Polygamy and Health (2) မယား များများယူရင် (၂)

(ကန်တော့ပါ)

အရင်ကတော့ မွတ်ဆလင်တိုင်းပြည်တွေမှာ ဘာသာရေးဓလေ့ထုံးစံတွေကြောင့် HIV/AIDS ရောဂါ ကာကွယ်မှု ရစေတယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ယောက်ျားလေးမှန်သမျှ ပန်းအဖျားလှီးဖြတ်စေတာမျိုးဟာ HIV/AIDS ကို ကာကွယ်နိုင်တယ်လို့ သုတေသနတချို့က ထောက်ခံတယ်။ WHO တောင်ပါတယ်။ ကျွန်တော့်အမြင်က မဆိုင်ဘူးလို့ ယူဆတယ်။ သုတေသနလုပ်တာတွေ နည်းသေးတယ်။ ရလဒ်တွေဖတ်တာ အချိန်သိပ်စောသေးတယ်လို့ ထင်ပါတယ်။ ကျန်းမာရေးမှာ နိုင်ငံရေးတွေ သိပ်များနေသလား သံသယရှိတယ်။ HIV/AIDS ရောဂါကို ထိရောက်တဲ့ တခြားနည်းသုံးပြီး ကာကွယ်စေဘို့ မလိုတော့ဘူး ထင်သွားစေနိုင်တယ်။

မွတ်ဆလင်နိုင်ငံတွေမှာ အိမ်ထောင်မပြုခင် လိင်ဆက်ဆံတာ၊ အိမ်ထောင်ရေး ဖေါက်ပြားတာ၊ ကိုယ်ခန္ဓာရောင်းစားတာ၊ လိင်တူနဲ့ မူးယစ်ဆေးထိုးတာတွေ နည်းပါးတယ်။ အဲတာတွေက ကောင်းတယ်။ ဒါပေမဲ့ တချို့ ဘာသာရေးအခြေခံ ခေါင်းဆောင်တွေက HIV/AIDS ဆီမီနာလုပ်တာကို သပိတ်မှောက်ကြတယ်။ ၁၉၉၅ မှာ အင်ဒိုနီးရှား Council of Ulemas ဘာသာရေးကောင်စီက ကွန်ဒွမ်ကို လက်ထပ်လင်မယားတွေကိုသာ ဆရာဝန်လက်မှတ်နဲ့ ရောင်းရမယ်လို့ လုပ်ခဲ့တယ်။ အိမ်ထောင်မဟုတ်ဘဲ လိင်ဆက်ဆံတာကို ဘာသာရေးတင်းကြပ်မှုနဲ့ တားနိုင်တယ်လို့ ယူဆတာမို့ လုပ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ မွတ်ဆလင်ဦးရေ ၁့၃ ဘီလျန်ရှိတယ်။ ဒါပေမဲ့ HIV/AIDS ရောဂါနဲ့ပတ်သက်ရင် ဆွေးနွေးကြတာနည်းတယ်။ စာရင်းဇယားရတာက မလုံလောက်ဘူး။ ရတာတွေကလည်း မယုံလောက်ဘူး။ UNAIDS ကနေ ခန့်မှန်းတာက မြောက်ပိုင်း အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနဲ့ မွတ်ဆလင်များရာ အာရှဒေသတွေမှာ HIV ရှိသူ လူ ၁ သန်းရှိနိုင်တယ်။ ဒါတောင် အာဖကန်နစ္စတန်၊ တူရကီနဲ့ ဆိုမာလီမှာ စာရင်းဇယားမရှိကြဘူး။ စမ်းသပ်မှုနှုန်းလဲ နည်းလွန်းတယ်။ နောက်ဆုံးရ UNAIDS update တွေမှာ မွတ်ဆလင်နိုင်ငံတွေကနေ စာရင်းမရတာ ဆက်တွေ့နေရသေးတယ်။ ဘယ်သာသာယူတဲ့ ဘယ်ဒေသတွေမှာဖြစ်ဖြစ် HIV/AIDS တိုက်ဖျက်ရေးဆိုတာ အမျိုးသမီး အများစုနဲ့ သိပ်ဆိုင်နေတယ်။ အမျိုးသမီး အခွင့်အရေး နိမ့်ကျနေရင် ရောဂါတိုက်ဖျက်ရေး မအောင်မြင်နိုင်ဘူး။ မိန်းမက ယောက်ျားကို ဘာမှအတွန့် မတက်ရတဲ့ ဘာသာရေး-လူမှုရေး အလေ့အထတွေကလဲ အဟန့်အတား ဖြစ်စေတယ်။ မွတ်ဆလင်ဦးရေထူထပ်တဲ့ ဆာဟာရ အောက်ပိုင်းဒေသတွေမှာ ဘာသာရေးကနေ ရောဂါကို တားမရတာ၊ HIV/AIDS အန္ကရာယ်ရှိနေတာ တွေ့နေရပြီ။ နိုက်ဂျီးရီယား မှာ ၆-၁ဝ%၊ အီသီယိုပီးယားမှာ ၁ဝ-၁၈% HIV-positive ဖြစ်နေကြတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ ရောဂါက ကပ်ရောဂါလို ဖြစ်လာနေတာတောင်မှ ပေါ်လစီချသူတွေက လိင်မဆက်ဆံဘဲနေကြဘို့၊ မူးယစ်ဆေးဝါး မသုံးကြဘို့နဲ့ တရားမဝင်မဆက်ဆံဘို့ကိုသာ အာရုံစိုက်နေကြသေးတယ်။ ၂ဝဝ၅ လောက်ကဆိုရင် မွတ်ဆလင် တချို့နေရာတွေမှာ ၆ဝ% HIV ပိုးရှိနေတယ်။ ပိုးတွေ့ပြီး တနှစ်နေရင် သေဆုံးသွားတယ်။ မွတ်ဆလင်တွေနေတဲ့ ဖိလစ်ပိုင် နဲ့ မော်ရိုကိုတွေမှာလဲ ပြဿနာ မသေးဘူး။

ခုနောက်ပိုင်းမှာ အီရန်လိုနိုင်ငံမှာတောင် ပညာပေးတာတွေ ရှိလာတယ်။ ဟောပြောတာတွေ လုပ်နိုင်လာတယ်။ အရင်က အီရန်မှာ ပိုးတွေ့ရင် အလုပ်ကထုတ်ပြစ်ခဲ့တယ်။ ဆေးရုံတွေမှာ ဆရာဝန်တွေက ဆေးကုမပေးဖို့ ငြင်းဆိုခွင့်ရှိခဲ့တယ်။ အခု တိုက်ဖျက်ရေးကို တရားဝင်လုပ်လာတယ်။ မလုပ်လို့လဲ မရတော့ဘူး။ လိင်နဲ့ အသက်မွေး မိန်းမပေါင်း ၃ သောင်း ကနေ ၃ သိန်းရှိမယ်။ ဘယ်လောက်များများ ပိုးရှိနေတယ်ဆိုတာ အစိုးရလဲ မသိဘူး။

၁၂-၇-၂ဝ၁ဝ သတင်းတပုဒ်အရ ကင်ညာနိုင်ငံမှာ မယားအများယူလို့ HIV ဖြစ်တာ ပိုများတယ်လို့ ပါရှိခဲ့တယ်။ သူတို့ဆီမှာ အိမ်ထောင်ကျမိန်းမ ၁ဝဝ မှာ ၁၃ ယောက်ဟာ မိန်းမတယောက်မကယူထားတဲ့ ယောက်ျားတွေနဲ့ ရနေသူတွေ ဖြစ်ကြတယ်။ ဒါတောင် ၂ဝဝ၃ တုံးက ၁၆ ယောက်ရှိရာကနေ လျှော့လာတာပါ။ ဒီ မယားအများအပြားယူတဲ့ အလေ့အကျင့်ကနေ HIV/AIDS ဖြစ်တာပိုများစေတယ်လို့ ပညာရှင်တွေက ယူဆကြတယ်။

ဆွာဇီလန်နိုင်ငံမှာလဲ Polygamy မိန်းမများတာ နဲ့ Promiscuity လိင်ဆက်ဆံအဖေါ် အများကြီးရှိသူတွေကြောင့် HIV/AIDS ဖြစ်ရတယ်လို့ ယူဆနိုင်တယ်။ ဆွာဇီလန် သက်ဦးဆံပိုင်ဘုရင်ကြီး King Mswati III မှာ ဒီစာရေးစဉ်က မိဖုရား ၁၃ ယောက်နဲ့ အခု (၁၅) ယောက်ရှိတယ်။ သူ့တိုင်းပြည်မှာ HIV ၄ဝ% နီးနီး ကူးစက်နေတယ်။

ဒီမိုကရေစီမကျတဲ့ အစိုးရတွေက HIV/AIDS ရောဂါ ကာကွယ်ရေးနဲ့ ကုသရေး လုပ်တာတွေမှာ အဟန့်အတား လုပ်တတ်ကြတယ်။ ပုပ်ရဟန်းမင်းကြီးက ကွန်ဒွမ်ကို လက်ခံတာ သိပ်မကြာသေးဘူး။ ၂ဝ၁ဝ မေလထဲ ရောက်မှ တံခါးဖွင့်ပေးခဲ့တယ်။

လက်ထပ်မယားများတာ၊ မုဆိုးမကိုယူလိုက်တာ၊ ဆက်ဆံဘက် မိန်းမများတာ၊ လက်မထပ်ဘဲ ဆက်ဆံတာတွေဟာ အသိုင်းအဝိုင်းကို အထောက်အကူ ရစေမယ်လို့ ထင်မှတ် လက်ခံခဲ့ကြတယ်။ အခု အဲဒါမျိုးတွေက HIV/AIDS ပြန့်စေဘို့ ဖြစ်တယ်ဆိုတာ သိလာရတယ်။ UNDP report အစီရင်ခံစာအရ လိင်ဆက်ဆံဘက်များတာ၊ ငယ်ငယ်လေးနဲ့ အပျိုရည်ပျက်တာ၊ အရွယ်သိပ်ကွာသူချင်းဆက်ဆံတာ၊ ကွန်ဒွမ်ကို စနစ်တကျမသုံးတာတွေကြောင့် HIV/AIDS ပိုဖြစ်စေတယ်။ လိင်ခွဲခြား ဆက်ဆံတာ၊ လိင်အကြမ်းဖက်တာ၊ လိင်ကတဆင့် ကူးစက်ရောဂါ အဖြစ်များတာ၊ ပန်းငုံတာကို မဖြတ်ဘဲ နေတာတွေနဲ့ ယဉ်ကျေးမှုတွေကြောင့်လဲ ရောဂါကူးစေဘို့ အားပေးရာကျတယ်။

ဘယ်လိုလုပ်သင့်လဲဆိုတာအတွက် ထိုင်းနိုင်ငံနဲ့ တောင်အာဖရိကကို ယှဉ်ကြည့်ရင် သိသာတာတွေ့ရမယ်။ ၁၉၉ဝ ကျော်လောက်က နှစ်နိုင်ငံလုံးမှာ HIV ၂-၃% ဖြစ်နေခဲ့တယ်။ ထိုင်းမှာ ကာကွယ်ရေးကို အပြင်းအထန်ကြိုးစားလုပ်တယ်။ ဖြစ်နှုန်း တိုးမလာတော့ဘူး။ တောင်အာဖရိက မှာတော့ အဲလို မလုပ်လို့ ၂၅% ပိုးတွေ့နေတယ်။ ဒါ့ကြောင့် မွတ်ဆလင် နိုင်ငံတွေကို HIV နှိမ်နင်းချင်ရင် ဒီဥပမာ ၂ ခုကို ယူနိုင်တယ်။ မယားများရင် ရောဂါလည်းများမယ်။ ရောဂါတိုင်းကို ဘုရားကု ကုဘို့ မကြိုးစားသင့်ပါ။

Dr. တင့်ဆွေ
၂၄-၅-၂ဝ၁၇
၁၉-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး