Transport ဟိုသို့လာ သည်သို့သွားနှင့်

၁၈-၉-၂ဝ၁၄ နေ့ ဒေလီမှာနေရတဲ့ နောက်ဆုံးနေ့က မြို့ထဲကိုသွားခဲ့ရတယ်။ ကားလည်းမမောင်းချင်လို့ (အော်တို) ခေါ် သုံးဘီးကားနဲ့သွားပါတယ်။ ဒေလီကိုရောက်ကာစ လွန်ခဲ့တဲ့ ၂၄ နှစ်ကနဲ့ မတူတော့တာတွေကို ပြန်ပြီးဆင်ခြင်မိတယ်။ ကားတွေ ဓါတ်ဆီကနေ (စီအင်ဂျီ) ဓါတ်ငွေ့ ဖြစ်လာတာတယ်။ ခရီးသည်က ပေးရမယ့် ကားခပြမီတာရှိလာတာ ထူးခြားတယ်။ ကားအသွေးအရောင်နဲ့ ကားသမားတွေရဲ့ အကျင့်စရိုက်ကတော့ ၂၄ နှစ်ကြာလည်း မပြောင်းပါ။

လမ်းတွေကတော့ အတော်ကြီးကောင်းလာတယ်။ (ဖလိုင်းအိုဗာ) ခေါ်တဲ့ ဆင့်ထပ်လမ်းတွေ ရှိတာတယ်။ (မက်ထရို) ခေါ်တဲ့ အများသုံးရထားပို့ဆောင်ရေးစနစ်ရှိလာတယ်။ သစ်ပင်တွေလည်း ပိုပြီး စိုစိမ်းလာတယ်။ မြို့ရွာဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ဒေလီအစိုးရအပေါ်မှာ အများကြီးမူတည်တယ်။ ဗဟိုအစိုးရ မဟုတ်ပါ။ ဖက်ဒရယ်စနစ်ရဲ့ အားသာချက်တခုဖြစ်တယ်။

ဒေလီကိုရောက်ကာစနှစ်တွေမှာ သုံးဘီးကားမစီးနိုင်ပါ။ ခြေလျင်နဲ့ ဘတ်စ်ကားသာ အားကိုးရတယ်။ ဘတ်စ်ကားတွေက ဂိတ်စဂိတ်ဆုံးစီးမှ ၃ ရူးပီးသာပေးရတဲ့ခေတ်မှာ ရောက်ပါတယ်။ ဒိနောက်တော့ ၄ ကျပ်ကား၊ ၅ ကျပ်ကားတွေက မျက်စိရှေ့မှာတင်ပေါ်လာတယ်။ ဒေလီကိုရောက်ပြီး ၆ လလောက်နေတော့ ဟီးရိုးစက်ဘီးလေးတစီးဝယ်နိုင်လာတယ်။ အိန္ဒိယမှာ (စကူတာ) ခေါ်တဲ့ဆိုင်ကယ်က အလွန့်အလွန်ပေါ်ပြူလာဖြစ်တယ်။ အီတလီနဲ့ ဖက်စပ်ထုတ်တာပါ။ မြန်မာပြည်မှာ (ဆူပါကပ်) ဆိုင်ကယ်လေးတွေကို လူကြိုက်များတဲ့ခေတ်မှာ ထွက်ခဲ့ရတာမို့ အိန္ဒိယမှာရှိတဲ့ (စကူတာ) ကို အလကားပေးလည်း မစီးဘူးလို့ ပြောမိတယ်။ (ဆူပါကပ်) နဲ့ဆင်တဲ့ (စပိဒ်) ဆိုင်ကယ်လေးပေါ်လာတော့ ဝယ်ဖြစ်တယ်။

၂ဝဝ၂ ခုနှစ်၊ နှစ်ဆန်းတရက်နေ့က အဲဒီ ဆိုင်ကယ်နဲ့ မတော်တဆဖြစ်ရာကနေ ဘယ်ခြေထောက်ကျိုးပြီးနောက်မှာ ကားလေးတစီးဝယ်ရပါတော့တယ်။ မိသားစုက ဆိုင်ကယ်မစီးစေချင်ကြတော့လို့ပါ။ နိုင်ငံရေးလုပ်နေသူက ကားဝယ်တော့ အပြစ်ပြောခံရပါတယ်။ ကျွန်တော့်အရင် ကားဝယ်ပြီး စီးပွါးရှာနေသူတွေကိုတော့ ပြောကြမပြောကြ မသိပါ။

မြန်မာပြည်တုံးက ဆရာဝန်အလုပ်နဲ့ အသက်မွေးတာမို့ ကားလေးတစီးတော့ရှိပါတယ်။ အဲဒီကားနဲ့ပဲ ၁၉၉ဝ ရွေးကောက်ပွဲကာလမှာ လယ်ကန်သင်းတွေကိုဖြတ်ကျော်၊ တောင်ပေါ်တွေလည်းတက်ခဲ့တယ်။ နောက်ဆုံး မြန်မာပြည်ကနေထွက်ပြေးရတော့ ပုလဲကနေဂန့်ဂေါအထိ အငှားလိုက်ရဲတဲ့ကားမရှိလို့ ကိုယ့်ကားလေးနဲ့သာလာရတယ်။ ကျွန်တော်တို့ကိုပို့ပြီးနောက် ကားကိုချက်ချင်းရောင်းနိုင်လိုက်လို့သာ စစ်အစိုးရသိမ်းတာ မခံလိုက်ရပါ။ အဲဒီကား ရောင်းရငွေနဲ့ ဒေလီမှာ ကားတစီးဝယ်တာပါ။ အခုထွက်မလာခင် ပြန်ရောင်းတော့ ဝယ်ဈေးရဲ့ ၅ ပုံ၊ ၁ ပုံတောင်မှ မရတော့ပါ။ (ယူအက်စ်) ရောက်နေတာ ၂ နှစ်ကျော်ပြီ ကားဝယ်ဘို့ရာ စိတ်ကူးထဲမှာ မရှိပါ။

၉ တန်း မြန်မာစာမှာ ဦးကြင်ဥကဗျာတွေကို သင်ရတယ်။ ဟိုသို့လာ သည်သို့သွား၊ အငှားခန္ဓာမြောင်ရတယ်၊ ဆန်းခေါင်ထိမျိုးကို ခုထိအလွတ်ရသေးတယ်။

ဒေါက်တာတင့်ဆွေ
၇-၁-၂ဝ၁၇
ဓါတ်ပုံ = ပုလဲအိမ်မှာ သမီးနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာသုံးခဲ့တဲ့ကား

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး