးလမ်းပိုးဝင်နေချိန်၊ ဝမ်းချုပ်နေချိန်၊ စိတ်ဖိအားများချိန်၊ ဆောင်းတွင်းအချိန်တွေမှာ ဖြစ်တယ်။

ဖြစ်စေတဲ့ အကြောင်းအပေါ်မူတည်ပြီး ကုသရတယ်။ အာရုံကြောထိခိုက်ပျက်စီးတာမျိုးကတော့ မရနိုင်ဘူး။
• Bladder leakage pads, Bladder control pads ခေါ်တဲ့ တခါသုံးအတွင်းခံကို သုံးပါ။
• ဆီးများစေတာတွေ (ဘီယာ၊ ကော်ဖီ စသည်) သောက်တာ ရှောင်ပါ။
• Kegel exercises (ကီဂယ်) လေ့ကျင့်ခန်း လုပ်တာလဲ ကောင်းတယ်။ (ရေးထားပါတယ်။)
• Biofeedback ကရိယာလေး တပ်ထားနည်းဖြစ်တယ်၊ အချိန်မှတ်ပြီး ဆီးသွားနည်းတွေလုပ်နိုင်တယ်။
• ဆီးအိမ်လေ့ကျင့်ခန်း = ဆီးသွားချိန် သတ်မှတ်ပေးထားပါ။ အချိန်ကို ကိုယ်လိုချင်သလို ပြောင်းနိုင်အောင် ကြိုးစားပါ။
• Overactive bladder ဖြစ်နေရင် အာရုံကြောကို ထိန်းမဲ့ဆေးမျိုးပေးမယ်။ Anticholinergics (Atropine, Benzatropine, Biperiden, Ipratropium, Oxitropium, Tiotropium, Glycopyrrolate, Oxybutynin, Tolterodine, Chlorpheniramine, Diphenhydramine, Dimenhydrinate, Orphenadrine, Trihexyphenidyl, Dicyclomine) ဆေးမျိုးဖြစ်တယ်။
• Stress Incontinence အတွက် Vaginal Devices ဗဂျိုင်းနားထဲ ထည့်ထားရတဲ့ကရိယာ၊
• Catheterization တချို့ကို ဆီးပိုက်ထပ်ထားပေးရတယ်။
• Overactive Bladder အတွက် Anticholinergics အမျိုးအစားဆေးတွေသုံးတယ်။
• Urge incontinence ဖြစ်တာကို Neuromodulation နည်း လုပ်တယ်။ FDA အသိအမှတ်ပြုထားတာက InterStim ဖြစ်တယ်။
• Vaginal Devices မွေးလမ်းကြောင်းထဲထည့်တဲ့ ကရိယာရှိတယ်။ ဆီးအိမ်လည်ပင်းနား အထိန်းကြွက်သားကွင်း နေရာမှာ ဆေးထိုးနည်းလဲရှိတယ်။ Collagen နဲ့ Carbon spheres တွေသုံးတယ်။
• ခွဲစိတ်ကုသနည်းလဲရှိတယ်။ ခွဲစိတ်နည်းကလဲ အမျိုးမျိုးရှိပါတယ်။ ခွဲစိတ်ကုသနည်း ၃ မျိုးသုံးကြတယ်။ Retropubic suspension နည်း၊ Sling procedures နည်း နဲ့ Midurethral slings နည်းတွေဖြစ်တယ်။
• သားအိမ်ကျရောဂါရှိရင် ခွဲစိတ်ပြုပြင်နည်းဖြစ်ဖြစ် သားအိမ်ထုတ်နည်းဖြစ်ဖြစ် လုပ်နိုင်တယ်။

Oxybutynin ဆေးသုံးတာထိရောက်တယ်။ မျက်စိရေတိမ် ထိန်းမရသူ။ အစာလမ်းပိတ်နေသူ၊ အစာနဲ့လေ အထက်ဆန်သူတွေ ဆရာဝန်ညွှန်မှသာ သုံးသင့်တယ်။ ချွေးထွက်နည်းတတ်တယ်။ အာခေါင်ခြောက်။ ခေါင်းမူး။ မျက်စိဝါးတတ်တယ်။ Oxybutynin 5 mg ကို တနေ့ ၁-၂-၃ ကြိမ်သောက်နိုင်တယ်။

Dr. တင့်ဆွေ

Friday, October 28, 2016

Pneumococcal Polysaccharide Vaccine နူမိုကော်ကယ် ကာကွယ်ဆေး

ဆရာ PPV23 ဆေးလူကြီးတွေကို ထိုးပေးရင် dose ဘယ်လောက် ထိုးပေးရမလဲ သိချင်ပါတယ်ရှင့်။ PCV 13 ကိုရော အသက်ကြီးတဲ့ ဆီးချိုသမားတွေ ထိုးပေးလို့ရမလား။ dose ဘယ်လောက် ထိုးပေးရမလဲ ရှင့်။

Pneumococcal disease နူမိုကော်ကယ်ရောဂါကို ကာကွယ်တယ်။ အသက်ကြီးသူတွေ (၆၅ နှစ်အထက်) ကိုသာ ထိုးပေးတယ်။ နူမိုကော်ကယ်ဗက်တီးရီးယားကနေ နားပိုးဝင်တာ။ အဆုပ်ပိုးဝင်တာ၊ သွေးထဲပိုးဝင်တာ၊ ဦးနှောက်နဲ့ အာရုံကြောပိုးဝင်တာ၊ စတာတွေကိုဖြစ်စေနိုင်တယ်။ အသက်အရွယ်မရွေးမှာ ဒီပိုးဝင်ခံရနိုင်တယ်။

Pneumococcal polysaccharide vaccine (PPSV23) လို့ခေါ်တာက ပိုးအမျိုးကွဲပေါင်း ၂၃ ခုကို ကာကွယ်ပေးလို့ ဖြစ်တယ်။

အသက် ၂ နှစ်ကျော်သူတွေမှာ ကျန်းမာရေးမကောင်းသူတွေ၊ ခုခံအားမကောင်းသူတွေဆိုရင် ထိုးပေးပါတယ်။ အသက် ၁၉ နှစ်ကျော်လို့ ဆေးလိပ်သောက်များသူတွေနဲ့ ပန်းနာရှိသူတွေကိုလည်း ထိုးပေးတယ်။ ကာကွယ်ဆေးကို အများအားဖြင့် တကြိမ်တည်းသာလိုတယ်။ အသက် ၆၅ နှစ်ကျော်သူတွေ အရင်ကထိုးခဲ့လည်း ထပ်ထိုးစေတယ်။ ကိုယ်ဝန်ဆောင်တွေလည်း ထိုးနိုင်တယ်။ ဖြစ်နိုင်ရင် မွေးပြီးမှသာထိုးတယ်။

ကာကွယ်ဆေးကို 0.5 mL subcutaneously or intramuscularly ထိုးတယ်။ ဆေးထိုးပြီး ၂-၃ ပတ်ဆိုရင် ကာကွယ်မှုရမယ်။ ဆေးထိုးတာ မနာပါ။ နည်းနည်းသာနီရဲတယ်။ ဖျားနာတာ ၁% မရှိပါ။

PCV13 (Prevnar 13) vaccine ကာကွယ်ဆေး
နူမိုကော်ကယ်ဗက်တီးယား အမျိုးကွဲပေါင်း (၉ဝ) ကျော်ရှိတယ်။ ဒီကာကွယ်ဆေးက ၁၃ မျိုးကိုကာကွယ်မယ်။
ကလေးတွေ အသက် ၂-၄-၆ လနဲ့ ၁၂-၁၅ လတွေမှာထိုးတယ်။ အသက်ကြီးကလေးတွေလည်း ထိုးနိုင်တယ်။ PCV7 (Prevnar) ကာကွယ်ဆေးနဲ့ (DTaP) ထိုးထားသူတွေက ဒီ PCV13 ကာကွယ်ဆေးမလိုကြပါ။

ကျွန်တော်နဲ့ဇနီးတို့ အမြဲတမ်းနေထိုင်ခွင့် ကပ်ရဘို့အတွက် အကုန်လုပ်ပြီးမှ စာတစောင်လာတယ်။ နူမိုကော်ကယ် ကာကွယ်ဆေး မထိုးရသေးလို့တဲ့။ အဲတာနဲ့ သွားထိုးပြီး (စီဗယ်ဆာဂျင်) လက်မှတ်နဲ့ပြန်ပို့လိုက်ရပါတယ်။ အမေရိကမှာ နှစ်စဉ် လူပေါင်း တသောင်းရှစ်ထောင်က ဒီပိုးကူးစက်လို့ သေဆုံးနေကြရတယ်။ ပိုးဝင်တာသိရင် ပင်နယ်စလင်ဆေးနဲ့ ကုသလို့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆

ငြိမ်းချမ်းရေးသဝဏ်လွှာ ကဗျာလေးချိုးကြီး

(သို့မဟုတ်) စသတ် (၁၇) လုံးကျနေတဲ့ သခင်ကိုယ်တော်မှိုင်း၏ လွတ်လပ်ရေးခေတ်ကဗျာ

အီးမေးလ်ကနေ ပို့တာကို အခုပဲရပါတယ်။

ပြည်သူ့နေ့စဉ် ကနဦး ကမ္ဘာစသလိုပ၊
သည်ယခု ယနေ့ပင် ဦးစွာအစတွင်ဖြင့်၊
ဘီလူးပမာဏ၊
နှစ်ဦး နှစ်ဖြာ နှစ်ဝ မြန်မာ့တံခွန် ရတနာတွေကို နော်ကွယ်။
အထူးသဒ္ဓါ ဗလဝရယ်နှင့်၊
ဆရာ့ သဝဏ်လွှာ။

(အို) မောင်အောင်သန်းတို့ရဲ့၊
အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနဲ့၊
အခေါင် မြန်းမကွဲ့လို့၊
အောင်ပန်းတကြိုင်ကြိုင်နှင့်၊
ညောင်ရမ်းပိုင် အညာချီတော့၊
အာဇာနည်မှ တကဲ့အာဇာနည်ဆိုတဲ့
မဟာထေရ်ဘားမဲ့ ဆရာတို့ထုံးလိုပ၊
ဘာမထီညာမထီ နွားရဲ့ပမာသို့
အားနဲ့ ဆရာရုန်းသဖြင့်၊
အလုံးစုံ လွတ်ရှာကြသော်လည်း၊
ဝဋ်ကြမ္မာ ဘဝပို့စရာ တချို့ သတ္တဝါတည်းဟူသော
တို့ဗမာ သခင်ဗဟိုဝယ်
တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့ အလိုမငယ်
ဆိုရှယ်လစ် ကယ်နှင့်၊
တံခွန်တလူလူ ကွန်မြူနစ် ကယ်တို့၊
မချစ်သာ မေတ္တာကင်းပြန်သနဲ့၊
အချင်းချင်းပင် တငြင်းထဲ ငြင်းငြင်းပြီး၊
မင်းပွဲအတုမှာ ထမင်းပွဲလုခါ လယ်မျိုခဲပါလို့၊
ပွဲချင်းပြီး အသေအကြေ တအူအူ အသံဗလံနှင့်
တဆူဆူ တညံညံ ကိုက်ကြ,တိုက်ကြ,မိုက်ကြတော့၊
ဘဏ်တိုက် အခြေအနေ ထိပြန်သနဲ့၊
ငွေမရှိပြန်လျှင် အဖေ၏သဏ္ဌာန် ကဲ့သို့သော
အမေရိကန်တို့ အင်္ဂလန်တို့မှာ ချေးရတဲ့
ကြွေးမျိုးစုံ ကုဋေကုဋာနှင့်၊
ပြေရွာမှာ သေတာလောက်မကောင်းပြီမို့၊
အပေါင်းသော အမျိုးသားတပဲ့ မညီလိုသဖြင့်
မကြည်ညိုလျှင်၊
ယိုးဒယားနဲ့ သီဟိုဠ်ကျွန်းရဲ့ပြင်၊
(ဪ) သို့ကလောက် ကျော်ပေ မော်ပေတဲ့၊
ငတို့ ပေါက်ဖော်တို့ရဲ့ တရုပ်နီ တည်းဟူသော
တရုပ်ပြည်ကိုတောင်
တသုတ်တချီ မြန်းရော့မယ်လို့၊
မှန်းဆခါခါပေနော်ကွယ်၊
တနွမ်းနွမ်း တလျလျ၊
မချမ်းမြပါတဲ့၊
(ဪ) ကမ္မဌာန်း ဒကမ၊
ပန်းလှ,လှကြတဲ့ ဘန်းများဆရာ။

(ဪ) အမေကူပါ အဖေကူပါနဲ့နှော၊
ပြေသူတကာ မသာ အရှိုရှိုပွဲတွင်မှ၊
ထမရေပူအလာ လျှာကို လွှဲတယ်လို့၊
ဒါလိုဘဲပြောကြမှာ၊
လောကဓမ္မတာရဲ့ ပြောခွင့်မလိုတမျိုး၊
(ဝါ) လိုတမျိုးလည်းဟူ၏၊
(အိုကွယ်) တောရဝါသနာနှင့် တောဖြင့်ခို၍ ဖိုမထိုး။

အေးခေတ်မပေါ်
ဘေးဖြစ်အောင် မတော်မလျော်နှင့်၊
လေးနှစ်ကျော် ငါးနှစ်အဆင်းတွင်ဖြင့်၊
တရားစစ်ခင်းမည် တဖုံကြံလို့မို့၊
ဂဠုန်ပျံ ဒီပနီမှာလို မမှားပေမည့်၊
ဥုံ အရဟံ မထေရ်ဘုရားတို့နှင့်၊
တပြည်သား နယ်ချဲ့ အစွန်းရန်ကို၊
တကယ်တကဲ့ တွန်းလှန်ဘို့အရေးကလဲ မဝေးတော့ပြီမို့၊
အရေးကြီးလျှင်ဖြင့်၊
သွေးစည်းပြီး သွေးနီးရာဆိုသည့်အတိုင်း၊
ကိုင်း ထထကြွကြွနှင့် ဝိုင်းကြပေရော့လို့၊
မှိုင်းမကာ တသုတ်ဟောချိန်မို့၊
စစ်ကိုင်းကဆရာ အဟုတ်ပြောရမှာဖြင့်၊
ဗုဒ္ဓေါမေ သရဏံ ယတြာအရေးတွေနှင့်၊
ကမ္ဘာအေးစေတီ ဒါယကာ (ကိုရွှေနု)တို့ရဲ့ပြင်၊
(ဪ) အောင်ဇေယတု အောင်ဇေယတုနှင့်၊
အောင်မြေရှုစရာ ဗဟိုပလ္လင်ပျံနှင့်၊
တောင်ခြေတခုမှာ ဗိုလ်ဝင်ခံကြသမို့လဲ၊
ဟိုအရင်ယမန် ထပိုးတဲ့တဲ့ ထမ်းခဲ့ကြတဲ့
(စိုး) နဲ့ (သန်း) တို့ကိုလဲ၊
တမျိုးကွဲ့လွမ်းသူ ဆရာဖအေက၊
မာပါစေ,သာပါစေ,လာပါစေ ဆုမွန်တောင်းလိုက်ကဲ့၊
ကဝိကူဘော် တပည့်သူတော်ကောင်းရယ်တို့၊
ဇာတ်ပေါင်းကာ အတည်ကျလျှင်တော့၊
(အမယ်မင်း) တည်တည်ပပ ညီညီမျှမျှနှင့်
ပြည်မြန်မာ့ အလံမညှိုးမူ၍
(ဪ) အနှီသမယ၊
အပြည်ပြည်ကတောင် ခ,ရပေမည့်၊
(အို တပည့်တို့ရဲ့) ထိုတကဲ့ ပထဝီဇယ မန္တာန်တန်ခိုး။

သခင်ကိုယ်တော်မှိုင်း၏ လွတ်လပ်ရေးခေတ် ကဗျာကို မောင်တင်ရွှေ စုဆောင်းပြုစုသည့် သခင်ကိုယ်တော်မှိုင်း လက်ရွေးစင်လေးချိုးတစ်ရာ စာအုပ်မှ။ ကျနော် ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ် (၁၁) မှ ကူးရေးတာပါ။

ဟုတ့့် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က လူမြင်ရင် ရောဂါလိုက်ရှာတဲ့အကျင့်ကပါနေလို့ သခင်ကိုယ်တော်မှိုင်းခေတ်နောက်ကျခဲ့တာ တန်းမြင်ပါတယ်။

အာဇာနည်မှ တစ်ကဲ့အာဇာနည်ဆိုတဲ့
တို့သာလျှင် တစ်ဗိုလ်ကျမဟဲ့ဆိုတဲ့ အလိုမငယ်
တံခွန်တစ်လူလူ ကွန်မြူနစ် ကယ်တို့၊
အချင်းချင်းပင် တစ်ငြင်းထဲ ငြင်းငြင်းပြီး၊
တစ်ဆူဆူ တစ်ညံညံ ကိုက်ကြ,တိုက်ကြ,မိုက်ကြတော့၊
တစ်သုတ်တစ်ချီ မြန်းရော့မယ်လို့၊
တစ်နွမ်းနွမ်း တစ်လျလျ၊
လိုတစ်မျိုးလည်းဟူ၏၊
တစ်ပြည်သား နယ်ချဲ့ အစွန်းရန်ကို၊
တစ်ကယ်တစ်ကဲ့ တွန်းလှန်ဘို့အရေးကလဲ မဝေးတော့ပြီမို့၊
မှိုင်းမကာ တစ်သုတ်ဟောချိန်မို့၊
တောင်ခြေတစ်ခုမှာ ဗိုလ်ဝင်ခံကြသမို့လဲ၊
တစ်မျိုးကွဲ့လွမ်းသူ ဆရာဖအေက၊

(တစ်) မဟုတ်တာ (၁၇) လုံးတိတိပါနေတာမို့ သခင်ကိုယ်တော်မှိုင်းဟာ နောက်ပေါ်ကဗျာဆရာတွေလောက် မတော်ပါတကား။ Smile!

ဒေါက်တာတင့်ဆွေ

Happy Diwali!

ကျွန်တော် ၂၄ နှစ်ကြာနေခဲ့ရတဲ့ အိန္ဒိယနိုင်ငံမှာ ဒေဝါလီနေ့။

လမ်းတွေပေါ်မှာ လူတွေအပြည့်။ ဆိုင်တိုင်းဆိုင်တိုင်းမှာ လက်ဆောင်ပေးစရာ ဝယ်သူကတွေကလည်း တိုးမပေါက်အောင် စည်တယ်။ အမျိုးတွေ မိတ်ဆွေသင်္ဂဟတွေအိမ်ကို လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် ပို့ကြတယ်။ ကျွန်တော် နေစဉ်ကလည်း အဲဒီထုံးစံကို လိုက်ရတယ်။ လက်ဆောင်တွေရတယ်။ လက်ဆောင်ပြန်ပေးရတယ်။

ညမှာ မီးရောင်စုံတွေ အပြိုင်အဆိုင်ထွန်းကြတယ်။ ဗျောက်တွေဖေါက်ကြတယ်။ ကျွန်တော်တို့က အဲလိုဆူညံလွန်းတာကို နားမခံသာ၊ မီးခိုးမွမ်းတာလည်း မခံနိုင်ကြပါ။ တချို့နှစ်တွေမှာ ဒေလီမြို့အပြင်ထွက်ပုန်းခဲ့ကြရတယ်။

ဒေလီမှာ ကျန်ရစ်ကြတဲ့ မိတ်ဆွေတွေနဲ့ ယမုန်ဆေးခန်းအဖွဲ့သူတွေအားလုံး ဟက်ပီးဒေဝါလီပါ။

ဓါတ်ပုံ = လွန်ခဲ့တဲ့ သုံးနှစ်က ဒေဝါလီနေ့ည ကျွန်တော်တို့နေခဲ့တဲ့အိမ် ဝရမ်တာမှာ

ဒေါက်တာတင့်ဆွေ
၂ဝ၁၆ ဒေဝါလီနေ့

My Parents အမေ-အဖေ့ ဓါတ်ပုံ

(မနှစ်က ဒီနေ့မှာ တင်ခဲ့တဲ့စာ)

ကျွန်တော့်အမေက မင်းတိုင်ပင်တိုက်နယ်သူကြီးသမီး။ သူပုန်တွေနဲ့ အမျိုးတော်တဲ့ အဖေနဲ့အိမ်ထောင်ကျပြီး၊ သားသမီးတွေ တယောက်ပြီး တယောက် ထွန်းပေါက်တယ်။ ကျွန်တော်မိဘတွေဟာ အသက်ရလေလေ စီးပွါးရေး ကြပ်တည်းလေလေ။ သူတို့က သားသမီးတွေကို ပညာအမွေပေးနိုင်ဘို့ထက် ဘာတခုမှမတွက်ခဲ့ကြပါ။ ကျွန်တော် ဆရာဝန်ဖြစ်လာဘို့ရာ ညီတွေ နှမတွေက အနစ်နာခံပေးကြရတယ်။

မိဘတွေ အိုကံမကောင်းကြတာမှာ သားနှစ်ယောက်က နိုင်ငံရေးထဲဝင်ပါခဲ့လို့ပြောရင် မှန်တယ်။ အမေဆုံးပြီး နှစ်ပါတ်ကြာမှသာ ညီကမုံရွာထောင်ကလွတ်တယ်တဲ့။ ကျွန်တော်က တိုင်းပြည်ထဲမှာမရှိပါ။ သူရေးတဲ့ ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး (သို့) အမေ့ မုသားစကားရှစ်ခွန်း တင်ထားတာကို ဖတ်ရတယ်။ ကျွန်တော်ကတော့ အမေဆုံးတဲ့သတင်းရော ညီထောင်ကထွက်တဲ့သတင်းပါ လေးလကြာမှသာ သိခွင့်ရခဲ့တယ်။

သားဆရာဝန်ဟာ အမေခြေကျိုးတာကို ကုသပေးခွင့် မရလိုက်ပါ။ အဖေဆုံးတဲ့ရက်မှာတော့ နေ့ချင်းဆိုသလို သိခွင့်ရတယ်။ သူတို့ကျန်းမာရေးနဲ့ အသုဘအတွက် ဝါယမစိုက်ကြတဲ့ သွေးသားဆွေမျိုးတွေနဲ့ နိုင်ငံရေးဆွေမျိုးတွေကို ကျေးဇူးတင်လျက်ပါ။ အဲဒီဆွေမျိုးတွေ ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော့ အမေနဲ့ အဖေ့ဓါတ်ပုံတွေကို ၅-၁၂-၂ဝ၁၄ ကနေ့မနက်မှာ ရပါတယ်။ တိုင်းပြည်ကထွက်ရပြီးနောက် (၂၄) နှစ် ကြာမှသာရတယ်။

ကျွန်တော်တို့မိဘတွေ နောက်ဘဝတွေမှာ မင်းဆိုးဒဏ်သင့်သူတွေနဲ့ ကင်းလွတ်ပါစေ။ မြန်မာပြည်သူတွေ မင်းဆိုးဘေးက ဝေးကြပါစေ။ သီတင်းကျွတ်မှာ မိဘကျေးဇူးဆပ်နိုင်သူတွေ များပြားပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၅

Zika Writings ဇီကာစာများ

ဇီကာဗိုင်းရပ်စ်စာ (၃) ပုဒ်ဆက်တင်ထားပါတယ်။ မေးလာကြတယ်။ တချို့က စာမဖတ်ပဲ မေးကြတယ်။ တချို့ကို စာတင်ထားမှန်းမသိလို့ မေးကြတယ်။

1. 11 Plants that repel mosquitoes ခြင်ကိုနှင်ထုတ်စေနိုင်တဲ့အပင်များ http://doctortintswe.blogspot.com/2016/02/11-plants-that-repel-mosquitoes.html
2. Active Zika found in saliva and urine ဇီကာဗိုင်းစ်အရှင် တံတွေးနှင့်ဆီးထဲမှာတွေ့ရှိ http://doctortintswe.blogspot.com/2016/02/active-zika-found-in-saliva-and-urine.html
3. Australia to step up Zika testing သြစတေးလျမှာ ဇီကာဗိုင်းရပ်စ် စစ်ဆေးတော့မယ်http://doctortintswe.blogspot.com/…/australia-to-step-up-zi…
4. Chikungunya ဆင်ဖြူတော် တုပ်ကွေး http://doctortintswe.blogspot.com/2014/10/chikungunya.html
5. China confirms first case of Zika virus ဇီကာဗိုင်းရပ်စ်တရုပ်ပြည်ရောက် http://doctortintswe.blogspot.com/2016/02/china-confirms-first-case-of-zika-virus.html
6. DHF သွေးလွန်-သွေးစုပ် ဘေးက ဝေးကြပါစေ http://doctortintswe.blogspot.com/2015/10/dhf.html
7. Honduras Declares Emergency to Fight Zika Virus http://doctortintswe.blogspot.com/2016/02/honduras-declares-emergency-to-fight.html
8. Insecticide-Treated Bed Nets ခြင်ထောင်ကို ခြင်ဆေးသုတ်ပေးနည်း http://doctortintswe.blogspot.com/2016/10/insecticide-treated-bed-nets.html
9. Malaria in pregnancy ကိုယ်ဝန်နဲ့ ငှက်ဖျား http://doctortintswe.blogspot.com/2014/11/malaria-in-pregnancy.html
10. Malaria ငှက်ဖျားရောဂါ http://doctortintswe.blogspot.com/2014/12/malaria.html
11. Microcephaly ဇီကာနဲ့ ခေါင်းသေးသေးနဲ့ကလေး http://doctortintswe.blogspot.com/2016/10/microcephaly.html
12. Mosquito control summary ခြင်နှိမ်နင်းရေးအချုပ် http://doctortintswe.blogspot.com/2016/02/mosquito-control-summary.html
13. Mosquito control ခြင်နှိမ်နင်းရေး http://doctortintswe.blogspot.com/2016/02/mosquito-control.html
14. Mosquito question ခြင်နှိမ်နင်းရေးမေးခွန်း http://doctortintswe.blogspot.com/2016/05/mosquito-question.html
15. Mosquito-Borne Diseases ခြင်ကတဆင့် ကူးစက်ရောဂါများ http://doctortintswe.blogspot.com/2016/02/mosquito-borne-diseases.html
16. Mosquitoes ခြင်မတွေ သတိထား http://doctortintswe.blogspot.com/2016/01/mosquitoes.html
17. Singapore reports first imported Zika case စင်္ကာပူမှာ ဇီကာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိ http://www.channelnewsasia.com/news/singapore/singapore-reports-first/2782808.html
18. WHO declares global emergency ဇီကာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကြေညာလိုက် http://doctortintswe.blogspot.com/2016/02/who-declares-global-emergency.html
19. Why Is It Called The Zika Virus? ဘာလို့ ဇီကာ ခေါ်သလည်း http://doctortintswe.blogspot.com/2016/02/why-is-it-called-zika-virus.html
20. Zika and Pregnancy ဇီကာနဲ့ ကိုယ်ဝန် http://doctortintswe.blogspot.com/2016/09/zika-and-pregnancy.html
21. Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီ http://doctortintswe.blogspot.com/2016/04/zika-causes-birth-defects.html
22. Zika has been sexually transmitted ဇီကာဗိုင်းရပ်စ် လိင်ကနေတဆင့်ကူးစက် http://doctortintswe.blogspot.com/2016/02/zika-has-been-sexually-transmitted.html
23. Zika virus control ဇီကာဗိုင်းရပ်စ် ထိန်းချုပ်ရေး http://doctortintswe.blogspot.com/2016/02/zika-virus-control.html
24. Zika virus pregnancy case confirmed in Spain http://doctortintswe.blogspot.com/2016/02/zika-virus-pregnancy-case-confirmed-in.html
25. Zika virus triggers pregnancy delay calls (ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်တွေကိုသတိပေး http://doctortintswe.blogspot.com/2016/01/zika-virus-triggers-pregnancy-delay.html
26. Zika virus triggers pregnancy delay calls http://doctortintswe.blogspot.com/2016/01/zika-virus-triggers-pregnancy-delay.html
27. Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်လာပြီ http://doctortintswe.blogspot.com/2016/01/zika-virus.html
28. Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန) http://doctortintswe.blogspot.com/2016/02/zika.html

ဖေ့စ်ဘွတ်မှာ နောက်ဆုံးတင်ထားတဲ့ (၃) ပုဒ်က မြန်မာပြည်အတွက် အရေးအကြီးဆုံးပါ။ စာတွေထဲမှာ မပါတာမျိုး မသိပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

လောကသာရပျို့ (၁၅)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၅။ သူတော်တကာ၊ တတ်စရာသား၊ အဋ္ဌာရသ၊ သိပ္ပအပြား၊ အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံးခြုံ၊ မတတ်တုန်လည်း၊ တစုံတခု၊ တတ်အေင်ပြု၍၊ လူမှုကုန်အောင်၊ စီးပွားဆောင်လော့၊ ညဥ့်မှောင်ရောက်ဘိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဘို့၊ အတတ်ချို့မူ၊ သူတို့ပြစ်တင်၊ ကဲ့ရဲ့မြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊     ၊ အိုသော် သူမရယ်စေမင်း။

မှတ်ချက် = တစ်စုံတစ်ခု မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Male contraceptive injection shows promise

ယောက်ျားတားဆေး ထိုးဆေးစမ်းသပ်မှု အလားအလာကောင်း

(ကန်တော့ပါ)

၂၈-၁ဝ-၂ဝ၁၆ နေ့သထွက်တဲ့ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဟော်မုနုးတမျိုးသုံးပါတယ်။ ထိရောက်ပြီး စိတ်ချရတယ်လို့ သိလာပါတယ်။ ယောက်ျားတားဆေး ထိုးဆေးစမ်းသပ်မှုလုပ်နေတာ အနှစ် (၂ဝ) ကြာပါပြီ။
အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း စမ်းသပ်ခံဘို့ သဘောတူကြတဲ့ အတွဲပေါင်း ၂၇ဝ ထဲက ယောက်ျားတွေကို စမ်းသပ်တာမှာ ၉၅% အောင်မြင်တာတွေ့ရတယ်။ ဘေးထွက်သက်ရောက်မှုတွေထဲမှာ ဝက်ခြံထွက်တာနဲ့ စိတ်မူပြောင်းတာ ကြွက်သားနာတာပါတယ်။

ကျန်းမာတဲ့ယောက်ျားတိုင်မှာ ၁ မီလီလီတာထဲမှာ သုက်ပိုးအရေအတွက် ၁၅ သန်းပါနေတယ်။ စမ်းသပ်ခံသူတွေကို Progesterone ပရိုဂျက်စတီရုန်းနဲ့ Testosterone တက်စတိုစတီရုန်းနဲ့တူတဲ့ဟော်မုန်း ၂ မျိုးတွဲ ထိုးဆေးထိုးပေးခဲ့တယ်။ သူတို့သုက်ရည်ကို စစ်ဆေးနေတာမှာ သုက်ပိုးအရေအတွက် တသန်းအောက်ထိ ကျသွားတာတွေ့ရတယ်။ ထိုးဆေးရပ်တဲ့နောက်မှာ (၈) ယောက် တနှစ်အကုန်မှာ သုက်ပိုးအရေအတွက် အရင်လောက်ထိပြန်တက်လာတယ်။

ကမ္ဘာ့ကျန်းမာရေအဖွဲ့ WHO ရဲ့ Semen Analysis သုက်ရည်စစ်ဆေးခြင်း သတ်မှတ်ချက် -
သုက်ရည် တခါထုတ်တာဟာ အနည်းဆုံး ၂ စီစီ ထုထည်ရှိရတယ်၊
သုက်ရည် ၁ စီစီထဲမှာ Spermatozoa သုက်ပိုးကောင်ရေ သန်း ၂ဝ ပါရတယ်၊
တခါထုတ်တာမှာ အနည်းဆုံး သုက်ပိုး သန်း ၄ဝ ရှိရမယ်၊
သုက်ပိုး ၇၅% ရှင်နေတာ ပုံမှန်ဖြစ်ရတယ်၊
သုက်ပိုး အနည်းဆုံး ၃ဝ% က ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်ရတယ်၊
သုက်ပိုး အနည်းဆုံး ၂၅% က Motility အလျင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
သုက်ပိုး အနည်းဆုံး ၅ဝ% က ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။

အမေရိကန် National Infertility Association အသင်းမှာ Semen Analysis သုက်ရည်စစ်ဆေးခြင်း သတ်မှတ်ချက် -
Total Volume စုစုပေါင်းထုထည် 2 5 milliliters
Sperm Count စုစုပေါင်းသုက်ပိုးအရေအတွက် 40 million to 300 million (အနည်းဆုံး 20 million ရှိရင် မျိုးပွါးနိုင်)
Motility and Velocity လှုပ်ရှားနိုင်စွမ်း 50% အနည်းဆုံးရှိရမယ်။ လှုပ်ရှားမှုအရည်အသွေး အနည်းဆုံး 2 ရှိရတယ်။)
Morphology ပုံသဏ္ဌာန် အနည်းဆုံး 30% ပုံမှန်ရှိရမယ်။
Liquefaction အရည်ပျော်ခြင်း 20 minutes မှာဖြစ်ရမယ်။
Seminal Fructose ဖရပ်တို့စ်သကြားဓါတ် နဲ့ Cultures ပိုးမွေးတာ လိုသူတွေကို လုပ်ရတယ်။

၁၇-၈-၂ဝ၁၂ နေ့ကလည်း JQ1 ခေါ်တဲ့ ယောက်ျားတားဆေး စားဆေးစမ်းသပ်မှုသတင်းပေါ်ထွက်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆


လောကသာရပျို့ (၁၃)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှိမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍။ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံ၌။ သင်အံကျက်လေ့။ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊     ၊ ဆည်းပူးသိမြင် ကြွယ်စေမင်း။

မှတ်ချက်
တစ်ချောင်းချောင်းလျှင် မဟုတ်။
တစ်နေ့တစ်ပါး မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

လောကသာရပျို့ (၁၈)

ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကနေထုတ်ဝေခဲ့တဲ့ လောကသာရပျို့

၁၈။ စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆီးထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု။ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး။ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍။     ။ သူ့ထက်လွန်ကုန် ကြိုးစေမင်း။

မူကွဲ
ရွေ့ရွေ့ဆည်းလော့၊
ကြီးစွာလျက်လျှင်၊
စဉ်ဆက်ကျများ၊
ပျား၏နည်းထုံး၊
ဖို့သည့်ခြင်းရာ၊
လူလိမ်မာတို့၊
ကြံစည်နက်ကိ၊ု
သူ့ထက်လွန်ကဲ ကြိုးစေမင်း။

သတ်ပုံ
လိမ်မာကို အရင်က လိမ္မာလို့ရေးခဲ့ကြတယ်။
ကြွက်သေတခုကိုတော့ ကြွက်သေတစ်ခုလို့ ပေါ်လစီသတ်ပုံအရ ရေးနေကြပါတယ်။
သေဋ္ဌေးကို သဋ္ဌေးလို့လည်း ရှေးကရေးကြပါတယ်။ သေဌေးနဲ့ သဌေးတော့ မဟုတ်ပါ။ အခုခေတ်ထုတ် အဘိဓာန်တွေမှာ သူဌေးလို့ရေးထားကြတယ်။ နောက်ပိုင်းမှာတော့ ခရိုနီလို့ပြောင်းခေါ်ကပြန်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Microcephaly ဇီကာနဲ့ ခေါင်းသေးသေးနဲ့ကလေး

မြန်မာပြည်မှာ ဇီကာဗိုင်းရပ်စ်သတင်းထွက်လာတဲ့နောက်မှာ အစိုးရိမ်ကြီးမှုတွေထွက်ပေါ်လာပါတယ်။ မေးကြတယ်။ နောက်ဆုံးမေးခွန်းနှစ်ခုကို ပြန်ဖြေပါရစေ။

၁။ Khin Su Su Zaw မြန်မာပြည်မှာလဲ ဇီကာ virus ကူးစက်ခံရသူ ရှိနေတယ်လို့ တဆင့်စကားနဲ့ ကြားမိပါတယ်။ ကောလဟာလလား သတင်းအမှန်လား မသိသေးပေမယ့် စိတ်ပူပါတယ်။

Tint Swe ကောလာဟလ (သတ်ပုံပြင်ထားတယ်) မဟုတ်တော့ပါ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ကပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မြန်မာပြည်ကို လာလည်တဲ့နိုင်ငံခြားသူတဦးမှာသာ တွေ့သေးတယ်။

၂။ Chit Hlaing ဆရာ ကိုယ်ဝန်ဆောင်မိခင်တယောက်ကို ဇီကာဗိုင်းရပ်စ်ကူးလို့ မွေးလာတဲ့ကလေးက ခေါင်းသေးကိုယ်ကြီးနဲ့မွေးလာတယ်ထားလိုက်ပါတော့။ အဲဒီအမျိုးသမီးကပဲ နောက်ထပ်ကိုယ်ဝန်ရှိပြီး ကလေးထပ်မွေးရင်ကော အရင်ကလေးလိုခေါင်းသေးကိုယ်ကြီး ဖြစ်အုံးမှာလားဆရာ။

Tint Swe နောက်ထပ်ကိုယ်ဝန်မှာ အဲလိုကလေးမွေးတယ်လို့ ကနေ့အထိမတွေ့သေးပါ။ ဦးခေါင်းသေးတာသာဖြစ်နိုင်ပြီး ကိုယ်က ပုံမှန်သာဖြစ်တယ်။

ဒီစာကို ကိုယ်ဝန်ဆောင်နေသူတွေ မဖတ်စေချင်ပါ။ ဖခင်လောင်းတွေ၊ ဆွေးမျိုးသားချင်းတွေအနေနဲ့လည်း အစိုးရိမ်ကြီးတာကိုလည်း အတိုင်းအတာထားစေချင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရပြီးမွေးလာတဲ့ ဦးခေါင်းသေးသေးနဲ့ကလေးကို Microcephaly မိုက်ခရိုက်ဖလီလို့ ခေါ်ပါတယ်။ ခေါင်းအရွယ်အစား မတူတာတွေရှိပါတယ်။ ဆိုးတာလည်းပါတယ်။ အဲလိုကလေးတွေမှာ ဖြစ်လာနိုင်တာတွေ အမျိုးမျိုးရှိတယ်။ တက်မယ်။ ဖွံဖြိုးမှုတွေ နောက်ကျမယ်။ ခေါင်းထောင်နိုင်တာ်။ ထိုင်နိုင်တာ။ လမ်းလျှောက်တာ။ စကားပြောတာ။ သင်ကြားလေ့လာမှုနည်းတာ။ ကိုယ်ကိုထိန်းထားမနိုင်ခြင်း။ အစာကျွေးခြင်း၊ မျိုချခြင်း။ နားမကြားခြင်း။ မျက်စိမမြင်ခြင်း။ အဲလိုဖြစ်တာတွေက တသက်လုံးအထိဖြစ်နိုင်တယ်။

ဘာလို့ဖြစ်ရသလည်း မပြောနိုင်သေးပါ။ မျိုးဗီဇကြောင့်လား ထင်ရတယ်။ Rubella ဂျာမန်ဝက်သက်၊ Toxoplasmosis နဲ့ Cytomegalovirus ဗိုင်းရပ်စ်တွေကနေဖြစ်မလား သံသယရှိတယ်။ ဆိုးဝါးတဲ့အာဟာရချို့တဲ့မှုကိုလည်း စဉ်းစားတယ်။ အရက်၊ မူးယစ်ဆေးဝါးနဲ့ အဆိပ်သင့်ခြင်း။ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရခြင်း။ ဇီကာဟာ နောက်ဆုံးမှာသာ တွေ့ရပါမယ်။

အမေရိကားမှာ အဲလိုကလေးမွေးနှုန်းဟာ ကလေးတသောင်းမှာ ၂ ယောက်ကနေ ၁၂ ယောက်အထိရှိတယ်။ တချို့လေ့လာမှုအရ မွေးလားပေါင်း နှစ်သောင်းမှာ တယောက်သာခေါင်းသေးကလေးပါတယ်။

၂ဝ၁၅ ကတည်းကဖြစ်တဲ့ ဘရာဇီးလ်မှာ ပဏာမလေ့လာမှုလုပ်တော့ ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၂၉% မှာသာ ဗိုင်းရပ်စ် ကူးစက်ခံရတာတွေ့တယ်။  ပြင်သစ်ပိုင် ပိုလီနီးရှန်းမှာ ၁% သာကူးစက်ခံရတယ်။ ဘရာဇီးလ်မှာပဲ ကိုယ်ဝန်ဆောင် (၈၈) ယောက်ကို အာလ်ထွာဆောင်းနဲ့စစ်တော့ (၁၂ ယောက်) ၂၉% မှာ မူမှန်တာတွေ့တယ်။ အဲတာအားလုံးကို မိုက်ကရိုကက်ဖလီလို့ မပြောနိုင်ပါ။ (၄ ယောက်) ၅% မှာသာ ဦးခေါင်းသေးကလေးဖြစ်တယ်။

ဇီကာကူးစက်ရာ နိုင်ငံပေါင်း ၅၈ ခုမှာ ၁၃ နေရာမှာ Guillain-Barré syndrome ခေါ် တခြားဦးနှောက်ချို့ယွင်းမှုပါ တခြားနေရာတွေထက် မြင့်နေတာတွေ့ရတယ်။ လူနာပေါင်း ၅ဝ၃ ယောက်ထဲက (၁ဝ) ယောက်ဟာ လိင်ကတဆင့် ကူးစက်ခဲ့တယ်။

ကူးစက်နိုင်တဲ့ ခြင်ကိုတိတိကျကျပြောရရင် Alphavirus နဲ့ Aedes mosquitoes ခြင်တွေဖြစ်တယ်။ ဒီခြင်အမျိုးအစားကနေ
၁။ Zika virus ဗီကာဗိုင်းရပ်စ်၊
၂။ Dengue virus သွေးလွန်တုပ်ကွေးနဲ့
၃။ Chikungunya virus (ချီကန် ဂွန် ညာ) ရောဂါတွေကူးစက်တယ်။ အဲတာကို ဂျပန်တုပ်ကွေး၊ မျောက်တုပ်ကွေး၊ ဆင် (ဆင်ဖြူတော်) တုပ်ကွေး လို့ခေါ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆

Hydroxychloroquine ဟိုက်ဒရောက်ဆီကွီနိုလင်း

ကျွန်မအသက် ၃၉ နှစ်ပါ။ SLE ဖြစ်နေမှန်းသိတာ ၇နှစ်ရှိပါပြီ။ အခု zyQ တနေ့တလုံးသောက်ယုံနဲ့ ရောဂါကို ထိန်းထားနိုင်ပါပြီ။ ကျွန်မဘယ်လိုအစားမျိုးရှောင်ရမလဲ သိချင်ပါတယ်ရှင့်။ မုန်လာဥနီဖျော်ရည်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလို့ ၃ ရက်လောက်သောက်လိုက်တာ ခန္ဓာကိုယ်ထဲကမုန်လာဥနီဓာတ်မကုန်မချင်း အဖျား ၉၉ဒီဂရီ  ၅ ရက်လောက်ဖျားသွားပါတယ်ဆရာ။ တကယ်ပဲ မုန်လာဥနီနဲ့မတည့်တာလား၊ နောက်ထပ် ဘာတွေနဲ့ရော မတည့်ဘူးလဲသိချင်ပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာရှင့်။ အခုလည်း စတော်ဘယ်ရီတော်ဖီ စားမိလို့လားမသိဘူး အဖျားနဲနဲတက်သလိုကြီးခံစားနေရပြန်ပြီဆရာ။ နည်းနည်းလေးမှအပင်ပန်းမခံနိုင်သလို အတိမ်းအစောင်းလည်း မခံနိုင်ဘူးဖြစ်နေပါတယ်ဆရာ။ ကျေးဇူးပြုပြီး ရှောင်ရန်ဆောင်ရန်လေးများကို ဖြေကြားပေးပါရှင့်။

မေးခွန်းထဲပါတဲ့ zyQ ဆိုတာ Hydroxychloroquine ဆေးဖြစ်တယ်။ အတိုကောက်တွေနဲ့ ကျွန်တော် ရန်ဖြစ်လေ့ရှိတယ်။ သုံးကြတာ နေရာမတူရင် မတူပါ။ HCQ လို့တချို့နေရာမှာခေါ်တယ်။ ခဏခဏရေးရတယ်။ ARV ဆိုတာ ခွေးရူး ကာကွယ်ဆေး၊ အခု HIV ဆေးတဲ့။ IUD ဆိုတာ အရင်က ကလေးဗိုက်ထဲသေတာ။ အခု သားအိမ်ထဲထည့်တဲ့ပစ္စည်းတဲ့။

ဟိုက်ဒရောက်ဆီကွီနိုလင်းဆေးကို rheumatoid arthritis လေးဖက်နာအဆင်ရောဂါနဲ့ lupus လူးပတ်စ်ရောဂါမှာ အသုံးများတယ်။ connective tissue disorders တွယ်ဆက်တစ်ရှူးရောဂါတွေမှာလည်း သုံးပါသေးတယ်။ စိတ်ချလက်ချ သုံးနိုင်ပါတယ်။ မျက်စိကိုသာ ကြည့်နေရမယ်။ ကိုယ်ဝန်နဲ့ ကလေးငယ်ရှိရင်လည်း ဆေးအလေးချိန်လျှော့ပေးမယ်။

ဒီဆေးကို disease-modifying anti-rheumatic drug (DMARD) ရေဂါကိုမွမ်းမံပြောင်းလဲစေတဲ့ဆေးလို့ သတ်မှတ်ထားတယ်။ ရောင်နေတာတွေကျစေမယ်။ နောက်ဆက်ဖြစ်လာမှာတွေကို တားပေးမယ်။ နာတာရှည် ဒုက္ခိတဖြစ်မှာ နည်းစေမယ်။

ဒီဆေးကို အရင်တုန်းကတော့ ငှက်ဖျားအတွက်သုံးခဲ့တာပါ။ juvenile idiopathic arthritis ကလေးအဆစ်နာရောဂါနဲ့ autoimmune diseases ရောဂါပြီးစနစ်ကမောက်ကမဖြစ်တဲ့ရောဂါတွေမှာလည်း သုံးပါသေးတယ်။

လူကြီးတွေကို Hydroxychloroquine တနေ့မှာ 200 mg ကနေ 400 mg အထိပေးတယ်။ လိုရင်တော့ တိုးပေးတယ်။

ဘေးထွက်သက်ရောက်မှု မများပါ။ ဝမ်းပျက်မယ်။ အရေပြား အနီပြင်ထွက်မယ်။ ဆံပင်ပါးမယ်။ ကြွက်သားအားနည်းမယ်။ G6PD ရှိရင် အဲတာတွေပိုဖြစ်နိုင်တယ်။

Lupus လူးပတ်စ်ရောဂါရှိသူတွေအတွက် ဒီဆေးကနေ ရေရှည်ဆိုးလာနိုင်တာတွေကို တားနိုင်ကြောင်း ကနေဒါ ဆေးသုနေသတခု ထွက်ထားတာရှိတယ်။

မေးတဲ့သူ အစားအသောက်တွေ တည့်-မတည့် ကျွန်တော်ကနေတော့ မပြောနိုင်ပါ။

SLE ထူးခြားတဲ့ရောဂါ http://doctortintswe.blogspot.com/2014/11/sle.html ကို ဖတ်လိုက ဖတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၆