Group ဂရုဆိုရင် သတိထားပါလေ

(ကန်တော့ပါ)

မင်္ဂလာပါဆရာ ကိုယ်ဝန်ဆောင် Group တခုထဲ ဖတ်မိတာလေးနဲ့ပတ်သတ်ပြီး ဆရာ့အမြင်လေးသိချင်လို့ပါဆရာ
တခါမှမကြားဖူး မသိဖူးတဲ့ အံ့သြစရာကိစ္စဖြစ်နေလို့ပါ။ မူရင်းရေးသားသူရဲ့ post ကို copy paste လုပ်မိပါတယ်။ စာကရှည်လို့ပါဆရာ။ post ပါအကြောင်းအရာက အောက်မှာဖော်ပြထားပါတယ်ဆရာ။ ကျေးဇူးတင်ပါတယ်ရှင်။

စစ်တို့ရေ ညီမလေမရေးဘူး ရေးမယ်နဲ့ တွေဝေတုန်း ရေးလိုက်ပါတယ် ညီမစာထဲ စကားလုံးရိုင်းများ ပါ ပါက ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်ပါရစေ အဓိကက ကိုယ်ဝန်ဆောင်သည်တွေအတွက် ရေးချင်တာပါ။ စစ်တို့ ကြားဖူးလားဟင် မျှော့ဆိုတာ သတ္တဝါ မျှော့ကိုပြောတာမဟုတ်ဘူးနော် မိန်းမကိုယ်မှာ မျှော့ရှိနေတာ အပြင်က ကြည့်ရင်မျှောရှိ မရှိမသိရနိုင်ဘူး အတွင်းပိုင်းမှာ သူကရှိနေတာ မျှော့ပါတဲ့မိန်းကလေးက ၁၀၀ မှာ ၁ ယောက်ရှိခဲတယ် ကိုယ်ကမျှော့ဟုတ်မဟူတ်ဆိုတာ အတူနေအမျိုးသား က သိနိုင်တယ် ဒါကလဲ အရမ်း အတွေ့အကြုံရှိ တဲ့သူမှာပါ မျှော့က အတူနေချိန် ယောက်ျာ့း့ တတ်တယ်တဲ့ မျှော့ပါတဲ့ အမျိုးသမီးနဲ့အတူ နေဖူးတဲ့ယောက်ျားက အဲမိန်းမကို တန်းတန်းစွဲ အိမ်ထောင်ရေးသုခ သာယာတယ်လို့ ကြားဖူးတယ် အဲမိန်းမက ယောက်ျားရဲ့ချစ်ခင်မှုကိုရပေမဲ့ ကိုယ်ဝန်ဆောင်ဖြစ်လာရင် ကလေးမွေးတဲ့အချိန် အရမ်းကို ဒုက္ခရောက်ပါတယ် ဘယ်လိုဒုက္ခရောက်လဲဆိုတော့ သူကမွေးလမ်းကြောင်း ညှပ်ရိုးနားမှာ ရှိတာပါ ကလေးက မွေးချင်လို့ သားအိမ်ထဲက ထွက်လာရင် ပြန်ုပြန်ဆွဲထားပါတယ် မိခင်က ဘယ်လောက်အားစိုက် ညှစ်ညှစ် ကလေးကပြန်ဝင်သွား ပါတယ် မျှော့ကပြန်ပတ်တဲ့သဘောပါ အဲလိုအမျိုးသမီးကို ကျမတွေ့ဖူးသွားလို့ ဒီစာကကိုရေးတာပါ ကျမအမျိုးသားရဲ့ သူငယ်ချင်းမိန်းမက မျော့ပါတဲ့သူက နှစ်ဦးစလုံးကမသိကြဘူး လစေ့တော့ ဗိုက်နာမွေးချင်လာတော့ ဆေးရုံသွားကြတယ် အဲအမရယ် သူ့ညီမလေးရယ် အမျိုးသားက အလုပ်သွားတော့ မပါဘူး အစိုးရဆေးရုံတွေကတော့ သိတဲ့အတိုင်း လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ပြီး ရိုးရိုးမွေးမယ်ဆိုတော့ ကလေးအထွက် စောင့်တာပေါ့ နာတာကြာပြီ ECG ဆွဲတော့ ကလေးထွားလို့ သားအိမ်ကွဲနေပြီ ခွဲရမယ်ပြောတယ် လူနာစောင့်က ကလေးမလေး အမျိုးသားကဆက်သွယ်မရ မိခင်ကလည်း ရိုးရိုးပဲမွေးချင် မခွဲရဲ အဲလိုနဲ့ နာချိန် ၁၃နာရီကြာသွားတယ် ဆရာဝန်တွေကမရတော့ဘူး အသက်အန္တရာယ်ရှိတယ်ဆိုမှ ခွဲခွင့်ပြုတယ် မွေးလာတယ် ယောက်ျားလေး ၉ပေါင်တောင် မျက်နှာမှာ ထိုးနှက်ထားသလို ညိုမည်းစွဲနေတာပဲ ကလေးကို ချက်ချင်း အောက်ဆီဂျင်ပေးရတယ် နာရီပိုင်းပဲကြာတယ် ကလေးအသက်ဆုံးရှုံးသွားတယ် မိခင်လည်း အားပျက်ပြီး အရေးပေါ်ခန်းထဲက ခုထိ မထွက်ရသေးဘူး ကလေးဆုံးတာလဲ အသိမပေးရဲဘူး ခွဲတော့မှ ဆရာဝန်တွေကလည်း မျှော့မှန်းသိတော့ ဖြတ်ထုတ်တာ ၅လက်မလောက်ရှည်တယ် သူတို့ကိုကြည့်ပြီး ရင်ထဲမကောင်းလိုက်တာ ကလေးကညိုမည်းစွဲနေတော့ မူခင်းရဲတွေကလည်း လာစစ်ဆေးတယ် လူသတ်မှုလား ဘာလားပေါ့ နောက်မှ ဆရာဝန်ဆေးစစ်ချက်အရ မျော့ဆိုတာ သိရတယ် အဲတော့ရိုးရိုးမွေးမဲ့မေမေများ ဆရာဝန်က လိုအပ်လို့ခွဲမယ်ဆိုရင် ချက်ချင်းခွဲပါ မိခင်ရော ကလေးပါ စိတ်ချရအောင် ခွဲမွေးပါလို့ပြောချင်တယ် မျော့ရှိတဲ့ မိခင်တဦး အရင်ကကြားဖူးတယ် သူကတော့အိမ်မှာ အရပ်လက်သည်နဲ့မွေးတာ လက်သည်က ကလေးမထွက် နှိုက်ကြည့်တော့ မျော့မှန်းသိတော့ ဆားနဲ့ပတ်မွေးတယ် ဒါလည်းသူက အတွေ့အကြုံများသူမို့လေ ကြောက်စရာနော် စာရှည်သွားသည်။ ခွင့်လွှတ်ပါ။ အတွေ့အကြုံတခုကို ဗဟုသုတအနေနဲ့မျှတပါ။ အမှားပါရင်ဆောရီးပါ။ ကျေးဇူးတင်ပါတယ်😃

ကျွန်တော့်ဆီအဲလိုဟာတွေ လာလာမေးကြတယ်။ အများစုကို မဖြေပါ။ အရေမရ အဖတ်မရ၊ လုပ်ကြံဇာတ်လမ်းတွေ။ ဒီဟာကိုတော့ သုံးသပ်ချက်လုပ်ပါမယ်။ မဟုတ်နိုင်ပါ။ ဆေးသုတေသန မရှိပါ။

၁။ မိန်းမကိုယ်၊ မွေးလမ်းကြောင်း၊ သားအိမ်၊ မျိုးဥအိမ်နဲ့ သားအိမ်ပြွန်တွေရဲ့ ခန္ဓာဗေဒမှာရော အနုဇီဝဗေဒမှာပါ အဲလို မရှိပါ။ ရောဂါဗေဒမှာလည်း မပါ။ မွေးလမ်းကြောင်း ညှပ်ရိုးမရှိပါ။ ညှပ်ရိုးဆိုတာ ကော်လာဘုန်း ခေါ်တဲ့ လည်ပင်း အောက်ခြေမှာ ဘယ်နဲ့ညာ အရိုးနှစ်ချောင်းကိုခေါ်ပါတယ်။

၂။ နာတာကြာပြီ ECG ဆွဲတော့ ကလေးထွားလို့ သားအိမ်ကွဲနေပြီလို့ဖတ်ရတာ လွဲမှားနေတယ်။ ကိုယ်ဝန်ဆောင်မှာ နှလုံးရောဂါမရှိသူကို အီးစီဂျီ မဆွဲပါ။ ကလေးထွားတာကို မသိနိုင်ပါ။ အာလ်ထွာဆောင်းသာ လိုရင်ရိုက်ပါမယ်။

၃။ ဆရာဝန်တွေက ခွင့်ပြုချက်ကို လူနာဆီကနေလည်းယူနိုင်ပါတယ်။ သူ့ခင်ပွန်းစောင့်ရချိန်နဲ့ လူနာအခြေအနေကို ချင့်ချိန်ပါမယ်။

၎။ မျက်နှာမှာ ထိုးနှက်ထားသလို ညိုမည်းစွဲနေတာလို့ရေးတာလည်း စွပ်စွဲချက်ဆန်တယ်။ ဘလူးဘေဘီ ဆိုတာရှိတယ်။ မွေးဖွားချိန် ပဌမအဆင့်နဲ့ ဒုတိယအဆင့်မှာ ကြာနေရင် ကလေးတကိုယ်လုံး ပြာနှမ်းနေတာကို ခေါ်တယ်။ နှိပ်စက်ခံရတာနဲ့ မဆိုင်။

၅။ ကလေးကညိုမည်းစွဲနေတော့ မူခင်းရဲတွေကလည်း လာစစ်ဆေးတယ်ရေးတာလည်း မဖြစ်နိုင်။ ဘလူးဘေဘီတိုင်းသာ ရဲလက်အပ်ရရင် သာဖွါးခန်းထဲ ရဲမေတယောက် အမြဲတမ်းထားရပါလိမ့်မယ်။

၆။ ဆရာဝန်တွေကလည်း မျှော့မှန်းသိတော့ ဖြတ်ထုတ်တာဆိုတာ မဖြစ်နိုင်။ ကျွန်တော် ကိုယ်ဝန်ဆောင်ပေါင်း ထောင်ဂဏန်း မွေးပေးခဲ့ပါတယ်။ အဲလိုမျိုး တခါမှ မကြုံတွေ့ခဲ့ဘူးပါ။ ဆေးစာအုပ်တွေ၊ သုတေသနစာတမ်းတွေလည်း မဖတ်ဖူးပါ။

၇။ အရပ်လက်သည်ဇာတ်လမ်းကလည်း ဖတ်တဲ့လူတွေစိတ်ဝင်စားအောင် စိတ်ကူးပေါက်ရာပြောတာဖြစ်ပါမယ်။ ဆားနဲ့ပတ်မွေးတယ်ဆိုတာ ဘာလဲမသိ။ ဆားနဲ့ပက်တာလားမသိ။

ဂရုဆိုတာတွေထဲက မေးလာတိုင်း အလွဲအမှားနဲ့ အယူသီးတာတွေက များတယ်။ သူများနိုင်ငံတွေမှာလည်း ဂရုတွေ ရှိပါတယ်။ အဲလောက်ထိ ဆိုးတာ မှားတာ လိမ်ညာတာ ဖြီးဖြန်းတာ မရှိပါ။ ဖေ့စ်ဘွတ်ဖတ်ရင် အဲဒီဘာသာစကား ပြောသူတွေရဲ့ အရည်အချင်းကို သိနိုင်တယ်။ မြန်မာစာရေးသူတွေ အသိဉာဏ်ပညာ တိုးတက်ကြပါစေသတည်း။

စာမူရင်းအတိုင်းတော့ မတင်သင့်လို့ ထည့်ထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး