Hypotrichosis အမွေးထူပြီး သန်ချင်တယ်

(ကန်တော့ပါ)

၁။ ဆရာ ဗဟုသုတအနေနဲ့ တခုလောက်မေးချင်ပါတယ်။ Online မှာကြော်ငြာတဲ့ မုတ်ဆိတ်မွေး ပါးသိုင်းမွေးပေါက်ဖို့ လိမ်းဆေးတွေက ဟော်မုန်းပြောင်းလဲပြီး တကယ်ပေါက်လာနိုင်ပါသလားဆရာ။ ဒါက ဆေးထဲမှာပါဝင်တဲ့ ပစ္စည်းတွေပါ။ Deionized water, glycerin, hydroxyethyl cellulose, menthylisothiazolinone, methyl chloride isothiazolinone, flavour, CI 19140 အချိန်ရရင် ဖြေပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ မုတ်ဆိတ်မွေးပါးပြီး ကျဲနေပါသဖြင့် ထူပြီးသန်ချင်ပါတယ်ဗျာ။ ဆေး သို့မဟုတ် နည်းလမ်းလေး ပြောပြပေးစေချင်ပါတယ်။ အသက်က ၂၄ နစ်ပါ။ လက်ရှိ ပြည်ပမှာဖြစ်လို့ ဆေးဝယ်ရ ခက်ခဲမှုရှိပါသဖြင့် မြန်မာနည်းစနစ်တခုခုကို ပြောပြလမ်းညွှန် ပေးစေချင်ပါတယ်။

Hypotrichosis ဆိုတာ အမွေးနည်းတာ၊ ပါးတာကို ခေါ်တယ်။ Hypertrichosis နဲ့ ပြောင်းပြန်။ Hallermann-Streiff syndrome ဆိုတဲ့ မွေးရာပါ ရှာပါးရောဂါမှာလည်းဖြစ်တယ်။ ကမ္ဘာမှာ လူ ၂ဝဝ မရှိဘူးတဲ့။ ဆေးတချို့ကြောင့်လဲ ဖြစ်တယ်။

လူတယောက်နဲ့ တယောက် မတူကြပါ။ လူတွေရဲ့ ကိုယ်မွေးဆိုတာ ၂ မျိုး ၃ မျိုးရှိတယ်။ Terminal hair ဆိုတဲ့ အကြမ်းစားနဲ့ Vellus hair အနုစားတွေ ဖြစ်တယ်။ အနုစားဆိုတာ ၁ လက္မရဲ့ ၁၃ ပုံ ၁ ပုံသာ ရှည်ပြီး၊ ကလေးဘဝနဲ့ အရွယ်ရောက် အမျိုးသမီးတွေရဲ့ ကိုယ်မွေးဖြစ်တယ်။ ရှိသေးတာက Lanugo hair မမွေးခင် ဗိုက်ထဲမှာရှိတာကို ခေါ်တယ်။ ကိုယ်ဝန် ၃၆-၄ဝ ပါတ်မှာ Vellus hair တွေအဖြစ် ပြောင်းလာတယ်။

Terminal ကို Androgenic hair လို့ ခေါ်တယ်။ အရွယ်ရောက်ချိန်နောက် Androgen ဟော်မုန်းထွက်မှ ပေါက်တာမို့ပါ။ ယောက်ျားမှာ မိန်းမတွေထက် ပိုများတယ်။ ဒီဟော်မုန်းတန်ခိုးနဲ့ အနုစားတွေက အကြမ်းစားဖြစ်လာတယ်။ အထူးသဖြင့် ချိုင်း၊ ဆီးစပ်နေရာတွေမှာပါ။ ယောက်ျားတွေဆိုရင် မျက်နှာနဲ့ ကိုယ်တွေမှာလည်းကြမ်းလာတယ်။ အမွေးအကြမ်းစား နည်းနေသူဟာ Androgenic hormones ကျားဟော်မုန်းကို တုန့်ပြန်တာ နည်းနေဖြစ်နိုင်တယ်။

Androgenic ဟော်မုန်းတွေဟာ ယောက်ျားကို ယောက်ျားပီသစေသလို မိန်းမကိုလဲ မိန်းမပီသဘို့ လိုပါတယ်။ Estrogen ဆိုတဲ့ မ-ဟော်မုန်းကလဲ ဒီကနေ ဆက်ဖြစ်ရတာပါ။ ကျား ပင်မ လိင်အင်္ဂါတွေနဲ့ ဒုတိယ ကြန်အင်လက္ခဏာတွေ ဖြစ်ထွန်း သန်မာစေအောင် ဆောင်ကျဉ်းပေးပါတယ်။ Testosterone နဲ့ Androstenedione တွေက အဓိက ၂ မျိုးဖြစ်တယ်။

ဒီဟော်မုန်းနည်းနေသူတွေမှာ ကလေးမရ၊ လိင်တံညှိုး၊ လိင်စိတ်နည်း၊ စိတ်ကျ၊ စိတ်တို၊ စိတ်မော၊ ကြွက်သားတွေ အရွယ်အစား အင်အားသေး၊ အရိုးမသန်၊ အဆီတိုး၊ စိတ်အာရုံနည်းပါး၊ အအိပ်ပျက်တွေ ဖြစ်တယ်။ အမွေးနည်းတာလဲ စဉ်းစားလို့ ရပါတယ်။

တခြားအကြောင်းတွေ ဘာမှမရှိရင် အမွေးများချင်တာနဲ့ ဟော်မုန်းဆေး မှီဝဲဘို့ မတိုက်တွန်းလိုပါ။ အထူးကုဆရာဝန်နဲ့ ကိုယ့်မှာ ရှိနေတဲ့ ဟော်မုန်းကို အရင်စစ်ဆေးဘို့လိုမယ်။ ဒါအတွက် Testosterone creams and gels ကို သုံးသင့်မသင့် အတိအကျ မပြောနိုင်ပါ။ အမျိုးသမီးတွေလဲ ကြွက်သား တိုးတက်အောင် သုံးကြတယ်။ ကိုယ်ဝန်ရှိတုံး သုံးမိရင်တော့ အထဲကကလေး ထိခိုက်မယ်။ ပုံပါဆေးတွေ၊ မေးခွန်းပါဆေးကို သုံးပါလို့တော့ ကျွန်တော်က မညွှန်ပါ။ အလွယ်ဝယ်ရတာကတော့ Natural testosterone creams and supplements တွေဖြစ်တယ်။ Herbal တွေကနေ ထုတ်တာပါ။ ထိရောက်မှုသုတေသန မစုံ။

မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ အပါအဝင် ရင်ပတ်မွေး၊ ခြေသလုံးမွေး စတာတွေ ထူတာ၊ သန်တာက မျိုးဗီဇနဲ့ မျိုးရိုး လိုက်တယ်။ သာမန်အားဖြင့် ရိတ်တာက နုတ်တာထက် သန်စေတယ်။ ရိတ်ရင် လားရာပြောင်းပြန် ရိတ်ရတယ်လို့ ပြောတယ်။ အထက်က-အောက်၊ အောက်က-အထက်၊ ဘယ်က-ညာ၊ ညာက-ဘယ်။

မုတ်ဆိတ်မွေး ထူစေများစေတဲ့ အစာဆိုတာရှိတယ်။ Vitamin A များတဲ့ အသဲ၊ မုံလာဥဝါ၊ မုံလာပွင့်စိမ်း၊ ကန်စွန်းဥ၊ ထောပတ်၊ အမဲသား။ နောက်ပြီး Calcium ကယ်လ်စီယမ်၊ Vitamin C ဗီတာမင် စီ၊ Vitamins E ဗီတာမင် အီး၊ Chromium, Copper, Iodine ဓါတ်ဆား တွေနဲ့ Biotin (ဗီတာမင် ဘီ-၇) တွေ ဖြစ်တယ်။

သတိထပ်ပေးပါရစေ။ ဟော်မုန်းပါဆေးတွေကို အထူးသတိထားရတယ်။ ဖြစ်စေချင်တာနဲ့အတူ မဖြစ်စေချင်တာတွေပါ ဖြစ်လာတတ်တယ်။

အမွေးများလို့ ပါးချင်သူများ ပါးပါစေ။ ထူချင်သူတွေလဲ ထူကြပါစေ။

Dr. တင့်ဆွေ
၁ဝ-၁-၂ဝ၁၁
၁၉-၃-၂ဝ၁၈



Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး