Airborne diseases လေကတဆင့် ကူးစက်ရောဂါများ

H1 N1 ကို ကာကွယ်ဘို့ အစားအသောက်ဆင်ခြင်ကြလို့ရေးနေကြလို့ ဒီစာကိုရေးပါတယ်။ အစားအသောက်နဲ့ မဆိုင်ပါ။ လေနဲ့သာဆိုင်တယ်။

လေကတဆင့်ကူးစက်ရောဂါတွေရှိတယ်။ ကူးစက်ရောဂါပိုးတွေက လေထဲမှာပါနေရင် အဲဒီလေကိုရှူမိသူကို ရောဂါ ကူးစက်နိုင်တယ်။ ပိုးတွေဆိုတာ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ဖန်းဂတ်စစ် ခေါ် မှိုပိုးတွေဖြစ်တယ်။ ပိုးရှိနေသး ချောင်းဆိုး နှာချေတိုင်း ပိုးတွေထွက်လာနေမယ်။ အဲတာကိုရှူမိသူ ကူးနိုင်တယ်။ လေထုညစ်ညမ်းတာနဲ့တော့ မတူပါ။ အဆိပ်ငွေ့တို့ ညှော်နံ့တို့နဲ့လည်းမတူပါ။ ညှော်နံ့ကို ခဏခဏမေးကြတယ်။ ညှော်မှန်သမျှ မကောင်းပါ။ အောက်စီဂျင်နည်းလို့ဖြစ်တယ်။

ပိုးပါတဲ့လေရှူမိတာနဲ့ နှာခေါင်း၊ အာခေါင်နဲ့ လည်ချောင်းတွေမှာ ရောင်ရမ်းဖြစ်စဉ်ဝင်လာတယ်။ ခုခံမှုဖြစ်စဉ်ဆက်ဖြစ်မယ်။ ခုခံမှုအားမကောင်းရင် တခြားနေရာတွေကို ဆက်ပြန့်မယ်။ ဥပမာ လေပြွန်ကြီးတွေနဲ့ အဆုပ်။

1. Anthrax ဒေါင့်သန်းရောဂါ၊
2. Chickenpox ရေကျောက်ရောဂါ၊
3. Common cold အအေးမိခြင်းက အဖြစ်အများဆုံး၊
4. Cryptococcosis ရောဂါနဲ့
5. Diphtheria ဆုံဆို့နာရောဂါ၊
6. Influenza တုပ်ကွေးအမျိုးမျိုး၊
7. Measles ဝက်သက်ရောဂါ၊
8. Mumps ပသိရောင်ရောဂါ၊
9. Smallpox ကျောက်ကြီးရောဂါ၊
10. Tuberculosis (TB) တီဘီရောဂါ၊
11. Whooping cough (pertussis) ကြက်ညှာချောင်းဆိုးရောဂါတွေအားလုံးဟာ လေကနေတဆင့်ကူးစက်တယ်။

ရောဂါလက္ခဏာများ
ချောင်းဆိုး၊ နှာချေ၊ နှာရည်ယို၊ နှာမွှန်၊ လည်ပင်းနာ၊ ကိုယ်ပူ၊ တက်စေ့ ခေါ် လင့်ဖ်နုတ်တွေရောင်၊ ခေါင်းကိုက်၊ အစားပျက်၊ ကိုယ်လက်ကိုက်ခဲ၊ အားယုတ်။

ဆက်ဖြစ်လာနိုင်တာတွေ
နားကိုက်၊ ဝမ်းပျက်၊ ရေ + ဆားဓါတ်နည်းခြင်း၊ နောက်ပိုးဝင်ခြင်း၊ နူမိုးနီးယား၊ မျက်စိကွယ်ခြင်း၊ ဦးနှောက်အထိ ရောက်ခြင်း။

ကာကွယ်ရေး
လေကတဆင့်ကူးစက်ရောဂါတွေ ကာကွယ်ရေးမှာ အစာလမ်းကနေကူးစက်ရောဂါတွေနဲ့တူတာက လက်ကို မကြာမကြာဆေးဘို့သာဖြစ်တယ်။ စားတာသောက်တာကိုရှောင်ဘို့ မဟုတ်ပါ။ ရောဂါရှိသူလက်မှာ ပိုးတွေပါနေမယ်။ ချောင်းဆိုး နှာချေတိုင်း လက်နဲ့ ပါးစပ် နှာခေါင်းကိုဖုံးဖတ် ထိကိုင်မိလို့ဖြစ်တယ်။ သူ့လက်နဲ့ကိုင်တွယ်တာတွေ ဥပမာ တခါးလက်ကိုင်စရာနေရာ။ သူကိုင်တွယ်တာတိုင်းမှာ ပိုးတွေပါနေနိုင်တယ်။ ပိုးပါနေတဲ့အမှုံတွေက ကြမ်းပြင် မျက်နှာပြင်တွေပေါ်မှာ ရှိနေနိုင်တယ်။ နှာခေါင်းစည်းတပ်တာ ကိုယ့်အတွက်ရော သူများအတွက်ပါ ကောင်းတယ်။ တချို့ လေကတဆင့်ကူးစက်ရောဂါတွေအတွက် ကာကွယ်ဆေးရှိတယ်။ တချို့အတွက် မရှိပါ။ ဆောရီး။

အလားအလာ
လေကတဆင့်ကူးစက်ရောဂါတွေက အများအားဖြင့် မကြာခင် ပျောက်ပါတယ်။ ကြက်ညှာချောင်းဆိုးကတော့ ရက် တရာလောက်ကြာနိုင်တယ်။

ကုသခြင်း
နားနေတာကောင်းတယ်။ ရေ အရည်ပိုသောက်သင့်တယ်။ အပြင်မသွားလာတာကောင်းတယ် လူတွေနဲ့ ကင်းကင်းနေတာ ကောင်းတယ်။ သူများကိုလည်း မကူးစေ၊ ကိုယ့်ဆီလည်း ရောဂါသစ်မရစေပါ။ တချို့ရောဂါတွေအတွက် ဆေးရှိတယ်။ ဥပမာ တီဘီဆေး။ အများအားဖြင့် ခံစားနေရတာတွေ သက်သောစေတဲ့ဆေးတွေသာရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၇
နေ့ ၃ နာရီ၊ ၆ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး