Spasmo Proxyvon စွဲတဲ့ဆေးတမျိုး

၂၅-၅-၂ဝ၁၃ နောင်ပိုအောင်ကျေးရွာ မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးနှင့် ဆေးစွဲလူငယ်များဆေးဖြတ် သတင်းကိုကြည့်တော့ ရာဘဆေးပြားနဲ့ အပြောရောင် ဆေးတောင့်ပုံကိုပါ တွေ့ရလို့ ဒီစာလေးရေးပါတယ်။ အပြာရောင်ဆေးကပ်ဟာ Spasmo Proxyvon စပတ်စ်မို ပရောက်စီဗွန် ဆေးဖြစ်ပါတယ်။

• ဆေးတပြား-တတောင့်မှာ Dicyclomine hydrochloride 10 mg + Acetaminophen 400 mg နဲ့ Proproxyphene napsylate 100 mg ပါတယ်။
• Antispasmodics အတွင်းအင်္ဂါတွေ ညှစ်လို့ ရစ်ရစ်ပြီး နာတာကို သက်သာစေတဲ့ဆေးအမျိုးအစားဖြစ်တယ်။ အများအားဖြင့် အစာလမ်းက အူကနေတာစေတာကို သက်သာစေမယ်။
• Dicyloverine ပါပြီး ဒါကို Synthetic anticholinergic လို့ခေါ်တယ်။ ကြွက်သားတွေမှာရှိတဲ့ အာရုံကြောတွေကို သက်ရောက်စေရာကနေ နာတာကိုသက်သာစေတယ်။

ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေက မဆိုးလှပါ။ ပျို့ချင်တာ၊ အာခေါင်ခြောက်တာဖြစ်နိုင်တယ်။ တချို့မှာ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်။ ပေးရမဲ့ဆေးအဆထက်များရင် စိတ်လှုတ်ရှားမှုတိုးလာမယ်၊ သူများမမြင်မကြားတာတွေ မြင်ကြားလာမယ်။ စိတ်ကယောင်ခြောက်ခြားဖြစ်မယ်။ ဒီသတ္တိအတွက် မူးယစ်ဆေးသဘော သုံးနေကြတာဖြစ်တယ်။ ဆေးစွဲစေမယ်။ ကျန်းမာရေးနောက်ဆက်တွဲတွေလာဖြစ်မယ်။ ကလေးနို့တိုက်နေသူတွေ မသုံးရဘူး။ ကိုယ်ဝန်မှာသုံးလို့ အထဲကကလေးမှာ ဘာဖြစ်မလဲ တိတိကျကျတော့ ပြောမရသေးဘူး။ ကိုယ်ဝန်နုချိန်ဆိုရင်တော့ ပိုတိုးနိုင်တယ်။ ကားမောင်နေတုံး မသောက်သင့်ဘူး။ အစာလမ်းကြောင်း ပိတ်နေသူတွေ သောက်မိရင် ပိုဆိုးမယ်။ ကိုယ်အလေးချိန်နဲ့ချိန်ဆပေမဲ့ အသက်ငယ်လွန်းတဲ့ကလေး (၆ လအောက်) မပေးရပါ။ Hyperthyroidism လည်ပင်းကြီးရောဂါ၊ Hypertension သွေးတိုးရောဂါ၊ Urinary retention ဆီးမသွားနိုင်သူ၊ Renal or Heart failure ကျောက်ကပ်-နှလုံး မကောင်းသူတွေဆိုရင် သတိထားပေးရမယ်။

ဆရာဝန်ဆရာမတွေထက် ဆေးထိုးကျွမ်းကျင်သူတွေဟာ မူးယစ်ဆေးစွဲသူတွေဖြစ်တယ်။ တလောက ဆေးခန်းလေးကို ဒူးကောက်ကွေးနေရာမှာ အနာတွေဖြစ်လို့ လာပြတဲ့ လူရွယ်တယောက်ကို သောကတွေ ဒုက္ခတွေ မျိုသိပ်ထားရမှန်း အကဲခတ်လို့ရတဲ့ မိခင်ကနေခေါ်လာပါတယ်။ ပွင့်ပွင့်လင်းလင်းလဲ ဆရာမကနေတဆင့်ပြောပါတယ်။ Spasmo Proxyvon ဆေးကို ရေနဲ့ဖျော်ပြီး သွေးကြောထဲထိုးရာကနေ မပျောက်နိုင်တဲ့အနာတွေလို့ သိရပါတယ်။

ဒီဆေးကို တနေ့မှာ ၂-၄ တောင့်သောက်ရင် ဘာဖြစ်လာမလဲ ဆေးစွဲသူတေယောက်ရဲ့အဖြေ
• ၂-၃ တောင့်သောက်တာနဲ့ အစမှာ High (ဟိုင်း) ဖြစ်နေတာ မသိသာသေးပါ။
• ၃-၄ တောင့်သောက်လိုက်ရင် ၁၅-၃ဝ မိနစ် အကြာမှာ ဖြစ်လာပြီး Euphoric ဘာမဆို အကောင်းချည်းသာ ထင်မြင်လာတယ်။
• ဘာတခုမှ ဂရုမစိုက်တော့ဘူး။ အရင်က မလုပ်ဘူးတာတွေ လျှောက်လုပ်လာတယ်။ သီချင်းစပ်၊ ကဗျာရေး၊ စာရေး၊ ပန်းချီရေး ထူးတာတွေ လုပ်လာမယ်။ နာရီတွေကြာလာတော့ ဒုံရင်းပြန်ရောက်မယ်။
• နောက်ထပ်လုပ်ချင်စိတ်ရှိလာမယ်။ ဆေးရအောင်ရှာမယ်။ ဆက်မယ်။ ဖြစ်တာပျက်တာတွေထပ်လာမယ်။ ကြာတော့ ဆေးတိုးချင်လာမယ်။ ဒါကိုဘဲ တမ်းတလာမယ်။ စွဲလာမယ်။
• ဖြတ်ချင်စိတ်ပေါ်လာလဲ ကိုယ့်စိတ်ကို မနိုင်တော့ဘူး။ ဆေးမရရင် စိတ်ဓါတ်ကျလာမယ်။ အိပ်မရ၊ စားမဝင်ဖြစ်လာမယ်။ အရိုးထဲကအထိကိုက်ခဲလာတယ်။
• ဆေးမရရအောင်လုပ်မယ်။ တောင်းမယ်၊ ခိုးမယ်၊ လုမယ်။ လူမှုရေးမှန်သမျှ အားလုံးထိခိုက်ပျက်စီးလာတယ်။ ဒီဆေးသာလျှင် ကိုယ့်သခင်၊ ဒီဆေးသည်သာ ကိုယ့်ဘုရားလို့ ထင်လာတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၃
၂၈-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး