Bladder stones ဆီးအိမ်ကျောက်

ဆရာရှင့် ဆီးကျောက်တည်တာ အသက်စိုးရိမ်ရလားရှင့် အခု သားလေးက ဆီးသွားတာ ညှစ်ပြီးပေါက်ပါတယ်။ ထိပ်မှာလည်း ဖေါင်းဖေါင်းလေးဖြစ်တယ် အခုနက စမ်းကြည့်တော့ ထိပ်မှာမာမာအစေ့လေးစမ်းမိပါတယ်။ အာ့ ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီး ဖြေးပေးပါအုံးရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ကလေးအသက် မသိ။ အဲတာကို ထွက်အောင်လုပ်နိုင်ရင် ပျောက်မယ်။ အထဲ (ဆီးအိမ်) မှာ ရှိသေးလား စစ်ရမယ်။

ဟုတ်ကဲ့ရှင့် သား အခုမှ ၇ လထဲမှာပါရှင့်။ အချိန်နောက်ကျမှမေးရလို့ တောင်းပန်ပါတယ်ရှင့်။ သားလေးအတွက် စိတ်နေလို့ မနက်ဖြန်ထိမစောင့်နိုင်လို့ပါ။ အခုလို ပြန်ဖြေပေးလို့ ကျေးဇူးအရမ်းတင်ပါရှင့်။ အသက်ရှည်ကျန်းမာပါစေရှင့်။ စာရိုက်တာ လောသွားလို့ တောင်းပန်ပါတယ်ဆရာ။ ဆီးအိမ်မှာရှိရင် ဘာလုပ်ပေးလို့ရမှာလဲ သိချင်ပါတယ်ဆရာ။ သားလေးအတွက် အရမ်းစိတ်ပူနေလို့ပါဆရာ။

အဲလို ယူရီသရာ ခေါ် ဆီးထွက်ပြွန်မှာ ဆီးကျောက်စမ်းလို့ရတာမျိုးတွေ ရှိတယ်။ ကလေးမှာ အတော်နာမယ်။ ပန်းအဖျားကနေ ဖေါ့ဆက် ခေါ် ညှပ်နဲ့ ထုတ်ပေးလို့ရရင် ခွဲစရာမလိုဘူး။ ဆီးသွားပြွန်ကို ဒဏ်ရာရတာ နည်းအောင်တော့ သတိထားရမယ်။ ဒေလီဆေးခန်းလေးမှာ ၂-၃ ယောက်လုပ်ပေးခဲ့ရတယ်။

ကျွန်တော် မြို့သာတိုက်နယ်ဆေးရုံမှာ တာဝန်ကျစဉ်က ဆီးအိမ်ကျောက်တည်တဲ့ ကလေးတွေ အတော်များများ ခွဲပေးခဲ့ရဘူးတယ်။ အဲဒီခေတ်မှာ ဓါတ်မှန်ရိုက်ဘို့ မန္တလေးအထိသွားရမယ်။ မတတ်နိုင်သူတွေကများတယ်။ အာလ်ထွာဆောင်းက မပေါ်သေး။ ဆရာဝန်ကလည်း အတွေ့အကြုံကမရှိသေးပါ။ တတ်စွမ်းတဲ့ပညာလေးနဲ့သာ ရောဂါအမည်တပ်ပြီး ခွဲစိတ်ပေးခဲ့ရတယ်။ ဆောရီး။

ဆီးအိမ်ထဲမှာ ကျောက်တည်နေရသူ ခံစားရတာ မတူကြပါ။ တချို့က ရှိနေမှန်းမသိပဲ နှစ်တွေအကြာကြီးနေတယ်။ မြို့နယ်ဆရာဝန်ဖြစ်တော့ နယ်ချင်းကပ်တဲ့ မြို့နယ်ကဆရာဝန်မှာ ဘဲဥလောက်ကြီးမှ သိလို့ခွဲရတာမှတ်မိသေးတယ်။

တချို့မှာ ဆီးထဲပါသွားတယ်။ မသိလိုက်တာရော သတိထားထားမိတာပါရှိတယ်။ ဆီးစပ်နေရာ နာနိုင်တယ်။ ဆီးထွက်တဲ့ လိင်အင်္ဂါနာနိုင်တယ်။ ဆီးသွားရတာ အခက်အခဲရှိမယ်။ ဆီးခဏခဏသွားချင်၊ ဆီးပူ၊ ဆီးထဲသွေးပါ၊ ဆီး မကြည်ပဲ နောက်နေတာ အမျိုးမျိုးဖြစ်နိုင်တယ်။

ဆီးကျောက်ဘာလို့ဖြစ်သလဲ မရှင်းလှပါ။ ဆီးကုန်အောင်မသွာတာကနေ ခရစ်စတယ်လ်ခေါ် ပုံဆောင်ခဲလေးတွေ ဖြစ်လာနိုင်တယ်။ ဆီးလမ်းပိုးဝင်ရာကနေ ဆက်ဖြစ်နိုင်တယ်။ ဆီးကျိတ်ကြီးနေသူတွေ၊ ဆီးအိမ်အာရုံကြောရောရှိသူတွေ၊ ဆီးပိုက်ထည့်ရသူတွေ၊ အထက်မှာရှိတဲ့ ကျောက်ကပ်ကျောက်ရှိသူတွေမှာ ဆီးအမ်ကျောက်ဖြစ်လာနိုင်တယ်။

Calcium oxalate ကျောက်အများဆုံးဖြစ်တယ်။ Ammonium acid urate ကရှားတယ်။ Magnesium ammonium phosphate နဲ့ Uric acid stones လည်းနည်းတယ်။

ကလေးဆီးအိမ်ကျောက်က မဖွံဖျြိုးသေးတဲ့တိုင်းပြည်တွေမှာ ပိုများတယ်။ မိန်ကလေးတွေထက် ယောက်ျားလေးတွေမှာ သိသိသာသာများတယ်။ ကျွန်တော် မိန်းကလေးတွေကို ခွဲမပေးရဘူးပါ။ မြန်မာပြည်ကဆေးသုတေသန မတွေ့ဘူးသေးပါ။ အရပ်ဒေသတခုမှာ ဘာလို့ပိုဖြစ်သလဲ စဉ်းစားရမယ်။ ရေကြောင့်လား။

ကုသနည်းမှာ ခွဲစိတ်ရတယ်။ နောက်ပိုင်းမှာ Cystolitholapaxy ခေါ် ကျောက်ကို သေးသေးလေးတွေဖြစ်အောင် ချေနည်းရှိတယ်။ ဆီးထဲပါသွားစေမယ်။ ဟာဗယ်နည်းနဲ့ ကျောက်ကျေဆေးတွေ ဘယ်နည်းကမှ ဆေးသုတေသန မပြည့်စုံပါ။ ရေ-အရည် များများသောက်တာ ကောင်းတယ်။

တောနယ်မှာ ဆီးအိမ်ကျောက်ကိုသရာတာ ကျွန်တော်တော့ ပျော်တယ်။ ဖြစ်ကြောင်းကုန်စင်ပြောတာ နားထောင်ပြီး ဆီးအိမ်ကျောက်လို့ ခန့်မှန်းရတာ ၁ဝ ယောက်မှာ ၉ ယောက်မှန်တယ်။ အဲဒီခေတ်မှာရနိုင်တဲ့ ကေဒတ်စ် ရဲ့ ခွဲစိတ်ပညာစာအုပ်သာ အားထားစရာရှိပါတယ်။

ကလေးကို မေ့ဆေးပေး။ အနေတော်ဆီးပိုက်ထည့်။ အဲတာကလည်း ရှားသေးတာ။ ဘူပေါင်းလေးပါတဲ့ ဖေါလိစ် ကသီတာက မရှိလို့ ပန်းတံလေးကို ပတ်တီးစနဲ့ခြည်ပြီး ကျွတ်မထွက်အောင်လုပ်ရတယ်။ ပြီးရင် ဆေးဝါရည်ရောထားတဲ့ ပွက်ပြီးသား အနေတော်ရေနွေးကို ဆီးပိုက်ကနေ သွင်းထည့်ရတယ်။ ဆီးစပ်မှာ ဆီးအိမ်ဖေါင်းတင်းလာတဲ့အထိ။ အဲတော့မှ ဆီးစပ်ကို ခွဲရတယ်။ ဖေါင်းနေတဲ့ဆီးအိမ်ဖြစ်လို့ ခွဲတာက ဗိုက်ခေါင်းထဲမရောက်ပါ။ ဆီးအိမ်နံရံကို မြင်သာအောင် ရှင်းလင်းရတယ်။ ပြီးတာနဲ့ အပ်ခြည်နှစ်ပင်ပူးနဲ့ ဆီးအိမ်ကိုဖွင့်မယ့် ဓါးချက်နေရာ တဖက်စီမှာ ဆွဲကိုင်စရာ လုပ်ရတယ်။ လက်ညှိုးတချောင်းစာ ဆီးအိမ်ကို ဖွင့်တယ်။ စောစောထည့်ထားတဲ့ ဆေးဝါရည်ပါရေတွေ ပန်းထွက်လာမယ်။ ရှင်းလင်းပေးတယ်။ ပြီးတာနဲ့ လက်ညှိုးကို ဆီးအိမ်ထဲထည့်ပြီး လိုက်ရှာတာ စိတ်လှုပ်ရှားစရာအင်မတန်ကောင်းတယ်။ ရတနာသိုက်ဖွင့်ရသလိုပဲ။ အခုတောင် လက်ညှိုးထပ်က ယားလာသလို။

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး