A War for a Piece of Land နယ်မြေတခုအတွက် စစ်ပွဲ

၂၉-၈-၂ဝ၁၇ သတင်း = ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြော

ကျွန်တော် ၁၈-၇-၂ဝ၁၃ နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ဟောပြောပွဲတခုမှာ နိဂုံးအဖြစ်ပြောခဲ့ရှိပါတယ်။ အိန္ဒိယနိုင်ငံသား မြန်မာ့အရေးသုံးသပ်သူ ကာနယ် ဘီ ဟာရီရာမန်ကနေ ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒက်ရှ်နဲ့ အရှေ့တောင်အာရှမှာ နောက်ဆုံးခြေကုပ်ယူဘို့ ကြိုးစားနေကြတဲ့ အစ္စလာမ်းမစ် အစွန်းရောက်တွေအဖို့ မြန်မာနိုင်ငံမှာ ခြေကုပ်သစ်တခု ရကောင်းရလာနိုင်တယ်လို့ ရေးပါတယ်။ သူ့သုံးသပ်ချက်သာ မှန်ရင် ကျွန်တော်ထင်ပါတယ်၊ နောက်တိုက်ပွဲဟာ မြေနေရာကွက်အတွက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် မှားပါစေလို့ ဆုတောင်းပါတယ်။

Rakhine (Myanmar) to Bodh Gaya (India) - Understanding Buddhist-Muslim Conflict
ရခိုင် (မြန်မာ) မှသည် ဗုဒ္ဓဂယာ (အိန္ဒိယ) သို့ - ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ပဋိက္ခ နားလည်ရအောင်
အိန္ဒိယနိုင်ငံတကာ စင်တာ၊ နယူးဒေလီ၊ ၁၈-၇-၂ဝ၁၃

A War for a Name နာမည်တလုံးအတွက်စစ်ပွဲ
ဒီအရေးကြီးတဲ့ဆွေးနွေးပွဲမှာ စကားပြောဘို့ ဖိတ်ကြားတဲ့အတွက် India Foundation ကို အများကြီးကျေးဇူးတင်ပါတယ်။ သဘာပတိ မစ္စတာ ချန်ဒန် မစ်ထရာ၊ သံအမတ်ကြီး ဘက်ရှ်ကာ မစ်ထရာတို့ကို လေးစားပါတယ်။

ရိုးရိုးသားသား ပြောပါရစေ။ ကျွန်တော့်အမြင်ဟာ မြန်မာ-ဗုဒ္ဓဘာသာဝင်တယောက် အမြင်ပါ။ မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာရဲ့ ဦးနှောက် (အသိဥာဏ်) နဲ့ နှလုံးသား တည်ရှိရာ ဗုဒ္ဓဂယာမှာ ဗုံးတွေဖေါက်ခွဲခံရတာအတွက် မြစ်ဖျားခံခဲ့လေမလားလို့ သံသယထားခံရတဲ့တိုင်းပြည် ဖြစ်ပါတယ်။ အဲတာမှန်ကန်မယ်ဆိုရင် ကျွန်တော့်နိုင်ငံနဲ့ ကျွန်တော့် ဘာသာတရားမှာ အိန္ဒိယကိုရော ဗုဒ္ဓဘာသာ ကိုးကွယ်သူများကိုပါ တောင်းပန်ရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ သေကျေ ပျက်စီးခဲ့ရတာတွေအတွက် နောင်တလဲရမိပါတယ်။

ကျွန်တော့်အနေနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပါမယ်။ နိုင်ငံရေးရှုဒေါင့်ကနေ မြင်ကြည့်မှာပါ။ ကျွန်တော့်အမြင်နဲ့ နိုင်ငံတကာ သုံးသပ်သူတွေနဲ့ မီဒီယာမှာဖေါ်ပြနေတာတွေ ကွဲလွဲတာရှိပါလိမ့်မယ်။

ကြမ္မာဆိုးဝင်တဲ့ ဇူလိုင်
နက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ အာဇာနည်နေ့ဖြစ်ပါတယ်။ နိုင်ငံဖခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေ ၁၉၄၇ မှာ လုပ်ကြံ သတ်ဖြတ်တာခံခဲ့ရတဲ့နေ့ပါ။ ၁၉၆၂ ဇူလိုင် ၇ ရက်ဆိုတာ ပဌမဆုံး ကျောင်းသားတွေ သတ်ဖြစ်တာခံခဲ့ရပြီး၊ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကိုလဲ ဒိုင်းနမိုင်းနဲ့ ဖေါက်ခွဲတာ ခံခဲ့ရပါတယ်။ ဒီနှစ် ၂ဝ၁၃ မှာတော့ ဒီသတင်းတွေကို ဖတ်ရပါတယ်။
• 7-7-2013 Two monks injured as serial blasts rock Bodh Gaya ဗုဒ္ဓဂယာမှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲ။ နှစ်ဦးဒဏ်ရာရရှိ http://in.news.yahoo.com/two-monks-injured-serial-blasts-rock-bodh-gaya-051835488.html
• 10-7-2013 UN Chief tells Myanmar to make Rohingyas citizens ကုလခေါင်းဆောင်မှ ရိုဟင်ဂျာတွေကို နိုင်ငံသားလုပ်ပေးဘို့ မြန်မာကိုပြောလိုက် http://www.rohingyablogger.com/2013/07/un-chief-tells-myanmar-to-make.html
• 10-7-2013 Jakarta pressing Burma on Rohingya on legal rights ဂျာကာတာမှ ရိုဟင်ဂျာတွေကို ဥပဒေ ခံစားခွင့်တွေ ပေးဘို့ မြန်မာကို ဖိအားပေး http://www.rohingyablogger.com/2013/07/jakarta-pressing-burma-on-rohingya.html
• 10-7-2013 Two Rohingya leaders go shopping for terror in Indonesia by Jakarta ရိုဟင်ဂျာ ၂ ယောက် အင်ဒိုနီးရှား ဈေးဝယ်ရောက် http://democracyforburma.wordpress.com/2013/07/11/2-rohingya-leaders-go-shopping-for-terror-in-indonesia-by-jakarta-post-video/

ဆိုရှယ်ကွန်ယက်
မွတ်ဆလင်အကြမ်းဖက်သမားတွေက ပါကစ္စတန်ကနေ (တွစ်တာ) သုံးတယ်။ မြန်မာလူမျိုး ၈ဝဝဝဝ က ဖေ့စ့်ဘွတ်ကို သုံးပါတယ်။ မိနစ်တိုင်းမှာ တင်နေကြတာ၊ မှတ်ချက်ပေးနေကြတာတွေ ရှိနေပါတယ်။ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာ မဟုတ်သူတွေကို အပြစ်ဖို့ပြီး အချင်ချင်းဆိုသူတွေလဲ ဆဲရေး တိုင်းထွာနေကြတာတွေရှိနေလို့ ဖေ့စ်ဘွတ်ဟာ အမှိုက်ထုပ်နဲ့ တူနေပါတယ်။ ဒါနဲ့ ကျွန်တော်က နှစ်ပေါင်း ရာချည်ပြီး အတူတူအေးအေးချမ်းချမ်း နေခဲ့ကြတဲ့ မြန်မာမွတ်ဆလင်တွေနဲ့ ဘယ်တိုင်းပြည်ကနေ လာမှန်းမသိသူတွေကို ခွဲခြားမြင်ကြဘို့ ရှင်းရပါတယ်။ နောက်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ အခေါ်ခံချင်သူတွေနဲ့ အစွန်းရောက် ဝက်ဘ်ဆိုက်တွေက ဖေါ်ပြနေတဲ့အတိုင်း လက်နက်ကိုင်ပြီး၊ အကြမ်းဖက်ချင်တဲ့ မွတ်ဆလင်တွေ မတူတာကိုလဲ ပြောရပါသေးတယ်။

မြန်မာလူမျိုးသုံးသပ်သူနဲ့ သူ့ရဲ့နိုင်ငံခြားသူဇနီးတို့ကနေ မကြာသေးခင်က ဆောင်းပါးတခုရေးပါတယ်။ ဒေါသနဲ့ စိုးရိမ်မှု ကဲလွန်နေသော လူမျိုးစုံနေရာ ပြည်မြန်မာလို့ ခေါင်းစဉ်တပ်ထားပြီး သူတို့သုံးသပ်ချက် (၃) ရပ်ဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
(၁) ဗုဒ္ဓဘာသာဝင်များအကြား အန္တရာယ်ကျရောက်နေပြီလို့ ထင်မြင်လာစေတဲ့အချက်၊
(၂) နာမည်တပ်ပြီး အရှက်ရအောင်လုပ်တဲ့ဗျူဟာ အလုပ်မဖြစ်ပါ နဲ့
(၃) ယုံကြည့်မှုအပြည့်ရှိတဲ့ခေါင်းဆောင်မှု လိုအပ်တယ် ဆိုတာတွေဖြစ်ပါတယ်။

ဒိအရင်မှာ ကျွန်တော်လဲ ဆောင်းပါးတပုဒ် ရေးခဲ့ပါသေးတယ်။ ကျွန်တော့်သုံးသပ်ချက်မှာ မြန်မာ ဗုဒ္ဓဘာသာဝင်တွေက ဘာသာရေးနဲ့ နိုင်ငံအပေါ်မှာ အန္တရာယ်ကျရောက်နေပြီလို့ မြင်လာကြောင်း ထည့်ရေးခဲ့ပါတယ်။ ကျွန်တော်က ၂ဝ၁၂ နှစ်လည်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေဖြစ်တော့ နိုင်ငံတကာကနေဝင်လာတဲ့ အရာတွေဟာ မမျှော်မှန်းတာတွေနဲ့ မမျှတတာတွေဖြစ်နေတယ်ဆိုတာကို ထောက်ပြပါတယ်။ စဖြစ်တဲ့ကာလမှာ ရခိုင်အမျိုးသမီး တယောက်ကို ဒေသခံ မွတ်ဆလင်ယောက်ျားတွေကအနေ အုပ်စုလိုက်အဓမ္မကျင့်ပြီး သတ်ပြစ်ခဲ့ပါတယ်။ ဒီသတင်းဟာ ဆက်ဖြစ်လာတဲ့ အကြမ်းဖက်မှု သတင်းတွေအောက်မှာ ပျောက်ကွယ်သွားခဲ့တယ်။ ၂၈-၅-၂ဝ၁၂ နေ့က အုပ်စုလိုက် အဓမ္မကျင့်ပြီး သတ်ပြစ်တာခံရတဲ့ မသီတာထွေးဟာ ၁၆-၁၂-၂ဝ၁၂ နေ့က ဒေလီမှာ အုပ်စုလိုက်အဓမ္မကျင့်ခံခဲ့ရသူ အမျိုးသမီးလောက် ကမ္ဘာကို ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိတာဟာ သူမအတွက်ရော မြန်မာနိုင်ငံအတွက် ပိုပြီးကံဆိုးစေပါတယ်။

ပြင်ပ ပယောဂ
မကြာသေးခင်ကစခဲ့တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေဟာ ၂ဝဝ၄ ခုနှစ်မှာ မြန်မာစစ်ခေါင်းဆောင်တွေကနေ လေ့လာ ဆန်းစစ်မှုလုပ်ပြီး၊ တရုပ်ရဲ့လွှမ်းမိုးလာမှု အဆမတန်များနေပြီ၊ ဒါဟာ နိုင်ငံအန္တရယ်ဖြစ်တယ်လို့ ကောက်ချက်ချရာကနေ စတယ်ဆိုတဲ့ ဘာတဲလ် လင်နာပြောတာကို သဘောတူပါတယ်။ ဒီလိုနဲ့ တရုပ်လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဘို့ အနောက်အုပ်စု ဝင်လာနိုင်အောင် တံခါးဖွင့်လိုက်ရပါတော့တယ်။ အနောက်နိုင်ငံတွေကနေ တစိုက်မတ်မတ် တောင်းနေခဲ့တာတွေ အကုန်ဖြစ်လာစေလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားများ၊ ကလေးစစ်သား၊ မီဒီယာ၊ စီးပွါးရေး အပြောင်အလဲ၊ ကြားဖြတ်ရွေးကောက်ပွဲ စတာတွေဖြစ်တယ်။

အခုတခါ အပြင်ကနေဖိအားလာပြန်ပါပြီ။ ရခိုင်မှာစတဲ့ပြဿနာနဲ့ဆက်ပြီး လူပေါင်း (၈၈ + ၈ဝ) ၁၆၈ ဦးသေဆုံးပြီး၊ ၇၅ဝဝဝ (အစိုးရ)၊ ဒါမှမဟုတ် ၁၂ဝဝဝဝ ယောက် (လူ့အခွင့်အရေးအဖွဲ့) အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့တယ်။ ဒိအရင် ၂-၅-၂ဝဝ၈ နေ့က မြန်မာပြည် အောက်ပိုင်း ကမ်းရိုးတန်းဒေသတွေမှာ နာဂစ်ဆိုက်လုံးကြောင့် လူပေါင်း ၁၃ဝဝဝဝ ယောက် သေဆုံးခဲ့ပါတယ်။ နာဂစ်အတွက် နိုင်ငံတကာ အကူအညီတွေစာရင်းကို (က) ကြီးကနေ (အ) အထိ ဒီလိုရှိပါတယ်။ (စာရင်း မထည့်တော့ပါ။)

ဝေန်သုံးသပ်ချက်
၁။ နာဂစ်ဆိုက်ကလုံးအတွက် ကူညီတဲ့အလှူရှင်စာရင်းနဲ့ ရခိုင်ဒေသအတွက်မှာ ကူတဲ့စာရင်း ကွဲပြားတာတွေ့ရတယ်။ နာဂစ်မှာ လူ ၁၃ဝဝဝဝ သေခဲ့တာမို့၊ မြန်မာနိုင်ငံမှာ မွတ်ဆလင်ဦးရေ ၄% ရှိမယ်ဆိုထားလို့၊ သေဆုံးခဲ့နိုင်တဲ့ သင်္ချာလို တွက်လို့ရတဲ့ မွတ်ဆလင်ဦးရေဟာ ၅၂ဝဝ ဖြစ်မယ်။ ရခိုင်အဖြစ်အပျက်မှာ အစိုးရကိန်းဂဏန်းအရ ၈၄ ယောက်၊ ရိုဟင်ဂျာ အပြောအရ သေဆုံးရသူပေါင်း ၁ဝဝဝ ရှိတယ်။ မွတ်ဆလင်တွေ များများသေဆုံးတုံးက ပင်လယ်ကွေ့ဒေသက နိုင်ငံတွေဟာ ဒီလောက်ထူးခြားပြီး မကူခဲ့ပါဘူး။ ရခိုင်အဖြစ်အပျက်ကြမှ ဝင်လာတဲ့ အကူအညီတွေဟာ ရိုဟင်ဂျာ အတွက်သာ ဖြစ်နေတာမို့လားလို့ မေးစရာရှိလာပါတယ်။၊ တနည်းအားဖြင့် ဘာသာရေး (အစ္စလာမ်) အတွက် မဟုတ်ပဲ၊ အကူအညီလိုလို့လဲ မဟုတ်ပဲ၊ လူသားချင်းစာနာမှုထက်ကဲပြီး၊ နာမည်တလုံးအတွက်ဖြစ်နေသလား။

၂။ အချိန်ကွာလို့လား။ ၂ဝ၁၂ မှာ စစ်အစိုးရစ်စစ် မဟုတ်တော့ပဲ အရင်ကထက်ပျော့တဲ့ အစိုးရဖြစ်လာလို့ အခွင့်ကောင်းယူ၊ ရခိုင်အရေးကို အကြောင်းပြုပြီး ရိုဟင်ဂျာအရေးကို ရှေ့တန်းတင်လာတာလား။

၃။ ရခိုင်မှာဖြစ်တော့ နိုင်ငံခြားရေးဝန်ကြီးတွေ၊ သံအမတ်ကြီးတွေ။ ထင်ရှားတဲ့ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်အထိ အခေါက်ခေါက်လာကြတယ်။ ဒီပဲယင်းအရေးအခင်းမှာ အမေရိကန်သံရုံး တခုတည်းသာလာတယ်။ လွန်ခဲ့တဲ့ အနှစ် ၂ဝ အတွင်း၊ သန်း ၆ဝ လူထု လူ့အခွင့်အရေးတွေ ချိုးဖေါက်တာကို လှိမ့်ခံနေရတုံးမှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သာ လာခဲ့ပါတယ်။

၎။ စင်ပြိုင်အစိုးရ အဖွဲ့ဝင်တယောက်အနေနဲ့ သတိပြုမိတာတချက်လဲ တွေ့ပြန်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအစီရင်ခံစာ တနှစ်တခါထွက်ရာမှာ ဂျနီဗာနဲ့ နယူးယော့ အစည်းအဝေးတွေအတွင်း ရခိုင်မှာ ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို တွင်တွင်ပြောလာတဲ့နိုင်ငံတွေဟာ အနှစ် ၂ဝ အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အတွက် တခါမှာ ဦးစီးပြီး အဆိုတင်သွင်းပေးတဲ့ စပွန်ဇာနိုင်ငံမလုပ်ခဲ့ကြပါ။

၅။ ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားသားတွေကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြင်ပေးဘို့ ခဏခဏ ပြောနေကြတယ်။ ကျွန်တော် ညံ့သလားတော့ မသိပါ၊ ကမ္ဘာမှာ အဲဒီလို အပြောခံရတဲ့နိုင်ငံဆိုတာ မရှိပါ။

မြန်မာနိုင်ငံမှာ ကိုးကွယ်တဲ့ဘာသာရေးတွေ
• ဗုဒ္ဓဘာသာ = ၉ဝ့ဝ၄% (မြန်မာဂျာနယ်တခု)၊ ၈၉% (ဝိကီပီးဒီးယား)၊
• ခရစ်ယန်ဘာသာ = ၅့၅၅% (မြန်မာဂျာနယ်တခု)၊ ၄% (ဝိကီပီးဒီးယား)၊
• အစၥလာမ္ဘာသာ = ၃႕၇၁% (ျမန္မာဂ်ာနယ္တခု)၊ ၄% (ဝိကီပီးဒီးယား)၊
• ဟိန္ဒူဘာသာ = ဝ့၇% (မြန်မာဂျာနယ်တခု)၊ ၁% (ဝိကီပီးဒီးယား)၊
• အခြားဘာသာ = ဝ့၆၃% (မြန်မာဂျာနယ်တခု)၊ ၂% (ဝိကီပီးဒီးယား)။

နာမည်တခုအတွက် စစ်ပွဲ
ရိုဟင်ဂျာဆိုတဲ့အမည်ဟာ အပြင်မှာ အလွန်ရေပမ်းစားပေမဲ့ မြန်မာပြည်ထဲမှာ မပြောကြပါ။ အစိုးရရဲ့ ရပ်တည်ချက်ကို အကြိမ်ကြိမ် ပြောထားပါတယ်။ သူတို့ကို ဘင်္ဂါလီ မွတ်ဆလင်တွေလို့ သတ်မှတ်ပါတယ်။ ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်း မမှန်ကြောင်း ကျွန်တော်စာတပုဒ်ရေးထားပါသေးတယ်။ မြန်မာနိုင်ငံအပြင် ကမ္ဘာမှာတော့ နာမည်တလုံးဟာ၊ ဒုက္ခရောက်နေသူတွေ ခံစားနေရတာအထက် အရေးကြီးနေသလိုဖြစ်နေပါတယ်။ ဒီလူတွေက ရိုဟင်ဂျာ ဆိုတာကို တရားဝင် အခေါ်ခံရဘို့ရာ အသက်၊ သွေးအပြင် ဒေါ်လာနဲ့ သံတမန်လက်နက်တွေကို အကြီးအကျယ် သုံးနေကြတယ်။ ကမ္ဘာကြီးကလဲ ရိုသေကျိုးနွံစွာ လိုက်ပါနေတယ်။

အိုအိုင်စီအထွေထွေအတွင်းရေးမှူး ပါမောက္ခ အက်မဲလ်ဒင် အစ်ရှန်နိုဂူကနေ မြန်မာအစိုးရကို မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံမှုမှန်သမျှ ဖယ်ရှားပြစ်ဘို့၊ ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေကနေ လူမျိုးရေးလှုံ့ဆော်မှုတွေ မလုပ်ကြစေဘို့နဲ့ ၂ဝဝ၅ ခုနှစ် ဥပဒေကနေ ဘူးသီးတောင်နဲ့ မောင်းတောမှာ ကလေး ၂ ယောက်ထက်ပိုမယူရ ဆိုတာဟာ ခွဲခြားဆက်ဆက်မှုဖြစ်တယ်၊ ဒါတွေအတွက် တာဝန်ပေးလိုက်တယ်ဆိုပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ဂျက်ဒါမြို့မှာ ကျင်းပတဲ့ ရခိုင်ရိုဟင်ဂျာသမဂ္ဂ ကွန်ဂရက်မှာ ပြောလိုက်ပါတယ်။ သူပြောတဲ့နေ့ ဇူလိုင် ၇ ရက်မှာပဲ ဗုဒ္ဓဂယာမှာ ဗုံးတွေကွဲခဲ့ပါတယ်။ မဟာဗောဓိ စေတီတော်ကြီးဟာ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာနေရာဖြစ်တယ်။ မြန်မာ ဗုဒ္ဓဘာသာဝင်တွေကတော့ ဘုရားကို လုပ်ကြံဘို့ ကြိုးစားခဲ့တဲ့ ဒေဝဒတ်ကိုသာသတိရကြတယ်။

မူဂျာဟစ် နဲ့ မြန်မာနိုင်ငံ
ဗုဒ္ဓဂယာဗုံးခွဲမှုမှာ အိန္ဒိယ မူဂျာဟီဒင်တွေ လက်ချက်လားလို့ အိန္ဒိယအစိုးရကန သံသယရှိတယ်လို့ဆိုတာမို့ မြန်မာတွေက မူဂျာဟစ်သမိုင်းကို ရှာပါတယ်။ ဝီကီပီးဒီယားမှာ ဒီလိုတွေ့ရပါတယ်။

မြန်မာနိုင်ငံ ရခိုင်မှာ သိသာတဲ့အရေအတွက်နဲ့ မူဂျာဟီဒင်တွေရှိတဲ့တာ ၁၉၄၉ ကတည်းကဖြစ်တယ်။ မားကက်ဆင်က ခေါင်းဆောင်ဖြစ်တယ်။ မူဂျာဟစ်လို့ခေါ်တယ်။ အများစုက အရှေ့ပါကစ္စတန် (ကနေ့ ဘင်္ဂလားဒက်ရှ်) က လူတွေသာ ဖြစ်ကြတယ်။ မြန်မာစစ်တပ်ကနေ ၁၉၅ဝ မှာ နှိမ်နင်းခဲ့လို့ ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးကြရတယ်။ ကော့စ်ဘဇားမှာ မား ကက်ဆင်အသတ်ခံရပြီး အဖွဲ့ပါ ပြိုကွဲသွားတယ်။ သူတို့ကိုမေးတော့ ရိုဟင်ဂျာလို့ပြောလာကြတယ်။ ရခိုင်မှာ ဆက်ရှိနေတယ်။ ဗိုလ်ချုပ်နေဝင်း ၁၉၆၂ စစ်အာဏာသိမ်းပြီးနောက် နှိမ်နင်းရေးတွေ အတော်ကြာကြာလုပ်ရတယ်။ ၁၉၇၈ နဂါးမင်း စစ်ဆင်ရေးက နာမည်ကြီးတယ်။ ရိုဟင်ဂျာလို့ အခေါ်ခံလိုသူ မူဂျာဟစ်အဖွဲ့ဝင်တွေ ဘင်္ဂလားဒက်ရှ်ကို ထွက်ပြေးကြရပြန်တယ်။ ရခိုင်မှာကျန်ရစ်သူတွေဟာ ဘင်္ဂလားဒက်ရှ်နဲ့ မလေးရှားက မူဂျာဟီဒင်တွေနဲ့ ဆက်နေတယ်။ အလှူငွေတွေ ရှာတယ်။ ဘာသာရေးနဲ့ရောပြီး စစ်သင်တန်းတွေပေးတယ်။

ရိုဟင်ဂျာ ကင့်ပိန်းက အတော်ကြီးကျယ်ပြန့်ပါတယ်။ ရခိုင်ဘက်ကနေ ပြောတာ။ ရေးတာ၊ ရိုဟင်ဂျာ ဘက်ကနေ ပြောတာ၊ ရေးတာတွေက ဝန်ရိုးစွန်းနှစ်ဘက်လိုဖြစ်နေတယ်။

လုပ်ချလိုက်တဲ့ နိုင်ငံတကာ မီဒီယာ
ဇူလိုင်လမှာ တကမ္ဘာလုံးကနေ တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးဓါတ်ပုံနဲ့ သတင်းဆောင်းပါးကို ဖတ်ကြရတယ်။ အဲလို လူ (အဖွဲ့) ကို နာမည်တပ်ပြီး အရှက်ခွဲတဲ့ နည်းဗျူဟာကနေ တင်းမာမှုတွေကို လျှော့နေမဲ့အစား မတူတဲ့ဘက်တွေကို အဝေးကို ပို့ပြစ်ရာကျပါတယ်။

ဒိအရင်ကလဲ ဘီဘီစီကနေ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးစုံကို ဖေါ်ပြတဲ့ မြေပုံတခုကို သူ့ဝက်ဘ်ဆိုက်မှာ ဖေါ်ပြခဲ့တယ်။ ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာလို့သာ ဖေါ်ပြထားတယ်။ အမှန်ဆိုရင် ရခိုင်ပြည်နယ်မှာ လူဦးရေ စုစုပေါင်း (၂ဝ၁ဝ စာရင်းအရ) ၃၈၃၆ဝဝဝ ရှိတယ်။ လူမျိုးတွေနဲ့ ဘာသာတွေကတော့ ရခိုင် (ဗုဒ္ဓဘာသာ)၊ ချင်း (ခရစ်ယန်)၊ ကမန် (ဗုဒ္ဓဘာသာ + အစ္စလာမ်) တွေနေထိုင်ကြတာဖြစ်တယ်။ ဒါကိုမကျေနပ်လို့ ဆိုရှယ်ကွန်ယက်တွေကနေ ပွက်လောညံတော့မှ ၆-၁၁-၂ဝ၁ဝ မှာ ပြန်ပြင်ပေးတယ်။ ဒါတောင်တောင်မှ ရခိုင်လို့ စာသားပြင်ပေးပေမဲ့ ရိုဟင်ဂျာ ဓါတ်ပုံကို ဆက်ထည့်ထားတယ်။ ဘီဘီစီရဲ့ဒီလိုလုပ်တာဟာ မတော်တဆမှားတာလား၊ တမင်တကာခြေလှမ်းလား စဉ်းစားစရာဖြစ်တယ်။

နိဂုံး
အိန္ဒိယနိုင်ငံသား မြန်မာ့အရေးသုံးသပ်သူ ကာနယ် ဘီ ဟာရီရာမန်ကနေ ရိုဟင်ဂျာအရေးဟာ ဘင်္ဂလားဒက်ရှ်နဲ့ အရှေ့တောင်အာရှမှာ နောက်ဆုံးခြေကုပ်ယူဘို့ ကြိုးစားနေကြတဲ့ အစ္စလာမ်းမစ်အစွန်းရောက်တွေအဖို့ မြန်မာနိုင်ငံမှာ ခြေကုပ်သစ်တခု ရကောင်းရလာနိုင်တယ်လို့ ရေးပါတယ်။ သူ့သုံးသပ်ချက်သာမှန်ရင် ကျွန်တော်ထင်ပါတယ်၊ နောက်တိုက်ပွဲဟာ မြေနေရာကွက်အတွက်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် မှားပါစေလို့ ဆုတောင်းပါတယ်။

အကြမ်းဖက်အုပ်စုတွေဟာ ဒီဒေသတွင်းမှာတော့ ပျော့တဲ့ပြစ်မှတ်တွေကို ရွေးပါတယ်။ ဗုဒ္ဓဂယာဟာ ပျော့ယုံသာမကပါ၊ သည်းခံခွင့်လွှတ်မှုတရားနဲ့ ပြည့်နေတဲ့နေရာတခု ဖြစ်ပါတယ်။ ဗုဒ္ဓဂယာကို တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေ-မနေ ဆိုတဲ့ ဆင်ခြေက သိပ်ကြီးမခိုင်မာလှပါ။ တကယ်ဆိုရင် မြန်မာနိုင်ငံတလွှား ဘုရားကျောင်းကန်၊ စေတီပုထိုးတွေဟာ အကာအကွယ်ရယ်လို့ ကင်းမဲ့သလောက်ပါ။ တိုက်ခိုက်ချင်ရင် အင်မတန်လွယ်တာပါ။

အခုအရေးကိစ္စမှာ ကမ္ဘာကြီးက မြန်မာနိုင်ငံကို အပြစ်ဖို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ နှစ်ဖက်လုံးက အပြစ်တင်ကြပါတယ်။ နိုင်ငံရေးအရပြောရရင် ဒီဘာသာရေးပဋိပက္ခက ရပ်သွားစရာမရှိပါ။ ဗုဒ္ဓတရားအရ ပြောရရင်လဲ ပဋိစ္စသမုပ္ပါဒ်တရားတော်အရ အကြောင်းတရားတွေကနေ အကျိုးတရားတွေ အစဉ်မပြတ်ဆက်ဖြစ်နေတာသာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြင်ပကနေလာတဲ့ ဖိအား၊ တွန်းအားတွေကနေ ပြည်တွင်းမှာ တခါမှမကြုံဘူးတဲ့ ဗုဒ္ဓဘာသာ ဘက်ကနေ လှုံ့ဆော်မှုတွေကို ဖြစ်ပေါ်လာစေပါတော့တယ်။ မျိုးစောင့်ဥပဒေအဆိုတင်တာ၊ ၉၆၉ လှုပ်ရှားမှု စတာတွေဖြစ်လာတယ်။ ထောက်ခံသူတွေနဲ့၊ ပြစ်တင်ဝေဖန်သူတွေရှိတယ်။ တကယ်တော့ မြန်မာနိုင်ငံထဲမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေ၊ စာသင်တိုက် ကြီးငယ်တွေ၊ ဘုန်ကြီးကျောင်းတွေ၊ တရားစခန်းတွေမှာ အမုန်းတရားကို သင်ကြားပို့ချတယ်ဆိုတာ လုံးဝ မရှိပါ။ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်းပါဘဲ ဘယ်ဘာသာတရားမှာမဆို ဘာသာရေး အဆုံးအမရဲ့ တကယ့်အဆီအနှစ်ကို လိုက်နာ ကျင့်ကြံသူအရေအတွက် အပြည့်ရှိတာမဟုတ်ပါ။

တကယ်လို့သာ တိုင်းပြည်အန္တရာယ်၊ ဓမ္မန္တရာယ်လို့ ထင်မှတ်တာက တကယ်မရှိမှန်း သိလာမယ် ဆိုရင်တော့ ဘာသာရေးအစွန်းထိရောက်အောင် လှုပ်ရှားမှုဆိုတာလဲ ရပ်စဲသွားမှာပါ။ ဒီလိုဖြစ်ဘို့ရာ ကမ္ဘာကနေ ရှုတ်ထွေးလှတဲ့ မြန်မာ့အရေးကို အမှန်အတိုင်း နားလည်မှသာဖြစ်ပါလိမ့်မယ်။

၇-၇-၂ဝ၁၃ ဗုဒ္ဓဂယာမှာ ဗုံးမခွဲခင်၊ ၅-၄-၂ဝ၁၃ အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းမှာ ဗုဒ္ဓဘာသာဝင် ၈ ဦး သေဆုံးပြီး၊ ၁၅ ဦး ဒဏ်ရာရခဲ့ရတယ်။ ဇွန်လထဲမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာလဲ ဗုဒ္ဓဘာသာဝင်တွေ အနည်းဆုံး ၄ ဦးသေဆုံးခဲ့တယ်။ ဒါ့ကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံက ဘေးထွက်ဆိုးကျိုးအန္တရာယ်ကနေ ကင်းဝေးပါစေလို့ ဆုတောင်းပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

လော်ဘီနည်းနဲ့ အကြမ်းဖက်နည်းသုံးသူတွေဟာ နာမည်စစ်ပွဲကိုအနိုင်ရသွားပြီး အခု နယ်မြေတိုက်ပွဲဆင်နွှဲနေကြပါတယ်။ ဆောရီး။ ကိုယ်ကျိုးစီးပွါးအတွက် သူတို့နာမည်ကိုအသုံးချသူတွေလည်းရှိတယ်။ တိုင်းပြည်နာတယ်။ အစိုးရနဲ့ စစ်တပ် တသံတည်းမတွက်နိုင်ကြသေးတာ တိုင်းပြည်အတွက်မကောင်းပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၃
၂၉-၈-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး