H5N1 Flu ကြက်ငှက် တုပ်ကွေး

ဘီဘီစီ ၂၉-၇-၂ဝ၁၇ သတင်း = ရန်ကုန်မြို့မှာ H5 N1 ရောဂါကြောင့်လို့ မသင်ကာစရာ ကြက်သေဆုံးမှုရှိ 

1. H5N1 ဆိုတာဘာလဲ
Avian influenza လို့လည်းခေါ်တယ်။ Bird flu လို့လည်းခေါ်တယ်။ ကြက်ငှက်တွေမှာ သက်ရှူလမ်းကို အလွန် ကူးစက်လွယ်တယ်။ လူကိုကူးစက်တာ တခါတလေမှသာဖြစ်တယ်။ ဒါပေမဲ့ လူကိုကူးစက်ရင် ၆ဝ% သေဆုံးနိုင်တယ်။

2. H5N1 လူကိုဘယ်လိုကူးစက်သလဲ
ပိုးရှိနေတဲ့ ကြက်ငှက်ရဲ့ အသည်းနဲ့ အသားကို ထိကိုင်မိရာကနေ ကူးစက်တယ်။ ပိုးရှိပတ်ဝန်းကျင်ကနေလည်း ကူးစက်လာနိုင်သေးတယ်။ လူကနေလူကိုကူးစက်တာ အင်မတန်ဖြစ်ခဲတယ်။

3. H5N1 လူတွေဖြစ်ရင် ခံစားရမဲ့ရောဂါလက္ခဏာတွေ
ကူးစက်ခံရရင် ပိုးဝင်ခံရပြီးနောက် ၂ ရက်ကနေ ၈ ရက်အကြာမှာ ရောဂါလက္ခဏာစပေါ်မယ်။ အဖျားကြီးမြင့်နိုင်တယ်။ မအီမသာဖြစ်မယ်။ လည်ချောင်းနာမယ်။ ချက်ချင်းဖြစ်တဲ့ အသက်ရှူလမ်း ကူးစက်ရောဂါ၊ ချောင်းဆိုး၊ နူမိုးနီးယား။ အသက်ရှူ တို-ခက်ခဲ၊ ရင်ပတ်အောင့်မယ်။ ဗိုက်အောင့်၊ ဝမ်းပျက်။ စိတ်မူပြောင်း၊ တက်မယ်။ ကြွက်သားတွေနာမယ်။ တချို့မှာ မျက်စိနီရဲမယ်။ ဆိုးလာရင် အသက်ရှူခက်လာမယ်။ နူမိုးနီးယားရနိုင်တယ်။ ကံမကောင်းရင် သေနိုင်တယ်။

4. ကြက်သားစားလို့ရလား
သေသေချာချာ ချက်ပြုတ်ကြော်လှော်ထားတဲ့ ကြက်သားဟင်စားနိုင်ပါတယ်။ ဗိုင်းရပ်စ်က အပူချိန်ကို မခံနိုင်ပါ။ ၇ဝ ဒီဂရီ (စီ) အထိပူရင် စိတ်ချရပါတယ်။ အသားကိုင်တာမှာ စနစ်တကျ သန့်ရှင်းရမယ်။

5. H5N1 လူမှာဖြစ်ရင် ဘယ်လို ကုသမလဲ
အမြန်ကုသမှုခံယူရမယ်။ ဆေးရုံတင်ရမယ်။ အထူးခန်းမှာထားရနိုင်တယ်။ Oseltamivir (Tamiflu) ဆေးကိုသုံးရင် ခံစားရတာတွေ သက်သာစေတယ်။

6. Oseltamivir (Tamiflu) တမီဖလူးဆေး
လူကြီး ၁၂ နှစ်အထက်
ကုသရန် = 75 mg တနေ့ ၂ ကြိမ်၊ ၅ ရက်။ HIV ရှိနေသူတွေ ၆-၁၂ ပါတ်။
ကာကွယ်ရန် = 75 mg တနေ့ ၁ ကြိမ်၊ ၁ဝ ရက်။
ကလေး
၂ ပါတ်မှ ၁ နှစ် 3 mg/kg တနေ့ ၂ ကြိမ်။
၁ နှစ်မှ ၁၂ နှစ်အထိ အလေးချိန် 15 kg အထိ = 30 mg တနေ့ ၂ ကြိမ်။ 15.1 မှ 23 kg = 45 mg တနေ့ ၂ ကြိမ်။ 23.1 မှ 40 kg = 60 mg တနေ့ ၂ ကြိမ်။ 40.1 kg အထက် = 75 mg တနေ့ ၂ ကြိမ်။

ဘေးထွက်ဆိုးကျိုးများ = ပျို့၊ အန်။ ဝမ်းပျက်၊ ဗိုက်နာ။

Avian influenza လို့လည်းခေါ်တယ်။ ဗိုင်းရပ်တမျိုးကနေရောဂါဖြစ်စေတဲ့ တုပ်ကွေးတမျိုးဖြစ်တယ်။ Influenza A virus ဗိုင်းရပ်စ်အုပ်စုဝင် ဖြစ်တယ်။ မူရင်းရောဂါရတာက ငှက်တွေသာဖြစ်တယ်။ နောက်ပိုင်း လူကိုပါရောဂါရလာတယ်။ ငှက်၊ ကြက်တွေနဲ့ နီးစပ်သူတွေမှာ ကူးစက်ခံရဘို့အလားအလာ ရှိတယ်။ကူးစက်မှုမဖြစ်စေအာင် အဲဒီနေရာဒေသမှာ ငှက်၊ ကြက်တွေကို သတ်ရတယ်။ ကြက်ငှက်တွေကို ကာကွယ်ဆေးထိုးပေးရမယ်။

၂ဝ၁၁ ခုနှစ်မှာ ရောဂါအပြင်းစားရစေတဲ့ H5N1 ဖြစ်ခဲ့တယ်။ ၂ဝ၁၃ ထဲ တရုပ်ပြည်မှာ H7N9 အမျိုးအစားသစ် ပေါ်လာတယ်။ ဗိုင်းရပ်စ်တွေက ပိုးရှိနေတဲ့အကောင်တွေရဲ့ သွားရည်နဲ့ အညစ်အကြေးတွေထဲမှာ ပါနေတယ်။
၁၉၉၇ မှာ ပဌမဆုံးလူကိုကူးတာ သိရပြီး၊ မှတ်တမ်းအရ လူပေါင်း ၆၂၂ ယောက်ရှိသွားပြီ။ သေဆုံးသူပေါင်း ၃၇၁ ယောက်ရှိနေပြီ။

ရောဂါနာမည်တပ်ဘို့ Immunological tests ဓါတ်ခွဲစမ်းသပ်မှု လုပ်မှသာသိမယ်။ ဖြစ်လာရင် ဗိုင်းရပ်စ်ဆေးပေးရတယ်။ ဆိုးတဲ့သူတွေကို အထူးကြပ်မတ်ကုသပေးရမယ်။ လူကနေလူကိုကူးစက်တာနည်းပေမဲ့ ဖြစ်လာနေတယ်။ လူမှာဖြစ်လာရင် အလားအလာ မကောင်းလှပါ။ ၆ဝ% သေဆုံးနိုင်တယ်။ တရုပ်ပြည်မှာ H7N9 ကြောင့် ၁၃၂ ယောက် ရောဂါဖြစ်ပြီး ၃၇ ယောက် သေဆုံးပြီးဖြစ်တယ်။ Oseltamivir (Tamiflu) ဆေးကိုသုံးတယ်။

ကြက်ငှက်တုပ်ကွေးထိန်းချုပ်ရေး
ရောဂါထိန်းချုပ်ရေးရဲ့ အဓိကအချက်ဟာ လူကိုမကူးစေဘို့ဖြစ်တယ်။ A (H5N1) နဲ့ A (H7N9) အမျိုးအစား ဗိုင်းရပ်စ် တွေကနေ လူကိုကူးစက်နိုင်တယ်။ ရောဂါရနေတဲ့အကောင် အသေ (အသည်းနဲ့ အသား) ကို တိုက်ရိုက် ကိုင်တွယ်တာကနေ လူကိုကူးစက်တယ်။ တာရှည်ကိုင်တွယ်ရာကနေလည်း ကူးစက်တယ်။ အသေအချာချက်ပြုတ် ကြော်လှော်စားရင် လူကိုမကူးစက်ပါ။

ထိရောက်တဲ့ထိန်းချုပ်မှုဟာ ပိုးရှိတဲ့နေရာနဲ့ ထိစပ်မှုမှန်သမျှကို ပိတ်ပင်တားမြစ်ရမယ်။ ကျန်းမာရေးဌာနတွေကနေ ရောဂါအကြောင်း၊ နောက်ဆုံးအခြေအနေစတဲ့ သတင်းတွေကို အများပြည်သူ အလွယ်တကူ သိနိုင်တဲ့နည်းလမ်းတွေနဲ့ ထုတ်ပြန်ပေးနေရမယ်။ ရောဂါမပြန့်ပွါးအောင်လုပ်ဘို့၊ ဖြစ်နေသူတွေကို ချက်ချင်းကုသမှု ပေးနိုင်ဘို့ ပြင်ဆင်မှုတွေ မပြတ်တမ်း လုပ်နေရမယ်။ နောက်ဆုံးပေါ် ကုသနည်းလမ်းညွှန်ကို ကျန်းမာရေးဌာနတွေမှာ ပေးထားရမယ်။ ဆေးဝါး၊ လူအင်အား ဖြည့်တင်းထားရမယ်။ ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုတွေမွေးမြူတဲ့နေရာတွေကို စစ်ဆေးတာ၊ ထိန်းချုပ်တာတွေကို ချက်ချင်းလုပ်ရမယ်။ ဥပဒေလိုရင်လုပ်ရမယ်။ မလိုက်နာသူကို အရေးယူရမယ်။ မွေးမြူရေးလုပ်ရာတိုင်းမှာ အဖုံးအကာ၊ ကိရိယာတွေသုံးစေရမယ်။

အစိုးရကျန်းမာရေးဌာန၊ တိရစ္ဆာန် မွေးမြူရေးဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေနဲ့ အများပြည်သူ စုပေါင်းလုပ်မှသာရမယ်။ သတင်းအမှားတွေပေးတာ၊ ကာကွယ်နည်း အလွဲတွေရေးတာ၊ ဖြန့်ဝေရောင်းချတာမျိုးတွေ မလုပ်ကောင်းပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၅ မိနစ်။





Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး