Vintage ရှေးသုံး

ဟာကြူလီနဲ့ ရယ်လေး ဘယ်ဘီးကပိုကောင်းလဲ မေးလို့ ဖြေလိုက်တယ်။ Raleigh ရာလေး ပိုကောင်း။

ခေတ်လူတွေ Humber bicycle ဟမ်းဘားစက်ဘီး၊ Raleigh bicycle ရာလေးစက်ဘီး၊ Hercules bicycle ဟာကျူလီ စက်ဘီး စတဲ့ အဲဒီအမည်တွကို သိကြတော့မယ်မထင်ပါ။ 

ရှိသေးတယ်။ Parker pen ပတ်ကားဖေါင်တိန်။ ပုလဲကဆရာတော်က ပတ်ကားဖေါင်တိန်လိုချင်ကြောင်း စာရေးလို့ ဝယ်ပြီး၊ လူကြုံမှာအပ်ထားလိုက်တယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက ပတ်ကားဖေါင်တိန်က နာမည်ကြီးတယ်။ အခုထိ ကောင်းတယ်။ Parker Pen Company ပတ်ကားပင်ကုမ္ပဏီကို ၁၈၈၈ ကတည်းက ယူအက်စ်အေ ဝစ်ကောင်ဆင်မှာ ဖွင့်ခဲ့တာ။ သီပေါမင်း ပါတော်မူပြီးနောက် ၃ နှစ်။



ကျွန်တော်တို့ကျောင်းသားတွေ တိုင်းတာတဲ့နိုင်ငံရေးက ဂရိတ်ဝေါလ် မကောင်း။ ခွေးမြီးတိုကောင်း၏။

ရှိသေးတယ်။ ကုလားမခြင်းဆွဲနို့ဆီ။ ကျွန်တော်တို့ငယ်စဉ်ကတည်းက မြန်မာပြည်မှာ နို့ဆီဗူးတွေကိုသာသုံးကြတယ်။ တံဆိပ်မှာ အမျိုးသမီးတယောက် ခြင်းတခုဆွဲလာနေတဲ့ပုံ။ ကုလားမခြင်းဆွဲနို့ဆီလို့ခေါ်ကြတယ်။ နိုင်ငံခြားသားဆိုရင် ကုလားလို့သာ ခေါ်လေ့ရှိတယ်။ အမှန်က ဟော်လန် ခေါ် နယ်သာလင်ကနေသွင်းတာ။ အဲဒီ Milkmaid အမှတ်တံဆိပ်ကို ၁၈၉ဝ ကျော် ကတည်းက ထုတ်နေတာ အခုထိ ကောင်းတယ်။ 

ရှိသေးတယ်။ ကျွန်တော်တို့ငယ်ငယ်က ခဲတံကို ခွေးမြီးတိုတံဆိပ်သုံးကြတယ်။ ဂျာမဏီကလုပ်တဲ့ Sphinx pencils ခွေးမြီးတိုခဲတံ။ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့ ပြည်ပက သွင်းနေတာတွေကို ပိတ်လိုက်ပြီး လက်ဝဲ တိုင်းပြည်တွေက ကုန်ပစ္စည်းတွေ ဝင်လာတယ်။ တရုပ်ကလာတဲ့ ဂရိတ်ဝေါလ် ခဲတံတချောင်း ၁၅ ပြားပေးရတယ်။ ချွန်လိုက်တိုင်း ခဲဆံကျိုးတယ်။ အတော်ဆိုးတယ်။ အရင်က ဆယ်ပြားသာပေးရတဲ့ ဂျာမဏီလုပ် ခွေးမြီးတိုခဲတံက တမတ် ၂၅ ပြားဖြစ်သွားတယ်။

ကျွန်တော်တို့ငယ်ငယ်ကကောင်းတာတွေကို ခုခေတ်လူရွယ်တွေက ကောင်းတယ်မထင်ကြတော့ပါ။ 

ဂရိတ်ဝေါလ် မကောင်း။ ခွေးမြီးတိုကောင်း၏။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး