When I was very young ငယ်ငယ်လေးတုန်းက

ကျွန်တော်က ၅ နှစ်သားအထိ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာရွာမှာနေခဲ့ရပါတယ်။ ၃-၄ နှစ်သားအရွယ်မှာ တောင်ယမားချောင်းရေတွေ ရွာထဲအထိ ဝင်လာတယ်။ အမေ့ခြေတံရှည်မီးဖိုမှာ ကျွန်တော် ဆော့ကစားနေတဲ့ သစ်စေးသုတ်ပြည်တောင်း ရေထဲကျပြီး ပါသွားတာကို အမှတ်ရတယ်။

မင်းရွာအိမ်မှာ ကားကြီး ၂ စီးရှိတယ်။ မိဘတွေပိုင်တာတော့ ဟုတ်ပုံမရ။ ကားစက်နိုးတိုင်း အကိုကြီးနဲ့ ကျွန်တော်တို့က ဖက်ငိုကြတယ်လို့ လူကြီးတွေကပြန်ပြောလို့ သိရတယ်။ အဲတာကိုတော့ အမေကပြန်ပြောလို့သာသိတယ်။ မြို့ပြောင်းသွားပြီး ရွာကိုအလည်ပြန်တော့ ကားဖရိမ်တွေသာကျန်တာတော့တယ်။ နွားခြည်စရာဖြစ်နေပြီ။

အဖေမိဘတွေက ပုလိပ်ကပ်ထဲပါသွားကြတယ်။ အကြီးဆုံးအဖေက ၁၆ နှစ်သားမှာ အိမ်ထောင်ဦးစီးရတယ်။ နောင်တချိန်မှာ ပုလိပ်ရောဂါအကြောင်းသင်ရလိမ့်မယ်လို့ တစက်ကလေးမှ စိတ်မကူးမိခဲ့ပါ။

အဖေ့ညီအငယ်ဆုံး ပြောင်းရိုးငုတ်စူးတာ သွေးတွေနဲ့ရဲရဲနဲ့ မျက်စိထဲမြင်နေတယ်။ ကျွန်တော်က ကြက်ခြေနီမတတ်သေးပါ။ အဖေ့ညီတွေအကုန် ရဟန်းဝတ်ကြတယ်။ ခြေထောက်ဒဏ်ရာနဲ့ဦးလေးက စာတွေတတ်၊ ကျမ်းပြုဆရာတော်ဖြစ်ပြီးမှ ပျံလွန်တော်မူတာ မကြာသေးပါ။

မိဘတွေအိမ်မှာ သူပုန်တွေလာလည်း တည်းကြတယ်။ အစိုးရတပ်လာလည်း တည်းခိုကြတယ်။ သူပုန်တွေရဲ့ သေနတ်အတိုအရှည်တွေ စပါးကျည်မှာ ခြင်းတောင်းတွေနဲ့ထည့်ထားတာကိုလည်း အခုထိ မြင်ယောင်နေတယ်။

တညမှာ ဓါးပြတွေလာလို့ ခြံစည်းရိုးမှာ အဖေနဲ့အတူပုန်းခဲ့ရတာလည်း အမှတ်ရတယ်။ ကျွန်တော်က အတော်ကြီးမှ ပုဆိုးမြဲသတဲ့။ (ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၉-၁-၂ဝ၁၇
၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး