Fingers လက်ညှိုးများ

ကွန်မင့်တခုရတယ်။ ကျေးဇူး။ တမင် ပေါ့ပျက်ပျက် မှားအောင် ရေးသူတွေက ကိုယ့်မြန်မာစာပေကို တန်ဖိုးမထားတာပါ တကယ်အတန်းပညာအများကြီးမသင်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိပါသေးတယ်။ အခုခေတ်မှာ ဘွဲ့ပေးသူတွေ သတ်ပုံမှားတယ် ဒါကို လက်ခံပါတယ်။ သတ်ပုံမှားတွေကို သင်ယူခဲ့ရသူတွေရဲ့ အပြစ်လားရှင့် တဲ့။

လက်ညှိုးတွေက များတယ်။ ထိုးတာနဲ့တော့ မှန်လာမှာမဟုတ်။ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ဘုရင်က ရာဇဝင်ဟောင်းထဲမှာသာ ရှိတယ်။

သတ်ပုံသစ်တွေဖြစ်လာတဲ့သမိုင်း ရှိတယ်။ မြန်မာစာအဖွဲ့ အစည်းအဝေးမှာ ဦးနေဝင်းကနေ လမ်းညွှန်ပါတယ်။ ဦးနေဝင်းကြောင့်လို့ပြောတာ အပြည့်အစုံ မမှန်ပါ။ သူက တပြေးညီအောင် လုပ်ကြလို့ပြောတယ်လို့ စာလုံးပေါင်း သတ်ပုံကျမ်း အမှာစာမှာ ရေးထားတယ်။ နောက်ထုတ်တွေမှာ အဲဒီအမှာစာ မပါတော့ပါ။ အဲတာကို လမ်းညွှန်သတ်ပုံ (သို့) ယူနီဖေါင်းသတ်ပုံလို့ အမည်တွင်တယ်။

ဦးနေဝင်း သြဇာသီးကြိုက်တယ်ပြောသံကြားတာနဲ့ ပြည်ကနေအပြန်မှာ တီအီးဟီးနိုးကားတစီးစာ ပို့ပေးတယ်တဲ့။ ဦးနေဝင်းအလွန်လား သြဇာခံတွေအလွန်လား။

အဲဒီကာလမှာ မန္တလေးအခြေပြုစာပေသမားတွေက သဘောမကျကြပါ။ သဘောမတူကြသူများစာရင်းက ရှည်တယ်။ နေရာမယူတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ မြန်မာစာဆရာတွေက သဘောမတူကြလို့ ကိုယ့်သတ်ပုံနဲ့ ရေးလို့ရကြသေးတယ်။ စစ်အစိုးရလက်ထက်မှာ တစ်မရေးရင် ထုတ်ဝေခွင့်မပေးပါ။ တစ်မဟုတ်တဲ့တလုံး ဘယ်လောက်ဆိုပြီး ဒဏ်ရိုက်တယ်။ ဥပဒေကဲ့သို့အာဏာတည်သောသတ်ပုံ (သို့) ပေါ်လစီသတ်ပုံလို့ ခေါ်တယ်။

ငြိမ်ဝပ်ပိပြားတဲ့အကျင့်ကို စွဲနေကြတော့ တချို့တွေက အခုထိ ပိပြားနေကြတယ်။ ကိုယ့်စာကိုယ်ရေးကြတာကို မပြောလိုပါ။ သတ်ပုံမှန်နဲ့ရေးခဲ့တာတွေကို ပြန်ထုတ်ဝေကြတာမှာ သတ်ပုံတွေပြောင်းထုတ်ကြတယ်။ ဒေါင်းလုဒ်တွေမှာ ပြင်ကြတယ်။ အမှားကိုရောင်းစားကြသူများလို့ ငေါ့ချင်တယ်။ ကန်တော့။ ဆောရီး။

ပင်နီခေတ်မှာလည်း မျက်နှာလိုမျက်နှာရသမားတွေက များတယ်။ စာမေးပွဲမှာ အမှတ်လျှော့တယ်။ လျှောက်လွှာတွေ၊ အစီရင်ခံစာတွေ၊ စာတမ်းတွေကို ပြင်ရေးစေတယ်။ ညွှန်ကြားရေးမှူး ကြီးငယ်တွေ၊ တချို့ အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပါမောက္ခတွေ။ အရင်က အမိန့်နဲ့ခိုင်းတယ်။ အခုက လုပ်ပိုင်ခွင့်နဲ့ခိုင်းတယ်။ ခေါက်ရိုးသတ်ပုံ (သို့) ကုလားထိုင်ရသတ်ပုံလို့ အမည်သစ်ရလာတယ်။ ကန်တော့။ ဆောရီး။

သတ်ပုံမှန်ရေးသူများစာရင်းကလည်း ရှည်တယ်။ ပေလေးပင် ရှင်လေးပါး၊ နဝဒေး၊ နတ်သျှင်နောင်၊ ဝန်ကြီးပဒေသရာဇာ၊ ဦးပုည၊ မယ်ခွေ၊ အချုပ်တန်းဆရာဖေ၊ ဦးနု၊ သိပ္ပံမောင်ဝ၊ သိန်းဖေမြင့်၊ ရွှေဥဒေါင်း၊ ဒဂုံရွှေမျှား၊ မောင်ထင်၊ မင်းသုဝဏ်၊ဇော်ဂျီ၊ ဦးဖိုးကျား၊ သခင်ဘသောင်း၊ ဦးဖေမောင်တင်၊ သော်တာဆွေ၊ ကာတွန်းဦးဘဂျမ်း၊ သခင်သန်းထွန်း၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်မျိုးချစ်၊ လူထုဦးလှ၊ ဒေါ်အမာ၊ ပါရဂူ၊ ရန်ကုန်ဘဆွေ၊ ဝင်းဦး၊ ဂျာနယ်ကျော်မမလေး၊ သုခ၊ ဇဝန၊ ဒဂုန်ခင်ခင်လေး၊ မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ တက်တိုး၊ ထင်ကြီး၊ သခင်ကိုယ်တော်မှိုင်း၊ လှသမိန်၊ မင်းကျော်၊ ဒေါက်တာသန်းထွန်း၊ အောင်သင်း၊ ဒဂုန်တာရာ၊ တင်မိုး၊ ကြည်အေး၊ ရှိသေးတယ် အများကြီး။

မြန်မာစာသတ်ပုံကျမ်းကို ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က လေ့လာသုံးသပ်ပြီးလျှင် ပြင်ဆင်သင့်သည်တို့ကို ဝေဖန် အကြံပေးကြပါရန် မေတ္တာရပ်ခံပါသည်လို့ ၂ဝ၁၆ မေလမှာ အကြံပြုချက်တောင်းထားတယ်။ ဒါပေမယ့် ကုလားထိုင်ရ ဂိုဏ်းက အားကောင်းနေသေးတယ်။ တစ်ကို မထိရဲကြပါ။ ငရဲမီးသတ်ပုံလို့ ခေါ်လိုက်မယ်။ တချို့ကတော့ ပြင်လာကြပြီ။ ကောင်းတယ်။

ပညာခန်းကို ပညာနဲ့ ဆွေးနွေးငြင်းခုန်တာက တိုးတက်ရှင်သန်စေပါတယ်။ စာအုပ်သစ်တွေပုံကို အားကျစရာဖြစ်အောင် တင်ကြတာ တွေ့ရတယ်။ သွားရည်ကျရမလား၊ မျက်ရည်ကျရမလား မပြောတတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၇
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး