Periscope ပယ်ရီစကုပ်

မုံရွာက တူတယောက် ပန်းသီးပင်စိုက်ပြီး နယူတန်လက်သစ်လိုလို ရေးတယ်။

ကျွန်တော်တို့က တောလို့ပြောနိုင်တဲ့ကျောင်းမျိုးမှာသာ စာသင်ခဲ့ရတာ။ ခေတ်ကလည်း အတော်နောက်ကျသေးတယ်။ အလယ်တန်းရောက်တော့ အထွေထွေသိပ္ပံစသင်ရတယ်။ စိတ်ဝင်းစားတယ်။ တရက်တော့ အိမ်နောက်ဖေးမှာထိုင်ပြီး၊ ပယ်ရီစကုပ်လုပ်ဘို့ ကြိုးစားတာ၊ ၅ တန်း ကျောင်းသားဘဝမှာပေါ့။ မှန်ဝိုင်းလေး ၂ ချပ်ရှာ၊ အင်သားပြားတွေကို လေးဒေါင့်ပုံးလုပ်။ သံကိုဖြောင့်အောင်က မရိုက်တတ်။ လွှနဲ့လည်း ကောင်းကောင်းမဖြတ်တတ်။ အဲဒီတုန်းက မှန်ဝိုင်းလေးတချပ် ၁၅ ပြားပေးရတယ်။ တံဆိပ်ခေါင်းတန်ဖိုးနဲ့ အတူတူ။

သူငယ်ချင်းတွေနဲ့ စွပ်ကျယ်အင်္ကျီအနီမှာ လောကဓါတ်လို့ စာရိုက်ကြတယ်။ ခုနစ်တန်းရောက်တော့ ကျောင်းပွဲတော်က သိပ္ပံခန်းမှာ မီးတောင်နေရာ တာဝန်ယူရတယ်။ ရွံ့ရုပ်မီးတောင်လုပ်။ ထိပ်ဝမှာ နို့ဆီဗူးခွံ အဖြတ်လေးတပ်ထားတယ်။ ပိုတက်ဆီယမ်ပါမက်ဂနိတ် အမှုံ့တဇွန်းလောက်ထည့်ထားပြီး၊ လူတွေလာကြည့်ရင် အလှဆီလေးနည်းနည်း လောင်းထည့်ပြတော့ မီးခိုတွေအူပြီး မရမ်းရောင်မီးတောက်လာတယ်။ ပိုတက်ဆီယမ် ပါမက်ဂနိတ်ဆိုတာ အောက်စီဂျင်ထုတ်တဲ့ဓါတ်ပစ္စည်းတခုဖြစ်တယ်။ ဘရိတ်ဆီနဲ့ ရောရင်လည်း မီးတောက်စေတယ်။

ကျွန်တော်က သိပ္ပံကို စိတ်ဝင်စားခဲ့တာတော့ အမှန်။ ဖြစ်ဖြစ်မြောက်မြောက်က မတတ်။ ဆယ်တန်းရောက်တော့ သင်္ချာ-ဓါတု-ရူပ အတွဲသင်ပြီး၊ စိတ်ကြိုက်မြန်မာစာ စာအုပ်တွေ ယူဖတ်တယ်။ ပန်းချီကလည်း ဆွဲလိုက်သေး။ ဖြစ်လာတဲ့ အသက်မွေးမှုက ဆေး။ ဘေးထွက်ဆိုးကျိုးက နိုင်ငံရေး။

အခုတော့ မြန်မာပြည်ကို ပယ်ရီစကုပ်နဲ့ပဲ လှမ်းကြည့်နေရတယ်။ စီးနေတဲ့သင်္ဘောက ရေအောက်မှာသာရှိသေးတယ်။

http://depts.washington.edu/chem/facilserv/lecturedemo/GlycerolandKMnO4-UWDept.ofChemistry.html

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇
၇-၁-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး