Den အဓိပ္ပါယ်

အင်္ဂလိပ်စာကို စပြီးသင်ရကာစ ၅-၆ တန်းမှာ သားရဲတွင်းလို့ သင်တယ်။ သားရဲဆိုတာ သားရဲတိရစ္ဆာန်လို့မှတ်ထားတယ်။ မြေခွေးပုံပြင်တွေနဲ့ ဆက်စပ်နေတာကိုပါ မှတ်မိနေတယ်။ Little Red Riding Hood ပုံပြင်က နာမည်ကြီးတယ်။ ဆိုးသွမ်းတဲ့မြေခွေးနဲ့ မင်းသမီးလေးတပါးပုံပြင်ဖြစ်တယ်။ ငယ်ကတည်းက မြေခွေးဆိုရင် ကောက်ကျစ်စဉ်းလဲတယ်လို့ မှတ်ယူထားတယ်။

အဲတာကို တောရိုင်းတိရစ္ဆာန်တွေ၊ လောဘကြီးတဲ့၊ ဖျက်ဆီးတတ်တဲ့၊ ကြမ်းတမ်းတဲ့ တိရစ္ဆာန်တွေ ခိုအောင်းရာလို့ အဓိပ္ပါယ်ဖွင့်ထားတာကို နောက်မှာသိလာရပါတယ်။ ဝံပုလွေ၊ ကျား၊ ဝက်ဝံ၊ မြေခွေး၊ ခြင်္သေ့လို ကြမ်းတမ်းတဲ့ အကောင်တွေသာမက ယုန်အောင်းတဲ့တွင်းကိုလည်း သုံးသေးတယ်။

လူတွေအတွက်ကြတော့ ကလေးကစားစရာနေရာ၊ စာဖတ်ခန်း စတာတွေကိုလဲ သုံးပါသေးတယ်။ လောင်းကစားရုံ၊ သူခိုးတွေခိုအောင်းရာ ဌာနချုပ်စသဖြင့် သုံးတယ်။ ဥပမာ ၂၇-၄-၂ဝ၁၄ နေ့က တောင်အာဖရိက ကနေလာတဲ့သတင်းမှာ Hostel a den for criminals ရာဇဝတ်သားတွေ ခိုအောင်းရာဆိုပြီး ပါလာပါတယ်။ ဒါကြောင့် Den ကို အများအားဖြင့် မကောင်းတဲ့သူတွေနေထိုင် ခိုအောင်းရာအဖြစ်သုံးတာ များပါတယ်။

နိုင်ငံရေးထဲမှာလည်း အဲလိုတင်စားပြီးသုံးနိုင်တာတွေရှိတယ်။ မတော်မတရားကြံစည်မှုတွေ အစပျိုးရာ၊ ကိုယ်ကျိုး၊ ကိုယ့်ပါတီအကျိုးအတွက် တခြားပါတီတွေ၊ မဲပေးသူတွေကို လှည့်ဖျား၊ သွေးဆောင်၊ အကောက်ကြံဘို့ စုဝေးတဲ့၊ စည်းဝေးတဲ့နေရာကိုလဲ မြေခွေးအောင်းတဲ့ဂူလို့ တင်စားသင့်တယ်။ ဆိုင်းဘုတ်ကို ခန့်ခန့်ထယ်ထယ်ချိတ်ထားနိုင်တယ်။ ဘာဆိုင်းဘုတ်မှမထားဘဲ၊ သီးသန့်၊ အပြင်လူမဝင်ရဆိုတာမျိုး ရေးထားချင်ထားတယ်။ ဒါမျိုးက သိပ်မဆန်းလှသေးပါ။ ဆန်းတာကတော့ ရုံးတခုခု၊ အသင်းအဖွဲ့နေရာတခုခု၊ ဘာသာရေး အဆောက်အဦလည်း ဖြစ်နိုင်တယ်။ အဲဒီကို လာရောက်စုဝေးသူတွေထဲမှာ လူအမျိုးမျိုး၊ အတန်းအစား အမျိုးမျိုးရှိတယ်။ ဘာသာရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်မျိုးလဲ ပါနိုင်တယ်။ လူဝတ်တွေလဲပါမယ်။ ယောက်ျား၊ မိန်းမပါမယ်၊ ကလေးတွေလဲ ခေါ်လာနိုင်တယ်။ နောက်ခံမတူသူတွေဟာ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အကြောင်းခံတခုအတွက် လာစုကြတယ်။

စိတ်ပုတ်၊ စိတ်ယုတ်ရှိသူတချို့ကို ပေါင်းဖေါ်မိသူတွေက မသိကြတာများတယ်။ မသူတော်ချင်း ပေါင်းဖေါ်လွေ့တာမျိုးက မရှားပါ။ သူတို့တတွေ စုဝေးရာကနေ မတော်မတရားအကြံအစီတွေ ထွက်လာတတ်လို့ အဲလိုနေရာကို စဉ်းလဲတဲ့မြေခွေး ခိုအောင်းရာဂူလို့ ခေါ်ချင်တယ်။

မြေခွေးရေခြုံမထားပေမဲ့ ကောက်ကျစ်ကြသူတွေကလည်း များတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၄
၂၇-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး