Hoax News အရူးလုပ်မခံပါနဲ့

ကျွန်တော့်ဆီပို့ပေးတာ အနည်းဆုံး ၂ ယောက်ရှိတယ်။ ပဌမတခါ ခေါင်းစဉ်ကိုဖတ်တာနဲ့ ခိုင်မာမှုကိုစစ်မနေပါ၊ ပို့စ်လည်းမတင်ပါ။ အခုထပ်လာလို့ သတင်းစုံကို ဖတ်ရပါတယ်။ Emergency News: Radio 1 FM announced that Thai govt confirmed လို့ရေးတဲသတင်းကို ထိုင်းနိုင်ငံမှာ စည်သွပ်ဗူးတွေထဲမှာ HIV ပါတယ် စသဖြင့် အင်္ဂလိပ်လို ရေးထားတယ်။ ဖတ်ချင်မနေပါနဲ့။

http://www.snopes.com/hiv-in-canned-food-warning/ သတင်းကိုသာဖတ်ရင် ဟုတ်သလိုထင်တယ်။
http://www.hoax-slayer.com/canned-fruit-thailand-hiv-hoax.shtml ကိုဖတ်ရင် (အင်) ဆိုတာသိမယ်။

သတင်းကို ထိန့်လန့်ခြောက်ခြားအောင်လုပ်တာ ရာဇဝတ်မှုဖြစ်သင့်တယ်။ အဲလိုလုပ်တဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေး သတင်းတွေလည်း အရေးယူသင့်ပါတယ်။ အရင်ကလည်း အဲလိုသတင်းမျိုးတွေထွက်လို့ ရေးထာတာတွေရှိတယ်။

၎-၇-၂ဝ၁၂ နေ့က Frooti contains contaminated Blood of a worker who is suffering from HIV AIDS (ဖရုတီ) ဖျော်ရည်လုပ် စက်ရုံမှာ HIV AIDS ရောဂါခံစားနေရသူတယောကက်ရဲ့ သွေးပါနေတယ်ဆိုတဲ့သတင်းကို အိန္ဒိယနိုင်ငံ ဆိုရှယ်မီဒီယာမှာ ရေးတယ်။ အဲဒီခြောက်လှန့်သတင်းထဲမှာ ဒေလီရဲကနေသတိပေးချက်လည်း ထုတ်ထားတယ်လို့ အကိုးအကာပါ ထည့်ရေးထားသေးတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပြန့်သွားခဲ့ပါတယ်။ (မက်ဆေ့ခ်ျ) ထဲမှာ NDTV ကနေ ပြသသွားတယ်လို့ပါ ထည့်ထားသေးတယ်။ ဒီသတင်းကို ဖြစ်နိုင်သလောက် ရှယ်ကြပါလို့လည်း ဆိုထားသေးပါတယ်။

ဒေလီရဲကနေ အဲလိုထုတ်ပြန်ချက် ထုတ်မထားပါ။ HIV ပိုးဟာ အစားအသောက်ကနေဆင့် မကူးစက်ပါ။ HIV ပိုးပါနေတဲ့သွေးကို စားသုံးမိလို့ ရောဂါကူးစက်နိုင်ခြင်းမရှိပါ။ HIV ပိုးဟာ အပြင်မှာတာရှည်မရှင်နိုင်ပါ။ ပိုးပါနေတဲ့ သွေးဖြစ်ဖြစ် သုက်ရည်ဖြစ်ဖြစ်ဟာ ကိုယ်ထဲကနေ အပြင်ရောက်လို့ လေနဲ့ထိတွေ့တာ၊ ချက်ပြုပ်ကြော်လှော်တာ၊ အစာအိမ်ထဲရောက်သွားရင် အက်စစ်ဓ်ါနဲ့ထိတွေ့တာကြောင့် ဖျက်ဆီးခြင်းခံရမယ်။ ဒါကြောင့် အစားအသောက်ကနေ HIV မကူးစက်နိုင်တာဖြစ်တယ်။ ဒါကြောင့် (ဖရုတီ) ဖျော်ရည်ထဲမှာ HIV ပိုးပါနေတယ်ဆိုတာ ခြောက်လှန့်တဲ့သတင်းတခုသာ ဖြစ်တယ်။ အရင်ကလည်း HIV in Pepsi ပက်ဆီထဲမှာ HIV ပါနေတယ်လို့ သတင်းမှားထုတ်သလိုမျိုးသာဖြစ်တယ်။ ဘယ်ကိုမှ ရှယ်မလုပ်ပါနဲ့။

၁၉-၇-၂ဝ၁၂ နေ့က AIDS-Infected Needles AIDS ပိုးပါဆေးထိုးအပ်ဆိုတဲ့သတင်း အမေရိကားမှာထွက်ခဲ့တယ်။ ဥရောပကနေပျံသန်းလာတဲ့ ဒယ်လ်တာလေကြောင်းမှာ ကျွေးမွေးတဲ့ ကြက်ဆင်သား အသားညှပ်ပေါင်မုန့်ထဲမှာ ဆေးထိုးအပ်တွေ့တယ်လို့ ဆိုထားတယ်။ ခရီးသည်တယောက် ထိခိုက်မှုမကြီးအကျယ်ရပြီး ဆေးထိုးအပ်မှာ HIV ပိုး ပါနေသလားလို့ စိုးရိမ်နေရတယ်လို့ပါဆိုထားတယ်။ ခရီးသည်နာမည်က Jim Tonjes ဖြစ်တယ်။ သူ့ကို HIV ကာကွယ်ဖို့ရာ ART ဆေး ၂၈ ရက်ကြာသောက်ခိုင်းပါတယ်တဲ့။ ဒီသလိုဖြစ်အောင် အကြမ်းဖက်သမားတွေက လုပ်တာလားလို့ မေးကြပြန်တယ်တဲ့။

ဆေးထိုးအပ်မှာ HIV ပါနေပေမယ့် ပိုးဟာ အပြင်မှာ ကြာကြာမရှင်နိုင်လို့ ကြံစီမှုဟာ အောင်မြင်ဘို့မဖြစ်နိုင်ပါ။ လေယာဉ်ပေါ်မှာ ခရီးသယ်တွေကို မကျွေးခင် (မိုက်ခရိုဝေ့ဖ်) နဲ့ ပူအောင်လုပ်တော့ ပိုးပါနေလည်းသေပါမယ်။ လူတွေကို အဲလို သေကြောင်းကြံဖို့ တခြားထိရောက်တဲ့အဆိပ်တွေ အများကြီးရှိနေတယ်။

၈-၄-၂ဝ၁၄ နေ့တုံးက အချိန် ၃ မိနစ်လောက်ပေးပြီးဖတ်ပေးပါခင်ဗျားဆိုပြီး၊ HIV သတိပေးချက်ကို ဖေ့စ်ဘွတ်မှာ တွေ့ခဲ့တယ်။ ရုပ်ရှင်ရုံထိုင်မှာ ဆေးထိုးအပ်ထောင်ထားပြီး ခင်ဗျား HIV ပိုး အကိုက်ခံရပြီ၊ ကမ္ဘာ့ HIV မိသားစုမှ ကြိုဆိုပါတယ်စာတမ်းပါ ထားခဲ့တယ်လို့ရေးထားတာဖြစ်တယ်။ မဖြစ်နိုင်ကြောင်း ရှင်းလင်းခဲ့ရပါတယ်။

၁၆-၃-၂ဝ၁၅ နေ့က HIV-Infected Needles Are Being Found in Theater Seats-Fiction! ဆိုတဲ့နောက်သတင်းက ထွက်တာပါ။ တနေရာမှာ တမျိုးချဲ့ကားပြောတဲ့ (ဗားရှင်း) တွေလည်းရှိခဲ့တယ်။ သတင်းထဲမှာ အမျိုးသမီးတယောက် ရုပ်ရှင်သွားကြည့်တယ်။ ထိုင်ခုံမှာထိုင်ချလိုက်တာ တခုခုစူးတာ ခံရတယ်။ အမြန်ပြန်ထပြီးရှာတော့ ဆေးထိုးပိုက်နဲ့ အပ်တချောင်းတွေ့တယ်။ ဒါ့ပြင် သတိပေးစာတခုလည်း တွဲထားသေးတယ်။ ခင်ဗျားတော့ HIV ကူးပြီ။ ကျုပ်တို့ကမ္ဘာက ကြိုဆိုပါတယ်တဲ့။ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကနေ ရုပ်ရှင်ရုံတွေမှာ ဆေးထိုးအပ်ကို သတိပေးချက် ထုတ်ထားတယ်တဲ့။

Hoax အကြံအဖန်သတင်းပါပဲ။ ခုထိဘယ်ရုပ်ရှင်ရုံမှာမှ HIV ပိုးပါ ဆေးထိုးအပ်တွေ့တယ်ဆိုတာ မရှိပါ။ တချို့ ဗားရှင်းတွေမှာ ပိုက်ဆံထည့်သုံးရတဲ့ ဖုန်းစက်ကနေ ပြန်အမ်းတဲ့ (ကွိုင်) အကြွေစေ့မှာ ဆေးထိုးအပ်တွေ့တာ။ ပန်းခြံက အလွယ်ဝယ်ရစားသောက်ဆိုင်မှာ။ ဖလော်ရီဒါ၊ တက်ဆပ်စ် ဖျော်ရည်ဝယ်ရတဲ့စက်မှာ။ စပြီးဖြန့်တဲ့သတင်းမှာ ကနေဒါနိုင်ငံ မွန်ထရီရယ် ရုပ်ရှင်ရုံမှာတဲ့။

၁၈-၇-၂ဝ၁၅ ဆရာခင်ဗျား ဇဝေဇဝါဖြစ်အောင်ရေးထားတဲ့အတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင် အများသူငါ သိနိုင်ဖို့ ပို့စ်လေး ရေးပေးပါခင်ဗျာ။

ပေးတဲ့လင့်ခ်ကိုဖတ်တော့ နာနတ်သီးစားမိရာမှ AIDS ဖြစ်ခေါင်းစဉ်နဲ့ Myawady Health မှာတင်ထားတာဖြစ်ပါတယ်။
သတင်းပါအကြောင်းတွေကိုချုပ်ရင် အသက် ၁ဝ နှစ်အရွယ် ကောင်လေးတစ်ယောက်၊ နာနတ်သီးစိတ်ဝယ်စား၊ နောက် ၁၅ ရက်ကြာတဲ့အခါ နေမကောင်းဖြစ်၊ ဆေးစစ် HIV ရောဂါပိုးတွေ့ရှိ၊ နာနတ်သီးစားမိရာမှ HIV ကူးစက်ခဲ့။ လမ်းဘေး အစားအစာဝယ်စားတာ သတိထားတဲ့။

HIV ဆိုတာ (၁) လိင်ဆက်ဆံမှု။ (၂) ပိုးရှိမိခင်ကနေမွေးလာတဲ့ကလေး နဲ့ (၃) ဆေးထိုးအပ်ကနေသာ ကူးစက်နိုင်တယ်။ ပို့စ်မှာ ချက်ချင်းဆိုသလိုပဲ ဆေးရုံကနေ နာနတ်သီးရောင်းသူထံ အမြန်သွားခဲ့ကြပါတယ်လို့ ရေးထားတယ်။ အဲတာလည်း မထင်ပါ။ HIV တရားခံရှာတဲ့အလုပ်ကို ဆေးရုံက ဘယ်ဆရာဝန်ကိုမှ သွားကြည့်ဖို့ တာဝန်ပေးထားနိုင်တာမရှိပါ။ ကပ်ရောဂါလိုဖြစ်ရင်သာ ရောဂါကာကွယ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ဆောင်ရွက်ကြရပါတယ်။ AIDS ဝေဒနာရှင် နာနတ်သီးသည်လို့ ရေးထားတယ်။ HIV ပိုးတွေသူတိုင်းက AIDS မဟုတ်ပါ။ နာနတ်သီးစိတ်ဝယ်စားပြီးနောက် ၁၅ ရက် ကြာတဲ့အခါမှာတော့ နေမကောင်းစဖြစ်၊ ဆေးစစ်တော့ HIV တွေ့တယ်လို့ ဆိုထားတယ်။ HIV ကို သံသယဖြစ်စရာနဲ့ ကြုံပြီးနောက် ၃ လကြာမှသာ စစ်နိုင်ပါတယ်။ AIDS က နှစ်တွေကြာမှသာ ဖြစ်နိုင်တယ်။

သတိပေးတာကောင်းပါတယ်။ ခိုင်မာမှုကို အခြေပြုစေချင်ပါတယ်။ လူတွေကို အထိန်တလန့်မဖြစ်စေသင့်ပါ။ လူတွေကလည်း ရှယ်ကြတယ်။ ရှယ်တာကို ကုသိုလ်ရတယ်ထင်နေကြတယ်။ ယုံတဲ့လူတွေကယုံကြတယ်။ ကမ္ဘာကြီးမှာ အရူးလုပ်ရတာလွယ်တယ်။ ကျန်းမာရေးနဲ့ နိုင်ငံရေးမှာ အရူးလုပ်တာမခံကြရအောင် ကျွန်တော် စာတွေရေးနေတာပါ။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး