Vision ရေရှည်အမြင်

လက်နှိပ်မီးပို့စ်လေးအောက်မှာ ကွန်မင့်တခုရေးပါတယ်။ ကျွန်တော်တို့ဘက်မှာတော့ အရပ်ထဲမှာခေါ်ကြတာ မိုးလေးဓာတ်မီးတဲ့ဆရာ။

အဲဒီခေတ်က နည်းနည်း နောက်ကျလာပြီ။ မဆလ ခေတ်မှာ အစစရှားတော့ ပြည်တွင်းကမထုတ်တာမှန်သမျှ မှောင်ခိုလမ်းတွေကနေသာ သွင်းရတယ်။ လက်နှိပ်ဓါတ်မီးကို အိန္ဒိယနယ်စပ် မိုးရေး-တမူးလမ်းကနေဝင်တယ်။ အဲတာနဲ့ ခေါ်ကြပုံရတယ်။ မိုးလေးလို့ပြောကြပေမယ့် မိုးရေးကအသံထွက်မှန်တယ်။ ကိစ္စတော့မရှိပါ။

အဲဗားရယ်ဒီလက်နှိပ်မီးကတော့ လွတ်လပ်ရေးမရခင်ကတည်းက အခုထိရှိတယ်။ ကောင်းတယ်။ တရုပ်လုပ်နဲ့ အိန္ဒိယ လုပ်တွေကတော့ သိပ်မခံပါ။

ဘက်ထရီနဲ့ လက်နှိပ်မီးထုတ်တဲ့ အဲဗာရယ်ဒီက အမေရိကန်ကုမ္ပဏီဖြစ်တယ်။ ၁၈၉၉-၁၉ဝ၅ ကတည်းက စတယ်။ ရီလေးစက်ဘီးက အင်္ဂလန်ကလာတယ်။ ၁၈၈၅ ကတည်းကစတယ်။ အဲဒီနှစ်မှာ သီပေါမင်း ပါတော်မူတယ်။ ဟမ်းဘားစက်ဘီးကလည်း အင်္ဂလန်ကလာတယ်။ ၁၈၈၇ ကတည်းကစတယ်။ ကျွန်တော်တို့ သူငယ်တန်းကတည်းက သုံးနေတဲ့ အလွန်ကောင်းတဲ့ ခွေးမီးတိုခဲတံက ဂျာမဏီကလာတယ်။ မြန်မာ့ဆိုရှယ်လစ်လုပ်ကတည်းက ဂရိတ်ဝေါခေါ် တရုပ်မဟာတံတိုင်းခဲတံသာသုံးရတာ၊ ကျောင်းသားတိုင်းက မကြိုက်ကြပါ။

ကျွန်တော်တို့တတွေ ရေရှည်ခံတာ ဘာပစ္စည်းတွေ ထုတ်လုပ်နိုင်ကြသလဲ။ ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ဘူးတယ်။ သဘာဝထွက်တွေထဲမှာတော့ ကမ္ဘာ့နံပါတ်တစ်တွေ အကပ်အသတ်တော့ရှိသေးတယ်။

ရေရှည်ကိုကြည့်တဲ့ရှေးလူကြီးတွေ မျိုးဆက်ပြတ်သွားခဲ့တာကြာပြီ။ ခေတ်လူတွေက အမြင်ကျယ်ဘို့ ပြောသံတွေ ကြားရတယ်။ မတူတာတွေကို အတူတူလို့ အမြင်ခိုင်းတယ်။ နေရာတကာ ယူနီဗာဆယ်ခိုင်းတယ်။

ကျွန်တော်ကတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ရေရှည်အမြင်ရှိတာကို ပိုသဘောကျတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး