မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ
Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014
How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။
Saturday, December 31, 2016
K ကေ
ဒီရက်တွေမှာ (ကေ) စာလုံးတွေ တွေ့နေရတယ်။
Y2K bug ဆိုတာ ၂ဝဝဝ ခုနှစ်ရောက်ကာနီးတော့ ကွန်ပြူတာစနစ်နဲ့ဆိုင်တာတွေမှာ အစိုးရိမ်ကြီးခဲ့ကြတယ်။
ယူအက်စ်အေမှာ Ku Klux Klan (KKK) ကေသုံးလုံးက ဒေါ်နယ်ထရမ့် အနိုင်ရအောင်လုပ်ပေးခဲ့ပြီး၊ လူဖြူကြီးစိုးရေးနဲ့ လူသစ်ဝင်တာဆန့်ကျင်ရေး လုပ်ကြမယ်။
KMT ဆိုတာ တရုပ်ဖြူလို့ လူသိများတယ်။ တရုပ်ပြည်မှာ တရုပ်နီခေါ် ကွန်မြူနစ်တွေကအနိုင်ရတော့ တိုင်ဝမ်နဲ့ မြန်မာပြည်ဖက် ထွက်ပြေးလာသူတွေဖြစ်တယ်။ တရုပ်အမျိုးသားရေးပါတီကိုခေါ်တယ်။ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းဆက်တဲ့ တိုင်ဝမ်သမတကတော့ DPP ပါတီကပါ။ KMT ဆိုတာ ဘန်းစကားနဲ့ Kiss My Teeth ကိုလည်းခေါ်ပါသတဲ့။
KTV အရှည်က Karaoke Tay Vịn ဖြစ်ပါတယ်။ ဘေးကနေ လိုက်သီဆိုနိုင်တဲ့ တေးဂီတ ဖြေဖျော်ရေးကိုပြောတာ။ Karaoke box ကာရာအိုကေလို့လည်း ခေါ်ကြတယ်။ KTV ခေတ်စားတဲ့ နိုင်ငံတွေက တရုပ်၊ တိုင်ဝမ်နဲ့ ကမ္ဘောဒီယားလို့ ဝီကီပီးဒီယားမှာရေးထားတယ်။ ထိုင်းနဲ့ မြန်မာပြည်ကို ထပ်ဖြည့်ရမယ်။ ကျန်းမာရေးမေးတာတွေထဲမှာ KTV သွားတဲ့သူတွေပါတယ်။ တချို့ကတော့ ဖြစ်ပျက်လာပြီးမှာ အတော်စိုးရိမ်လို့ ထပ်မေး ဆက်မေးနေကြတယ်။
K (ကေ) တလုံးတည်းရဲ့ အဓိပ္ပါယ်က (ကီလို) နဲ့ တထောင် (တစ်ထောင် မဟုတ်) ဖြစ်ပါတယ်။
လာမဲ့နှစ်မှာ (ကေ) တွေ ဘာဖြစ်လာမလဲ မီဒီယာကတော့ စိတ်ဝင်စားကြတယ်။ ဆရာဝန်တွေကတော့ ရောဂါတွေကိုပဲ စိုးရိမ်တယ်။
ဒေါက်တာတင့်ဆွေ
၁-၁-၂ဝ၁၇
OB ဆရာဝန်
မြန်မာပြည်မှာ ဟိုအရင်ကတည်းက OG ဆိုတာ သားဖွားနှင့် မီးယပ်ပညာနဲ့ သားဖွားမီးယပ်အထူးကုဆရာဝန်ကို ခေါ်ကြပါတယ်။ ယူအက်စ်အေမှာက တမျိုး။ ပညာကို OB-GYN တဲ့ ဆရာဝန်ကို (OB) တဲ့။
ကျွန်တော်လို ရိုးရိုးဆရာဝန်တွေက ဆေးပညာဘွဲ့တခုတည်းသာရကြတယ်။ ဘွဲ့ကတခုတည်းပေမဲ့ နှစ်မျိုးပါတယ်။ MB ဆေးပညာဝိဇ္ဇာဘွဲနဲ့ BS ခွဲစိတ်ပညာဝိဇ္ဇာဘွဲ့။ ဆရာဝန်တွေ MBBS ဘွဲ့ရပြီးနောက်မှာ တယောက်တမျိုးစီ ဖြစ်လာကြတယ်။ ကျွန်တော်လို ရတဲ့ဘွဲ့လေးတခုနဲ့ အရိုးထုတ်ကြရသူကများတယ်။ အဲလိုဆရာဝန်တွေထဲမှာလည်း ဆေးကုတာ အားသန်သူနဲ့ ခွဲစိတ်တာမှာ စိတ်ပါသူလို့ မတူကြပြန်ဘူး။ ကျွန်တော်က အစုံသုပ်လုပ်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်က ဒေါက်တာဆင်သီယာ ဆေးခန်းရောက်လဲ ခွဲစိတ်ခန်း ဝင်ပေးသေးတယ်။ ဗိုလ်ချုပ်မြရွာက ဆေးရုံလေးမှာလဲ ခွဲစိတ်ပေးဘူးတယ်။ ထိုင်း-မြန်မာနယ်စပ် ချောင်းကလေးဘေးမှာ ပါတီတခုတည်းက စည်းရုံးရေးမှူး တယောက်ကို အစည်းအဝေးနာချိန်မှာ မိုင်နာဆာဂျရီ လုပ်ပေးဘူးတယ်။ အိုက်ဇောမှာလဲ မြန်မာ ယက်ကန်းသမားတွေကို ခွဲစိတ်တာ အပါအဝင် ဆေးကုပေးတယ်။ တမူးဟိုဖက်က မိုးရေးမှာလဲ အဲလိုဘဲ။ အဲတာတွေမှာ ပိုးသန့်ထားတဲ့ သီးသန့်ခွဲစိတ်ခန်းတို့၊ မေ့ဆေးဆရာဝန်တို့ ခွဲစိတ်ခန်းသူနာပြုတို့ ဘယ်ရှိမလည်း။ ၁၉၈၁ တုံးက ရန်ကုန်မှာ တနှစ်တည်း ဆေးကျောင်ဆင်း သူငယ်ချင်းတွေစုဝေးခဲ့တုံးက ကျွန်တော့်လက်နဲ့ ခွဲတာကိုခံရဲတဲ့ သတ္တိအကောင်းဆုံးသူငယ်ချင်း ကိုယ်တိုင်ကပြန်ပြောမှ အဲတာကိုအမှတ်ရတယ်။
မြန်မာပြည်မှာတုံးက အစစအရာရာရှာပါးလွန်းလှတဲ့ ဆိုရှယ်လစ်ခေတ်ကြီးထဲမှာ တိုင်းပြည်ကနေထွက်ပြေးရတော့ ကိုယ်ပိုင်စုဆောင်းထားခဲ့တဲ့ ခွဲစိတ်ကိရိယာတွေကိုပါ ပြစ်ထားခဲ့ရတယ်။ နှမြောလိုက်တာ မပြောပါနဲ့တော့။ ဒေလီကို ရောက်တော့ ခွဲစိတ်လူနာတွေတွေ့ပြန်တဲ့အခါ လက်နက်သာရှိပြီး ကျည်ဆံမရှိပြန်လို့ ခွဲစိတ်ကိရိယာတွေ ပြန်စုရပြန်တယ်။
နိုင်ငံရေးထဲရောက်မှ တိုင်းပြည်နဲ့ခွဲရတယ်။ ခွဲစိတ်လူနာတွေနဲ့ပါ ခွဲရတယ်။ ကိုယ်ပိုင်စုဆောင်းထားခဲ့တဲ့ ခွဲစိတ်ကရိယာတွေနဲ့လည်း မြန်မာပြည်နဲ့ အိန္ဒိယ၊ ခွဲခဲ့ရတာနှစ်ကြိမ်။ အခုတတိယနိုင်ငံရောက်တော့ ခွဲစရာဆိုတာ ပြည့်စုံသွားတယ်။ ခွဲဆရာဝန်အစစ်ဖြစ်လာပါတော့တယ်။ လက်မတုန်သေးပါ။ စိတ်မကုန်သေးပါ။
အဲတော့ ကျွန်တော့်ကို ဓါးဆရာဝန်လို့ နာမည်တပ်သူတွေက တပ်ကြတယ်။ ဒေလီမှာနေရတုံးက ကလေးပေါင်း ၃၅ဝ ကို မွေးပေးလို့ အိုဂျီလို့ အမှတ်မှားနေကြတယ်။ အမှန်က အိုပြီဆရာဝန်ပေါ့ဗျာ။
ဓါတ်ပုံ = ၂၆-၉-၂ဝ၁၁ နေ့က ဒေလီ ယမုန်နာဆေးခန်းမှာ ကလေးလူနာတယောက်ကို ခွဲစိတ်ကုသပေးစဉ်က
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Surgeon ခွဲဆရာဝန်
ပို့စ်တခုကပုံကို သဘောကျတယ်။ မနေ့ပဲ သူများတွေလုပ်ထားပြီးသား ပုံတွေ၊ အိုက်ကွန်တွေကို ထပ်ချည်းတလဲ တင်နေကြတာကို ရေးမိသေးတယ်။ ကနေ့တော့ ဆွမ်းလောင်းပွဲက မုန့်ဆီကြော်နဲ့ ပဲခွေနဲ့တူတယ်လို့ ထပ်ရေးလိုက်တယ်။ ဆောရီး။
ကျွန်တော်က ကိုယ်တိုင်တီထွင်ကြံဆတာကို အားပေးတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မဟုတ်သေးလည်း ချီးကျူးတယ်။ ပုံထဲမှာ ခွဲစိတ်ခန်းသုံးကရိယာတွေနဲ့ ဟက်ပီးနယူးယီးယားကို ပုံဖေါ်ထားတယ်။ ကြည့်ရတော့ လက်ယားလာတယ်။ တခုချင်းကိုကိုင်ပြီး အသုံးချချင်မိတယ်။
ကျွန်တော် ခွဲစိတ်လူနာတွေနဲ့ဝေးရတာ ၂ နှစ်ကျော်ပြီ။ ခွဲစိတ်ခန်းနဲ့ကင်းခဲ့ရတာက ၂၆ နှစ်ရှိပြီ။ ဒေလီမှာနေရတုန်းက အိုတီ ခေါ် ခွဲစိတ်ခန်းမပီသပေမယ့် ဖြစ်သလိုခွဲပေးခဲ့နိုင်သေးတယ်။
ခွဲစိတ်စရာမလိုတာကိုပါသိမှသာ တော်တဲ့ဆာဂျင်လို့ခေါ်ပါတယ်။ လူနာမရှိတဲ့ခွဲစိတ်ဆရာဝန်ကို ဘယ်လိုခေါ်မလဲ။ ခွဲဆရာဝန် = ခွဲသွားပြီဖြစ်တဲ့ဆရာဝန်။
ပုံမူရင်းက Medical-Online လို့ထင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Surgeons are the most attractive doctors
ခွဲစိတ်ရာဝန်တွေက ဆွဲဆောင်မှုအရှိဆုံးဆရာဝန်တွေဖြစ်ကြတယ်လို့ ၂ဝ၁၆ နှစ်ဆန်းမှာထုတ်တဲ့ တိုင်းမ်မဂ္ဂဇင်းမှာ ရေးထာတာဖတ်ရတယ်။
ဆောင်းပါးက ဆေးပညာအတွက်တော့ မဟုတ်ပါ။ လူမှုဆက်ဆံရေးကို ဇောင်းပေးထာတယ်။ သူတို့တိုင်းပြည်မှာ ခွဲစိတ်ဆရာဝန်ဆိုရင် တွဲချင်ကြတယ်လို့ UniformDating.com ကနေ ယူနီဖေါင်းဝတ်သူတွေနဲ့ ဒိတ်လုပ်ခြင်းကို သုတေသနလုပ်လို့ သိလာတဲ့ ကောက်ချက်ဖြစ်ပါတယ်။ စုစုပေါင်း ၁ဝဝဝ ထဲက အမျိုးသမီး ၃၆% နဲ့ အမျိုးသား ၂၆% က ခွဲစိတ်ဆရာဝန်တွေကို ရွေးကြပါတယ်။ ကလေးအထူးကုဆရာဝန်တွေက ၂၈% + ၂၃% နဲ့ ဒုတိယလိုက်တယ်။
Shrink ခေါ် စိတ်အထူးကုဆရာဝန်တွေက မစွန်ကြပါ။ အမျိုးသမီး ၆% နဲ့ အမျိုးသား ၁ဝ% ကသာ သူတို့ကို ရွေးကြပါသတဲ့။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေအတွက် အဲလို ဂျူတီကုတ်အဖြူရောင်ဟာ လွှမ်းမိုးမှုသဘော ဆောင်တယ်။ စွမ်းဆောင်နိုင်တယ်လို့ အထင်ရောက်စေတယ်လို့ ဆန်းစစ်မှုကဆိုပါတယ်။
ခွဲစိတ်ဆရာဝန်တွေဟာ သူများတွေထက် လက်တွေ့သဘောဆန်တယ်။ အိုင်ကျူမြင့်တယ်။ ခက်ခဲတဲ့အခြေအနေမျိုးမျာ တည်ငြိမ်ကြတယ်။ သူတို့လက်တွေကလည်း အစွမ်းကောင်းတယ်လို့ပါဆိုပါသေးတယ်။ အန်စာတုံးပြစ်သလို ရွေးရာမှာလည်း ခွဲစိတ်ဆရာဝန်ကို ၈၉% ကသဘောကျကြတယ်။ ထိခိုက်ဒဏ်ရာရတာ၊ နေမကောင်းတာကို ကုသရာမှာလည်း အမျိုးသမီးဆရာဝန်တွေထက် ခွဲစိတ်ဆရာဝန်တွေက ၂ ဆသာကြပါတယ်တဲ့။
ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
http://newsfeed.time.com/2013/08/30/survey-surgeons-are-the-most-attractive-doctors/
2017 အမျိုးတွေ
နှစ်သစ်ကူးနေ့ တူတွေ တူမတွေ ဘာရေးကြသလဲ ဖတ်မိတယ်။
(၁)
မုံရွာက မောင်ဥဂ္ဂါ
နှစ်သစ်မှာ ခေါင်မိုးထက်၊
မန်ကျည်းရွက် တက်ရှင်း။
တနှစ်မှာ တခါလောက်
စိတ်ကောင်းပေါက်တယ်
အောက် ကောင်းကောင်းဆင်း။
(၂)
ငါ့တူမ မသဇင်
ငယ်ချင်သေးတော့
ရှေးတုန်းကပုံကိုတင်။
တနှစ်ကူးတာဟာ
တနှစ်ကြီးလာတာမို့
နီးပေါ့လို့မြင်။
(၃)
တချို့အမျိုးများ
၃၆၅
မအားကြရှာ။
ပုလင်းနဲ့ မြူအိုး
ဇိုးမျိုးခံရတာက ဇနီးသားမယား
ရောဂါများရလို့တော့ ငါလည်းမတတ်နိုင်ပါ။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Malnutrition အာဟာရချို့တဲ့နေတဲ့ မြန်မာစာ
Kyaw Kyaw တဝမ်းပူစသတ် တစ်က သွားလေသူ ၆၂ ကြီးလက်ချက်ဆိုတာ ဟုတ်ပါသလားဆရာ။
ဗိုလ်ချုပ်နေဝင်းက ၁၉၈၁ ခုနှစ် သြဂုတ်လမှာ တပြေးညီလုပ်ဘို့သာပြောတယ်။ မြန်မာစာဆရာကြီးတချို့က တစ်လိုက်ကြတယ်။ ဆရာတချို့က သဘောမတူလို့ မလိုက်နာခဲ့ကြပါ။ ဒါပေမဲ့ မပြောရဲတဲ့ခေတ် ဖြစ်ပါတယ်။
နောက်တက်စစ်အစိုးရကတော့ အဲလို တစ်လို့မရေးရင် ထုတ်ဝေခွင့်မပေးပါ။ တလုံးဘယ်လောက်ဆိုပြီး လျှော်ရသေးသတဲ့။ မပြောရဲတဲ့ခေတ် ဖြစ်ပါတယ်။
အခုအစိုးရလက်ထက်အထိ ကုလားထိုင်ရ မြန်မာစာဆရာများကလည်း အဲတာကိုသာ တရိုတသေလိုက်နာကြတယ်။
အဲတော့ လက်ညှိုး ၃-၄ ချောင်းထိုးမှသာ စုံစေ့ပါမယ်။ ဗိုလ်နေဝင်းလက်ထက်မှာ ယူနီဖေါင်းသတ်ပုံလို့ခေါ်တယ်။ စစ်အစိုးရလက်ထက်မှာ ပေါ်လစီသတ်ပုံလို့ခေါ်တယ်။ အခုတော့ ကုလားထိုင်သတ်ပုံလို့ခေါ်တယ်။
ပြင်လာသူတွေ များများလာလို့ အာဟာရချို့တဲ့နေတဲ့ မြန်မာစာမှာ နည်းနည်းတော့အားရှိတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
ရိတ် နဲ့ ရိပ်
အမျိုးတယောက် စပါးရိတ်နေတာ ယနေ့ထိ ရိပ်ရဆဲပါတဲ့။ အရိပ်အကဲမကြည့်ဘဲ ပြောလိုက်ရအုန်းမယ်။ မှားတယ်။
ရိတ်
စပါးရိတ်သည်
စားရိတ်ကုန်ကျငွေ
ပရိတ်ချည်၊ ပရိတ်ကြီး၊ ပရိတ်ရွတ်၊ ပရိတ်အိုး
မြက်ရိတ်
ရိတ်ဖြတ်သည်
ရိတ်လှီး
ရိတ်သိမ်းသည်
ခေါင်းရိတ်သည်
ကောက်ပင်ရိတ်လှီးစကား = ကောက်ပင်ကို လက်တဖက်ဖြင့် မြဲမြံစွာဆုပ်၍ တံစဉ်ဖြင့် အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှစပါးကို ရသကဲ့သို့ သူဆိုသော စကားမိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း၊ (စကားကြီးဆယ်မျိုး)
ရိပ်
မျက်ရိပ်မျက်ကဲ
ရိပ်ကာသီကာပြောသည်
ရိပ်ခနဲမြင်လိုက်သည်
ရိပ်စားမိပြီ
ရိပ်တိပ်တိပ်
ရိပ်ဖမ်းသံဖမ်းတော့သိသည်
ရိပ်ငြိမ်
ရိပ်မြုံ
ရိပ်မိပြီလား
ရိပ်ရိပ်လှီး
ရိပ်သာ
ရိုးတိုးရိပ်တိတ်
အရိပ်နိမိတ်
အရိပ်ပြ အကောင်းထင်
အရိပ်အကဲသိပါ
အရိပ်အာဝါသကောင်းသည်
အရိပ်အယောင် မမြင်ရ
စောင်းပါးရိပ်ခြည် ပြောသည်
ဆွေရိပ်မျိုးရိပ်
ရိက်
ရိက္ခာ
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။ (အနန္တသူရိယ)
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Biased Doctor ဘက်လိုက်တဲ့ ဆရာဝန်
အနီရင့်ရင့် မောင် = ဆရာက အမျိုးသမီးတွေ ဦးစားပေးဖြေကြားသလား?
ကွန်မင့်ဖတ်ရလို့ ချက်ချင်း အီးမေးလ်ကနေလာတဲ့ မေးခွန်းတွေကို ဆန်းစစ်မှု ခပ်မြန်မြန်လေးလုပ်ရပါတယ်။ ဖေ့စ်ဘွတ် ချတ်နဲ့ မက်ဆင်ဂျာကို မလုပ်အားတော့ပါ။
1. Thura Aung အမျိုးသား
(no subject) - ကျွန်တော် အသက် 28 နှစ်ပါ ကျွန်တော် 19 oct 2016 က သူငယ်ချင်းပေါင်းမှားပြီး
2. Aung, me (3) အမျိုးသား
ကျန်းမားရေး အကြောင်း မေးမြန်းခြင်း - ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှု ရှိတယ်။
3. Nant, me (2) အမျိုးသမီး
ဆရာရှင့် သမီးအသက် ၃ဝ ရှိပါပြီ။ အိမ်ထောင်ကျတာ ၄ နှစ်ရှိပါပြီ။
4. Phyo, me (2) အမျိုးသား
ကျန်းမာရေးဆိုင်ရာ - သည်အတိုင်းတော့ ရောဂါတခုခုနဲ့တော့ မတူသေးပါ။ နားထောင် စစ်ဆေးမှသာ သိပါမယ်။
5. သိမ့်, me (3) အမျိုးသမီး
ဆရာရှင့် ကျွန်မအသက်၃၆နှစ်ရှိပါပြီ။
6. Myo, me (2) အမျိုးသား
မေးခွန်းမေးခွင့်ပြုပါဆရာခင်ဗျား
7. chothae, me (5) အမျိုးသမီး
(no subject) - font size လို့ရေးရတယ်။
8. Rose, me (2) အမျိုးသမီး
(no subject) - ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။
9. Phay, me (5) အမျိုးသမီး
Dr. ရှင့် သည်းခြေ ကျောက်တည်တဲ့ရောဂါအကြောင်း သိပါရစေရှင့်။ သမီးအဖေ က ၅၈ နှစ်ပါ။
10. Ei, me (7) အမျိုးသမီး
Duvadilan ဆေးအကြောင်းနှင့် Ultrasound ရလဒ် - ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ
11. Phyo, me (2) အမျိုးသား
ကျန်းမာရေးမေးခွန်းလေး မေးပါရစေဆရာ။
12. Alrxander, me (3) အမျိုးသား
သို့ ဆရာခင်ဗျား - 31 ရက် မနက်ခင်းကနေစအောင့်တာပါ...ဓာတ်မှန်မရိုက်ဖူးပါခင်ဗျာ.
13. sawyuhnin095, me (2) အမျိုးသမီး
ဖြေပေးပါဆရာ ရှင့် - ဆရာ အသက်က ၁၈နှစ်ပါ
14. sawyuhnin095, me (2) အမျိုးသမီး
ဖြေပေးပါဆရာ - ဆီးစစ်သင့်။
15. သိမ့်, me (4) အမျိုးသမီး
ဆရာရှင့် ကျွန်မအသက်၃၆နှစ်ရှိပါပြီ။ ကလေးပျက်တာ တစ်နှစ်ရှိပါပြီ။
16. alinkarlatt., me (2) အမျိုးသမီး
17. ငယ်လေး, me (4) အမျိုးသမီး
ဆရာရှင့် - မျိုးဥထွက်တဲ့ရက် ဟုတ်တယ်။
18. May, me (3) အမျိုးသား
အူကျရောဂါ - Calamine lotion ကို အလာဂျီရတာ၊ အင်ပြင်ထွက်တာ။
19. thinzarkyaw., me (2) အမျိုးသမီး
ဆရာမင်္ဂလာပါရှင့်။
20. View, me (2) အမျိုးသမီး
ကရင်နှစ်သစ်ကူးအကြောင်း -
21. kyezin, me (3) အမျိုးသမီး
အမျိုးသမီး ၃၄နှစ် -
22. Koko, me (2) အမျိုးသမီး
ဆရာရှင့် အမျိုးသားရဲ့ သုတ်သွေးဓါတ်ခွဲအဖြေကို ပို့ပါတယ်။ ကလေးရဖို့အားနည်းတယ်လို့သိရပါတယ်။
23. chochowin1355 အမျိုးသမီး
ဆရာရှင့် ကျွန်မသားလေးကအသက်၂နှစ်၁၀လရှိပါပြီ ကလေးကမွေးစကတည်းကချောင်းဆိုး
24. Hnin, me (2) အမျိုးသမီး
ဆရာ မင်္ဂလာပါရှင့် သမီးကရန်ကုန်ကပါ အသက် ၂၉နှစ် အိမ်ထောင်နဲ့ပါရှင့်
25. Ye, me (3) အမျိုးသား (ဘုန်းကြီး)
(no subject) - တင်ပါ့ဘုရား။ လိုသလို အသုံးပြုနိုင်ပါတယ်ဘုရား။
26. Ko Shwe Moe အမျိုးသား
ကျွန်တော် အသက် ၃၄ နှစ်၊ ကျား ပါ၊၊
27. me, myomin (2) အမျိုးသား
Re: မင်္ဂလာပါဆရာ။ ကျွန်တော့်အသက်(၃၄)နှစ်ပါ အခုမေးချင်တာကတော့
28. hlahtwe73, me, hlahtwe73 (3) အမျိုးသား
ကျေးဇူးတင်ပါတယ်ဆရာ ဆရာကျမ်းမာပါစေ လေးစားလျှက်
29. may, me (2) အမျိုးသမီး
ဆရာကျေးဇူးပြုပြီးဖြေကြားပေးပါရှင့် -
30. golden, me (3) အမျိုးသမီး
(no subject) - ကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးရှင့် သမီးကြိုးစားကြည့်ပါအုံးမယ်ရှင့် 
31. myo, me (4) အမျိုးသား
ဆရာခင်ဗျာ စာပြန်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
32. Thura, me (2) အမျိုးသမီး
(no subject) - စိုးရိမ်စရာမရှိ။ တလုံးစနှစ်လုံးစရှိပါတယ်ရှင့်။
33. nanyellow89, me (2) အမျိုးသမီး
ဆရာ မင်္ဂလာပါ ရှင့်
34. khaingswe, me (3) အမျိုးသမီး
ဆရာကျွန်မမေးခွန်းတွေကိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
35. hnin, me (2) အမျိုးသမီး
အသက်-ရာသီ-အိမ်ထောင်ရေး မသိပါ။ တဆ
အီးမေးလ်ကနေလာတာ (၃၅) ယောက်မှာ
အမျိုးသမီး = ၂၂ ယောက်။
အမျိုးသား = ၁၂ ယောက်။
ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်စဉ်ကလည်း အမျိုးသမီးလူနာကများတာအမှန်ဖြစ်ပါတယ်။
၂ဝဝ၉ လစဉ်လူနာ တနှစ်တာ စာရင်းချုပ်
• တနှစ်အတွင်း လူနာစုစုပေါင်း (၈၆၄၉)
• တလလျင် ပျမ်းမျှလူနာ (၇၂ဝ့၇၅)
• အမျိုးသမီးလူနာ (၆၁့၆%)
• အမျိုးသားလူနာ (၃၈့၎%)
၂ဝ၁ဝ လစဉ်လူနာ တနှစ်တာ စာရင်းချုပ်
• တနှစ်အတွင်း လူနာစုစုပေါင်း (၈၆ဝ၇)
• တလ ပျမ်းမျှလူနာ (၇၁၂့၂၅)
• အမျိုးသမီးလူနာ (၆၂့၃%)
• အမျိုးသားလူနာ (၃၇့၇%)
၂ဝ၁၁ လစဉ်လူနာ တနှစ်တာ စာရင်းချုပ်
• တနှစ်အတွင်း လူနာစုစုပေါင်း (၁၁၇ဝ၄)
• တလ ပျမ်းမျှလူနာ (၉၇၅့၃၃)
• အမျိုးသမီးလူနာ (၆၄%)
• အမျိုးသားလူနာ (၃၆%)
အရင်လည်း ၂-၃ ခါလောက် စွပ်စွဲခံရဘူးပါတယ်။ ထို့ကြောင့် ကျွန်ုပ်သည် ဘက်လိုက်သောဆရာဝန်ဖြစ်၏။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Happy Burmese ဟက်ပီးကြပါသလား
မြန်မာပြည်မှာတော့ ဟက်ပီးနေကြပြီ။ ကျွန်တော့်ဆီက မပီးရသေးပါ။ အခုစာရေးနေချိန်က ၃၁ ရက်နေ့ မနက်။ မနက်ထတာနဲ့ အီးမေးလ်ကမေးတာတွေကို ဖြေတယ်။ ၉ ယောက်ဆီကမေးတယ်။ ၄ ယောက်ကို သတ်ပုံပြင်ရတယ်။
၁။ ဆရာ ကျွန်မ အသက် ၅၈ နှစ်ပါ။ ဗိုက်အောင့်အောင့်နေလို့ အက်ထွာစောင်းရိုက်ကြည့်တာ သည်းခြေအိတ်မှာကျောက်တည်နေတယ်လို့ သိရပါတယ်ရှင့်။့
အာလ်ထွာဆောင်းလို့ ရေးရတယ်။ အာထွာဆောင်းလည်း ရတယ်။ စောင်း မဟုတ်။
၂။ ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ပါ။ အိမ်ထောင်သက်တမ်း ၇ လပါ ။ အိမ်ထောင်ကျစက iud ၃ လ သားအိမ်မှာ ထည့်ဖူးပါတယ်။ ၃ လပြည့်တော့ ပြန်ထုပ်ထားပါတယ်။့
ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။ ထုပ်ဆိုတာ အထဲမှာသိမ်းထုပ်ထားတာ။ ထုတ်ကမှ အပြင်ကိုထုတ်တာ။
၃။ အသက် ၂၆ အိမ်ထောင်ရှိပါတယ်။ tv ဖြစ်လို့ ဆေး ၆ လသောက်နေရပါတယ်။ တစ်ခုမေးချင်လို့ပါဆရာ။ tv ဆေး သောက်နေရင် ကလေးယူလို့ရပါသလား။ ပုံမှန်တွေးကြည့်ယုံနဲ့ ကလေးမယူသင့်တာတော့သိပါတယ်ရှင့်။ သေချာ သိချင်လို့ပါရှင့်။ နောက် အရိုး tv ဖြစ်ရတဲ့ အကြောင်းကိုလည်းသိချင်ပါတယ်။
TB တီဘီလို့ ရေးရတယ်။
၎။ ကျွန်တော် အသက် ၂၉ နှစ်ပါ။ ယောက်ျားလေးပါ။့ လက်မှာ အနီစက်တွေ နောက်ကြောမှ အနီအဖု နည်းနည်း ထွက်လာတယ်။
နောက်ကျောလို့ ရေးရတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Friday, December 30, 2016
A Gathering in Monywa
မုံရွာမှာ အမျိုးတွေ မိတ်ဆွေတွေ ဆုံနေကြတဲ့ပုံ အခုပဲရတယ်။
လက်ပန်းတောင်းမှာ မီးလောင်ဗုံးဒဏ်ခံရတဲ့ ဦးတိက္ခဉာဏ။ ကျွန်တော့်ညီတဝမ်းကွဲ။
သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ကျွန်တော့်ဦးလေး။ မုံရွာ စတိတ်တူးကျောင်းမှာ ကျောင်းအုပ်လုပ်နေတုံး ဟာဝိုင်ယီကို ပညာတော်သင်သွားရတယ်။ ကျွန်တော်က ခုနစ်တန်းအောင်ပြီး၊ နွေရာသီကျောင်းမပိတ်ခင်မှာ ဝါးလုံးထောက်အခုန်ကောင်းလို့ ဘယ်ဖက်တံတောင်ဆစ်မှာ ကျောက်ပတ်တီးနဲ့ ဦးလေးကျောင်းအုပ်ကြီးကို နှုတ်ဆက်ရတယ်။
နောက်တယောက်က ဘာသာပြန်စာရေးဆရာ မောင်ရဲခိုင်။ သူ့အကိုက ကျွန်တော်နဲ့တတန်းတည်း။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး မြေးတွေ။
နောက်တယောက်က ဒေါက်တာဗဟိန်းက ကျွန်တော်ထက်စောပြီး ဆရာဝန်ဖြစ်တယ်။ ကျွန်တော်လိုပဲ မုံရွာစတိတ်တူးထွက်။ ဆယ်တန်းမှာ ဂုဏ်ထူးပေးတာ အလွန်ရှားပါးတဲ့အချိန်သူမှာ ဂုဏ်ထူးတွေနဲ့အောင်လို့ ကျောင်းကထူးချွန်ကျောင်းသားသင်ပုန်းမှာ သူနဲ့ ဂုဏ်ထူးဦးသိန်းနိုင်တို့နာမည်တွေက ထိပ်ဆုံးက။ (ကျွန်တော် ဂုဏ်ထူးနဲ့ တခါမှ မအောင်ပါ။) No Smile!
နောက်တယောက်က ကျွန်တော်ပြည်ပထွက်ပြေးလို့ ကိုယ်စားထောင်အချခံရတဲ့ ကျွန်တော့်ညီအရင်း အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးတင်လေး။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
Happy 2017 ဟက်ပီး မြန်မာစာ
ဟက်ပီးနယူးယီးယားတွေ လာနေတယ်။ ဒီကနေပဲ အကုန်လုံးကို ကျေးဇူးလို့သာ ရေးပါရစေ။
ကျွန်တော့်မှာ ဟက်မပီးသူတွေကမေးတာတွေကို ဖြေနေရလို့၊ ဟက်ပီးသမားတွေကို အရေးမစိုက်အားပါ။
ဟက်မပီးသူတွေကရေးတဲ့မြန်မာစာမှာ အန်ဟက်ပီးတွေပါတော့ ကျွန်တော့်မှာ ဟက်ပီးမဖြစ်နိုင်ပါ။
ကလေးလိုချင်သူတွေက ကလေးမရေးတတ်။ ဗိုက်ချပ်ချင်သူ ချပ်မရေးတတ်။ ရောဂါပျောက်ချင်သူက ပျောက်မရေးတတ်။ ဆီးအောင့်တဲ့သူက ဆီးမရေးတတ်။ ရောဂါကူးမှာစိုးရိမ်သူက စိုးရိမ်ကိုမရေးတတ်။့ မရေးတတ်။့ မရေးတတ်။
နှစ်သစ်မှာ တစ်နေတဲ့ မြန်မာစာကြီး ကျန်းမာပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆
ချပ် နဲ့ ချက်
မင်္ဂလာပါဆရာ သမီးအသက် ၂၂ ပါ။ အိမ်ထောင်ရှိတယ်ရှင့်။ အခုသမီးကလေးမွေးထားတာ ရက်နှစ်ဆယ်ရှိပြီ။ ပိတ်နဲ့ပဲဗိုက်ကိုစည်းထားတော့ အခုထိဗိုက်ပြန်မချက်ဘူးရှင့်။့
ဗိုက်ချပ်လို့သာ ရေးရတယ်။ ချက်ဆိုတာ ဗိုက်မှာရှိတဲ့ချက်။ ထမင်းချက်။
ချက်
ချက်ကျလက်ကျ
ချက်ချက်မြည်သံ
ချက်ချင်းပြီး
ချက်ထိုး (စစ်တုရင်)
ချက်ကြိုး
ချက်ခြာ (ချက်ချာ)
ချက်ပြုတ်
ချက်မြှုပ်အရပ်
ချက်လက်မှတ်
ချက်ကောင်းမိ
ချက်ကျောက်
ချက်တွေ့နေသည်
ချက်ဗွေ
ချက်ကြွေ
တံခါးချက်ထိုးပါ
တစ်ချက်ခုတ် နှစ်ချက်ပြတ်
ထမင်းချက်
ဗဟိုချက်
ဗိုက်ပေါ်ကချက်
မှတ်ချက်
လက်ချက်
လုပ်ဆောင်ချက်
အချက်ကျကျ
အချက်ပေး
ချပ်
ချပ်ခဲနေသည်
ချပ်ချပ်ရပ်ရပ်
ချပ်ထူ
ချပ်ပြား
ချပ်လွှာ
ချပ်ဝတ်တန်ဆာ
စကားချပ်
ပန်းကန်တချပ်
သင်းခွေချပ်
သတိချပ်ပါ
အနာချပ်သွားပြီ
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
ကလေးသည် ခလေးမဟုတ်
ကလေးမရသေးတဲ့ အိမ်ထောင်သယ်တွေ၊ ကလေးလွယ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကလေးအမေတွေက ကလေးအကြောင်းတွေ မေးကြတယ်။ (၁ဝ) ယောက်မှာ (၉) ယောက်လောက်က ခလေးလို့ရေးနေကြတယ်။ မှားတယ်။ ကလေးလို့သာ ရေးရမယ်။
အရင်က ကလေးရော ခလေးပါ ရေးခဲ့တာရှိတယ်။ သတ်ပုံစာအုပ်တွေမှာတော့ ခလေးလို့ မရှိပါ။
ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကန်စွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ က ကညစ် ပေမှာခြစ်လာတယ်။ ကျောင်းသားတွေက ကညစ်ကို မသိကြပါ။ နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကိုအကြိုက်ဆုံးပါ။ ခလေးလို့ရေးနေသူတွေက သူငယ်တန်းစာကို မေ့လိုက်ကြတာလား မသိပါ။
ကလေးရချင်သူတွေ၊ ကလေးရတနာမွေးလာစေချင်သူတွေ၊ ကလေးကျန်းမာရေးကောင်းချင်သူတွေ ကလေးသတ်ပုံ ဂရုစိုက်ကြပါခင်ဗျား။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
Sleepwalking အိပ်ရင်း လမ်းလျှောက်
ဆေးစာမှာ somnambulism နဲ့ noctambulism လို့ခေါ်တယ်။ အိပ်စက်ရောဂါအုပ်စုထဲကတခု parasomnia ဖြစ်ပါတယ်။ အိပ်ပျော်ခြင်းအဆင့်တွေထဲက slow wave sleep stage အဆင့်မှာဖြစ်တယ်။ ညဦးပိုင်းမှာဖြစ်တာများတယ်။ သတိမလစ်သေးခင်မှာ သတိရှိနေစဉ်ကလို အလုပ်မျိုးလုပ်တာဖြစ်တယ်။ ထထိုင်မယ်။ လမ်းလျှောက်မယ်။ အိမ်မှုကိစ္စတွေ လုပ်မယ်။ တချို့က ကြမ်းတမ်းမယ်။
အများအားဖြင့် လုပ်နေတာကို ထပ်လုပ်ကြတယ်။ တချို့ကသာ တမျိုးမကလုပ်တယ်။ နိုးတဲ့အခါ အဲတာကို သတိမရပါ။ မျက်စိကဖွင့်ထားပေမဲ့ အမူအယာက ထင်ရှားလှတာမဟုတ်ပါ။ ၃ဝ စက္ကန့်ကနေ ၃ဝ မိနစ်အထိ ကြာရှည်နိုင်တယ်။ တညမှာတော့ တကြိမ်သာဖြစ်တယ်။
အဲလိုဖြစ်တာနဲ့ အရက်မူးပြီးနဲ့ မူးယစ်ဆေးကြောင့်ရှောက်လုပ်တာ မတူပါ။ အရက်ကနေဖြစ်တဲ့ alcohol-induced blackout နဲ့ drug-related amnesia မူးယစ်ဆေးကနေဖြစ်တာမျိုးမှာ တုန့်ပြန်မှုရှိတယ်။ မေးတာဖြေမယ်။ မကြိုက်တာ ကြိုက်တာ ပြောမယ်။
အိပ်ရင်း လမ်းလျှောက်တာမှာ အမျိုးအစားခွဲတွေရှိတယ်။ လမ်းလျှောက်ရင်း စားတာနဲ့ sexsomnia လိင်အပြုအမူ။
လေ့လာမှုတခုအရ လူဦးရေရဲ့ ၄့၆% ကနေ ၁ဝ့၃% အထိရှိတယ်။ ကလေးတွေလည်းပါတယ်။ ဘာလို့ဖြစ်သလဲ တိတိကျကျမသိသေးပါ။ တချို့မှာသာ အိပ်ရေးပျက်ထားတာ၊ ဖျားနာတာ၊ မောပန်းတာတွေအခြေခံတွေ့ရတယ်။ တချို့ကတော့ မျိုးရိုးလိုက်တယ်။ chlorpromazine, perphenazine, lithium, triazolam, amitriptyline, zolpidem, Quetiapine နဲ့ beta blockers ဆေးတွေသောက်နေရသူတွေမှာလည်း ဖြစ်တတ်တာတွေ့ရတယ်။
ထူးခြားတဲ့အဖြစ်အပျက်တွေရှိတယ်။ ရာဇဝတ်မှုကျူးလွန်တာတွေ။ ၁၈၄၆ မှာ Albert Tirrell လူသတ်မှု၊ ၁၉၈၁ မှာ Steven Steinberg ကနေ သူ့ဇနီးသတ်မှု၊ ၁၉၉၁ မှာ Burgess က သူ့ရည်းစားမိန်းကလေးကို ရန်ပြုမှု၊ ၁၉၉၂ မှာ R. v. Parks က သူ့ယောက္ခမကိုသတ်မှု။
ကုသနည်းမှာလည်း သေချာတာ မရှိသေးပါ။ ဆောရီး။ biperiden, carbamazepine, valproate, quetiapine, clonazepam, diazepam, flurazepam, imipramine, triazolam, melatonin, paroxetine, sodium amytal ဆေးတွေပေးနိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
ရှိ
ညမအိပ်မီမှာ ရေးကြတာတွေ့တယ်။ ဘုရားရှစ်ခိုးပြီး အိပ်တော့မယ်တဲ့။ မှားနေတယ်။ ဘုရားရှိခိုးလို့သာ ရေးရတယ်။
ရှိ
ကိုယ်၌ရှိလည်း
ဂုဏ်ရှိ
တူညီသောအနက်ရှိသည်
ပညာမျက်စိ မြင်မရှိ
ပညာရှိ
မရှိဝန်တို
မရှိနှိုင်အင်
ရှိခိုးပါ၏
ရှိခိုးပူဇော်
တောင်ရှိဟူလောက်
သြကာသရွတ်ဆိုတာကို စာနဲ့ရေးတော့လည်း မှားကြသေးတယ်။ တစ်ကြိမ်လို့ မရေးရပါ။ အဲတာတော့ နောက်ထုတ် သတ်ပုံစာအုပ်တွေကအစ မှားနေတယ်။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိသော် ပျောက်ပစေခြင်း အကျိုးငှာ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ တည်းဟူသော ရတနာမြတ်သုံးပါးတို့အား ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
Homemade ဆိုင်စာမကြိုက်တဲ့ ဆရာဝန်
ကျွန်တော့်ပို့စ်တခု = Emotion icons နားမလည်တဲ့ အရုပ်တွေ
ကွန်မင့်တခု = Zaw Lin ဆရာ ချစ်လို့ ပြောတယ် မှတ်ပါ။ ဆရာ့အနေနဲ့ ဖေ့ဘုတ်သုံးတတ်တဲ့ထိ တက်နိုလိုဂျီ လေ့လာလိုက်စားပြီးခဲ့ပြီ။ ဒီထိလိုက်လာခဲ့ပြီးမှ ဒီအီမိုတိကွန်းလေးကျမှ ပြတ်ကျပြီး ကျန်မနေခဲ့ပါနဲ့ဆရာရယ်။ ခရီးတခု ထွက်သလိုပေါ့ လိုက်ခဲ့မှတော့ ပျော်အောင်လို့နေပေါ့။ တကယ်တော့ မခက်ပါဘူး။ ဆရာက မှားပြီး အဓိပ္ပါယ် ကောက်မိမှာရယ် မှားသုံးမိမှာတွေ စိုးရိမ်နေတာ။ မသုံးခင် ကြိုပြောထားပေါ့။ ငါခုမှ စသုံးတာ ခွင့်လွတ်ကြလို့။ ဆရာ ပျော်ရွှင်ပါစေ။
Dr. Tint Swe ဒါဆို မနေ့ကတင်တာတခုကို တယောက်က ဘာသာပြန်ပေးတယ်။ ဒေါသထွက်တာတဲ့။ နောက်တပုံမှာ ဝါးလို့သန်းဝေနေတာ။ အဲတာတွေကို ချစ်လို့လို့ ဘယ်လိုယူဆလို့ရမလဲ။
ကျွန်တော်က ဘန်းစကားတွေလည်း မတတ်ချင်ပါ။ သင်ပေးမယ်ပြောလာတာရှိပါတယ်။ ခေတ်နောက်ကျတယ်ဆိုလို့ စိတ်မခုပါ။ (အလန်း) ဆိုတာပေါ်စမှာ တယောက်က (အလမ်း) လို့ရေးတော့ သတ်ပုံပြင်ပေးခဲ့ရတယ်။ (မွတ်ငါး) ရခိုင်မှာ ကျသွားတာလည်း သိလိုက်တယ်။ (ကွကို) ကို (ကန်တော့ပါ) ဖါသာအာသာဖြစ်ခြင်းလို့ သဘောပေါက်တယ်။ မပြောကောင်းမဆိုကောင်း (ဆူဆိုက်) လို့ထင်စေတယ်။ ရှိသေးတယ့့်
အီမိုအိုက်ကွန်တွေအကြောင်း ဖတ်ပြီးပါပြီ။ တီထွင်သူတွေဖွင့်တဲ့ အဓိပ္ပါယ်တော့ သိပါတယ်။ ကျွန်တော့်ပို့စ်ဆိုလိုရင်းက အိမ်မှာတင် မိသားစုချက်ပြုပ်တာနဲ့ ဆိုင်ကအစားအစာ မတူကြောင်းဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
U Kaung ကင်းဝန်မင်းကြီး ဦးကောင်း
ကျွန်တော် ငယ်ငယ်ကပုံဆွဲဝါသနာပါတယ်။ အသက်လုထွက်ပြေးရတော့ တခြားဟာတွေနဲ့အတူ ဘွဲ့လက်မှတ်နဲ့ ပန်းချီပုံလေးတွေ သယ်မလာနိုင်တဲ့အတွက် ခုထိစိတ်မကောင်းဖြစ်ပါတယ်။ ဆေးကျောင်းနောက်ဆုံးနှစ်တုန်းကဆွဲခဲ့တဲ့ ကင်းဝန်မင်းကြီးဦးကောင်းပုံကို အခုပဲပြန်တွေ့ရတယ်။ ကျွန်တော့်ညီအရင်းကရေးတာကို အခုပဲတွေ့လို့ပါ။ (ကျွန်တော်တို့က ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ မျိုးဆက်တွေပေါ့။ ဦးကောင်း မွေးနေ့နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲကို ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေ ကျင်းပခဲ့ကြသေးတယ်။ မြန်မာနှစ် ၁၃၃၂ ခုကပါ။ ဦးကောင်းရဲ့ ဇာတိရပ်မြေ မင်းတိုင်ပင်ရွာမှာကျင်းပပါတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးကို အဲဒီပွဲအတွက်ထုတ်တဲ့ လက်ကမ်းစာစောင်မှာ သုံးခဲ့ပါတယ်။)
အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်တုံးက ကင်းဝန်ရဲ့အမျိုးလို့ ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကင်းဝန်နွယ်ဘာညာဆိုပြီး ကလောင်နာမယ်ယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ တာဝန်ယူရဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေးဘလော့ခ်ကို ပုလဲသွယ်လို့ နာမည်ပေးလိုက်တယ်။
နောင် နှစ် (၄ဝ) ကျော်တော့ ကရင်နီလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ်ပြုတာကိုတော့ ကျေနပ်ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ်ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။
မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းမှာ ငယ်ငယ်ကဆော့ကစားဘူးတယ်။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့ အမျိုးလို့လဲ သိရတယ်။ ကျွန်တော့်အမေရဲ့ အဖေဦးထင်က မင်းတိုင်ပင်တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။ ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးကဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခု လုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်ကဆေးကျောင်းသားပဲရှိသေးတာ။ ဦးကျော်ဆန်းနဲ့ ကျွန်တော် အမျိုးတော်တယ်လို့ သိတာ ၂ နှစ်လောက်သာရှိသေးတယ်။ အမတယောက် ဗုဒ္ဓဂါယာကို ဘုရားဖူးလာတော့မှ အမျိုးစပ်ပြလို့ နှစ်ဝမ်းကွဲ ညီအကိုတော် မှန်းသိရတယ်။ ဦးထင်က ဦးကျော်ဆန်းအမျိုးမဟုတ်ပါ။
ဆရာမြသန်းတင့်ရဲ့ (တောင်သမန်အင်းက လေညှင်းဆော်တော့) ထဲမှာ ရေးထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။ ဒိနောက်မှာ သန်းဝင်းလှိုင်ရေးတဲ့ (လူအများစု အမှတ်မှားနေတဲ့ ကင်းဝန်မင်းကြီးဦးကောင်း အကြောင်းကို သမို်င်းအမှန်သိစေချင်) မှာ ပိုပြီးစုံစုံလင်လင်ဖတ်ရတယ်။ အဲတာကို အခုပဲ ဖေ့စ်ဘွတ်မှာတွေ့တယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
Water Birth ရေထဲမှာ ကလေးမွေးခြင်း
ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တုံးက မွေးလူနာတွေကို ၂ဝဝ၆ နိုဝင်္ဘာလကစပြီး မွေးပေးခဲ့တယ်။ အိန္ဒိယကနေ ထွက်လာရတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကိုမွေးပေးနိုင်ခဲ့တယ်။ သားဖွားပညာကို ဘာတခုမှမသိသေးတဲ့ ဒုက္ခသည်အမျိုးသမီး ကြီးငယ်တွေကိုစာသင်ပေးဘို့ သင်္ခန်းစာတွေပြင်ရတယ်။ အရံသားဖွါးသင်တန်းလည်း တခါ ပေးရတယ်။ စာသင်ရင်း (မာလ်တီမီဒီယာ) နဲ့ပြတော့ ပုံမှန်မီးဖွားနည်းတွေအပြင် ရေထဲမှာကလေးမွေးနည်းလည်း ခပ်တိုတိုပြောပြဖြစ်ပါတယ်။
Katharine Dawi ဆရာ နိုင်ငံခြားမှာ ရေဇလုံထဲ ကလေးမွေးတာတွေတွေ့နေရတယ် ဘာထူးခြားလို့ပါလဲဆရာ။
မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ။ နေရာတကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ်။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုနဲ့ပါတင်ကြတယ်။ ဒီ (အိုင်ဒီယာ) ကိုရတာက ကလေးဟာ မိခင်ဗိုက် (သားအိမ်) ထဲမှာ ရေမြွာရည်ထဲမယ် ၉ လ ကျော်နေလဲတာမို့ မွေးတာကိုလည်း ရေထဲမှာလုပ်ရင်ရမယ်လို့ ယူဆချက်ကနေဖြစ်ပါတယ်။ ဒီလို ရေထဲမှာဆင်းပြီး ကလေးမွေးရင် ကောင်းမယ့်အချက်တွေနဲ့ သတိထားစရာတွေဆိုပြီး လေ့လာလို့ရလာတယ်။
အကျိုးကျေးဇူးတွေ
အမေအတွက် = ရေခပ်နွေးနွေးက နေရထိုင်ရတာသက်တောင့်သက်သာရှိတယ်။ အားရှိသလိုထင်မှတ်စေတယ်။ ရေထဲမှာ ကိုယ်ကြိုက်သလိုထိုင်နေနိုင်တယ်။ သားအိမ်ညှစ်အားပိုပေးမယ်လို့ယူဆရတယ်။ ဗိုက်နာတာ သက်သာစေနိုင်တယ်။ သွေးဖိအားများနေတာကိုကျစေနိုင်တယ်။ စိုးရိမ်စိတ်နည်းစေမယ်။ ကလေးမွေးတဲ့အခါ ပြောင်းလဲမှုတွေဖြစ်ရတဲ့ တင်ပါးဆုံနေရာက ကြွက်သားတွေကို ဆန့်နိုင်ကြုံ့နိုင်မှုပိုစေမယ်။ စုပ်ပြဲတာနည်းစေမယ်။ မွေးလမ်းချဲ့ပေရမှု နည်းစေမယ်။ ရေထဲမှာမို့ မမြင်အပ်တဲ့နေရာကို ဖုံးကာပေးသလိုမို့ စိတ်လုံခြုံမှုပိုစေမယ်။
ကလေးအတွက် = ရေမြွာရည်အိတ်ထဲနဲ့ မထူးတဲ့ပတ်ဝန်းကျင်ဖြစ်တယ်။
သတိထားရမယ့်အန္တရာယ်တွေ
လွန်ခဲ့တဲ့နှစ် ၃ဝ ကျော်အတွင်း ရေထဲဆင်းပြီးကလေးမွေးတာက ပေါ်ပြူလာလိုဖြစ်လာပေမယ့် ဆေးသုတေသနတွေ မစုံလင်သေးပါ။ ဥရောပမှာသိထားသမျှ ရိုးရိုးမွေးကုတင်ပေါ်မွေးတာနဲ့ အန္တရာယ်တွေမထူးဘူးလို့ ဆိုပါတယ်။ Royal College of Obstetrician and Gynecologists တော်ဝင်သားဖွါးမီးယပ်ပညာရှင်တွေက သီအိုရီအရ Water embolism သွေးကြောထဲရေနဲ့ပိတ်တို့ခြင်းအန္တရာယ် ရှိနိုင်တယ်။ British Medical Journal ကတော့ ၉၅% စိတ်ချရတယ်လို့ ဆိုပါတယ်။
တကယ်လို့ ကလေးဟာ မွေးလမ်းထဲမှာ ဖိအားသက်ရောက်မှုခံနေရတာဖြစ်ဖြစ်၊ ချက်ကြိုးလိမ်နေတာဖြစ်ဖြစ်ရှိနေရင် ကလေးကထွက်ထွက်ချင်း လေရှူမှာမို့ ရေကအသက်ရှူလမ်းထဲဝင်စေမယ်။ ဖြစ်တာရှားပါတယ်လို့ ဆေးစာတွေမှာ ဖတ်ရတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်ကတော့ မွေးမွေးချင်ငိုတဲ့ကလေးက မငိုတဲ့ကလေးထက် များတယ်။ ငိုတာ ကောင်းတယ်။ ငိုချင်တဲ့ကလေးက ရေထဲမှာရှိနေရင် ငိုလို့မရသေးပါ။ ကလေးက လေနဲ့တွေ့မှသာ အသက်ရှူတယ်။ အသက်ရှူတာ မိနစ်ပိုင်းဖြစ်ဖြစ် စက္ကန့်ပိုင်းဖြစ်ဖြစ် နောက်ကျမယ်။ အန္တရာယ်လို့တော့မပြောပါ။ ချက်ကြိုးမဖြတ်သေးသ၍ အောက်စီဂျင်ကို မိခင်ဆီကနေရတယ်။ နောက်တချက်ကတော့ ကလေးကို ရေထဲကနေထုတ်လိုက်ချိန်မှာ ချက်ကြိုးပြတ်သွားတတ်တယ်။ သတိထားရင်တော့ မဖြစ်ပါ။
ရေထဲမှာ ကလေးမမွေးသင့်တဲ့ အခြေအနေတွေ
• Herpes မိခင်မှာ ရေယုံပေါက်နေရင်။
• Breech ကလေးအနေအထားက တင်ပါးဆုံပြုနေရင်။
• Excessive bleeding သွေးဆင်းတာ များလွန်းရင်။
• Maternal infection ရောဂါပိုးရှိနေရင်။
• Multiples အမွှာဖြစ်နေရင်။
• Pre-term လမစေ့မွေးတာဆိုရင်။
• Severe meconium ရေမြွာရည်နောက်တာ များနေရင်။
• Toxemia or preeclampsia ကိုယ်ဝန်သွေးဆိပ်တက်ရှိနေရင်။
• Hot tubs and whirlpools ရေပူနဲ့ ရေလှိုင်းလုပ်ထားတဲ့ရေချိုးကန်ဆိုရင် လုံးဝမလုပ်သင့်ပါ။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
The Voice of Hope
မျှော်လင့်ချက်ရောင်ခြည်စာအုပ်ကို ၁၉၉၇ ခုနှစ်မှာ နယူးယောက် Seven Stories Press ကနေထုတ်ဝေခဲ့တယ်။ အဖုံးမှာ ဒေါ်စုမျက်နှာပုံနဲ့။ ၂ဝဝ၈ ခုနှစ်မေလမှာ ထပ်ပြီးထုတ်ဝေတော့ သံဃာတော်တွေဆန္ဒပြနေတဲ့အဖုံးနဲ့ ဖြစ်လာတယ်။
(အယ်လင် ကလီမင့်) ကနေ ဒေါ်အောင်ဆန်းစုကြည့်ကို အင်တာဗျူးတွေ စဉ်တိုက်ဆက်တိုက်လုပ်ပြီး ထုတ်ဝေတာပါ။ စာရေးသူဟာ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးဝတ်ခဲ့တဲ့ ပဌမဆုံး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းမှာ ၅ နှစ်နေခဲ့တယ်။
စာအုပ်ဝေဖန်ရေးသမားတွေက ဒေါ်စုကို ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းသူလို့ရေးကြပါတယ်။ ဒီစာအုပ်မှာ ဝိဉာဉ် (နမ်တရား) ပိုင်းနဲ့ နိုင်ငံရေး ဆက်စပ်နေတာတွေပါတယ်လို့ဆိုကြပါတယ်။ စာအုပ်ထုတ်ပြီးကတည်းက (အယ်လင် ကလီမင့်) မြန်မာပြည်ဝင်ခွင့်ဗီဇာ ရာသက်ပန်ပိတ်ခံလိုက်ရပါတယ်။
ဒီစာအုပ်ဟာ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုရဲ့အသည်းနှလုံးထိရောက်အောင်သွားဘို့ကြိုးစားခဲ့တာဖြစ်တယ်။ ၁၉၉၅ ခုနှစ် ပဌမအကြိမ် နေအိမ်အကျယ်ချုပ်ကနေလွတ်လာအပြီး ကိုးလကြာအင်တာဗျူးတွေလုပ်ခဲ့ရတယ်။ ဒေါ်စုဟာ မေးခွန်းတွေကို တိုက်ရိုက်ဖြေတယ်။ စူးစူးရှရှရှိတယ်။ မပျက်ယွင်းတဲ့မေတ္တာစိတ်နဲ့ မျှော်လင့်ချက်ကြီးကို သူဘယ်လို ဆက်ပြီးထိန်းထားခဲ့သလည်းဆိုတာကို ဖြေဆိုခဲ့တယ်။
ဒေါ်စုရဲ့ မြန်မာ့နိုင်ငံရေးအပေါ်အမြင်နဲ့ ဗုဒ္ဓဘာသာဖလော်ဆော်ဖီ နှစ်မျိုးတွဲပါနေတယ်။ မြန်မာအမျိုးသမီးတွေနဲ့ ကမ္ဘာ့အမြင်လည်းပါတယ်။ ဒေါ်စုပြောပြတဲ့အမြင်ဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ စာအုပ်ဝေဖန်ရေးသမားတွေ အဆိုအရ ဝိဉာဉ်ပိုင်း၊ ကျွန်တော်တို့အဆို စိတ်ပိုင်းအပြောင်းအလဲ တော်လှန်ရေးလိုအပ်တယ်လို့ ဖေါ်ညွှန်းပါတယ်။ လူသားတွေရဲ့ ဝိဉာဉ်ပိုင်းအရပါ ညီညွတ်ရေးလို့ ဆိုလိုတယ်။
ဒေါ်စုဟာ ၆ နှစ်တာ အကျယ်ချုပ်ခံခဲ့ရတာ ပူပူနွေးနွေးသာရှိသေးပေမယ့် ခါးသီးတဲ့ခံစားချက်မျိုး ထုတ်ဖေါ်ပြောတာ ကင်းရှင်းပါတယ်။ ကျမ ဘယ်လိုမှ (နဝတ) ကို လူဆိုးတွေလို့မမြင်ပါဘူး။ တခါတခါတော့ သူတို့လုပ်တာတွေကို ကျမ စိတ်တိုတာပေါ့။ တချိန်တည်းမှာ ကျမ သူတို့ရဲ့အခက်အခဲတွေကို နားလည်နေပါတယ်။ သူတို့မှာ ကောင်းတာအတွက် ဆိုပြီး ယုံကြည်မှုကင်းမဲ့နေကြတာပါ။ စိတ်မကောင်းစရာတော့ ကောင်းတာကို မယုံကြည်ကြတာဖြစ်တယ်။
မြန်မာပြည်မှာ အဲလောက်တောင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ လွန်လွန်ကဲကဲဖြစ်နေတာကို ဒေါ်စုက လက်နက်ကိုင်နည်းကို မလိုလားပါ။ အကြမ်းသုံးနည်းမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဒေဝါလီခံထားရလို့ပါ။ ဗျူဟာအရလည်း ထိရောက်မှုမရှိပါလို့ဖြေပါတယ်။
ဒေါ်စုရဲ့ ဗုဒ္ဓဘာသာအမြင်အရ တဦးတယောက်ဟာ ကိုယ်တိုင်ကစရမယ်။ ကိုယ်တိုင်က ဒီမိုကရေစီအတွက် အဆင်သင့် ပြင်ထားရမယ်။ နောက်အစိုးရအတွက်လည်း လုပ်ရမယ်။
ဒေါ်စုက မေတ္တာတရားတိုးပွါးစေဘို့ပြောပါတယ်။ အဲတာဟာ ပြောင်းလဲစေဘို့ရာ ခွန်အား (စွမ်းအား) ဖြစ်တယ်။ စာရေးသူကနေ ရန်ကုန်စာအုပ်ဆိုင်တခုက NLD နဲ့ပတ်သက်တဲ့အကိုးအကားတခုကို ဓါတ်ပုံရိုက်ခွင့်ပေးပြီး အဲဒီစာအုပ်ကို ဆုတ်ဖြဲပြစ်တယ်လို့ ဒေါ်စုကိုပြန်ပြောတော့ ဒေါ်စုက အကြောက်တရားနဲ့ မေတ္တာ ဖီလော်ဆော်ဖီကို ရှင်းပြပါတယ်။
အဲလိုဟာတွေဖြစ်နေရတာက (အက်တစ်ဖြစ်နေတဲ့) ရှင်သန်နေတဲ့မေတ္တာဓါတ် နည်းသေးလို့ပဲ။ ချစ်ခြင်းနဲ့ အကြောက်တရားက တိုက်ရိုက်ဆက်စပ်နေတယ်။ (ဘိုင်ဘယ်) သမ္မာကျမ်းထဲမှာပါတယ်။ ပြည့်စုံတဲ့အချစ်ကနေ အကြောက်တရား ပေါက်ဖွားစေတယ်တဲ့။ ကျမတခါတလေ စဉ်းစားတယ်။ အဲတာဟာ သိပ်ပြီးဗုဒ္ဓဘာသာဆန်တယ်လို့။ ပြည့်စုံတဲ့ချစ်ခြင်းဆိုတာ မေတ္တာတရားပဲ။ တကိုယ်ကောင်းမဆန်ရဘူး။ တွယ်ကပ်နေတဲ့ချစ်ခြင်းမဟုတ်ဘူး။ ကျမတို့ဆီမှာ အဲလိုမေတ္တာတရားတွေ ပိုများဘို့လိုတယ်။
နှစ်သစ်ကစပြီး စစ်မှန် ရှင်သန်တဲ့ မေတ္တာတရားတွေ ပွါးများကြပါစေ။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
(လင့်ခ်) ကနေ ပီဒီအက်ဖ်ဖိုင်ကို ဖတ်နိုင်ကြပါတယ်။ http://www.amazon.com/The-Voice-Hope-Aung-San/dp/0140266151
Counting Backwards နောက်ပြန်ရေတွက်ခြင်း
နှစ်တခုကုန်လို့ နှစ်သစ်အပြောင်းမှာ တဆယ်ကနေ နောက်ပြန်ရေတွက် ရွတ်ဆိုတဲ့အလေ့အထ ရှိကြတယ်။ ပျော်စရာသဘောနဲ့ ပြိုင်တူအော်ဆိုကြတယ်။ မအော်ပဲနဲ့ ပြိုင်တူကျော်ဖြတ်ခဲ့ကြတာ ၃၆၅ ရက်။
ဂဏန်းတွေကို အစဉ်အတိုင်းဆိုရတာထက် နောက်ပြန်ဆိုရတာက ပိုခက်တယ်။ အပေါင်းတတ်ပြီးမှ အနုတ် သင်လေ့ရှိတယ်။ ဇန္နဝါရီလဆန်း (၁) ရက်ကစပြီး (၁) တွေ နှုတ်သွားမယ်။ ပြက္ခဒိန်တွေကိုယ်စီကို တရက်မှာ တရွက် ဆုတ်ကြရတော့မယ်။
ကျွန်တော်တို့ အနုတ်ပုစ္ဆာသစ် စတွက်ကြပါတော့မယ်။ ဂဏန်းမတွက်တတ်သူတွေရော သင်္ချာပါမောက္ခပါ နှစ်ကုန် စာရင်းချုပ်ကြရင် အဖြေတူထွက်တယ်။ ဘာပဲလုပ်လုပ် စိတ်သစ်နဲ့လုပ်ရင် ခွန်အားဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆
Thursday, December 29, 2016
EDD and Gestational age သန္ဓေသက်တမ်း ခန့်မှန်းခြင်း
၁။ ဆရာရှင့် ကိုယ်ဝန် EDD နဲ့ Gestational age ကိုတွက်တာကို မကျေမလည် ခံစားရပါတယ်။ ကျမတို့ကို သင်ပေးလိုက်တာ First day of LMP ကို ကိုးလနဲ့တပတ် သို့မဟုတ် အပတ်လေးဆယ် ပေါင်းရင် EDD မဟုတ်လားဆရာ။ အာ့ဆို တကယ့် ကိုယ်ဝန် duration က ၃၈ ပတ်ပဲဖြစ်ရမှာပေါ့နော်ဆရာ။ ဘာလို့ဆို LMP ပြီးနောက်နှစ်ပတ်ခန့်မှ သားဥကြွေပြီး ကိုယ်ဝန် စရနိုင်မှာလေ။ ဒါပေမဲ့ ကျမတို့ EDD ပဲတွက်တွက် GA ပဲတွက်တွက် ဒီ LMP ကပဲတွက်ယူရလဲ နားမလည်ဘူးဆရာ။ ဘယ်သူမှလည်း မဖြေရှင်းပေးကြဘူး။ ကျမပဲနားလည်မှုလွဲနေတာလားဆရာ။ ဥပမာဆိုရင် LMP နောက်ဆုံးရာသီလာရက် = 10.3.2015, Ovulation day မျိုးဥထွက်တဲ့ရက် = 24.3.2015 ဖြစ်ရင် GA သန္ဓေအသက် = 9.4.2015 ဆိုတာ (၄) ပါတ်လား၊ (၂) ပါတ်လား။ LMP နဲ့ ovulation ရက်ကြားနှစ်ပတ်ခန့်ကို ထည့်တွက်တော့ ကိုယ်ဝန်သက်က အမှန်မဟုတ်ပဲ နှစ်ပတ်ပိုနေမှာပေါ့ဆရာ။ မရိုမသေပါဆရာ LMP = 10.3.2016 ဆိုရင်ကောဆရာ။
Expected due date (EDD) ဆိုတာ ကလေးဘယ်တော့မွေးမလဲခန့်မှန်းချက်။ Gestational age ဆိုတာ ကိုယ်ဝန် (အထဲက ကလေး) ရဲ့အသက်။
EDD ခန့်မှန်းမွေးမယ့်ရက်တွက်တာမှာ နည်း (၂) နည်းသာရေးခဲ့ရာကနေ ဒီမေးခွန်းလာလို့ နောက်တနည်း ထပ်ထည့်ပါမယ်။
(၁) LMP နောက်ဆုံးရာသီလာခဲ့စဉ်က ပဌမဆုံး သွေးဆင်းတဲ့ရက်ကိုယူပြီး (၉) လနဲ့ (၇) ရက်ပေါင်းထည့်ပေးနည်းကို အများဆုံးသုံးပါတယ်။ ကမ္ဘာပေါ်မှာ အာလ်ထွာဆောင်းကို လက်လှမ်းမမီတဲ့ကိုယ်ဝန်ဆောင်အရေအတွက်က အများကြီး ပိုများပါတယ်။
(၂) အာလ်ထွာဆောင်းမှာလည်း တခါရိုက်ရင် တခါ EDD ထွက်တယ်။ American College of Obstetricians and Gynecologists, the American Institute of Ultrasound in Medicine, the Society for Maternal-Fetal Medicine သုံးခုကပြောတာက ကိုယ်ဝန် (၁၃) ပါတ် + (၆) ရက်နေ့ အာလ်ထွာဆောင်းရိုက်လို့သိရတာက အတိကျဆုံးဖြစ်တယ်။ ဒိထက်စောတာနဲ့ ကိုယ်ဝန်ရင့်တာတွေမှာ ကွဲလွဲချက် နည်းနည်းပိုများတယ်။
(၃) မျိုးဥထွက်ရက်ကို Ovulation tests စမ်းနည်းလုပ်သူမှာသာ သိမယ်။ အဲလိုလုပ်ရသူက အလွန်နည်းတယ်။ IUI and IUTPI ပြင်ပသန္ဓေတည်စေနည်းလုပ်ရသူတွေနဲ့ ကလေးမရနိုင်လို့ မျိုးဥထွက်ဆေးပေးနည်းလုပ်လို့သာ မျိုးဥထွက်ရက် တွက်ကြရပါတယ်။ သူတို့မှာ မျိုးဥထွက်ရက်သိမယ်။ သန္ဓေဖြစ်တဲ့နေ့ဆိုတာ ကျားသုက်ပိုးနဲ့ မ မျိုးဥတွေတဲ့ရက်လို့ ပြောနိုင်တယ်။ ဒါပေမယ့် အဲလိုတွေ့မှာက မျိုးဥထွက်တဲ့နေ့ လို့ အသေယူလို့မရပါ။ သုက်ပိုးနဲ့တွေ့မှာက မျိုးဥထွက်တဲ့နေ့ ဟုတ်ချင်မှဟုတ်မယ်။ ရှေ့ နောက် ၂-၃-၄ ရက် ကွာနိုင်တယ်။ အဲတာလည်း ပြောစရာရှိပါသေးတယ်။ သုက်ပိုးနဲ့ မျိုးဥတွ့ပြီးနောက် ခန့်မှန်းချေ (၆) ရက်နေမှ သန္ဓေဟာ သားအိမ်အတွင်းနံရံမှာ လာတွယ်ကပ်မယ်။ အဲတာကြောင် မျိုးဥထွက်ရက်သိတိုင်းလည်း တိကျပြီလို့ ပြောမရသေးပါ။
တကယ်မွေးမယ့်ရက်ဟာ (၁) LMP နောက်ဆုံးရာသီလာခဲ့စဉ်က ပဌမဆုံး သွေးဆင်းတဲ့ရက်၊ (၂) Ovulation မျိုးဥ ထွက်တဲ့ရက်နဲ့ (၃) Ultrasound အာလ်ထွာဆောင်းနည်း သုံးနည်းလုံးကတွက်ချက်ထားတဲ့ EDD ခန့်မှန်းထားတဲ့ရက်နဲ့ ရှေ့-နောက် ၁-၂ ပါတ်ကွာမှာသာဖြစ်တယ်။
သုက်ပိုးတွေ (အတူနေတဲ့ရက်) သားအိမ်ထဲဝင်လာတဲ့အခါ သားအိမ်ညှစ်အားကြောင့် သုက်ပိုးတွေဟာ သားအိမ်ပြွန်ဆီကို ကူးခတ်ပြီး ရောက်လာစေတယ်။ သုက်လွှတ်ပြီး နာရီပိုင်းသာကြမယ်။ မျိုးဥနဲ့မတွေ့သေးလည်း သုက်ပိုင်းတွေက နောက်ထပ် (၅) ရက်အထိရှင်နေနိုင်ကြတယ်။ မျိုးဥအိမ်ကနေ မျိုးထွက်လာပြီးရင် (မျိုးဥထွက်တဲ့ရက်) သားအိမ်ပြွန် အဖျားထိပ်က လက်ချောင်းလေးတွေနဲ့ တူတာကနေ ဖမ်းယူပြီး ပြွန်ထဲသွင်းပေးတယ်။ သားအိမ်ပြွန်ညှစ်အားနဲ့ အမွှေး သေးသေးလေးတွေကနေ မျိုးဥကို သွားလာမှုမှာ ကူညီပေးတယ်။ အဲဒီခရီးဟာ နာရီ (၃ဝ) ကြာတယ်။ မျိုးဥဟာ မျိုးအိမ်ကနေထွက်လာပြီးနောက် (၁၂) နာရီကနေ (၂၄) နာရီအတွင်းမှာသာ သုက်ပိုးနဲ့တွေရင် သန္ဓေဖြစ်လာစေနိုင်တယ်။ မျိုးစပ်မှုဟာ သားအိမ်ပြွန်တဲ့ (အမ်ပြူလာ-အစ်စမစ်) ဆုံရာနေရာမှာ ဖြစ်တယ်။ အဲဒီနေရာမှာ နောက်ထပ် နာရီပေါင်း (၃ဝ) နေသေးတယ်။ Fertilization မျိုးစပ်မှုဖြစ်ပြီးရင်တော့ သားအိမ်ထဲကို ခပ်မြန်မြန်ဆင်းလာမယ်။ သားအိမ်ထဲကိုဆင်းလာပြီး သင့်တော်ရာနေရာတခုမှာ သားအိမ်အတွင်းဆုံးအလွှာမှာ နစ်မြုပ်ခြင်းဖြစ်တာကို Implantation သန္ဓေကပ်ပြီလို့ ခေါ်တယ်။ အဲတာဟာ မျိုးစပ်မှုဖြစ်ပြီးနောက် (၅) ရက်ကနေ (၆) ရက်အချိန်ကြာမယ်။
အခုထိရှင်းပြတာဟာ ဆေးသိပ္ပံအထောက်အထားတွေအရဖြစ်ပြီး တကယ့်သက်ရှိလောကမှာ မထင်တာတွေဖြစ်မလာဘူး မပြောနိုင်ပါ။
၂။ ဆရာ ကျမ အသက် ၃၂ သားဦးကိုယ်ဝန်နဲ့ပါ။ ရာသီလာတဲ့နောက်ဆုံးလ ပထမဆုံးရက်က 20.4.2016 ပါ။ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကလေးအနေအထားမမှန်လို့ ခွဲမွေးရပါမယ်။ မွေးမယ့်အချိန်မှာ ကလေး လစေ့မစေ့သိချင်လို့ပါရှင့်။
LMP နောက်ဆုံးရာသီလာစဉ်က ပဌမဆုံးသွေးဆင်းတဲ့ရက် = ၂ဝ-၄-၂ဝ၁၆
EDD ကလေးဘယ်တော့မွေးမလဲ ခန့်မှန်းရက် = ၂၇-၁-၂ဝ၁၇
LMP နောက်ဆုံးရာသီလာစဉ်က ပဌမဆုံးသွေးဆင်းတဲ့ရက် = ၁ဝ-၃-၂ဝ၁၆
EDD ကလေးဘယ်တော့မွေးမလဲ ခန့်မှန်းရက် = ၁၇-၁၂-၂ဝ၁၆
ကိုယ်ဝန်မှာ အနည်းဆုံး ၃၇ ပတ်ရှိရင် ကလေးဖွံဖြိုးမှု ပြည့်စုံပါပြီ။
ဒေါက်တာတင့်ဆွေ
၁၄-၄-၂ဝ၁၆
၂၉-၁၂-၂ဝ၁၆
Low birth weight baby care လမစေ့ကလေးပြုစုနည်း
၁။ ဆရာ ကျမ မိတ်ဆွေ အသက် ၂၈ ရှိပါပြီ။ ယခု အပတ်ထဲမှာ ကလေးမွေးဖွားပါတယ်။ မွေးလာတဲ့ကလေးက ပေါင်မပြည့်ဘဲ (၂) ပေါင်တည်း မွေးလာတယ်ဆရာ။ နောက်ပြီး တင်ပါးဆုံကဖွားတယ်။ OG နဲ့လည်းသေချာပြခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်က တစ်ခါလဲကျဖူးပါတယ်။ ဘာကြောင့်ပေါင်မပြည့်ရတာပါလဲ။ ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိပါသလဲ။ ဘာကြောင့်တင်ပါးဆုံကမွေးတာလဲ။ ကျေးဇူးပြု၍ ဆရာဖြေပေးစေချင်ပါတယ်။
၂။ မင်္ဂလာပါဆရာရှင် ဆရာတင်ထားတဲ့ ကလေးပြာပြီး CPR နဲ့ အသက်ကယ်နိုင်ခြင်းကို ဖတ်လိုက်ရပါတယ်ဆရာ။ အဲ့ဒီပိုစ့်က ကျမတူမလေးဖြစ်နေပုံနဲ့တိုက်ဆိုင်နေလို့ comment ဝင်မေးထားပါတယ်ဆရာ။ ပြန်လည်ဖြေကြားပေးဖို့ ဆရာ့အတွက် အခက်ခဲရှိတယ်ဆိုတာ နောက်မှသတိထားမိပါတယ်ဆရာ။ ဆရာ့ရဲ့စည်းကမ်းကို ချိုးပေါက်တယ်လို့မထင်ပါနဲ့ရှင့်။ တောင်းပန်ပါတယ်ဆရာ။ ကျမက Apr 18, 2015 မှာ ကျမမောင်လေးရဲ့မိန်းမရေမွှာပေါက်ပြီး လမစေ့ပဲ အရေးပေါ် ကလေးခွဲမွေးရမမယ့် အကြောင်းများကို ဆရာ့ထံအကူညီတောင်းခံ မေးမြန်းခဲ့ဖူးပါတယ်ရှင်။ ဆရာ့ရဲ့အချိန်မီ ပြန်စာများ ကျေးဇူးကြောင့် ကလေးကို အောင်မြင်စွာခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ်ဆရာ။
အခုကလေးမွေးပြီး ၃၄ ရက်ကျော် ညပိုင်းမှာ ကလေးက နို့ဘူးသောက်ရင်း အိပ်ပျော်သွားပြီးမကြာခင်မှာ ငယ်သံလိုလို အော်ငိုတဲ့အသံတချက်ထွက်လာပြီး တကိုယ်လုံးပြာအသက်မရူတော့ပါဘူး။ အိမ်သားအားလုံးလန့်သွားပါတယ်။ မွေးလာပြီးကတည်းက တခါမှမဖြစ်ခဲ့ဖူးပါရှင်။ ဖခင်ဖြစ်သူက ကလေးပါးစပ်မှလေကိုစုတ်လိုက် မှူတ်လိုက် တစ်မိနစ် ကျော်ကြာလုပ်ပေးမှ ကလေးငိုသံပြန်ထွက်လာပါတယ်။ ပြီးတော့အမြန်ဆေးရုံခေါ်သွားခဲ့ပါတယ်။ အောက်စီဂျင် တည ပေးထားရပါတယ်။ ဆရာဝန်များကတော့ နို့သီးလို့ဖြစ်တာလို့ပြောပါတယ်ဆရာ။ ဒါပေမယ့် ဆေးရုံတက်နေရင်း ကလေးက ငိုနေရာမှ အသံမထွက်တော့ပဲ အသက်ရူရပ်သလိုဖြစ်ပြီး ပြာလာပါတယ်။ အဲ့လိုဖြစ်တော့ ဆရာဝန်က ကလေးကိုပွေ့ချီပြီး တင်ပါးကိုရိုက်လိုက်တော့မှ ကလေးငိုသံပြန်ထွက်လာပါတယ်ဆရာ။ နောက်ရက်တွေမှာတော့ ဖန်ပေါင်းအိုးထဲမှာ ၂ ရက် အပူပေးထားရပါတယ်ဆရာ။ ပိုးသတ်ဆေးထိုးပေးပါတယ်။ ဆေးရုံ ၇ ရက် တက်ရပါတယ်ရှင် ကလေးကိုနို့တိုက်ပြီးရင် ခေါင်းထောင်ပေးရမယ်လို့ မှာကြားပါတယ်။ အားလုံးလိုက်နာဆောင်ရွက်ခဲ့ပါတယ်။ အခုကလေး ၂ လ ၈ ရက်ရှိပါပြီဆရာ။ ဒါပေမယ့် တခါတရံ ငိုနေရာမှအသံမထွက်တော့ပဲ ကလေးပြာလာပြီး အသက်ရှူရပ်သလို ဖြစ်သွားပါတယ်ဆရာ။ ကလေးမိခင်က ကလေးပါးစပ်ကိုစုပ်ပေးလိုက်တော့မှ ငိုသံပြန်ထွက်လာပါတယ်။ ဒီကနေ့လည်း တခါထပ်ဖြစ်ပါတယ်။ ဆေးရုံမှဆင်းလာပြီး ယနေ့အထိဆိုရင် ၆ ကြိမ်ထက်မနည်း ထပ်ဖြစ်ပါတယ်ဆရာ။ အဲ့ဒါဘယ်လိုလုပ်သင့်ပါသလဲရှင့်။ ကလေးအရွယ်ရောက်တဲ့အထိ အဲ့လိုဖြစ်နေတတ်ပါသလားရှင့်။ ကလေးမိခင်က နို့ရည်နဲနဲလေးမှမထွက်လို့ ကလေးကို မွေးကတည်းမှ အခုထိနို့ဘူးတိုက်နေရပါတယ်ရှင်။ နို့ရည်ထွက်ဆေးသောက်၊ ဟင်းရည်မျိုးစုံလုပ်သောက်ကြည့်လည်း မထွက်ပါဘူးရှင်။ တူမလေးက အိပ်နေချိန်မှာ ဟောက်သံလိုလို ချွဲသံလိုလိုနဲ့ အမြဲထွက်နေတတ်ပါတယ်ဆရာ။ ဆေးရုံပြကြည့်တော့ အဆုပ်အားလုံး ကောင်းနေပါတယ်တဲ့၊ ချွဲကျဆေးပေးလာပါတယ်။ ကလေးကို အခုညခင်းမှာ တိုက်ကြည့်တော့ ဆေးများကို အန်ထုတ်ပါတယ်ဆရာ။ အချိန်အတော်ကြာအောင်ကလေးက အန်ထုပ်နေပါတယ်။ ကလေးကအရမ်းငယ်တော့ မအန်နိုင်ဖြစ်နေလို့ ပါးစပ်မှစုပ်ထုတ်ပေးရပါတယ်ရှင်။ ကလေးလေးခမျာ တော်တော်လေး ပင်ပန်းသွားပါတယ်ရှင်။ ဘယ်လိုဆက်ပြီး ပြုစုသင့်တယ်ဆိုတာ ကျေးဇူးပြု၍ဖြေကြားပေးပါဆရာ။ ဆရာ့ကို အားကိုးပါတယ်ဆရာ။ ကလေးအတွက် ဘယ်လိုဆိုးကြိုးဖြစ်နိုင်မှာလဲဆရာ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်။
နေ့စေ့လစေ့ကိုယ်ဝန်ဆိုတာ ၃၉ ပတ်ကနေ ၄၂ ပတ်အတွင်းမွေးတာကိုခေါ်တယ်။ ၃၇ ပတ်ထက်စောမွေးတာကို လမစေ့ကလေးခေါ်တယ်။ မွေးမွေးချင်း ကိုယ်အလေးချိန် ၅ ပေါင်ခွဲ၊ ဒါမှမဟုတ် ၂ ကေဂျီခွဲ ထက်နည်းတဲ့ကလေးကို အလေးချိန် မပြည့်တဲ့ကလေးခေါ်တယ်။
ကလေးစောမွေးခြင်းကို ကာကွယ်ဘို့ ကိုယ်ဝန်ကတည်းက (ပရိုဂျက်တီရုန်း) ဟော်မုန်းတမျိုးကို ၃၂ ပါတ်နောက်မှာ ပေးရတတ်တယ်။ ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်တယ်။ (ပရိုဂျင်စတီရုန်း) ကနေ သန္ခေသား ဖွံ့ထွားစေဘို့ကူညီတယ်။ သန္ခေသားက သားအိမ်အတွင်းလွှာမှာ လာကပ်ပြီးတာနဲ့ ဆက်ပြီးတည်မြဲနေစေဘို့ လိုအပ်တယ်။ ကိုယ်ဝန် ၈-၁ဝ ပါတ် နောက်မှာ အချင်းဖြစ်လာပြီး (ပရိုဂျင်စတီရုန်း) ထုတ်ပေးဘို့ တာဝန်ယူလာတယ်။
လမစေ့ကလေးဆိုရင် သတိထားစရာတွေရှိတယ်။ နို့စို့တာ၊ အစာကြွေးရတာခက်မယ်။ ကူးစက်ရောဂါတွေကို ခံနိုင်ရည် နည်းမယ်။ အဆီလဲနည်းလို့ ကိုယ်အပူချိန်ကိုနွေးနေအောင် သိပ်မလုပ်နိုင်ဘူး။ သွေးထဲမှာ အောက်စီဂျင် နည်းနေမယ်။ အသက်ရှူတာအားနည်းနေမယ်။ ဦးနှောက်ထဲသွေးယိုတာ သတိထားရမယ်။ အစာလမ်းရောင်မယ်။ (SIDS) ရုတ်တရက် သေဆုံးတာမျိုးဖြစ်တတ်တယ်။
အဲလိုကလေးတွေမှာ နောက်ဆက်တွဲဖြစ်လာနိုင်တာတွေရှိတယ်။
- နှလုံးမှာ (PDA) မွေးရာပါအပေါက်ပါတာ၊
- ဗဟိုဦးနှောက်ပိုင်းမှာအားနည်းနေလို့ နို့စုပ်ယူမှုနဲ့ မြိုချမှုအားနည်းတာ၊
- Apneic episodes အသက်ရှုရုတ်တရက်ရပ်တာ၊ (ဦးနှောက်ထဲက အသက်ရှူထိန်းချုပ်ရာအားနည်းလို့)၊
- ဦးနှောက်ထဲသွေးယိုတာ၊
- ဖွံ့ဖြိုးမှု (ရုပ် + အသိ) အားနည်းတာ၊
- ဖွံ့ဖြိုးမှုအားနည်းခြင်းထဲမှာ အဆုပ်၊
- ROP မျက်စိမြင်လွှာအားနည်းခြင်း၊ မြင်အားနည်းခြင်း၊
- အစာခြေလမ်းအားနည်းလို့ နို့စို့တာနဲ့ မျိုချတာအားနည်းခြင်း၊ အစာများများကျွေးမရခြင်း၊ သကြားဓါတ်နည်းခြင်း၊ အသားဝါခြင်း၊
- ရောဂါပိုးဝင်ခြင်း၊
- ကျောက်ကပ် (မက်တာဘောလစ် အက်စီဒိုးဆစ်) ဖြစ်ခြင်း၊
- ကိုယ်အပူချိန် ကောင်းကောင်းမထိန်းနိုင်ခြင်း၊ အပူချိန်နည်းနေခြင်း၊
မွေးမွေးချင်း အထူးခန်းမှာ ကုသပေးရတယ်။ အလေးချိန်တိုးလာရင် သက်သာလာမယ်။ အထူးခန်းမှာ မထားနိုင်ရင် ကလေးကို အပူငွေ့လုံလောက်အောင်ပေးပါ။ နို့လုံလောက်ရင် ပြွန် (ပိုက်) နဲ့တိုက်ပါ။ ရောဂါပိုး မဝင်အောင် လူထူထပ်ရာကို ခေါ်မသွားပါနဲ့။ ချောင်းဆိုးအအေးမိနေသူတွေ အနားမလာစေပါနဲ့။ ကူးစက်ရောဂါရှိသူတွေမလာပါစေနဲ့။ ကာကွယ်ဆေးတွေ အတိအကျထိုးပေးထားပါ။
မေးခွန်းထဲက ကလေးမှာ Apnea အသက်ရှူရုတ်တရက်ရပ်တာ၊ နှလုံးခုန်နှေးသွာတာနဲ့ အောက်စီဂျင်နည်းတာကို အထူး သတိထားနေရမယ်။ အသက်ရှူအခက်အခဲဖြစ်လာရင် လေမှုတ်သွင်းတာရပါတယ်။ အရှိန်အား အသင့်အတင့်သာ သုံးပါ။ ခေါင်းကို ဇောက်ထိုးလုပ်၊ ကျောပုတ်ပေးတာလည်း လိုလာရင်လုပ်နိုင်ပါတယ်။ ကလေးကို အထူးခန်းမှာထားနေစဉ် မိခင်နဲ့ အသားချင်းထိုကိုင်မှုလုပ်သင့်တယ်။ အားပေးချင်တာက ကိုယ်အလေးချိန်တိုးလာလော သက်သာလာလေဖြစ်ပါမယ်။ ပြုစုသူတွေက စိတ်ကိုတည်ငြိမ်ပါစေ။ ကိုယ့်ကိုယ်ကို ဆရာဝန်ဆရာမတွေလိုပြုမူပါ။ ဆိုလိုတာက အရေးကြုံလာချိန်မျိုးမှာ သနားစိတ်နဲ့ စာနာစိတ်ကို လိုတာထက်မပိုစေပါနဲ့။ ပညာနဲ့ ဝီရိယ မပေါ့နဲ့။ ကံတရားဆိုတာ ဆန်းကြယ်တယ်။
ဒေါက်တာတင့်ဆွေ
Humor and Satire ရီစရာမှာ စေတနာပါမှ
Ant Bwe Kyaw မဆလ ခေတ်တုန်းကမှ ဆရာဦးထင်ဖတ် (ခေါ်) ဆရာ မောင်ထင်တို့ ဦးကိုယု (ခေါ်) မောင်ကိုယုတို့က သရော်စာ satire ရေးခဲ့ကြသေး။ အခုခေတ်မှာ ရေးမယ့်သူ ပီပီပြင်ပြင် မရှိ။
ဟာသဉာဏ်နဲ့ သရော်စာမတူပါ။ သရော်တာမှာ ဝေဖန်ကန့်ကွက်တာနဲ့ ရှုံ့ချတာပါတယ်။ ကျွန်တော် စာရေးတာမှာ တခါတခါ ဟာသလေးနှောတာကို သရော်စာမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကို သရော်တာမျိုးကို မကြိုက်ပါ။ စစ်အုပ်စုကိုတောင်မှ ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်သေးတယ်။
သူများကို သရော်လို့၊ ရီစရာပြောလို့ ဘာအကျိုးရမလဲ ကြည့်သင့်တယ်။ ဖေ့စ်ဘွတ်မှာ သရောသလိုလိုတွေက များလွန်းတယ်။ ခနိုးခနဲ့ရေးတာ၊ အပုပ်ချတာ၊ မထိတတိကလိတာတွေကို ဘယ်သူရေးသလဲ ကြည့်တာနဲ့ ရယ်စေချင်တဲ့ စေတနာလား၊ ပြုပြင်စေလိုတဲ့ စိတ်ထားလား သိတယ်။
ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်ရပါ။ ရီစရာမှာ မယဉ်ကျေးရင် အောက်တန်းကျတယ်။
ကျွန်တော်က စာသင်ပေးရင်း မပျင်းရအောင်၊ မှတ်မိအောင်၊ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင် ရီစရာသဘော ပြောလေ့ရှိတယ်။ ပညာဉာဏ်နည်းသူတွေကနေ မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးက မသင့်ပါ။ စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ဟာသ အများကြီးရှိတယ်။ ငါကမှ နပိုလီယန်အစစ်ဆိုတဲ့ ဟာသကို ပြောဘူးပါတယ်။ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။ တခြားရောဂါတွေလည်း အတူတူဘဲ။ ကိုယ်ဝန်ဆောင်နဲ့ မျိုးပွားလမ်းရောဂါစာတွေအောက်မှာ ကွန်မင့်ရေးတာတချို့ကို ဖျက်ရတယ်။ တချို့ကို ဘလော့လုပ်ရတယ်။
ကျွန်တော် မြန်မာစာမှာ ကံမကောင်းပါ။ ၁၉၉၁ ကတည်းက အတူနေရသူတွေက ဗမာစကားတတ်တဲ့သူနည်းလို့ စကားကို တမင်တကာ ချပြောရတယ်။ စာရေးရင် လျှော့ရေးရတယ်။ ကျွန်တော့်မြန်မာစာ မတိုးတက်ပါ။ ရီစရာသဘော ပြောပြီးရင်လည် ဘာသာကပြန်ပေးရသေးတော့ မရီရတဲ့အပြင် ရီတောင်ရီရသေးဆိုသလို။ ဆေးစာတွေသင်တဲ့အခါ ရီစရာထည့်ရင် ပိုမှတ်မိတယ်။ လက်အိတ်ကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲ။ Love ရှေ့ကနေ G ထည့်လိုက်ပါ။ တယောက်က မှန်ကြိုက်သူသီချင်းတင်တော့ မှန်ပဲကြိုက်နော်လို့ ရေးလိုက်တယ်။ ဗမာမဟုတ်တဲ့ဆရာမလေးတွေကို ဘီးကြိုက်ကို ပြောင်းပြန်ဖေါ်ပေးတာတောင် လိုက်မမီကြတော့ ခက်ရော။ သူထင်နေတာက ကြိုက်ဘီးတဲ့၊ ပြီးကြရော့။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း
ဒေါ်ခင်ကြည်နှစ်လည်နေ့မှာ ဒီစာတိုရေးခဲ့ပါတယ်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်ဟာ သူနာပြုဆရာမတဦးပါ။ နောင်မှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်လာတယ်။ တယောက်မေးရာကနေ စရေးဖြစ်တာ။့။့။
• သူနာပြုသင်တန်းကို ဆရာစိတ်ဝင်စားတယ်။ မြန်မာပြည်မှာ ဘယ်လိုလည်းတော့ နည်းနည်းမှမသိပါ။ သူနာပြုတွေကို စာသင်မပေးဖူးပါ။ သင်တန်းကျောင်းထဲလည်း တခေါက်မှမရောက်ဖူးပါ။
• ဟုတ်ကဲ့ဆရာ ဒီမှာ သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းပေါင်း ၅ဝ ရှိပါတယ်။ တချို့က တွဲရက်ကျောင်းနဲ့ တချို့က သူနာပြုသင်တန်းကျောင်း သီးသန့်ပါ။ ဒီပလိုမာ ၃ နှစ်ကျောင်းသားတွေကို မွေးထုတ်ပါတယ်ဆရာ။ ဆယ်တန်းမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သုံးဘာသာပေါင်းအမှတ် အနည်းဆုံး ၁၉ဝ ရရပါမယ်ဆရာ။ အဲဒါက သူနာပြုပါ။ သားဖွား ဒီပလိုမာကတာ့ ၂ နှစ်တက်ရပါတယ်။ စုစုပေါင်း သုံးဘာသာရမှတ် ၁၈ဝ ရှိရပါမယ်ရှင့်။ ဒါပေမယ့် သင်တန်းကျောင်းရှိတဲ့ ပြည်နယ်နှင့် တိုင်းအလိုက် အမှတ်သတ်မှတ်ပုံ အနည်းအများ ကွာခြားချက်ရှိပါတယ်ရှင့်။ သင်တန်းကျောင်းတွေမှာ ကျောင်းအုပ် နည်းပြ ဒုနည်းပြဆိုပြီး သင်ကြားရေးပိုင်းမှာ ခန့်ထားပါတယ်ဆရာ။ ကျွန်မက သူနာပြုတက္ကသိုလ် မန္တလေးကဆင်းတဲ့ B.N.Sc (Generic) တယောက်ပါဆရာ။ ကျွန်မတို့ရဲ့ပညာသင်နှစ်က စုစုပေါင်း ၄ နှစ်ပါဆရာ။ ကိုယ့်စရိတ်ကိုယ်စားပြီး ကျောင်းလခ ပေးတက်ရတဲ့အပြင်အဆောင်မှာ နေခဲ့ရတဲ့ကျောင်းသူပါဆရာ။
မြန်မာပြည်မှာ သူနာပြုကိုပဲ အမျိုးမျိုးခွဲခြားပြီး ကွန်ဖလစ်ဖြစ်စေတဲ့အကြောင်းအရာတွေ အများကြီးပါဆရာ။ သူနာပြု တက္ကသိုလ် သူနာပြုသင်တန်းကျောင်း B.N.Sc (Generic), B.N.Sc (Bridge) ဆိုပြီး ကွဲထွက်ပါတယ်ဆရာ။ တက္ကသိုလ်က ဆင်းရင် Bechelor နဲ့ သင်တန်းကျောင်းကဆင်းရင် Diploma ဆိုပြီး ထပ်ကွဲတယ်ဆရာ။ တက္ကသိုလ် တက်တဲ့သူတွေက ဆယ်တန်းမှာ အမှတ်ပျမ်းမျှ တစ်ဘာသာ 80 ရမှ တက်လို့ရပါတယ်။ Diploma သင်တန်းသားတွေကတော့ အစိုးရ ထောက်ပံ့ကြေးလစဉ် ၁၅ဝဝဝ ကျပ်၊ သားဖွားသင်တန်းသူက လစဉ် ၁ဝဝဝဝ ကျပ် အစိုးရက ထောက်ပံ့ပါတယ်။ သူနာပြုတက္ကသိုလ် ကျောင်းသားတွေကတော့ ကျောင်းလခ ပြန်သွင်းပြီးတက်ကြရပါတယ်။ ဘယ်ကျောင်းကပဲဆင်းဆင်း အလုပ်ဝင်ရင် Trained Nurse အနေနဲ့ စပြီးအလုပ်လုပ်ရပါတယ်။ လစာကတော့ စာရေးလခ ပဲရပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။
• ဟုတ့့် ဆရာအခုပဲ ဆေးရုံတခုကနေပြန်လာတယ်။ သူနာပြုတွေအလုပ်လုပ်နေကြတာကို တွေ့ရတယ်။ နေရာတိုင်းမှာ သူတို့ပဲ။ လူနာတယောက်အခန်းမှာ စက်ကိရိယာ၊ မော်နီတာ၊ ကွန်ပြူတောတွေ အစုံအလင်နဲ့။ အလုပ်တွေ အတော်များများကို သူနာပြုတွေက လုပ်ကြတယ်။ သူနာပြုတယောက်က ဆက်သွယ်ဖုန်းနံပါတ်နဲ့ နာမည်ကို ကွန်ပြူတာထဲသွင်းယူတယ်။ နောက် ၂ ယောက်လောက်က လူနာအိပ်ယာခင်း စတာတွေ လဲပေးတယ်။ ပြန်ကာနီး လူနာကရုန်းထလို့ သွားပြောတော့ ယောက်ျားသူနာပြုတယောက်ကလာကြည့်တယ်။ ICU မှာပေါ့။ လူနာစောင့် ထားစရာမလို၊ ဖုန်းဆက်ပြီး အချိန်မရွေး သွားကြည့်နိုင်ကြတယ်။ ဆက်ဆံရေးမှာ သဘောကောင်းသူ၊ မကောင်းသူမျိုး နှုတ်အာကြမ်းသူနဲ့ ချိုသာသူမျိုးမဟုတ်ပဲ သင်ကြားပေးတာအရရော တာဝန်အရကိုပါ စိတ်လိုလက်ရ လုပ်ပေးတတ်ကြတာ ဖြစ်တယ်။ လူကဲခတ်ရတာမခက်ပါ။ တခြားဆေးရုံတွေ၊ ဆေးခန်းတွေကိုရောက်တော့လည်း သည်အတိုင်းချည်း တွေ့တယ်။ လုပ်ငန်းမှာကျွမ်းကျင်တဲ့အပြင် လူမှုဆက်ဆံရေးကို လိုလေးသေးမရှိပါ။ လူနာ့ဇနီးက Faint ရတာကို သူနာပြုတယောက်က ထိုင်စရာနေရာပေးတယ်။ Juice, tissue paper ယူလာပေးတယ်။ စကားပြောတယ်။
ဆေးရုံကတော့ ကြယ်ငါးပွင့်ဟော်တယ်လိုပေါ့။ ဒေလီမှာလည်း အဲလိုပျံနေအောင်လုပ်ထားတဲ့ ဆေးရုံတွေတိုင်းလိုလိုကို ဆရာရောက်ဖူးခဲ့တယ်။ တိုင်းပြည်အဆင့်အတန်းအလိုက် အနှစ်သာရမှာ ကွာခြားကြတယ်။ ယူအက်စ်မှာက သူနာပြုတွေမှာ လစာလည်းကောင်းကြတယ်။ ဝင်ငွေအရများလေ အခွန်ဖြတ်တာများလေမို့ တချို့ဆိုရင် ရိုးရိုးဆရာဝန်ထက် သူနာပြုကို ပိုလုပ်ချင်ကြသတဲ့။ တတ်လည်းတတ်ကြတယ်။ ဝတ်ကျေတန်းကျေသဘော မရှိပါ။ အထင်သေးခံရခြင်းလည်း မရှိပါ။ အဲတာကို အတော်သဘောကျတယ်။
• ဟုတ်ကဲ့ပါ ဆရာ။ မြန်မာပြည် သူနာပြု လောကမှာ အဘက်ဘက်မှ လိုအပ်ချက်တွေကြားထဲကနေ ကျွန်မတော့ စွမ်းဆောင်နိုင်သလောက် ကျောင်းသားများကို knowledge, attitude, practice ရအောင် ကြိုးစားနေပါတယ်ရှင့်။ ဆရာ့ရဲ့ အသိပညာမျှဝေမှုနဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးအထူးတင်ပါတယ်ရှင့်။
• ဟုတ့့် ဆရာဖြစ်စေချင်နေတာက ဗမာပြည်မှာ (သူနာပြုအတတ်ပညာ + ဖြည့်စီးမှု + စိတ်ထားစေတနာ) ပိုကောင်းစေချင်တာပဲ။ သူနာပြုတွေကို ပညာသင်ပေးသူတွေက အတတ်ပညာ၊ ကျောင်းသူကျောင်းသားတွေက စိတ်ထားစေတနာနဲ့ ဖြည့်စီးမှုက တိုင်းပြည်အဆင့်အတန်း (လူတွေရဲ့အဆင့်အတန်း)၊ အားလုံးနဲ့ဆိုင်တဲ့ အရေးကြီးသာဖြစ်နေတယ်။
နောက်တယောက်
• မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၃၃ နှစ်၊ သူနာပြုသင်တန်းကျောင်းက နည်းပြ (tutor sister) ပါ။ ကျွန်မ ငယ်ငယ်တုန်းက စာများများ ဖတ်လေ့ရှိပါတယ်ဆရာ။ အမျိုးအစားအကုန်ပါ နိင်ငံရေး၊ ရသ၊ အတွေးအမြင်၊ ကာတွန်း၊ မဂ္ဂဇင်း၊ ဘာသာပြန်၊ ဝထ္ထု၊ စွယ်စုံကျမ်း၊ ဇာတ်နိပါတ်၊ တော်တော်များများ ရသစုံဖတ်ခဲ့ပါတယ်ဆရာ။ အချစ်ဝထ္ထုတော့ မဖတ်ရပါဘူးဆရာ။ အဖေခွင့်မပြုလို့ပါ။ ဆယ်ကျော်သက်အရွယ်မှာလည်း အဲဒီ အချစ်စာအုပ်တွေကို မကြိုက်ခဲ့ပါဘူး။ ပေါ့တိမ်တယ်လို့ ခံစားရလို့ပါ။ အခုပြောချင်တာကဆရာရယ်  စိတ်ထဲမှာအသိပညာရစေနိုင်တဲ့ personality change သွားစေနိုင်လောက်တဲ့ စာပေမျိုး ဖတ်ချင်ပါတယ်ဆရာ။ ကူညီပြီး လမ်းညွှန်စေချင်ပါတယ်။ ဆရာ့ကို လေးစားလျက်ပါ။
• ဟုတ့့် ပြောပြတာတွေက မှန်တယ်။ ငယ်ဘဝစိတ်ဝင်စားမှုနဲ့ အရွယ်ရလာချိန်စိတ်ဝင်စားမှု မတူပါ။ ငါပြောင်းရမယ်လို့ စိတ်မှာ သဘောမထားပဲ စာဖတ်စေချင်တယ်။ စာရွေးတာကောင်းတယ်။ နာမည်ရစာရေးဆရာတွေ အများကြီးရှိတယ်။ နာမည်တွေတော့ မရေးလိုပါ။ ကျန်မှစိုးလို့။ ဖတ်လက်စစာတွေပဲ ဆက်ဖတ်စေချင်တယ်။ သမိုင်းမှန်ဖတ်သင့်တယ်။ နာမည်ကြီးတိုင်း၊ ထုတ်ဝေတာများတိုင်းတော့ မသင့်ပါ။ စာဖတ်ပြီး စဉ်းစာပါ။ ကောင်းမယ်လို့ထင်တာ လိုက်နာပါ။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပါ။ တသမတ်တည်း စာတမျိုးကိုမဖတ်ပါနဲ့။ တည်တာဖတ်ပြီး၊ ရီစရာဖတ်လိုက်ကောင်းတယ်။ ဆရာက ဆရာလုပ်နိုင်အောင်အထိ တတ်သိသူတော့မဟုတ်ပါ။ တချို့စာတွေကို ဖတ်ပြီး ဖယ်ထုတ်လိုက်ရတတ်တယ်။ ဥပမာ အခု ဆရာရေးတာမျိုးလည်း ကိုယ့်မလိုရင် ဖတ်ပြီးဖယ်ထားလိုက်ပေါ့။ ဆရာကတော့ စာဖတ်သူတွေကို အားပေးတယ်။ မြန်မာပြည်ကသူနာပြုတွေကို ဂုဏ်ပြုပါတယ်။
ဒီစာကို ၂၇-၁၂-၂ဝ၁၅ နေ့မှာတင်ခဲ့တယ်။ အခုထိ ကွန်မင့် (၂ဝ) ရေးတယ်။ ရေးတဲ့သူတွေက ဘယ်လိုစေတနာနဲ့ ရေးကြသလဲ။
1. Kyaw Thein Mayhka မြန်မာပြည်ကသူနာပြုတွေဝင်ငွေကောင်းကြတယ်ဆရာ ကျနော်အိမ် တောင်ဘက် ကပ်လျက်ကသူနာပြုကအိမ်ဝင်းဝယ်နိုင်တယ်တိုက်ဆောက်နိုင်တယ် မြောက်ဖက်ကဆရာဝန်မ အိမ်ဝင်းမဝယ်နိုင် RIT သူငယ်ချင်း ငါးခြောက်ဆိုင်မှာအလုပ် လုပ်ရတယ် အိမ်ရှေ့ ကGTI ဆင်းက တိုက်ဆောက် ကားစီးတယ်ဆရာ
2. Kyaw Thein Mayhka Thida Khin မယုံလို့ လား တောင်ဘက်ကအိမ်ဝင်းငင်းက ငါရောင်းထားတာ တယောက်ကို သုံးထောင် ဆယ်ယောက်ဆိုတွေးကြည့်  ဆေးဖိုးအဲလောက်မကုန်ဘူးဆိုတာ လူတိုင်းသိ
3. Marlar Shein သူနာတာကိုအမြဲပြုရ ကိုယ်နာနေရင်ဂရုမစိုက်အားကြတဲူ့သတွေပါ
4. NH Doreamon ထောက်ပံကြေးတစ်လ ၃၀၀ :) :)
5. Tint Swe ၁၉၇ဝ ဝန်းကျင်တုံးက ဟောက်ဆာဂျင်လစာ ၂၁ဝ ကျပ်တိတိ။
6. Ni Eang ခု 2015 ထိကဝတ်စုံစရိတ် မရသော၃၅ ကျပ် ပါရှင့်
7. Paing Thit သူနာပြုတွေပုံကမျက်နှာမပါဘူး နော်
8. Tint Swe မြန်မာပြည်ကပုံတွေသုံးရတာ အတော်ကြီး သတိထားရတယ်။ ကိုယ်တိုင်လည်း မရိုက်နိုင်။ သူများပုံ သုံးရင် ခွင့်တောင်းရတယ်။ မော်ဒယ်နဲ့ရိုက်တာမျိုး မသုံးပါ။
9. Thidar Oo ခြံဝယ် တိုက်ဝယ် ဆုတဲ့ထဲကျမတို့မပါ ပါဘူးရှင့် ပင်စင်ယူရင်နေစရာမရှိလို့ ဘယ်ဘိုးဘွားရိပ်သာ သွားရမလဲဆိုပြီးစဉ်းစားနေရပါတယ်ရှင့်
10. Thida Khin ကျေးဇူးတင်ပါတယ်ဆရာကြီး။ ပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာအပေါင်းနဲ့ ဆရာကြီးတို့ မိသားစု ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ ကြပါစေရှင်...
11. Nan Dar တချိန်က သူနာပြုဆိုတဲဂုဏ်ကိုရူးခဲ့ပါတယ်ဆယ်တန်းအမှတ်ကပဲဆုံးဖြတ်ပေးခဲ့ပါတယ်
12. Aung Zaw Latt မြင်တာတော့မြင်တယ်...ဟဲ...ဟဲ
13. Koko Lay လေးစားပါတယ်မိတ်ဆွေ
14. Žâý Ýâŕ Ťõė ကျနော်သူနာပြုတစ်ယောက်
15. Lway Greentea ကျေးဇူးတင်ပါတယ်ဆရာကြီး မျှဝေခွင့်ပြုပါရှင့်
16. Pyay Soe Aung  လူအမျိုးမျိုး ရှိမှာပေါ့
17. Mar Lar Yi ပိုပြီးသိရလို့ ကျေးဇူးပါဆရာ
18. Zin Wai Hnin မျှဝေခွင့်ပြုပါ
19. APril MAy ကျေးဇူးတင်ပါတယ်
20. Myat Myat ကျေးဇူးပါ ဆရာကြီး
21. Cho Thet BNSc လဲဒီလစာ Diploma လဲ ဒီလစာ အနီဝတ်လဲ ဒီလစာ အပြာဝတ်ဒီလစာ မကွာတာကတော့ သူနာပြုလောကပါ ဒေါ်စုအမေ ဒေါ်ခင်ကြည်ကသူနာပြုတယောက်မို့ သူနာပြုတွေကိုကိုယ်ချင်းစာပြီးပြောင်းလဲပေးမှာလား
22. Ye Myint ကျေးဇူးတင်ပါတယ်ဆရာကြီး။ ဆရာကြီးမိသားစု ကျန်းမာပျော်ရွှင်ပါစေဗျာ။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
Female hormones မိန်းမဟော်မုန်း
အီစထိုဂျင်ကို အမျိုးသမီးဟော်မုန်းလို့လူသိများတယ်။ အမျိုးသမီးတွေမှာသာရှိတာတော့ မဟုတ်ပါ။ မိန်းကလေးတွေမှာ မိန်းမနဲ့ဆိုင်တဲ့ ဝိသေသလက္ခဏာတွေဖြစ်လာစေဘို့ အီစထိုဂျင်ဟော်မုန်းလိုတယ်။ မျိုးပွါးဘို့အတွက်လည်းလိုအပ်တယ်။ မျိုးဥအိမ်တွေကနေ Estrone, နဲ့ Estradiol အများဆုံးထုတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Estriol ကို အချင်းကနေ ထုတ်ပေးတယ်။ ကျောက်ကပ်အထက်မှာရှိတဲ့ အဒရီနယ်လင်ဂလင်းကနေလည်းထုတ်ပေးတယ်။ အဆီတစ်ရှူးတွေကပါ ထုတ်ပေးတယ်။ ရင်သားနဲ့ သားအိမ်တွေကိုသာမက ဦးနှောက်၊ အသည်း၊ နှလုံးတွေကိုပါသက်ရောက်တယ်။ သူ့ကြောင့် ရာသီဖြစ်စဉ်မှာ သားအိမ်အတွင်းဆုံးလွှာကို ကြီးထွားလာစေတယ်။
Progesterone ပရိုဂျက်စတီရုန်းဟော်မုန်းနဲ့ မျှခြေညီနေရင် ကျန်းမာတယ်။ ရာသီမှန်မယ်။ မျိုးပွါးနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေထဲမှာ ပါတယ်။ ဟော်မုန်းမူမမှန်ရင် တချို့ကို အိမ်ထောင်မရှိလည်း တားဆေးပေးရတယ်။ အရိုးပါးတာကို သက်သာစေတယ်။ ကယ်လ်စီယန်၊ ဗီတာမင်ဒီနဲ့ အီစထိုဂျင်တွေတွဲပြီး အရိုးကိုအားကောင်းစေတယ်။ အသက်ရလာတဲ့အမျိုးသမီးတိုင်း (၃ဝ ကျော်) မှာ ဒီဓါတ်သုံးမျိုးလိုတယ်။ အထူးသဖြင့် သွေးဆုံးပြီးရင် လိုကြတယ်။ အီစထိုဂျင်နည်းရင် ဗဂျိုင်းနာအဖုံးလွှာပါးပြီး ခြောက်သွေ့လာမယ်။ ဆီးသွားပြွန်လေးကိုလည်းသက်ရောက်တယ်။ အားနည်းရင် ဆီးအောင့်မယ်။ သွေးဆုံးကာနီးလာရင် ရာသီမမှန်ဖြစ်မယ်။ ရင်သားနာမယ်။ စိတ်မူပြောင်းမာယ်။ မျက်နှာနီမြန်းမယ်။ ဟော်မုန်းအစားထိုးကုသနည်း လုပ်ရတယ်။
အပျိုဖြစ်နောက်ကျတာ၊ ဗဂျိုင်းနားမဖွံ့ဖြိုးတာ၊ သွေးဆုံးချိန်စောလွန်းတာ၊ ရာသီမမှန်တာနဲ့ သွေးဆုံးရောဂါတွေအတွက် အီစထိုဂျင်တမျိုးတည်းပေးနည်းနဲ့ အီစထိုဂျင် + ပရိုဂျင်စတီရုန်းတွဲပေးနည်းတွေရှိတယ်။ သတိတော့ထားရမယ်။ ဟော်မုန်းအလေးချိန် အနည်းဆုံးသာပေးဘို့ ၂ဝဝ၂ ကစပြီး ထုတ်ပြန်ထားတယ်။
အီစထိုဂျင်က ဇီဝဖြစ်စဉ်ကိုအားပေးတယ်။ အဆီပိုစုစေတယ်။ ကောင်းတဲ့ကိုလက်စထော HDL တိုးစေပြီး ဆိုးတဲ့ LDL နည်းစေတယ်။ ဆား + ရေ စုဆောင်းစေတယ်။ နည်းနေရင် Binge eating ခေါ်အစားအငန်းမရစားချင်စိတ်ဖြစ်တယ်။ ရင်သားကင်ဆာ ၈ဝ% က ဟော်မုန်းနဲ့ဆက်စပ်နေလို့ ဟော်မုန်းပေးပြီးကုသနည်းပါလုပ်နိုင်တယ်။ ယောက်ျား ဆီးကျိတ် ကင်ဆာနဲ့လည်း ဆက်စပ်နေတယ်။ ဆေးကုနည်းထဲမှာသုံးရတယ်။ အလှအပသုံးပစ္စည်းတွေထဲမှာ ထည့်သုံးကြတယ်။ အားလုံးက စိတ်ချရတာမဟုတ်ပါ။
ဒေါက်တာတင့်ဆွေ
History repeats itself ဘီးတပတ်လည်ခြင်း
(တနှစ်တိတိကရေးခဲ့တာ)
၁။ သမိုင်းဆိုတာ ဘီးတပတ်ပြန်လည်တယ်။ ပဌမတော့ ကံဆိုးမိုးမှောင်ကျခြင်း။ ဒုတိယက ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း။ (ကားလ်မတ်စ်၊ ဂျာမန်လူမျိုး ဖီလော်ဆော်ဖါ၊ ကွန်မြူနစ် မင်နီဖက်စတိုနဲ့ အရင်းကျမ်းကို ရေးသားစီရင်ခဲ့သူ)
၂။ သမိုင်းဆိုတာ ဘီးတပတ်ပြန်လည်တယ်။ သေဆုံးသွားတဲ့အနုပညာကိုတော့ တဖန်ပြန်မွေးမပေးပါ။ အဲတာဟာ ကမ္ဘာပေါ်ကနေ အပြီးအပိုင်ပျောက်ကွယ်သွားတော့တာဖြစ်တယ်။ ဖျက်ဆီးတာခံလိုက်ရတဲ့ တောငှက်လေးတကောင် တေးဆိုသလိုပဲ။ (ဂျိုးဆက် ကောနတ်၊ ပိုလန်-ဗြိတိသျှ စာရေးဆရာ)
ပြည်ပမှာသာနေရတဲ့သူ ပြည်တွင်းကို နေလှမ်းမျှော်ကြည့်နေပါတယ်။ ပြည်ပနိုင်ငံရေးမှာ ဆီခမ်းသွားတာ ၂ဝဝ၈ ဖွဲ့စည်းပုံ ကြောင့်ပါ။ မီးစာတော့ မကုန်သေးပါ။ အဲဒီအပြောင်းအလဲမှာ အပြင်နေလုပ်သူတွေက ပရိသတ်ဖြစ်သွားရတယ်။ တချိန်တုံးကတော့ ပြည်တွင်း-ပြည်ပ ဆက်သွယ်ရေးရယ်လို့ လှိုင်းတိုရေဒီယိုသာရှိခဲ့တယ်။ နဂိုကတည်းကရှိပြီးသာ ဘီဘီစီ၊ ဗွီအိုအေနောက်မှာ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီ ပေါ်လာတယ်။ ဒီဗွီဘီကပိုစောတယ်။ ဒီဗွီဘီစလွှင့်တဲ့ရက်က အာဇာနည်နေ့မှာပါ။ ကျွန်တော်တို့အဖွဲ့ နယူးဒေလီမြို့ ဗီကပ်စ်ပူရီအရပ်ထဲမှာ အိမ်အောက်ထပ်ကိုငှားနေခဲ့ကြတုံးက ဝိုင်းစုပြီးနားထောင်ခဲ့ကြတာကို အမှတ်ရတယ်။
ဒီဗွီဘိ နယူးဒေလီ စတူဒီယိုဖွင့်ပွဲမှာ စကားပြောရတယ်။ ချင်းတွင်းစတူဒီယိုလို့ အမည်ပေးထားတယ်။ ပြည်ပကအသံတွေ ပြည်တွင်းကို ရောက်စေခဲ့ကြတယ်။ ကျွန်တော့်အသံလည်း ပါလေ့ရှိတယ်။ နောက်တော့ ဒီဗွီဘီက တီဗွီအစီအစဉ်ပါ ဖြစ်လာတယ်။ ရုပ်ကိုပါဖန်သားပြင်မှာ ကျွန်တော်အော်အော်ပြောနေတဲ့ပုံတွေ ကြည့်ရတယ်လို့ မိတ်ဆွေတွေက လှမ်းပြောကြတယ်။ ကျွန်တော်သေပြီလို့ သတင်းထွက်ထားတာမို့ ပြန်မြင်ရလို့ အမျိုးတွေကဝမ်းသာကြသတဲ့။
ပြည်ပမှာ အသင်းအပင်းတွေဖွဲ့ကြတယ်။ ကြာတော့ မှိုလိုပေါက်တယ်လို့ တင်စားခံရတယ်။ စာအုပ်တွေထုတ်ကြတယ်။ စာအုပ်ထုတ်တော်လှန်ရေးလို့ ကင်ပွန်းတပ်ခံရတယ်။ ဆရာတင်မိုးလာတုံးက သူ့အကဲဖြတ်ချက်ကိုမေးတော့ ဆရာက ကောင်းပါ့ စာရွက်စာသားတွေ၊ ကောင်းပါ့ မင်ကျမင်နတွေတဲ့။
ပြည်ပမှာ အစည်းအဝေးတွေ လုပ်ကြတယ်။ လူ ၂ ယောက်လောက်သာနေနိုင်တဲ့ အခန်းကျဉ်းလေးထဲ ၁ဝ-၁၅ ယောက် ထိုင်ပြီး စည်းဝေးတာလည်းရှိတယ်။ ဖိုက်စတားဟော်တယ်မှာလည်း လုပ်တဲ့အခါလုပ်ကြတယ်။ မိုးရွာထဲ ထီးဆောင်းသွားရတာ ရှိသလို ဘိုးရင်းလေယာဉ်ပျံကြီးစီးသွားရတာလည်းရှိတယ်။ လမ်းတွေပေါ်မှာ လမ်းလျှောက်ပြီး ဆန္ဒပြကြရတာတော့ တကယ့်ကို မရေမတွက်နိုင်ပါ။
ပြည်ပကို အင်ဂျီအိုတွေ တဖွဲ့ပြီးတဖွဲ့လာကြတယ်။ သင်တန်းတွေ တမျိုးပြီးတမျိုးပေးကြတယ်။ အစုံပါပဲ။ သင်တန်းဆင်းတွေက ဆရာကြီးတွေ ဆရာမကြီးတွေဖြစ်လာကြတယ်။ မီဒီယာလူတန်းစားပေါ်လာတယ်။ အင်ဂျီအိုကိုယ်ပိုင်တွေဖြစ်လာတယ်။ ဘိုလိုပြောတတ်သူတွေ များလာတယ်။
ကနေ့ ပြည်တွင်းမှာ အဲတာတွေအကုန် မိတ္တူကူးသလိုဖြစ်လာနေတာတွေ့ရပါတယ်။ ကျွန်တော်က ရေဒီယိုကိုနားစွင့်ပြီး တီဗွီကို ငေးကြည့်နေရတယ်။ သူတို့ ရှင်သန်နေကြပါလား။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၅
Never Let Them See You sweat ချွေးထွက်တာ လူမမြင်စေနဲ့
(၂ နှစ်ကစာ)
နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးသူတွေ ဆုတူရပါစေ။ ဒါက အသက်ရှည်ဘို့နဲ့ကျန်းမာဘို့ ဆုတောင်းပါ။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ နိုင်ငံရေးမှာ ဆုတောင်းတာ သိပ်မတွေ့မိသလို ဆုပြန်ပေးစရာလဲ ရှားပါးလှတယ်။ နှစ်သစ်မှာ အားမရှိတာကို မပြောစကောင်းလို့ အယူရှိကြတယ်။ ကျွန်တော်လဲ လိုက်နာပါတယ်။ ဆေးကုရာမှာ ဆုတောင်းတာတခုတည်းနဲ့မရသလို နိုင်ငံရေးမှာလဲ အတူတူပဲ။
ဒီစာရေးခဲ့တာ ၂ နှစ်တိတိကပါ။ ကျွန်တော့်ဆုတောင်းကတော့ လာမဲ့နှစ်မှာ လူမမာနဲ့ဆရာဝန် တွေ့ခွင့်ရချင်တာပါပဲဗျာ။ လူမမာနဲ့ သမားတော် တွေ့ခွင့်ရသွားပါပြီ။ လူမမာမှာ ရောဂါတွေကထူတယ်။ ဖြစ်ခဲ့တာကြာတော့ နာတာရှည်ကုရမယ်။ လက်သယ်ချည်းသာ အားမကိုး ကိုယ်တိုင်လည်းညှစ်ရမယ်။ စိတ်ကိုအပြုသဘောဆောင်ပါ။ ကံတရားလည်း အားကိုးပါ။ ဝီရိယရှိပါ။
ကျွန်တော် ပြည်ပကိုထွက်ပြေးရတော့ ပုလဲကအိမ်လေးကို စစ်အစိုးရကချိတ်ပိတ်လိုက်လို့ မိသားစုက မုံရွာသွား အိမ်ငှားနဲ့ နေကြရတယ်။ အိမ်နီးချင်းတွေက ကောင်းကြတယ်။ အဒေါ်ကြီးတယောက်က ဒေါ်မြမြအေးကို အကြံပေးတယ်။ အေးရေ့ မနက်မှာ သူများတွေမနိုးခင်ထ၊ အိမ်မှုကိစ္စတွေ ပြီးစီးအောင်လုပ်ထားရတယ်။ သူများတွေ အိပ်ယာထလောတော့ ဘာမှ မလုပ်ရသလိုနေတဲ့။ သူ့ကြည့်လိုက်ရင် သနပ်ခါးအဖွေးသားနဲ့ အဝတ်အစားက သပ်သပ်ရပ်ရပ်။ ချက်စရာပြုပ်စရာတွေက ပြီးနေပြီ။ နေအိမ်လေးလည်း သန့်ရှင်းလို့။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၄
စီး နဲ့ ဆီး
ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီရှင်။ အခုလ ၂၅ ရက်နေ့မှာ ရာသီမလာတော့ပါဘူးရှင့်။ စီးစစ်တန်နှင့် စစ်တာကလေးမရှိဘူးပြနေတယ်။ ဘာဖြစ်လို့မပြတာလည်းဆရာ။ သိချင်လို့ပါဆရာ။
ဆီးစစ်လို့ မျဉ်း ၂ ကြောင်း မပြသူမှာ (စစ်တာ ရက်စောမနေရင်) ကိုယ်ဝန်မရှိပါ။
ဆီး (သေး၊ ကျင်ငယ်) စစ်တာဖြစ်ပါမယ်။ စီး မဟုတ်လောက်ပါ။ ဆီးစစ်တံလို့သာရေးရတယ်။ ကျောက်တံ။ ခဲတံ၊ ကလောင်တံ၊ မင်တံ၊ စုတ်တံ၊
စီး
- စီကာပတ်ကုံးပြောတတ်သူ။
- စီစဉ်နေသည်။
- စီတန်းလှည့်လည်သည်။
- စီမံခန့်ခွဲပါ။
- စီရင်ချက်ချတော့မည်။
- အစီအရီတင်ထားသည်။
- အမျှ ကိုယ်စီကိုယ်င ရကြပါစေ။
- အသက်ကြီးပြီး အချိန်မစီးသူ မဖြစ်ပါစေနှင့်။
- ခွေးတစီစီ။
- ကြောင်ကလေး ပူစီ။
• စီးစီးပိုးပိုး မပြောအပ်။
• စီးပွားရေးကောင်းပါစေ၊
• တရားဘာဝနာ စီးဖြန်းပါ။
• ဘတ်စကားစီးသွားပါ။
• လှည်းတစီး၊
• အပျက်အစီး များတယ်။
ဆီး
• ကိုယ်ဝန်ရှိတာသိချင်ပါက ဆီးစစ်ပါ။
• ကလေးကို သင်္ကန်းဆီးပေးပါ။
• ဆီးခုံက နာတယ်။
• ဆီးချုပ်နေပါသလား။
• ဆီးချိုရောဂါ စစ်ထားပါ။
• ဆီးချူပေးမယ်။
• ဆီးစပ်မှာ အလုံးရှိနေတယ်။
• ဆီးတန့်ထားလို့ ဆက်သွားမရပါ။
• ဆီးဖြူသီးစားမလား။
• ဆီးဝမ်းလေ မှန်ပါသလား။
• ဆီးသီးကောင်းကောင်းစားချင်တယ်။
• ဆီးနှင်းတွေ ကျနေတယ်။
• တားဆီး ပိတ်ပင်ထားသည်။
• လူဆိုးကို ဖမ်းဆီးပါ။
• ဧည့်သည်ကို ဆီးကြိုပါ။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
Wednesday, December 28, 2016
ကျင်လည်
သစ္စာ တမန် = ဆရာ ကျင်လည်ရဲ့အသုံးလေးကိုတင်ပေးပါဦး။ ကျင်လည်ကို ကျွမ်းကျင်မှုလား၊ နေထိုင်စားသောက်မှုလား မကွဲလို့ပါ။ သည်ကောင်က အဲသည်လိုနေရာတွေမှာ ကျင်လည်တယ်ဆိုတဲ့ဝါကျမှာ နှစ်မျိုးလုံးပါတယ်လို့ထင်မိလို့ပါဆရာ။
ကျင်လည် (နှံ့စပ်) ကျက်စားနေသည်။
လုပ်ငန်းမှာ ကျင်လည် (ကျွမ်းကျင်) သည်။
ကျင်
ကျွမ်းကျင်သည်
ကျင် (ဂျင်) ပေါက်ကစားသည်
ကျင်တွယ် (လက်သမားသုံး)
ကျင်ကြီးကျင်ငယ်
ဆံထိုးဆံကျင်
ဆန့်ကျင်သည်
ပတ်ဝန်းကျင်
ရွက်ကျင် (ကြွေ) ရွက်ဟောင်း
သံတံကျင်
ခြေကျင်သည်
သံသရာ၌ ကျင်လည်ကြရသည်
ဘဝသံသရာ - ဦးသုခ https://soundcloud.com/khinthidakhin/bawa-thanthayar-u-thu-kha
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
Photo-shot model ကျွန်တော့်မှာ မော်ဒယ်မရှိ
ရေးထားတာတော့ ကြာပါပြီ။ သူနာပြုခေါင်းစဉ်နဲ့စာ။ ကျွန်တော်က ဂျာနယ်တခုကနေရတဲ့ပုံကို ယူသုံးထားတယ်။ သူနာပြုကျောင်းသူ ၃ ယောက်ကိုနောက်ကနေရိုက်ထားပြီး သူနာပြုတက္ကသိုလ်ဆိုင်းဘုတ်လည်းပါတော့ အံဝင်တာနဲ့ သုံးတာပါ။
အခုပဲ ကွန်မင့်တခုတက်လာတာကို နိုတီဖီကေးရှင်းကနေ အသိပေးတာနဲ့ ဖတ်ရတယ်။
Paing Thit သူနာပြုတွေပုံကမျက်နှာမပါဘူး နော်
ခနဲ့မှန်း ရှုတ်ချမှန်းတော့ သိပါရဲ့။
တနေ့က ခြင်္သေ့ရုပ်အပေါ်မှာ သစ်ပင်ပေါက်နေတဲ့ပုံကို နာရီဝက်လောက်လိုက်ရှာတယ်။ သင့်တာမတွေ့လို့ ထိုင်းကပုံတခု ယူသုံးလိုက်ရတယ်။ တမြန်နှစ်ကလည်း ထန်းပင်မြစ်မီးဖုတ်တဲ့ပုံကို ဂူဂယ်လ်အင်မေ့ခ်ျမှာ ကြိုက်တာမတွေ့လို့ ပြည်တွင်းက တူတော်မောင်တယောက်ဆီ လှမ်းခိုင်းရတယ်။
မြန်မာပြည်ကပုံတွေကိုသုံးရတာ အတော်ကြီးသတိထားရတယ်။ လူပုံဆို ခွင့်တောင်းရမယ်။ ကိုယ်တိုင်လည်း သွားမရိုက်နိုင်။ မော်ဒယ်နဲ့ရိုက်တာမျိုး မသုံးပါ။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
စို့ နဲ့ ဆို့
၁။ ဆရာရှင့် သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ ဖြစ်နေလို့ပါ။ ဘယ်လိုနေထိုင်ပြီး ဘာဆေးသောက်ရမယ်ဆိုတာ ညွှန်ပြပေးစေလိုပါတယ်။
၂။ ကျမသမီးလေးက အသက်လေးလပါ။ နေ့ဘက်နို့ဘူးတိုက်၊ ညဘက်ကျမှမိခင်နို့တိုက်နေပါတယ်ရှင့်။ တလလောက်ရှိပြီ နို့ဆို့ဖို့ငြင်းဆန်နေပါတယ်။ ၂၄ နာရီအတွင်း နို့ဘူး (400ml) နှင့် မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။
စို့
စို့စို့ပို့ပို့
မျှစ်စို့
လက်သမားသုံးစို့
သွားကြစို့
နို့စို့
ဆို့
ဆို့ပိတ်
တစ်ဆို့
ပိတ်ဆို့
ဗူးဆို့
ဖေါ့ဆို့
ရွှေရင်ဆို့
ကလေးနို့စို့နေချိန်မှာ နားကိုဆို့မထားပါနှင့်
မြန်မာစာ မှန်အောင်ရေးကြစို့
Dr. တင့်ဆွေ
၂၉-၁၂-၂ဝ၁၆
Pseudonym ကလောင်နာမည်
ကြည်အေးပို့စ်အောင်မှာ နာမည်ဆင်တဲ့ အဆိုတော်တယောက်လားလို့ မေးတယ်။
စာပေနဲ့ အနုပညာလောကကပုဂ္ဂိုလ်တွေမှာ အများအားဖြင့် အမည်ရင်းမဟုတ်ပဲ ကိုယ်တိုင်ရွေးထားကြတဲ့ နာမည်ကိုယ်စီ ရှိကြတယ်။ အဲတာကို စာပေနဲ့ အနုပညာနယ်မှာသုံးတယ်။ တေးဂီတနယ်လည်းပါတယ်။ Pen name ကလောင်အမည်လို့ ခေါ်တယ်။ လူအများက အဲဒီအမည်ကိုသာ သိတာများတယ်။ တချို့တော့ အမည်ရင်းနဲ့သာရေးကြတယ်။ တချို့က နေရပ် မြို့ရွာနဲ့ တွဲထားတယ်။ တချို့က ရှေ့က တချို့က ကွင်းထဲမှာထည့်ပါတယ်။
လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်ကိုယ်တော်မိုင်း၊ ကာတွန်း ဘဂျမ်း၊ ဂျာနယ်ကျော် မမလေး၊ စစ်ကိုင်း ဦးဘိုးသင်း၊ တက္ကသိုလ် နေဝင်း၊ ဒဂုန်တာရာ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကြေးမုံဦးသောင်း။
အနောက်နိုင်ငံတွေမှာ နာမည်ရင်းနဲ့ရေးရင် အပြည့်အစုံထည့်သူတွေကထည့်ပါတယ်။ ဥပမာ ချာချီက Winston S. Churchill လို့ရေးတယ်။ Mark Twain မာ့ခ်တွန်းရဲ့ အမည်ရင်းက Samuel Langhorne Clemens ဖြစ်တယ်။
ကိုယ်ရေးအချက်အလက်ပြောကြရင် ပင်ကိုယ်နာမည်ပါတွဲထည့်ပါတယ်။ ဒါပေမဲ့ ကလောင်နာမည်ခေါ်တာမှာ အပိုအလို မထည့်ရပါ။ အသက်ကြီးလို့ ဦးတင်မိုးလို့ မသုံးရပါ။ ဒေါ်မာမာအေးလို့ မပြောရပါ။ လူချင်းတွေ့လို့ လေးစာသမှုနဲ့တော့ ခေါ်နိုင်ပါတယ်။ ကြည်အေးကို မြို့မကြည်ကြည်အေးနဲ့ မမှားသင့်ပါ။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၆
Chest infection အသက်ရှူလမ်းပိုးဝင်ခြင်း
ဆရာရှင့် ကျွန်မအသက်က ၂၆ ပါ။ ချောင်းတွေဆိုးနေတာ သုံးပါတ်ကျော်ပါပြီ။ အခုချိန်ထိမပျောက်သေးလို့ပါ။ ပိုးသတ်ဆေးလဲ ဆရာဝန်ပေးလို့  ၅ ရက်သောက်ထားပါတယ်။ မပျောက်ပါ။ အခုချောင်းဆိုးရင် ချွဲတွေပါလာပြီး မနက်ပိုင်းဆို ချွဲတွေက အညိုပုပ်ပုပ်တွေ သွေးရောင်လိုလိုတွေပါလာတယ်ဆရာ။ မိဘနဲ့ဝေးနေတာမို့ ကူညီပါဆရာ။
အသက်ရှူလမ်းပိုးဝင်တာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ် တွေကနေ ဖြစ်စေနိုင်တယ်။ အသက်ရှူရာကနေ ဝင်လာတာဖြစ်တယ်။ ချောင်းဆိုး၊ သလိပ်ထွက်၊ ကိုယ်ပူ၊ အသက်ရှူသွင်းချိန်မှာ စူးပြီးရင်ပတ်နာတာတွေခံစားရမယ်။ နားကြပ်နဲ့ နားထောင်ရင် မူမှန်မဟုတ်တဲ့ Crackling sounds အသံကြားရမယ်။ Wheezing ရင်ကြပ်သံလဲ ကြားရနိုင်တယ်။ လေဝင်သံ တိုးနေနိုင်တယ်။
များသောအားဖြင့် တုပ်ကွေးလိုနဲ့ စတယ်။ ဖျားလာမယ်။ ချမ်းနိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထွက်မယ်။ သလိပ်က အရောင်ရှိနိုင်တယ်။ ဖြစ်တဲ့နေရာအလိုက် လက္ခဏာ မတူတတ်ဘူး။ တချို့က ချောင်းပိုဆိုးမယ်။ တချို့က အသက်ရှူမဝ ဖြစ်မယ်။ ပြာနှမ်းနေမယ်။ အဆုပ်ကို ဖုံးထားတဲ့အလွှာမှာသာ နာတာကို ခံနိုင်တဲ့ အာရုံကြောရှိလို့ အဲဒီနေရာ ရောဂါလာ ဖြစ်ရင် နာမယ်။ နာရင် စူးရှပြီးနာတာ။ အဆုပ်ဆိုတာ (လုပ်ဘ်) တွေရှိတယ်။ ဘယ်မှာ ၂ ခု၊ ညာမှာ ၃ ခု။ တခုမှာသာ ဖြစ်တာကို (ဘိုဘာ နူမိုးနီးယား) ခေါ်တယ်။ အဆုပ်နှစ်ဘက်လုံးမှာလဲ ဖြစ်နိုင်တယ်။
အများဆုံးတရားခံက Streptococcus pneumoniae ဗက်တီးရီးယားဘဲ။ အခု Pneumococcal conjugate vaccine (PCV13) နဲ့ Pneumococcal polysaccharide vaccine (PPV23; Pneumovax) ကာကွယ်ဆေး ၂ မျိုး ပေါ်နေပြီ။
Pneumococcal conjugate vaccine ကာကွယ်ဆေးကို အမေရိကားမှာ ပုံမှန်ကာကွယ်ဆေး စာရင်းထဲ ထည့်တယ်။ ၂ နှစ်အောက် ကလေးတွေကို ထိုးပေးတယ်။ နူမိုးနီးယား ဖြစ်နိုင်ခြေရှိတဲ့ လူကြီး (နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ အရက်သမား၊ စီးကရက်သောက်သူ၊ ဘေလုံးထုတ်ထားသူ၊ အသက်အိုသူ) တွေကို Pneumococcal polysaccharide vaccine ထိုးပေးတယ်။ ၅-၇ နှစ်ကြာတခါ ထပ်ထိုးတယ်။
ထွက်တဲ့သလိပ်ကို စစ်ဆေးရင် ဖြစ်တဲ့ပိုးသိမယ်။ ပိုးကိုနိုင်တဲ့ဆေးကိုလဲ ရှာနိုင်တယ်။ သွေးဖြူဥတွေ များနေမယ်။ Neutrophils များနေရင် ဗက်တီးရီးယားကြောင့်၊ Lymphocytes များနေရင် ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ တီဘီပိုးကြောင့် ဖြစ်ဘို့များတယ်။ ဓါတ်မှန် ရိုက်ကြည့်ရင် သိမယ်။ Bronchoscopy ကရိယာထည့် စစ်ဆေးတာလဲ လုပ်နိုင်တယ်။ အဆုပ်အိတ်ထဲ အရည် အောင်း-များနေတာကို Pleural effusion ခေါ်တယ်။ များရင် Thoracentesis လုပ်ပြီး စုပ်ထုတ်ရမယ်။ Empyema ဆိုတာ ဖြစ်ရင် ခွဲစိတ်တန် ခွဲစိတ်ရတယ်။ Thoracoscope ကရိယာသုံးပြီး Video-assisted thoracoscopic surgery or VATS ဆိုတာ လုပ်လာနိုင်နေပြီ။
အသက်ရှူလမ်းရောင်ခြင်းပိုးသေဆေးတွေကို ရွေးပေးရတယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ (သို့) Erythromycin 500 mg တနေ့ ၄ ကြိမ်၊ (သို့) Azithromycin 500 mg ပဌမနေ့ ပေးပြီး 250 mg ကို နေ့ ၂-၅ ရက်မှာပေးပါ။
• Amoxicillin 500 mg တနေ့ ၄ ကြိမ်၊ ၇-၁ဝ ရက်။ (သို့) Fluoroquinolone (Levofloacin) 500 mg တနေ့ ၁ ကြိမ်၊
• Gatifloxacin 400 mg တနေ့ ၁ ကြိမ်၊ Sparfloxacin 400 mg စပေးပြီး 200 mg တနေ့ ၁ ကြိမ်၊
• Moxifloxacin 400 mg တနေ့ ၁ ကြိမ်၊ x ၁ဝ-၁၄ ရက်၊
• Clarithromycin 500 mg တနေ့ ၂ ကြိမ်၊ x 10 days (သို့) Doxycycline 200 mg တနေ့ ၂ ကြိမ်၊ x ၁ဝ ရက်၊
ချုပ်လိုက်ရင် ပိုးသေဆေးရွေးပေးရမယ်။ ဖြစ်တာကြာထားလို့ ဆေးသောက်တာ ပိုအချိန်ယူနိုင်တယ်။ ချွဲထွက်တာ ကောင်းတယ်။ ချွဲပျော်တဲ့စေတဲ့ ချောင်းဆိုးပျောက်ဆေးကနေ ချွဲထွက်လွယ်ကူစေမယ်။ ချောင်းဆိုးရတာ ပိုများလာပြီး ချွဲထုတ်ရတာလွယ်လာရင် သက်သာလာတာဖြစ်မယ်။ အစားအသောက် ရှောင်စရာမရှိပါ။ ရေနွေးငွေ့ရှူတာ ကောင်းတယ်။
တီဘီရောဂါလက္ခဏာတွေကိုလည်း သိပါ။
၁။ ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။
၂။ ချောင်းဆိုး = ချောင်းဆိုးနေတာ ၂-၃ ပါတ်ကြာနေနိုင်တယ်။
၃။ ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။
၎။ ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။
၅။ ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။
၆။ ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။
၇။ အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။
၈။ မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။
၉။ အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။
၁ဝ။ ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။
• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html
ဒေါက်တာတင့်ဆွေ
Albendazole သန်ချဆေး
သန်ကောင်ဆိုတာ ပါးစပ်ကနေဝင်တယ်။ သန်ဥပါတာကို မသိပဲစားသောက်မိလို့ကူးစက်တယ်။ သန်ကောင်အမျိုးမျိုး ရှိတယ်။ အများဆုံးဖြစ်တာက သန်လုံးကောင် နဲ့ ပင်အပ်ပုံသန်ကောင်တွေဖြစ်တယ်။ အမျိုးမတူရင် ဆေးပေးတာလဲ မတူပါ။ အများဆုံးဖြစ်တာအတွက် တကြိမ်တည်းနဲ့ပြီးတယ်။ တချို့ကို ၂ ပါတ်အကြာမှာ တခါသောက်ရတယ်။ ပဌမအကြိမ်တုံးက ဥအနေနဲ့ ရှိနေခဲ့တာတွေ အကောင်ဖြစ်လာချိန်မှာ တခါထပ်သန်ချရတာပါ။ ၂ နှစ်အောက်ကို ဆေးတဝက်၊ ၂ နှစ်အထက် ဘယ်လောက်အသက်ကြီးကြီး ဆေးတလုံးသောက်ရတယ်။ ဆေးပြား၊ ဝါးစားရတဲ့ဆေးပြား၊ ဆေးရည်လာတယ်။ တိရစ္ဆာန်သုံးလည်းရှိတယ်။
သန်ကောင်ရှိနေရင် ခံစားရမှာ မတူပါ။ ဗိုက်နာတာ၊ ဝမ်းပျက်တာ နဲ့ စအိုယားတာတွေ။ ကလေးတွေမှာ ပိန်တယ်၊ ဗိုက်ပူတယ်။ ဒါက ဝမ်းပျက်လို့ ဆက်ဖြစ်တာပါ။ ဝက်သား မနူးတာစားလို့ တိပ်ပြာပုံသန်ကောင် ဖြစ်တတ်တယ်။ သေခြာချင်ရင် Stool ME ဝမ်းစစ်ရမယ်။
သန်ချဆေး Albendazole, Albenza, Albazole, Albendol, Albex, Mebendazole နာမည်အမျိုးမျိုးရှိတယ်။
• Roundworm အများဆုံးဖြစ်တဲ့သန်လုံးကောင် = Albendazole 400 mg တကြိမ်တည်း။ (သို့) ၂-၃ ရက်။ အသက် ၂ နှစ်အောက် ထက်ဝက်သောက်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ သို့မဟုတ် 500 mg တခါတည်းသောက်။  Piperazine 3.5 Gm x 2-4 days ၂-၄ ရက်။ Livamisole 150 mg တခါတည်းသောက်။
• Pinworms (Enterobius vermicularis) စအိုယားစေသည့် ပင်အပ်ပုံသန်ကောင် = Albendazole 400 mg ညအိပ်ရာဝင် ၁ ကြိမ်။ ၂ ပါတ်နေရင် နောက်တခါထပ်သောက်။ (၃) ခါသောက်စေတယ်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်သောက်။ ၂ နှစ်အောက် ထက်ဝက်သောက်။
• Giardiasis (ဂိုင်ယာဒီးယား) ပိုးဝင်၍ဝမ်းပျက်ခြင်း = Albendazole 400 mg တနေ့ ၁ ကြိမ်၊ ၅ ရက်။
• Hookworm (Ankylostomiasis) ချိတ်သန်ကောင် = Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက်။ သံဓါတ်ဆေးပါ ၂ဝဝ မီလီဂရမ် တနေ့ ၃ ကြိမ်၊ ၃ လသောက်။ (သို့) Mebendazole 100 mg တနေ့ ၂ ကြိမ်၊ ၃ ရက် + Ferrous sulfate 200 mg တနေ့ ၃ ကြိမ်၊ ၃ လသောက်။
• Neurocysticercosis အာရုံကြောထဲရောက်သော သံကောင် = Albendazole 400 mg BD လူကြီး တနေ့ ၂ ကြိမ်၊ Children 15 mg/kg BD x 8-30 days ကလေး တနေ့ ၂ ကြိမ်၊ ၈-၃ဝ ရက်သောက်။
• Strongyloides အရေပြားမှတဆင့်ဝင်သော သံကောင် = Albendazole Adult 400 mg OD/BD x 3 days တနေ့ ၁-၂ ကြိမ်၊ ၃ ရက်သောက်။
• Tapeworm (Echinococcosis, Hydatid disease, Hydatid cyst) တိပ်ပြားပုံသန်ကောင်၊ Albendazole 400 mg တနေ့ (အစာနဲ့) ၂ ကြိမ်၊ ၂၈ ရက်သောက်။ နောက် ၁၄ ရက်မှာတကြိမ်ထပ်သောက်။ (သို့) Praziquantel 10 mg/kg stat dose တကြိမ်တည်းသောက်။
• Threadworm (Seat worm, Strongyloides): Albendazole Adult = 400 mg အရေပြားကတဆင့်ဝင်သည့် သန်ကောင်၊ ညအိပ်ရာဝင် ၁-၂ ကြိမ်၊ ၃ ရက်။ ၂ နှစ်အောက် ထက်ဝက်သောက်။
•Whipworm (Trichuriasis) ကျာပွတ်နှင့်တူသော ဝမ်းပျက်စေသည့် သန်ကောင် = Albendazole 400 mg ညအိပ်ယာဝင် ၁ ကြိမ်၊ ၃ ရက်။ ၂ နှစ်အောက် ထက်ဝက်သောက်။
• Filariasis ဆင်ခြေထောက်သန်ကောင် = Albendazole 400 mg တကြိမ် + Ivermectin 200 μg/kg; 400 mg ဆင်ခြေထောက်ရောဂါ၊ တနေ့ ၂ ကြိမ်၊ ၃ ပါတ်။
Albendazole ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ ဆံပင်ကြွတ်၊ အစာအိမ်အောင့်၊ Albendazole နဲ့ Mebendazole သန်ချဆေးကို ကိုယ်ဝန်မှာ မသောက်သင့်ပါ။ တချို့တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်တွေကို သောက်စေတယ်။ နို့မတိုက်မီ ၁ ကြိမ်ပေးလို့ရတယ်။ Albendazole ဆေးတိုက်ရင် ကလေးကိုယ်အလေးချိန် ၂ဝ ပေါင် အနည်းဆုံးရှိရမယ်လို့ ဆေးသုတေသနကဆိုပါတယ်။
ဒေါက်တာတင့်ဆွေ
ဒေါက်တာကြည်ကြည်တင်မြင့်
ကဗျာဆရာမ ကြည်အေးရဲ့ အမည်ရင်းက ဒေါ်ကြည်ကြည်တင်မြင့်ဖြစ်တယ်။ ဘီဘီစီကနေ ငွေဗျိုင်းဖြူကဏ္ဍကို တာဝန်ယူခဲ့ဘူးတယ်။ ငွေဗျိုင်းဖြူကဏ္ဍဆိုတာ လူငယ်တွေအတွက်ရည်ရွယ်တာဖြစ်တယ်။ ငယ်ငယ်က အပတ်စဉ် နားထောင်ခဲ့ပါတယ်။ ကျွန်တော့်မှာ ရင်ထိုးလေးတခုတောင်ရှိခဲ့တယ်ထင်တယ်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်မှာ အဲဒီအစီအစဉ်ကိုကန့်ကွက်လို့ ရပ်နားလိုက်ရတယ်လို့ ကြားဘူးတယ်။ နောက်လူရည်ချွန်ကဏ္ဍဖြစ်လာပြန်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက လူရည်ချွန်စီမံကိန်းလုပ်တော့ ရပ်သွားပြန်တယ်။
ကြည်အေးဟာ ဆရာဝန်လည်းဖြစ်တယ်။ သူ့စာတွေဟာ နူးညံ့တယ်။ ယဉ်ကျေးတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကနေ ကနေ့ခေတ်အထိမီတယ်။ သူ့စာတွေဟာ သမိုင်းသိသူတယောက်ကနေရေးခဲ့တာဖြစ်တယ်။
ကျွန်တော်ကတော့ လေးစားပြီး၊ တန်ဖိုးထားတယ်။ ဆရာဝန်တယောက်ဖြစ်လို့လည်း ဂုဏ်ယူတယ်။ သူလည်း အပြင်ကလူ။
ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၆
ကြည်အေး
ကြည်အေးက နောက်လူတွေအတွက် ကဗျာတွေ စာတွေကို ထားပေးခဲ့တယ်တဲ့။
သမီးလိမ်မာ
မမွှေးထုံ မမွှေးထုံ
ပါးကွက်ကျားနဲ့ နပ်ခါးမှုန်
မမွှေးထုံ ဘာကြောင့်မွှေး
ရှင်တောင်နပ်ခါး လိမ်းလို့မွှေး။
မမွှေးထုံ မမွှေးထုံ
စပယ်ကုံးနဲ့ ဆံထုံးပုံ
မမွှေးထုံ ဘာကြောင့်မွှေး
တောစပယ်သေး ပန်းလိုမွှေး။
မမွှေးထုံ မမွှေးထုံ
နှုတ်ခမ်းပါးနဲ့ ကွမ်းဝါငုံ
မမွှေးထုံ ဘာကြောင့်မွှေး
စမုန်ကွမ်းအေး ဝါးလို့မွှေး။
မမွှေးထုံ မမွှေးထုံ
နုတ်ချိုအေးနဲ့ မမွှေးထုံ
မမွှေးထုံ ဘာကြောင့်မွှေး
လိမ်မာခြားရေး သတင်းပြေး
စိတ်တည်ကြည်လို့ သတင်းမွှေး။ (ကြည်အေး)
မြန်မာပြည်မှာ ကြည်အေးတွေ မွေးပါစေ။ သမီးလိမ်မာတွေမွှေးပါစေ။
ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၆
Karl Marx ကားလ်မတ်စ်
Karl Marx, writing a letter to his daughter Lura Marx, on March 20, 1866, said: Most of my time I'm walking and breathing fresh air. I read nothing and write less. I go to bed at 9:00 p.m. Generally, I subside into the state of non-existence that Buddhism considers to be the height of human delicacy. (BUDDHISM & MODERN WORLD P. 35)
၁၈၆၆ ခု၊ မတ်လ ၂၀ ရက်နေ့ရက်စွဲဖြင့် Karl Marx သူ့ သမီး Laura Marx ထံသို့ စာရေးလိုက်တာက ငါ့အချိန် အတော်များများမှာ လမ်းလျှောက်တယ်၊ လေကောင်းလေသန့် ရှူတယ်၊ စာဖတ်စာရေး မလုပ်တော့ဘူး၊ ည ၉ နာရီမှာ အိပ်ယာဝင်တယ်။ သာမန်အားဖြင့်တော့ လူ့ဘဝအတွက် အမွန်မြတ်ဆုံး ရသာမွန်ဖြစ်တဲ့ ဗုဒ္ဓဝါဒရဲ့ သင်္ခါရဓမ္မ၏ အနိစ္စလက္ခဏာဆိုတာကို တွေးကြံစဉ်းစားရင်း ငါ အိပ်ပျော်သွားခဲ့တယ်။ (Ven Muni)
ကာလ်မတ်စ်ဟာ ဂျာမန်လူမျိုး ဖီလောဆော်ဖါတဦးဖြစ်တယ်။ ၅-၅-၁၈၁၈ နေ့မှာမွေးဖွားပြီး ၁၄-၃-၁၈၈၃ နေ့မှာ ကွယ်လွန်လို့ သီပေါမင်းပါတော်မမူခင် ၂ နှစ်ကဖြစ်တယ်။ သူ့ကို ကွန်မြူနစ် အိုင်ဒီယော်လောဂျီနဲ့ တွဲသိကြတာများပေမဲ့ Revolutionary socialist ဆိုရှယ်လစ်တော်လှန်ရေးသမားလို့ မှတ်တမ်းတင်ထားပါတယ်။ ကြီးတော့ လန်ဒန်မှာ နေထိုင်တယ်။ ဂျာမန် အတွေးအခေါ်ပညာရှင် Friedrich Engels (ဖရက်ဒရစ် အိန်ဂျယ်လ်စ်) နဲ့တွဲပြီး စာအုပ်တွေ ရေးသားထုတ်ဝေတယ်။ ၁၈၄၈ မှာ The Communist Manifesto ကွန်မြူနစ် မင်နီဖက်စတိုကိုထုတ်တယ်။ Capital, Volume I ခေါ် အရင်းကျမ်းကို ၁၈၆၇ မှာထုတ်တယ်။
ကားလ်မတ်စ်နဲ့ ဗုဒ္ဓဘာသာဆက်စပ်မှုကို လေ့လာသူအမျိုးမျိုးကရေးကြတာတွေမနည်းလှပါ။ ကျွန်တော်လေ့လာမှု နည်းလွန်းလို့ မှတ်ချက်မပေးလိုပါ။
Buddhism in the Modern World
Adaptations of an Ancient Tradition
Edited by Steven Heine and Charles S. Prebish
Publication Date - September 2003
ISBN: 9780195146981
304 pages
Paperback
6-1/8 x 9-1/4 inches
Retail Price to Students: $51.00
- When Karl Marx Practised Buddhism http://culturematters.org.uk/index.php/culture/religion/item/2423-when-karl-marx-practised-buddhism
- Karl Marx & Buddhism http://wenshuchan-online.weebly.com/karl-marx--buddhism.html
- Buddhism in the Modern World https://global.oup.com/ushe/product/buddhism-in-the-modern-world-9780195146981?cc=us&lang=en&
ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၆
Testosterone (တက်စတိုစတီရုံး) ကျား-ဟော်မုန်း
၂။ အသက် ၁၇ နှစ်ရှိပါပြီ။ အမျိုးသားဟော်မုန်းဆေး သောက်ချင်လို့ပါ။ ညွှန်ပေးပါလားဒေါက်တာ။ လည်စေ့လည်း မထွက်ဘူးဆရာ။ ကန်တော့ အမွေးပေါက်နှုန်းကလည်း နှေးတယ်။ body structure ကလည်း မိန်းကလေးနဲ့ ဆင်နေတယ်။ အဲတာကြောင့် သောက်ချင်တာပါဆရာ။ 
၃။ ကျွန်တော် အသက် ၂၇ နှစ်ပါ။ လူပျိုပါ။ ကျွန်တော့်ဒူးက သိပ်အားမရှိဘူး။့ လည်းသူများနဲ့ ယှဉ်ရင် နည်းနည်းသေးတယ်လို့ ခံစားရတယ်။ သူငယ်ချင်းကအကြံပေးလို့ တက်စထိုရိုး ကျားဟော်မုန်းအားဆေး 10mm ဆေးဗူး အလုံး ၃ဝ ပါတဗူးဝယ်ပြီး တနေ့နှစ်လုံးသောက်တာ ၃ ရက်လောက်ရှိပါပြီ။ အန္တရာယ်ရှိနိုင်လားဆရာ။ side effect ဘာရှိလည်းသိချင်ပါတယ်။ အဲတာဘာဖြစ်လို့လည်း သိချင်ပါတယ်ဆရာ။
၎။ ကျွန်တော် အခုအသက်၂၆ နှစ်ရှိပါပြီ။ ဒါပေမယ့် လူပျိုမဖြစ်သေးပါဘူး။ ချိုင်းမွေး၊ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးလည်း မပေါက်ပါဘူး။ ဆီးစပ်မွေးတောင် နည်းနည်းလေးဘဲ ရှိပါတယ်။ ဝက်ခြံလည်း တခါတလေမှ ရှားရှားပါးပါး ထွက်ပါတယ်။ အသံလဲ မပြောင်းသေးပါဘူး။ ကျွန်တော့်ရဲ့ လိင်တံနဲ့ ဝှေးစေ့က အလွန်သေးပါတယ်။ သုက်လဲ လုံးဝမထွက်ခဲ့ပါ။ လွန်ခဲ့တဲ့ ၆ လလောက်က ဆေးစစ်ရပါတယ်။ ဆရာဝန်က Testosterone နည်းနေတယ် ထင်ကြောင်းနဲ့ ဆေးစစ်ခိုင်းပါတယ်။ ဆေးစစ်တဲ့အခါ Testosterone ပမာဏဟာ တော်တော်နည်းနေတာကို တွေ့ရပါတယ်။ တခြားသွေးစစ်တာတွေ လုပ်ပါတယ်။ ဦးနှောက်ကို CT Scan ကောင်းတယ်လို့ ပြောပါတယ်။ Testosterone ထိုးဆေးပေးပါတယ်။ တလကို တကြိမ်နဲ့ ခြောက်လ ထိုးခိုင်းပါတယ်။ ဆေးထိုးတာလေးလရှိပါပြီ။ တသက်လုံး Testosterone ဆေး သုံးရနိုင်တယ်လို့ ပြောပါတယ်။ စားဆေးနဲ့ကော အဆင်မပြေနိုင်ဘူးလား။ အိမ်ထောင်ပြုလို့ ရ-မရနဲ့ ကလေး ရနိုင် မရနိုင်လည်း သိချင်ပါတယ်။ နောက်ပြီး ဘာဆက်လုပ်သင့်တယ်ဆိုတာလည်း အကြံဥာဏ်ပေးပါခင်ဗျာ။
၅။ ကျွန်မမောင်လေး အသက်၂၅ ပါ။ ၁၈ နှစ်လောက်က ဝှေးစေ့ တလုံးထုတ်ထားပါတယ်။ အခြားသောတဘက်မှလည်း သေးသွားပါသည်။ ကြာရင်အခြောက်စိတ်ပေါက်သွားမှာစိုးပါသည်။ စိတ်ဓါတ်တော့ ကျားစိတ်ရှိပါသည်။ ဟော်မုန်းကြောင့် ပြောင်းနိုင်ပါသလား။ လမ်းညွန်ပေးစေလိုပါသည်။
၆။ ကျွန်တော်အသက်က ၂၄ နှစ်ပါ သူများတွေလို အရွယ်ရောက်ချိန်တွေမှာရော အခုရောပါ အမွှေးအမျှင် နည်းပါတယ်။ ဂျိုင်းမွေးဆို မပေါက်သလောက်ပါပဲ။ နောက်ပြီးတော့ ညာဘက်လက်သန်းက ညာဘက်လက် သူကြွယ်ပထမအဆစ်ကို မမှီပါဘူး။ အဲလိုဆိုရင် ကလေးမရနိုင်ဘူးလို့ပြောပါတယ်။ ဟုတ်ပါသလားဆရာ။ အခုကျွန်တော် ကလေးမရသေးပါဘူး။ ကျွန်တော်ဘက်က ချို့ ယွင်းနေတာများလား သိချင်ပါတယ်ခင်ဗျာ။ အဲလိုဖြစ်လို့ ကလေးမရနိုင်ဘူးဆိုရင် ကလေး ရနိုင်အောင် ဘယ်လိုတွေလုပ်ရပါမလဲခင်ဗျာ။
ဟော်မုန်းအမျိုးပေါင်း (၁၇) မျိုးရှိတယ်။ (တက်စတိုစတီရုံး) ကို ကျားလိင်ဟော်မုန်းလို့ ခေါ်တယ်။ ဒါပေမဲ့ အကုန်မှန်တာတော့ မဟုတ်ပါ။ မိန်းကလေးတွေ အမျိုးသမီးတွေမှာလဲ ငယ်ငယ်ကြီးကြီးရှိနေတာဘဲ။ သူ့တန်ခိုးက လိင်နဲ့ဆိုင်တဲ့အင်္ဂါတွေကို ပုံမှန်ဖြစ်နေစေတယ်။ (စတီရွိုက်ဟော်မုန်း) ဖြစ်တယ်။ ယောက်ျားတွေမှာ ကျားအစေ့ကနေ၊ မိန်းမတွေမှာ မျိုးဥအိမ်ကနေ ထုတ်ပေးနေတယ်။ နည်းနည်းပါပါး (အဒရီနယ်လ်-ဂလင်း) ကနေလဲ ထုတ်သေးတယ်။ 
သူ့အလုပ်က ၂ မျိုး ရှိတယ်။
၁။ Androgenic properties (အင်ဒရိုဂျင်းနစ်) သတ္တိလို့ ခေါ်တာတွေကတော့ ပင်မ (လိင်အင်္ဂါတွေ) နဲ့ ဒုတိယ-လိင်အင်္ဂါတွေ ဖွံ့ထွားစေတယ်။ အသံသြလာမယ်၊ အမွေးပေါက်တာ ထူးခြားလာမယ်။ 
၂။ Anabolic properties (အင်နာဘောလစ်) သတ္တိလို့ ခေါ်တာတွေကတော့ ကြွက်သားတွေ ထွားလာစေမယ်။
ဒုတိယ-လိင်အင်္ဂါတွေဆိုတာ ယောက်ျားလေးတွေမှာ ချိုင်းမွေး၊ ရင်ပတ်မွေး၊ ဗိုက်မွေး၊ ဆီးစပ်မွေးပေါက်၊ မျက်နှာမွေး (မုတ်ဆိတ်၊ ပသိုင်းမွေး) ပေါက်၊ နဖူးပြောင်၊ ပေါင်ရှေ့ကြွက်သားများလာ၊ Adam's apple လည်စေ့ထွက်၊ အသံသြ၊ အရပ်ရှည်၊ အရိုးတွေ ရှည်-မာ၊ ပခုံးကျယ်၊ မျက်နှာ အဆီပြန်၊ ဝက်ခြံပေါက်၊ ကိုယ်နံ့ထွက်၊ အရေပြားကြမ်းလာ၊ အဆီနည်းလာ။ မိန်းကလေးတွေမှာ ရင်သားထွားလာ၊ နို့သီးကိုဆွရင် သန်မာနိုင်လာ၊ ဆီးစပ်မွေး-ကိုယ်မွေးနုပေါက်၊ ပေါင်နောက်ပိုင်း ကြွက်သားတွေ ပိုသန်လာ၊ တင်ကားလာ၊ ချွေး-အဆီထွက်လာ၊ ကိုယ်နဲ့ရလာ၊ ဝက်ခြံပေါက်၊ လက်တံပိုရှည်လာ၊ တင်ပါး-ပေါင်တွေမှာ အဆီပိုစုလာ။
တယောက်တည်းမှာလည်း တချိန်နဲ့တချိန် မတူဘူး။ ရာသီဥတု၊ လေ့ကျင့်ခန်း၊ အစားအသောက် လိုက်ပြီး အနည်း-အများ ပြောင်းနေတယ်။ သွေးစစ်ရင် မနက်ခင်း စစ်တာကောင်းတယ်။ Steroid ယောက်ျားမှာ ပုံမှန် 270-1070 ng/dl ရှိရတယ်။ (ယူနစ်) တွေက ဓါတ်ခွဲခမ်းတခုနဲ့တခု မတူကြဘူး။ အမျိုးသမီးတွေရဲ့ ပုံမှန်ဆိုတာကို ငြင်းနေကြဆဲ ဖြစ်တယ်။ အသက်ကြီးလေး နည်းလေလဲ ဖြစ်တယ်။ ၄ဝ ကျော်ရင် ၁ နှစ်မှာ ဝ့၃% နည်းနည်း လာတယ်။ အသက် ၆ဝ အောက် ယောက်ျား ၂ဝဝ မှာ ၁ ယောက် ဒီဟော်မုန်း နည်းနေတယ်။ အရက်စွဲနေသူ၊ နာတာရှည် ရောဂါတခုခု ခံစားနေရသူ၊ Hemochromatosis သွေးထဲမှာ သံဓါတ်များလွန်းနေသူ၊ Sarcoidosis ကျားအစေ့ရောဂါ ရနေသူ၊ AIDS ရောဂါရှိနေသူ၊ စိတ်ဖိအား များလွန်းနေသူတွေမှာ သူများထက် နည်းနေမယ်။
ဘယ်လိုလူမျိုးတွေမှာ လာဖြစ်သလဲ။ ဟော်မုန်းထွက်ရာနေရာမှာ ကင်ဆာဆေး၊ ဓါတ်ကင်ရရင်၊ (ခရိုမိုဇုမ်း) ပုံမှန် မဟုတ်ရင်၊ ဦးနှောက်ထိခိုက်မိရင်၊ ရောဂါရရင်၊ ကိုယ်ခန္ဓာကြီးထွားအောင် (စတီရွိုက်) ဆေးတွေ တလွဲသုံးရင်၊ ပသိရောင်နဲ့တွဲတဲ့ ကျားအကျောရောင်ရောဂါဖြစ်ရင်၊ အမျိုးသမီးမှာ မျိုးဥအိမ် အလုပ်မလုပ်တော့ရင်၊ ခွဲစိတ်ထုတ်လိုက်ရရင်၊ ကျားအစေ့က သူနေရာ ကပ်ပဲ့အိတ်မှာ ရှိမနေ-ကျမနေရင်၊ ကပ်ပဲ့အိတ် ထိခိုက်မိရင်၊ ဇရာထောင်းလာရင်၊ အဝလွန်ရင်။
ကိုယ်ဝန်ဆောင်ချိန်ကတည်းက ဒီဟော်မုန်း နည်းရင် ကလေးဟာ လိင်အင်္ဂါ ဖွံ့ထွားမှု နည်းပြီး မွေးလာနိုင်တယ်။ ယောက်ျားလေးဆိုရင် လိင်တံ၊ ကပ်ပဲ့အိတ် သေးငယ်နေမယ်။ မိန်းကလေးလဲ မအင်္ဂါ ပုံပန်းမတူဖြစ်နေမယ်။ ကျားလိုလို မလိုလိုနေမယ်။ သိဘို့ကောင်းတာ တခုက ကျားရယ် မရယ်ဆိုတာ အပြင်ပန်းအမြင်အရ သတ်မှတ်တာ မဟုတ်ဘူး။ Chromosomes ကြည့်ခေါ်ရတာ ဖြစ်တယ်။ အရွယ်ရောက်ချိန်မှာ ဒီဟော်မုန်း နည်းနေရင် လိင်ပိုင်းရင့်သန်မှုတွေ နည်းနေမယ်။ ကြွက်သားထုထည် သေးနေမယ်၊ အသံသြမလာဘူး၊ ကိုယ်မွေးပေါက်တာ ကြမ်း-ထူမလာဘူး၊ ယောက်ျားလေဖြစ်ပေမဲ့ နို့ကြီးနေမယ်၊ လိင်တံနဲ့ ဝှေးစေ့သေးငယ်နေမယ်။ အရွယ်ရလာမှ ဖြစ်တာဆိုရင် လိင်စိတ်နည်းနေမယ်၊ လိင်ဆက်ဆံတာ ခက်နေမယ်၊ ပန်းညှိုးတာ၊ ကလေးမရနိုင်တာ၊ ဆံပင်ကျွတ်မယ်၊ ကြွက်သားလှီမယ်၊ အရိုးအားနည်းမယ်။ မိန်းကလေးမှာဖြစ်ရင် မျက်နှာနီရဲနေမယ်၊ စိတ်တိုမယ်၊ လိင်စိတ် နည်းနေမယ်၊ အိပ်ရေး ပျက်မယ်၊ ကြွက်သားတွေ လှီနေမယ်၊ အရိုးအားနည်းမယ်၊ ဆံပင်ကျွတ်မယ်။
(တက်စတိုစတီရုံး) နည်းနေသူတွေမှာ ယာက်ျား ပန်းညှိုး-ပန်းသေဖြစ်မယ်၊ (ကိုလက်စထော) များမယ်၊ အဝလွန်မယ်၊ စိတ်ဓါတ်ကျမယ်၊ စိုးရိမ်စိတ်ကဲနေမယ်၊ စိတ်မူပြောင်းမယ်၊ အာရုံစိုက်ရတာ ခက်မယ်၊ မှတ်ဥာဏ်လျှော့မယ်၊ လိင်စိတ်နည်းမယ်၊ အရိုးအားနည်းနေမယ်။ 
အမျိုးသမီးတွေကို ဆေးကုရင် Esterified estrogens and methyltestosterone ပေးတယ်။ ယောက်ျားတွေမှာ ဖြစ်ရင် Testosterone Replacement Therapy (TRT) ထိုးဆေးကို ၂ ပတ် ၁ ကြိမ် ထိုးဆေး၊ ဒါမှမဟုတ် Patch ဆေးကပ်ခွါ၊ Gel (ဂျဲလ်)၊ Putty ငုံဆေးတွေ ရှိသေးတယ်။ 
အများဆုံးသုံးတဲ့ ထိုးဆေးက Testosterone enanthate (TE) ဖြစ်တယ်။ 100-200 mg IM ကို ၂ ပတ် ၁ ကြိမ် ထိုးတယ်။ ထိုးဆေးကို သုံးနေတာကြာပြီ၊ ဈေးလဲချိုတယ်။ Testosterone cypionate (TC) ဆေးကိုလဲ သုံးနိုင်တယ်။ Implantable Testosterone အရေပြားအောက်မှာ ထားလို့ရတဲ့ဆေးကို ၁၉၄၀ ကတည်းက သုံးနေတယ်။ ဆေးတလုံးမှာ 75 mg of crystalline testosterone ပါတယ်။ ၃-၆ လ ခံတယ်။ တခါထည့်ထားရင် ၂-၆ လုံး ထည့်ထားရတယ်။ Transbuccal System သွားဖုံးကနေ စုပ်ယူနိုင်တဲ့ဆေးကို ရှေ့သွားအထက်မှာထားရတယ်။ 30 mg testosterone ပါတယ်။ တနေ့မှာ ၁-၂ ခါ သုံးရတယ်။ Transdermal TRT ဆိုတာက Patch ကပ်ခွါ နဲ့ Gel ဂျဲလ် အမျိုးအစားဖြစ်တယ်။ နေ့တိုင်းသုံးနေရမယ်။ Patch ကို ကပ်ပဲ့အိတ်မှာ ကပ်တာနဲ့ တခြားနေရာမှာ ကပ်ရတာ မတူဘူး။ TRT Gel ဈေးကြီးတယ်။ Testosterone စားဆေး၊ 17--methyltestosterone and fluoxymesterone ပါတယ်။ အသည်းအတွက် သတိထားစရာတွေ ရှိတယ်။ Novel Testosterone Therapy ဆိုတာ ၃ လမှ တခါ ထိုးစရာလိုတာကို အသစ်နည်း ဖြစ်တယ်။ ဥရောပမှာ သုံးနိုင်ပြီဖြစ်ပေမဲ့ အမေရိကားမှာ စမ်းသပ်မှု အဆင့် ၃ အထိရောက်သေးတယ်။ 1000 mg ကို 10-14 ပတ်တခါသာ ထိုးဘို့လိုတယ်။
ဘေးထွက်ဆိုးကျိုးတွေ = ပျို့-အန်၊ ဝက်ခြံပေါက်၊ ခေါင်းကိုက်၊ အစားစားချင်စိတ်များ၊ စိတ်မူပြောင်း၊ အသည်းထိခိုက်၊ ခြေထောက်ရောင်။ လိင်တံမာတင်းနေတာ ပြန်မလျှော့၊ နှလုံးရောဂါရှိနေသူ၊ (ကိုလက်စထော) များနေသူ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နေသူတွေကို မပေးသင့်ပါ။ ဆေးများသွားရင် စိတ်ကြမ်းဝင်တတ်တယ်။ စိတ်မူပြောင်းတတ်တယ်။ 
ဆရာဝန်ကိုယ်တိုင်မညွှန်ရင် မသုံးသင့်ပါကြောင်း။
ဒေါက်တာတင့်ဆွေ