သဒ္ဒါမှားတာ ချစ်စရာမကောင်းပါ

မင်္ဂလာပါဆရာ။ သမီးကို စာမေးခွင့်ပြုပါနော်။ နေတယ်ဆိုတဲ့ present continuous tense ကို အငြင်းပုံစံရေးရင် အမှန်ကဘာလဲ သေချာမသိလို့ပါဆရာ။ မြန်မာစာသင်နေလား။ ဟင့်အင်း မသင်နေဘူး/ သင်မနေဘူး။ မကို ဘယ်နေရာမှာထားတာက သဒ္ဒါအမှန်လဲဆရာ။

မြန်မာစာကိုမေးတာလား အင်္ဂလိပ်စာလားတော့ မရှင်းပါ။

အင်္ဂလိပ်စာမှာ present continuous tense ကို မေးခွန်းလုပ်ရင် Be verb ကို ရှေ့ထုတ်လိုက်တာနဲ့ရတယ်။ အငြင်းဝါကျဆိုရင် Be verb နဲ့ ing verb ကြားမှာ not ထည့်တာနဲ့ရတယ်။ သဒ္ဒါအမှန်ကိုပြောတာဖြစ်တယ်။

ဗြိတိသျှအင်္ဂလိပ်စာ Present continuous tense ကို အမေရိကန်အင်္ဂလိပ်စာမှာ Present progressive tense လို့ ခေါ်တယ်။ အခေါ်မတူပေမယ့် သဒ္ဒါတူပါတယ်။ မြန်မာစာမှာသာ သဒ္ဒါလွဲနေတယ်။

မြန်မာလို သင်မနေဘူးကသာ မှန်တယ်။ စစ်စစ်ပေါက်ပေါက် ကပ်ပြောရင်တော့ ရတယ်။ စာသင်ခြင်းအမှုကို လုပ်မနေ။ စာမသင်ခြင်းအမှုကို လုပ်နေလို့ ဆိုလိုတယ်။ မြန်မာစာမှာရော အင်္ဂလိပ်စာမှာပါ စာမသင်ခြင်းဆိုတာ မရှိပါ။

မြန်မာစာမှာ ခြင်း ထည့်ရင် နာမ်ဖြစ်တယ်။ မ ထည့်လို့ နာမ်မဖြစ်ပါ။ ကြိယာကိုသာ မ ထည့်ရပါတယ်။

အလားတူ သဒ္ဒါမမှန်တဲ့ စကားပြောတွေရှိတယ်။ မအိပ်နေဘူး။ မစားနေဘူး။ ပေးဖတ်တယ်။ ပေးစားတယ်။ သဒ္ဒါမှားပြီး အဓိပ္ပါယ်လွဲနိုင်တယ်။ နားထောင်တဲ့သူတွေကို နားကလောစေတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး