Facts not fiction အဖြစ်အပျက် ဘာအတွက်ရေးသလဲ

နိုင်ငံရေးသမိုင်းနောက်ခံတွေ ဖြည့်စွတ်ပြီး အတ္ထုပ္ပတ္တိကောင်းတအုပ်တော့ ပြုစုပေးထားပါဆရာ။ နောက်လူတွေအတွက် အကျိုးရှိအောင်။ ဒီလိုအကြံမျိုး မကြာမကြာရပါတယ်။ ကျေးဇူး။

မကြာသေးခင်ကလည်း မီဒီယာကမိတ်ဆွေတဦးက NCGUB အကြောင်းရေးဖို့ တိုက်တွန်းပါတယ်။ စင်ပြိုင်အစိုးရ မဖွဲ့ခင်ကအကြောင်းတွေကို ကျွန်တော်က ဝန်ကြီးချုပ်ထက်ပိုသိတယ်လို့တောင် ကြွားဝါနိုင်ပါတယ်။

ကိုယ်ရေးအကြောင်းကို စာတတန်ပေတဖွဲ့ မရေးချင်ပါ။ ကျွန်တော့်ဘဝတဝက်က နိုင်ငံရေး။ နှစ်အစိတ်ကျော်ပြီပေါ့။ နိုင်ငံရေးထဲမှာ လိုသူရှိတယ်။ မလိုသူရှိတယ်။ ရန်လုပ်သူရှိတယ်။ သတ်ပြစ်ချင်သူရှိတယ်။ စစ်အစိုးရကနေ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ လိုအပ်ရင်ထောင်ထဲမှာသတ်ပြစ်တာ မဆန်းပါ။ ဆန်းတာကတော့ အခေါ်အဝေါ်မှာ လုပ်ဖေါ် ကိုင်ဖက်၊ လက်တွဲလုပ်နေသူတွေကနေ အဲလိုလုပ်ကြတာတွေ ကျွန်တော့်ဇာတ်ကြောင်းထဲမှာပါတယ်။

အကျဉ်းသဘော နည်းနည်းရေးတာကိုတော့ ဂျာနယ် ၂ ခုက ပုံနှိပ်ဖေါ်ပြဘူးတယ်။ အဲတာကလည်း အမှတ်မထင် ရေးမိတာလို့ အခုပြန်စဉ်းစားမိပါတယ်။ ပြည်တွင်းမှာလုပ်ခဲ့တာတွေထဲမှာ ထုတ်မပြောချင်တာတွေပါရှိတယ်။ စင်ပြိုင်အစိုးရဖွဲ့ဘို့ လှို့ဝှက် လုပ်ခဲ့ကိုင်ခဲ့တာတွေနဲ့ ကျွန်တော်တို့မိသားစုကို ကူညီခဲ့သူတွေပါတဲ့ အဖြစ်အပျက်တွေကို ဘယ်တော့မှ ထုတ်ရေးမှာမဟုတ်ပါ။ ကျွန်တော့်ဇနီးရဲ့ လက်သုံးစကားက လူသာဆွေးတယ် အမှုကမဆွေးဘူးတဲ့။ အခုထိ အားမွေးနေတဲ့ စစ်အုပ်စုဟာ ယုံရတာမဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ဟာ အလွန်မှန်ကန်တယ်။

ပြည်ပမှာလုပ်ရတာတွေထဲမှာ ထုတ်မရေးချင်တာတွေက များတယ်။ ကိုယ်ကတော့ မှန်တယ်လို့ယူဆပေမယ့် တခြားသူက မှားတယ်လို့မှတ်ယူတတ်တယ်။ အစည်းအဝေးတွေမှာ အပြန်အလှန် ငြင်းခုန်ကြတယ်။ မကြိုက်ရင် ဆန့်ကျင်မဲပေးမယ်။ ဖြစ်နိုင်ရင် ဖြုတ်ချကြတယ်။ ကျွန်တော်လည်း ဖြုတ်ချတာခံရဘူးတယ်။ သူတို့လုပ်တာ နည်းလမ်းကျကျ မကျကျ စာထုတ်ခံရတဲ့အချက်က မှန်တယ်။

အဲလိုဟာတွေကို ပြန်ရေးရတာက့ ခြောက်ရေနှူးသလိုဖြစ်တယ် (ကန်တော့ပါ)။ တချို့အချက်အလက်တွေ ထည့်ရေးပြန်ရင် အနာရှိသူတွေအပေါ် တုတ်ကျသလိုနေမယ်။ တခုရေးရင် တချက်ကျမှာမျိုး။ အကျိုးရှိတော့မှာ မဟုတ်ပါ။ သူတို့အနာက နာတာရှည်။ မပျောက်နိုင်တာမျိုး။ နိုင်ငံရေးနှင်းကူနာခေါ်တယ်။

စာရေးတာ ကိုယ်ရည်သွေးစရာမရှိပါ။ ခံရတာတွေကများလို့။ နောက်ကြောင်းတွေရေးတာကို သမိုင်းလို့ပြောကြတယ်။ အဆုံးအမကောင်းတခုက မအအောင်လို့ သမိုင်းသင်ရတယ်တဲ့။ ကျွန်တော်ရေးတာတွေကတော့ သမိုင်းရယ်လို့ တန်းမဝင်ပါ။ ဖတ်တဲ့သူတွေ အလိမ်မခံရအောင်ရည်ရွယ်ပြီး ရေးပါတယ်။ စစ်အစိုးရလုပ်ထားတဲ့ အမည်မည်းစာရင်း ထဲကတော့ ထွက်ရပါပြီ။ လိမ်တဲ့သူတွေစာရင်းဆိုတာ ဖျက်ပေးလို့မရပါ။

ဆေးပညာစာတွေမှာ Myth and Facts အထင်မှားနဲ့ အရှိတရားကို ခွဲခြားရေးပါတယ်။ နိုင်ငံရေးမှာ Facts and Fiction အချက်အလက်မှန်နဲ့ ကြံစည်မှုကိုခွဲရေးပါတယ်။ ဆရာဝန်လည်းဖြစ်တဲ့ကျွန်တော်က ဖတ်ကောင်းအောင်ရေးတာမျိုး မရေးချင်ပါ။ ဆေးပညာကိုတော့ ပညာပေးရေးပါတယ်။ နိုင်ငံရေးမှာ ပညာပေးစာ မရေးချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၅
၂၆-၄-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး