Trojan War ထွိုင်မြို့ရောက် ဟယ်လင်

ငယ်ငယ်ကတည်းက ကြားဖူးတယ်။ အရွယ်ရလာတော့ ဘာသာပြန်ဖတ်ဖူးတယ်။ ကြီးလာတော့ ရုပ်ရှင်ကြည့်ရတယ်။ အခုတခါ အကိုးအကားစာတွေ ရှာဖတ်ဖြစ်ပါတယ်။

အရင်လည်းရေးဖူးပါတယ်။ ဘာသာပြန်တာတွေ၊ မြန်မာမှုပြုတာတွေ တချို့ကိုဖတ်ရတာအဆင်မပြေတဲ့အကြောင်း။ တချို့စာတွေဆိုရင် ဗုဒ္ဓဝင်ထဲကလိုလို၊ ငါးရာ့ငါးဆယ်ထဲကလိုလို၊ ပျူနဲ့ ပုဂံရာဇဝင်ထဲကလိုလို အထင်မှားစေတယ်။ အဲတာတွေမူရင်းက ဇာတကဝတ္ထုတွေ၊ အီစွပ်ပုံပြင်တွေ၊ တထောင့်တညပုံပြင်တွေထဲကနေယူထားတာ များတယ်။

တိုင်းတပါးစာတွေကို ဘာသာပြန်တာတွေမှာလည်း အမည်နာမတွေကို မြန်မာလိုမှည့်တယ်။ စာလုံးအဆင့်တွေ၊ ပါဠိတွေနဲ့ ရေးတယ်။ ဂန္တဝင်စာတွေကို တကမ္ဘာလုံးမှာ ဘာသာအမျိုးမျိုး ပြန်ဆိုကြတယ်။ ဂရိကဗျာဆရာကြီး ဟိုးမားရဲ့ (အိလိယဒ်) နဲ့ (အိုဒက်ဆေး) ကဗျာရှည်ကြီးထဲမှာပါတဲ့ ဒဏ္ဍာရီတွေကို မြန်မာပြန်ဆိုကြတယ်။ နည်းနည်းသာဖတ်ဖူးပါတယ်။ သဘောမတွေ့လှပါ။ ဆရာတွေကို ကန်တော့ပါတယ်။

ထရိုဂျင်စစ်ပွဲလည်း အဲဒီထဲကပါ။ ရှေးဟောင်း ဂရိကြေးခေတ်ကပုံပြင်ဖြစ်ပါတယ်။ ကနေ့ခေတ် တူရကီနိုင်ငံနယ်မြေထဲမှာ ဇာတ်အိမ်တည်ပါတယ်။ ရောမအင်ပါယာ (သြဂတ်စ်တပ်) က (အီလီယမ်) မှာနန်းစံတယ်။ (ဘိုင်ဇင်တိုင်း) ခေတ်အထိ ထင်ရှားခဲ့ပါတယ်။

ဂရိဒဏ္ဍာရီထဲမှာ ထရွိုင်မြို့က (ဟယ်လင်) ကဇာတ်လိုက်မင်းသမီးပါ။ ကမ္ဘာမှာအလှဆုံးလို့စာဖွဲ့တယ်။ အမှန်က (စပါတာ) မြို့သူပါ။ သူက (ဇီးယပ်စ်) နဲ့ (လီဒါ) တို့ရဲ့ အလွန်ချောမောလှပတဲ့သမီးဖြစ်တယ်။ (မင်နဲလီးယပ်စ်) နဲ့လက်ထပ်တဲ့အခါ (လာကိုးနီးယား) မိဖုရားဖြစ်လာတယ်။ ထရွိုင်မင်းသား (ပဲရစ်) ကနေ မိဖုရားချောကို သွားခိုးပြီး ထရွိုင်ကိုခေါ်လာတယ်။ အဲဒီမှာ ထရွိုင်စစ်ပွဲကြီးဖြစ်ပွားတော့တယ်။

ထွိုင်မြို့ကို (၉) နှစ်ကြာတိုက်ပေမယ့်မနိုင်လို့ ဂရိတွေကအကြံထုတ်ကြတယ်။ ဉာဏ်ဆင်ပြီး (ထရိုဂျန်) မြင်းရုပ်လုပ်တယ်။ အလွန်တရာကြီးမားလှတဲ့ ဧရာမသစ်သားမြင်းရုပ်ကြီးပါ။ အထဲမှာ လက်ရွေးစင်စစ်သားတွေကို ထည့်ထားခဲ့ပြီး ရွက်လွှင့်ပြီး အိမ်ပြန်ချင်ယောင်ဆောင်ကြတယ်။ ထရွိုင်မြိ့သားတွေက အရုပ်ကြီးကို မြို့ထဲသွင်းယူကြတယ်။ ညအချိန်ရောက်မှ စစ်သားတွေက မြင်းရုပ်ကြီးထဲကနေထွက်လာပြီး မြို့တံခါးဖွင့်ပေး၊ ပုန်းနေကြတဲ့စစ်သားတွေက မြို့ထဲဝင်လာကြပြီး၊ မြို့ကြီးကိုသိမ်းယူကြပါတော့တယ်။

မြန်မာပြည်မှာ ကော်ပီသီချင်းတွေပေါ်တာ အတော်ကိုကြာပါပြီ။ ကော်ပီပုံပြင်တွေ၊ ဝတ္ထုတွေ၊ ရုပ်ရှင်တွေလည်း များတယ်။ ရသနဲ့ သုတပေးနိုင်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ သူများဟာကို ကိုယ့်ဟာလို့ ထင်မှတ်မှားနေတာတွေကိုတော့ သိစေချင်တယ်။ ဟယ်လင်ကို ပျူမင်းသမီးလို့ ထင်မှာစိုးလို့ပါ။

ဒေါက်တာတင့်ဆွေ
၂-၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး