The Potato Eaters အာလူးစားကြသူများ

မန္တလေးဆေးကျောင်းကနေ အတူအောင်ပြီး တခြားတိုင်းပြည်တခုမှာနေကြတဲ့ သူငယ်ချင်းစုံတွဲက အာလူးကြော်ကြသတဲ့။ အားလူးစားကြသူများလို့ ရေးလိုက်တယ်။ ကနေ့အိမ်မှာလည်း အာလူးကြော်တယ်။

The Potato Eaters ဆိုတာ နာမည်ကျော် ပန်းချီဆရာ ဗင့်ဆင့်ဗန်ဂိုးရဲ့ နာမည်ကြီးပန်းချီကားတွေထဲက တခုဖြစ်ပါတယ်။ သူက ဒတ်ခ်ျလူမျိုး။ ပန်းချီကားကို ၁၈၈၅ ခု သီပေါမင်းပါတော်မူတဲ့နှစ်မှာ ရေးဆွဲပါတယ်။ ဗန်ဂိုးက လယ်သမားတွေရဲ့ တကယ့်ဘဝကိုသရုပ်ဖေါ်တာလို့ ဆိုပါတယ်။ ကောက်ကြောင်းနဲ့ အရောင်တွေက ကြမ်းတယ်။ ရုပ်ဆိုးတဲ့ သရုပ်ဆောင် မော်ဒယ်တွေကိုသုံးတယ်။

ပန်းချီကားဆွဲပြီးနောက် နှစ်နှစ်အကြာ သူ့ညီမဆီကိုစာရေးတော့ အာလူးစားကြသူများပန်းချီကားဟာ သူ့ရဲ့ အအောင်မြင်ဆုံးလို့ထင်ကြောင်း ပါရှိတယ်။ သူက အဲလိုယူဆပေမဲ့ သူ့သူငယ်ချင်း အင်သွန်ဗင်ရက်ပတ်ကတော့ ပန်းချီကားဆွဲပြီးစမှာ မကောင်းပါဘူးကွာလို့ ဝေဘန်တယ်။ ဖရင်းတချို့က အဲလိုပဲ။ No Smile!

ပန်းချီကားထဲမှာ မီးအိမ်လေးတလုံးတည်းကလာရတဲ့အလင်းရောင်အောက်မှာ သူတို့စိုက်ထားတဲ့အားလူးကို စားသောက်နေကြတယ်။ နေအိမ်အခင်းအကျင်းကလည်း နုံခြာလှတယ်။ လက်လုပ်လက်စား ခေါ် အလုပ်ကြမ်းသမား မိသားတစု။ သူတို့ရတဲ့ဝင်ငွေကတော့ ရိုးသားစွာရထားကြတာ။

ပန်းချီဆရာက သူ့ခေတ်မှာ ယဉ်ကျေးပါတယ်ဆိုသူတွေဘဝနဲ့ နှိုင်းပြချင်တယ်လို့ဆိုပါတယ်။ တော်တတ် ချမ်းသာ နေသူတွေကိုသာ လူတွေကအထင်ကြီးမနေကြဘို့ ဒီပန်းချီကားကိုဆွဲပါသတဲ့။ အညိုရောင်က ထင်ရှားတယ်။ မွဲတေမှုနဲ့ ဝမ်းနည်းစရာကို ထင်ဟပ်စေတယ်။ မြန်မာပြည်ဗြိတိသျှကိုလိုနီခေတ်မှာ ဘီအိုစီရေနံမြေက ရေနံချေးရောင် စာပေတွေ ရေးသားခဲ့ကြတယ်။

ကျွန်တော်တို့ခေတ်က အာလူးပေးတယ်ဆိုတာ အပြောသမားကို ခေါ်တယ်။ အပြောသမားသာ များခဲ့လို့ ဗန်ဂိုးရဲ့ ပန်းချီကားထဲက မျက်လုံးတွေ မြန်မာပြည်မှာ အခုလည်းရှိတယ်တင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး