Babies and Vitamins ကလေးငယ်နဲ့ ဗီတာမင်

ဆရာရေ မင်္ဂလာပါရှင့်။ ကျွန်မ သမီးလေးကို မွေးဖွားပြီးပါပြီ။ ခုဆို ၂ လခွဲရှိပါပြီ။ မွေးတုန်းက ၅ ပေါင် ၄ အောင်စ၊ ၁ လ ပြည့်တော့ ၇ ပေါင် ၈ အောင်စ၊ ၂ လပြည့်တော့ ၈ ပေါင် ၁ဝ အောင်စ graph ဘားတန်းထိရုံလေးပါဆရာ။ အတက် နှေးနေတယ် နေမကောင်းတာ ဖျားတာမရှိပါဘူး။ နို့လဲ ပုံမှန်ပဲစို့တယ် မွေးကတည်းက နို့လှိုင်လှိုင်ထွက်ပါတယ်ဆရာ။ အစားလဲ အရမ်းမရှောင်ပါ။ အစပ်နဲ့ တက်စာပဲရှောင်ပါတယ်ဆရာ။ အဲလိုကျန်းမာပြီး ပေါင်သိပ်မတက်တဲ့ ကလေးတွေ ရှိတတ်ပါသလားဆရာ။ Appeton 0.5 ml တိုက်နေပါတယ်ဆရာ။ ဘာဓါတ်များ ချို့ယွင်းနေလို့များလဲ စိတ်ပူမိပါတယ် ဆရာ။ လမ်းညွှန်ပြောကြားပေးပါနော်။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးငယ်လေးတွေကို ၆ လအောက်မှာ ဘာဆေးမှမတိုက်ရရင် ကောင်းပါတယ်။ ကာကွယ်ဆေးသာလိုတယ်။
ဖွံ့ဖြိုးမှုဆိုတာ ဗီဇအရပါတာကို ဆေးနဲ့ပြောင်းဘို့မသင့်ပါ။ အရပ် + အလေးချိန်ထက် ကျန်းမာနေးဘို့ကအဓိကကျပါတယ်။
မွေးလာတဲ့ကလေးတိုင်း မိခင်နို့စို့နေရင် ၄ လကနေ ၆ လအထိ ဘာအားဆေးမှမလိုပါ။ နို့ဗူးတိုင်နေတဲ့ကလေးလည်း မလိုပါ။ ချွင်းချင်းတခုက ဗီတာမင် (ဒီ) ဖြစ်တယ်။ နို့ဗူးစို့ကလေးဟာ တနေ့မှာ ၃၂ အောင်စထက် ပိုမစို့ရင်တော့ ဗီတာမင် (ဒီ) နည်းနိုင်တယ်။

ကလေးအသက် ၄-၆ လရောက်လာရင် ဖြည့်စွက်စာ ကျွေးလို့ရလာပြီ။ အရည်တွေကစမယ်။ အဖတ်နည်းနည်းပါမယ်။ အဲလိုကလေးမျိုးလည်း ဗီတာမင်ဖြည့်တိုက်ဘို့ မလိုအပ်ပါ။ ကလေးဆရာဝန်ကနေ ညွှန်ကောင်းသာ ညွှန်ပါမယ်။ လိုမယ့်ကလေးဆိုတာ မွေးကာစအလေးချိန်မပြည့်တဲ့ကလေး၊ စောမွေးတဲ့ကလေး၊ နို့ဗူးကို သတ်မှတ်ချက်ထက် နည်းစို့တဲ့ကလေးတွေသာဖြစ်တယ်။ ၆ လမှာဖြည့်စွက်စာမကျွေးတဲ့ကလေး၊ နာတာရှည်ရောဂါရှိတဲ့ကလေး၊ ကလေးမိခင်ဟာ အစာလမ်းဖြတ်ဆက်ထားရသူဆိုရင် နို့ကလုံလောက်အောင်အားမဖြစ်လို့လိုမယ်။ မိခင်က သားသတ်လွတ်သာစာမယ်ဆိုလည်း နို့မှာ အာဟာရဓါတ်နည်းနေမယ်။ အဲတာဆိုရင် ဗီတာမင် ၁၂၊ သံဓါတ်၊ ကယ်လ်စီယမ်၊ အိုမီဂါ-၃ တွေက သားသတ်လွတ်စားသူတွေမှာ လည်းနေနိုင်တယ်။

ကလေးတွေ ကံကောင်းတာက မိခင်ကအစားအသောက်နည်းပေမယ့် သူ့နို့ရည်ထဲမှာတော့ ကလေးအတွက် လိုအပ်ချက်တွေ စုံအောင်ပါနေပါမယ်။ အဲလိုဆိုရင် မိခင်မှာတော့ သိုလှောင်ထားတာတွေ ကုန်ခမ်းလာမယ်။

ကလေးကို အစားမာကျွေးချိန်ရောက်ပြီဆိုရင် အစားအသောက်ထဲကနေ ဗီတာမင်တွေ + ဓါတ်ဆားတွေရလာလိမ့်မယ်။ ဖြည့်စွက်စာတွေထဲမှာ ဗီတာမင် အေ၊ သွပ်ဓါတ်နဲ့ ဖေါလိတ်တွေပါရင်ကောင်းတယ်။ အညွှန်းကိုဖတ်ပါ။

ကလေးအသက် ၇-၁၂ လဆိုရင် သံဓါတ် နေ့စဉ် 0.27 mg လိုအပ်တယ်။ သံဓါတ်ကို အသား၊ အမြစ်အသည်း၊ အစေ့အဆံတွေ၊ ပဲတွေ၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်တွေကနေရနိုင်တယ်။ ဗီတာမင် (ဒီ) တနေ့မှာ 400 IU လိုတယ်။ နို့ဗူး ၃၂ အောင်စထက်နည်းရင် vitamin D 400 IU တိုက်သင့်တယ်။ ကလေးမှာနေရောင်ရရင် ဗီတာမင် (ဒီ) ကို အရေပြားကနေထုတ်ပေးတယ်။ နေရောင်ကိုပြတာမှာတော့သတိထားပါ။ မများစေသင့်ပါ။ နေရောင်မပြပဲ မနေသင့်ပါ။

ဗီတာမင်ဘီ-၁၂ ကို ငါး၊ အသား၊ ဥ၊ နို့ထွက်အစားအစာတွေကနေရတယ်။ မိခင်ရော ကလေးပါ သားသတ်လွတ်ဖြစ်နေရ နည်းကြမယ်။

DHA ခေါ် အိုမီဂါ-၃ အရေးကြီးတယ်။ နို့ဗူးတိုက်ရင် ဖေါ်မြူလာထဲမှာ ဘယ်လောက်ပါသလည်းကြည့်ပါ။ မိခင်ကလည်း စားသောက်ပါ။ ငါးတမျိုးမျိုးကို တပါတ် ၂ ခါ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။

ဒေါက်တာတင့်ဆွေ
၁၂-၁-၂ဝ၁၆
၁၂-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး