Unfortunate Pregnancy ကံမကောင်းတဲ့ ကိုယ်ဝန်

(ကန်တော့ပါ)

ဆရာရှင့် ကျွန်မအသက် ၃၉ရှိပါပြီ။ ပထမကလေးက ၄နှစ်ပြည့်ပါပြီ။ ကျန်းမာပါတယ်။ ဒါပေမယ့် သူ့အောက်မှာ ၁လခွဲနဲ့ ကိုယ်ဝန်နှစ်ခါပျက်ကြ (ပျက်ကျလို့ ရေးရတယ်) ပါတယ်။ အခုတခါ ကိုယ်ဝန်ပြန်ဆောင်တာ ၅လရှိပြီ။ ကလေးက မလှုပ်ဘူး။ ဒီဇင်ဘာ ၂၇ရက်နေ့က အယ်ထွာဆောင်း (အာထွာဆောင်းလို့ ရေးရတယ်) ရိုက်ကြည့်တော့ ကလေးဆုံးတယ်သအိမ် (သားအိမ်လို့ ရေးရတယ်) ခြစ်ရမယ်ပြောပါတယ်ဆရာ။ ကျွန်မမှာနှလုံးသွေးကြောကျဉ်းနဲ့ သွေးလေးဖက်နာရောဂါရှိပါတယ်ဆရာ။ ဒါပေမယ့် သွေးလေးဖက်နာဆေးကို ကိုယ်ဝန်စဆောင်ကတည်းက မသောက်တော့ပါဘူး။ နှလုံးဆေးဘဲသောက်ပါတယ်ဆရာ။ ကျွန်မသိချင်တာက ကျွန်မရောဂါကြောင့် ကိုယ်ဝန်ခဏခဏပျက်ကြတာလား၊ ကိုယ်ဝန်မရနိုင်တော့ဘူးလားဆိုတာ သိပါရစေဆရာ။ တစခါမှစာမရေးဖူးလို့ အမှားပါရင်ခွင့်လွတ်ပေးပါဆရာ။ ဆရာ့ကိုလေးစားလျက်။

ကိုယ်ဝန်ရတိုင်း ကလေးအကောင်းမမွေးတတ်ပါ။ ကိုယ်ဝန်ပျက်တာကို မသိလိုက်သူတွေလဲ မနည်းပါ။ ဘာလို့ ပျက်သလဲ အကြောင်းတရားတွေကများတယ်။ ကိုယ်ဝန်မှန်သမျှရဲ့ ၁၅% လောက်ပျက်တယ်။ ၇၅% က ကိုယ်ဝန် ၁၂ ပတ်အတွင်းမှာ ပျက်တယ်။ ၁၂ ပါတ်အတွင်းမှာ အလိုလိုပျက်ကျတာကို Miscarriage ခေါ်တယ်။ ဖျက်တာကိုသာ Abortion ခေါ်တယ်။

အသက်ကြီးသူတွေမှာ Genetic (Chromosomal) မျိုးဗီဇကြောင့်ပိုဖြစ်တာတွေ့ရတယ်။ ၄၂ နှစ်ကျော်ရင် ၂ ဆဖြစ်တယ်။ ၆ဝ%က မျိုးဗီဇချို့ယွင်းလို့ဖြစ်တယ်။ အများဆုံးဖြစ်တာက သန္ဓေသားရဲ့ ခရိုမိုဆုံး ပုံမှန်မဟုတ်လို့ ဖြစ်တာ၊ ၅ဝ% ရှိတယ်။ အဲတာကို ပြုပြင်လို့မရနိုင်ပါ။

သားအိမ်ကချို့ယွင်းတာထဲမှာ မွေးရာပါသားအိမ်အခန်း ၂ ခုဖြစ်နေတာ၊ သားအိမ် နှစ်ခုတွဲ ဖြစ်နေတာတွေအပြင် သားအိမ်အလုံးက နေရာမတော်တာမှာရှိနေခြင်းလည်းပါတယ်။ သားအိမ်အဝမလုံသူဆိုရင် လစေ့တဲ့အထိ မတည်နိုင်လို့ ချုပ်ပြီးပြင်ပေးနိုင်တယ်။ ဆီးချို၊ Thrombophilia သွေးရောဂါနဲ့ တိုက်ဖွိုက်ရောဂါတွေပါတယ်။ ဆီးချိုနဲ့ နှလုံးသွေးကြော ရောဂါတွေကို ထိန်းနေရမယ်။ ခုခံအားချို့ယွင်းမှုထဲမှာ Antiphopholipid Antibody Syndrome, Reproductive Autoimmune Failure Syndrome တွေပါတယ်။ ခဏခဏကိုယ်ဝန်ပျက်သူဆိုရင် Immunological Issues ခုခံစနစ်ကို စဉ်းစားရမယ်။ သားအိမ်မှာ ခုခံအားစနစ်နဲ့ ဆိုင်တဲ့ NK cells တွေ ပိုများနေတာကို သိလာရတယ်။ စတီရွိုက် နည်းနေသူတွေမှာ ကိုယ်ဝန်ခဏခဏပျက်ရတယ်။

အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခုအဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ်ဆိုတာတောင် ကိုယ်တိုင်မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့အခွင့်အလမ်း သိသိသာသာ နည်းလာပါပြီ။

ထိခိုက်မှုဆိုတာ မတော်တဆထိခိုက်မှု၊ အားကစားသာမန်လုပ်လို့ ပျက်မကျပါ။ တမင်တကာ ထိခိုက်မှုနဲ့ စိတ်ဖိအားတွေ ဖြစ်တယ်။ ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။ ၃၅ နှစ်အောက်မှာ ၁၅%၊ ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊ ၄၅ နှစ်အထက် ၅ဝ% ပျက်ကြတယ်။ ဆောရီး။

ကိုယ်ဝန်တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့နေရာတွေမှာ သိသာပြီး၊ မဖျက်ဘဲပျက်တဲ့ ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ တချို့မှာ ဘာလို့လဲပြောမရဘူး။ ကိုယ်ဝန်ပျက်တာ အများဆုံးက ပဌမ ၃ လပိုင်းမှာဖြစ်တယ်။

ကိုယ်ဝန် မလွဲမသွေပျက်တော့မယ်ဆိုတာကို Missed abortion ခေါ်တယ်။ သွေးတော့ မဆင်းသေးဘူး။ ဗိုက်နာတာလဲ မရှိသေးပါ။ ကိုယ်ဝန်က ဆက်ပြီးကြီးထွားမလာတော့ပါ။ ကိုယ်ဝန်ရှိတယ်သာပြောရတာ သန္ဓေသားက ဖြစ်ချင်မှ ဖြစ်လာမယ်။ ဖြစ်လာပြီးရင်လည်း အသက်မဝင်ဘူး။ ဒါက သဘာဝတရားလို့ ခပ်လွယ်လွယ်ပြောနိုင်တယ်။ သူ့သဘောသူဆောင်ပြီး ပျက်တာကို ဆိုလိုတယ်။ ဒီအခြေအနေတွေ့ရင် စောင့်မနေတော့ဘဲ ဆေးနဲ့ဖြစ်ဖြစ် ခြစ်ထုတ်တာဖြစ်ဖြစ် လုပ်ပေးမယ်။ ဆရာဝန်နဲ့ မတွေ့သူမှာ သွေးဆင်းလာမယ်။ Miscarriage လို့ သတ်မှတ်တယ်။

ကိုယ်ဝန်ပျက်ခြင်း အမျိုးမျိုး
• Spontaneous Abortion အလိုအလျှောက်ပျက်ခြင်း၊
• Induced Abortion တမင်တကာဖျက်ပြစ်ခြင်း၊
• Threatened Abortion ကိုယ်ဝန်ပ်ျဘို့အန္တရာယ်ရှိခြင်း၊ ကိုယ်ဝန်က သားအိမ်ထဲမှာရှိနေသေးတယ်။ သွေးဆင်းမယ်။ သားအိမ်ဝက ပိတ်နေသေးတယ်။
• Inevitable Abortion ရှောင်လွဲမရဘဲ ကိုယ်ဝန် ပျက်ကိုပျက်တော့မယ်။
• Complete Abortion ကိုယ်ဝန်က ပျက်သွားပြီး ဆင်းစရာ-ထွက်စရာတွေလဲ အကုန်ထွက်ကျသွားပြီးဖြစ်တယ်။
• Incomplete Abortion ကိုယ်ဝန် ပျက်ကိုပျက်တော့မယ့် Inevitable Abortion အဆင့်ကနေ တချို့တဝက် ထွက်ကျနေပြီ။ ဒါပေမဲ့ ဆင်းစရာတွေ အထဲမှာကျန်နေသေးတယ်။
• Missed Abortion ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်ဘဲ၊ ရှိနေတာကလဲ ပျက်စီးသွားပြီ။
• Septic Abortion ကိုယ်ဝန်ပျက်စဉ် ပိုးဝင်ခြင်း။
• Recurrent or habitual Abortion ကိုယ်ဝန်ပျက်လေ့ရှိသူ။ ၃ ခါနဲ့ ၃ ခါမက ပျက်ကျနေသူကိုသာ သုံးသင့်တယ်။

1. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://dts-medicaleducation-adult.blogspot.in/2013/08/miscarriage-prevention.html
2. Miscarriage ကိုယ်ဝန်ပျက်ခြင်းတမျိုး http://dts-medicaleducation-adult.blogspot.in/2012/03/miscarriage.html
3. Missed abortion ကိုယ်ဝန်ပျက်ခြင်းတမျိုး https://doctortintswe.blogspot.com/2016/01/missed-abortion.html

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး