မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, January 31, 2017

Live Chat လူရွယ်တယောက်နဲ့ စကားပြောခြင်း

ဆရာရေ မမှန်သတင်းတွေအမြဲလွှင့်ပြီး ဘာသာရေးဗန်းပြ၊့ ကိုအပုပ်ချနေတဲ့ တွေကို သည်းမခံနိုင်တော့သလိုပဲ။့ အမြင်မတော်ရင် ဆုံးမပေးပါ။ ဆရာပြောရင် နာခံပါမယ်။

ဆရာက အဲတာတွေ မဖတ်ပါ။ တွေ့တာလည်း အတော်နည်းတယ်။ အပြုသဘောတွေ စဉ်းစားတွေးခေါ်မှုကို တိုးတက်စေတာတွေကိုသာ ဖတ်သင့်တယ်။ လူရွယ်တွေအတွက် အခုလို ပြည်တွင်းသာမကာ ပြည်ပမှာဖြစ်လာတဲ့ ထူးခြားတဲ့အပြောင်းအလဲတွေကနေ စဉ်းစားတွေးတောချင်စိတ်ကို ဖွင့်ပေးလိုက်တာ ဖြစ်စေချင်နေတယ်။

ဥပမာ ဒေါ်နယ်ထရမ့်နိုင်တာဟာ တကယ့်အခင်းအကျင်းကြီးကို ပြောင်းစေတယ်။ တနေ့ကရေးလိုက်တာ ဖတ်မိသလား မပြောတတ်ဘူး။ အမေရိကန်ဟာ ဆင်။ ဆင်ဦးစီးက အသစ်။ ဆင်က တောလည်းတိုးမယ်။ ဒါပေမယ့် လမ်းဖြစ်မယ်။ ဆရာတို့က မျက်မမြင်ခြောက်ယောက်ထဲမှာ မပါဘို့လိုတယ်။

အမေရိကန်ကို မျှော်ကြည့်တဲ့ လူကြီးတွေရော လူငယ်တွေပါ ထပ်စဉ်းစားကြရတော့မယ်။ ဒီမိုကရေစီဆိုတာ ဒါမျိုးလည်း ရှိတယ်လို့ ထပ်ဆင့်တွေးကြရမယ်။ တခြားအိုင်ဒီယော်လော်ဂျီတွေလိုပဲ လစ်ဘရယ်အယူအဆလည်း အစွန်းရောက် မဖြစ်သင့်ဘူး။ ကမ္ဘာရွာဖြစ်စဉ်မှာ အတားအဆီး (သို့) နောက်ကြောင်းပြန် ဖြစ်လာသလား။ သမတသစ် ၄-၈ နှစ် အတွင်းသာမက နောက်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။

မြန်မာပြည်မှာက ရှုပ်ထွေးနေပေမယ့် လားရာက မှန်တယ်ထင်တယ်။ အကျယ် မရေးလိုသေးပါ။

စာဖတ်ရင်း စဉ်းစားရင် ထန်းပင်ပေါ်ကနေကြည့်သလို ကြည့်ပါ။ ဖားရေအိုင်ထဲကနေ မော်ကြည့်သလို မကြည့်နဲ့။ ညစ်ထေးနေတာတွေ ကိုယ့်ကို ပေကျံမလာစေနဲ့။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၇
ည (မနက်) ၁၂ နာရီ၊ ၁၂ မိနစ်။

Sudden death warning over faulty heart gene

 နှလုံးမျိုးဗီဇအမှားကြောင့် ရုတ်ရက်သေဆုံးနိုင်

ယူကေနိုင်ငံမှာ လူပေါင်း ၆ သိန်း၊ ၂ သောင်းတို့ဟာ နှလုံးမျိုးဗီဇအမှားကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ အလားအလာရှိလို့ ရုတ်ရက်သေဆုံးနိုင်မလား စိုးရိမ်နေကြရတယ်လို့ လွန်ခဲ့တဲ့ တနာရီက သတင်းထွက်ပါတယ်။ လူအားလုံးသာစစ်ဆေးရရင် အဲဒီအရေအတွက်ဟာ လူပေါင်း တသိန်းအထိရှိနိုင်တယ်လို့ဆိုပါတယ်။

စမ်းသပ်မှုဆိုတာ DNA blood test စမ်းနည်းဖြစ်ပါတယ်။ မျိုးဗီဇကို familial hypercholesterolaemia (FH) လို့ ခေါ်တယ်။ သူတို့မှာ ဆိုးတဲ့ ကိုလက်စထောခေါ် LDL အဆီဓါတ်များနေကြတယ်။

အဲလိုအားနည်းချက်ရှိတဲ့မျိုးရိုးအရမွေးလာတဲ့ကလေးတယောက်ကနေ မျိုးဆက်ဆက်လက်သယ်ဆောင်ဘို့ ၅ဝ% ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၇

ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ

၁။ ဆရာရှင့် သမီးကလေးက ၈ လ ရှိပါပြီ။ Hyper Active ဆိုတာဘယ်လိုမျိုးလဲသိချင်လို့ပါရှင်။ ဘယ်လိုရောဂါမျိုးလဲ ဘယ်လိုလက္ခဏာပြလဲဆိုတာ သိချင်လို့ပါရှင့်။

၂။ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါအကြောင်းလေး မြန်မာလိုရေးသားထားတာလေး ဖတ်ချင်ပါတယ်။ ကျမရဲ့ သားလေးမှာ အဲဒီလက္ခဏာမျိုး တခုလောက်ပါရှိတယ်လို့ထင်ပါတယ်။ ကျောင်းကဆရာတွေက ကလေးမှာ ADHD ဖြစ်တယ်ပြောလို့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်နဲ့ တလတခါဆွေးနွေးဖြစ်ပါတယ်။ ၄ ခါလောက်ပြပြီးတော့ ဆရာဝန်က ADHD ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ထောက်ခံစာရေးပေးပါတယ်။ ဒါပေမယ့် သားလေးက စာမရေးချင်ဘူး အိမ်စာလုပ်ရမှာတို စာဖတ်မှာတို့ကို အလွန်မုန်းတီးပါတယ။် သူအာရုံမှာ နေနေညညကစားဖို့ဘဲရှိပါတယ်။ အခုဆိုရင် ကျောင်သွားဖို့နေ့တိုင်းကို ငြင်းဆန်ပါတယ်။ အချိန်နဲ့ကန့်သတ်ပြီး ဘယ်လိုသင်သင် မပြောတတ်ပါဘူး။ ဒါပေမယ့် အခြား အလည်သွားတဲ့နေရာတွေ အဖြစ်အပျက်တွေကိုတော တိတိကျကျမှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ အာရုံမစိုက်နိုင်တဲ့ရောဂါ Attention Deficit Hyperactivity Disorder အတွက် သောက်ရမယ့်ဆေးနဲ့ ကုထုံးတွေ သိပါရစေဆရာ။ ဆေးက ရှာရလွယ်ပါသလား။

၎။ မြန်မာစာရေးတာ အကျင့်မရှိလို အစပျိုးမကောင်းတာလေး အဆုံးသတ်မလှတာလေးကို ခွင့်လွှတ်ပါလို့ ဦးစွာ တောင်းပန်ပါစေ။ ကလေးတွေမှာဖြစ်တဲ့ ADHD ရောဂါအကြောင်းလေး မြန်မာလိုရေးသားထားတာလေး ဖတ်ချင်ပါတယ်။ ကျမရဲ့သားလေးမှာ အဲဒီလက္ခဏာမျိုး တခုလောက်ပါရှိတယ်လို့ထင်ပါတယ်။ ကျောင်းကဆရာတွေက ကလေးမှာ ADHD ဖြစ်တယ်ပြောလို့ ဆရာဝန်ပြကြည့်တော့ ဆရာဝန်နဲ့ တလတခါဆွေးနွေးဖြစ်ပါတယ်။ ၄ ခါလောက်ပြပြီးတော့ ဆရာဝန်က ADHD ဖြစ်နိုင်တဲ့အခြေအနေမရှိဘူးလို့ ထောက်ခံစာရေးပေးပါတယ်။ ဒါပေမယ့် သားလေးက စာမရေးချင်ဘူး အိမ်စာလုပ်ရမှာတို့ စာဖတ်မှာတို့ကို အလွန်မုန်းတီးပါတယ။် သူအာရုံမှာ နေနေညညကစားဖို့ဘဲရှိပါတယ်။ အခုဆိုရင် ကျောင်းသွားဖို့နေ့တိုင်းကို ငြင်းဆန်ပါတယ်။ အချိန်နဲ့ကန့်သတ်ပြီး ဘယ်လိုသင်သင် မပြောတတ်ပါဘူး။ ဒါပေမယ့် အခြား အလည်သွားတဲ့နေရာတွေ အဖြစ်အပျက်တွေကိုတော့ တိတိကျကျမှတ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Attention Deficit Hyperactivity Disorder (ADHD) ဆိုတဲ့ ပတ်ဝန်းကျင်ကိုသတိမမူတဲ့ စိတ်ရော အဖြစ်များတယ်။ ကလေး ၃-၅% ဖြစ်တယ်။ သေခြာမကုသလို့ ကြာသွားရင် ကြီးတဲ့အထိ မကောင်း ဖြစ်တတ်တယ်။ ဘာလို့ဖြစ်ရသလဲ။ များသောအားဖြင့် တိကျကျမသိပါ။ မျိုးဗီဇ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင်တို့ကနေ ဖြစ်စေနိုင်တယ်လို့ ထင်ရပါတယ်။

လက္ခဏာတွေကတော့ Impulsiveness ကလေးဟာ ဘာလုပ်လုပ် မတွေးတောဘဲ ဟောဟောဒိုင်းဒိုင်း ပြုမူတယ်။ Hyperactivity ငြိမ်ငြိမ်မထိုင်၊ ကောင်းကောင်းလမ်းမသွား၊ ပုံမှန်မပြေး၊ သူများ အထက်တက်သလိုမတက်၊ သူများတွေလို စကားမပြော။ Inattention သူ့စိတ်က တခြားကမ္ဘာထဲ ရောက်နေသလိုမို့ သူ့ရှေ့မှာ ဖြစ်ပျက်နေတာတွေနဲ့ တလွဲ တွေးထင်နေတယ်။

သုံးမျိုးခွဲနိုင်တယ်။ Predominantly inattentive type, Predominantly hyperactive-impulsive type နဲ့ အဲဒီ ၂ မျိုး တွဲတွေ ဖြစ်တယ်။ ကုသလို့ ရပါတယ်။ Behavioral therapy အမူအကျင့် ကုသနည်းနဲ့ Medications ဆေးပေးကုသနည်း၊ Lifestyle changes လူနေဘဝ ပြုပြင်နည်း၊ Counseling မေးမြန်း-ပြောဆိုနည်းတွေသုံးပြီး ကုသရတယ်။ ဆင်တူတဲ့ ရောဂါတွေနဲ့ ခွဲခြားရမယ်။ မိဘအိမ်ထောင်ရေး-လူမှုရေး ပြဿနာရှိလို့၊ နားမကြားလို့၊ အတက်ရောဂါ၊ စိတ်ကျ ရောဂါ၊ အအိပ်ပျက်၊ အလွဲသုံးစားပြုခံရတာ၊ စတာတွေက ဆင်တတ်တယ်။ ကလေးဘဝမှာ မပျောက်ရင် ၆ဝ% က Adult ADHD လူကြီးရောဂါဆက်ဖြစ်မယ်။ သေခြာမကုရင် ပြဿနာတွေဆက်တက်မယ်။ တခြားစိတ်ရောဂါတွေ တွဲလာမယ်။

Medical management ဆေးပေးကုသနည်းနဲ့ Behavioral treatment အမူအယာပြုပြင်နည်းတွေက အထိရောက်ဆုံးလို့ ၂ဝဝ၅ သုတေသနတခုက ဆိုပါတယ်။

Stimulant medication ဆေးကို အသုံးများတယ်။ Methylphenidate (Ritalin, Metadate, Concerta), Dexatroamphetamine (Dexedrine), Mixed Amphetamine Salts (Adderall), Dextromethaphetamine (Desoxyn) နဲ့ Lisdexamfetamine (Vyvanse) ဆေးတွေဖြစ်တယ်။ ကြားဘူးနာဝ ရှိကြမှာပါ။ ဒီဆေးနာမည်တွေက feel-good ဆေးတွေပါလို့ ဆေးစွဲစေတတ်တယ်။

Antipsychotic medication စိတ်ဆေး၊ Non-stimulant medications ဖြစ်တဲ့ Atomoxetine (Strattera) Guanfacine (Intuniv) ဆေးတွေသုံးတယ်။

စမ်းသပ်ဆေးနည်း၊ အစာအာဟာရနည်းတွေလဲရှိသေးတယ်။ Omega-3 နာမည်ကြီးနေတဲ့ (seal, fish or krill oil) ငါးတွေကနေထုတ်တဲ့ အိုမီဂါ-၃၊ Vitamin နဲ့ mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေကလဲ အထောက်အကူ ပြုနိုင်တယ်။ Medical cannabis နဲ့ Aerobic fitness တို့ ဖြစ်တယ်။

ဆေးဝယ်ရတာ လွယ်တာ-ခက်တာ နိုင်ငံတခုနဲ့တခု မတူပါ။ စိတ်အထူးကုနဲ့သာ တိုင်ပင်ကုသသင့်ပါတယ်။ ကျွန်တော် ကလေးအထူးကုဆရာဝန် မဟုတ်ပါ။

ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ http://doctortintswe.blogspot.com/2014/11/adhd.html
Autism အော်တဇင် ကလေးရောဂါ http://doctortintswe.blogspot.com/2014/11/autism.html
- Autism link to air pollution လေထုညစ်ညမ်းမှုနဲ့ (အော်တဇင်) မွေးရာပါကလေးရောဂါ http://doctortintswe.blogspot.com/2014/12/autism-link-to-air-pollution.html
- Mental health in children ကလေး စိတ်ရောဂါများ ပိုတိုးပွါး (၂ဝ၁၃) http://doctortintswe.blogspot.com/2014/12/mental-health-in-children.html

ဒေါက်တာတင့်ဆွေ

ထပ် နဲ့ ထက်

၁။ ကျမ လက်ထက်တော့မှာပါဆရာ။့
ဖိတ်စာမှာ လက်ထပ်မင်္ဂလာလို့သာရေးပါရန်။

၂။ အရင်က မေးဖူးလို့ ကျွန်မ ထက်မရေးတော့တာပါ။ တောင်းပန်ပါတယ်ဆရာ။
ထပ်မရေးတော့တာပါလို့သာ ရေးရမယ်။

ထပ်
ထပ်ဆင့်စကား ပြောကြားပေးပါ။
ထပ်တရာပန်း။
ထပ်တွန့်မနေပါနဲ့။
ထပ်တလဲလဲပြောနေရတယ်။
ထပ်ထူထပ်မျှ။
ထပ်ပိုးနှစ်လီ။
ထပ်မံပြုပြင်ထားသည်။
ထပ်ကျော့သီဆိုသည်။
ထပ်ချောဖွပ်ထားသည်။
ထိမ်းမြားလက်ထပ်သည်။
ထူထပ်သောတော။
ပဲ့တင်ထပ်။
ဝါထပ်နှစ်။
သဘောချင်းထပ်တူကျသည်။
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း။
အပြောထပ်နေသည်။

ထက်
စိတ်အားထက်သန်။
ဉာဏ်ထက်သောသူ။
ထက်ထက်မြက်မြက်။
ထက်ကြပ်မကွာလိုက်ပါ။
ထက်ခြမ်းခွဲပါ။
ထက်မြက်သောသူ။
ထက်ဝက်ခွဲပါ။
ထက်ဝန်းကျင်။
ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်။
ထက်သန်။
ထက်အောက်ညာကြေ။
ဓါးထက်ထက်နဲ့ ဝါးခွဲပါ။
မထတ်မပျောင်း၊ ကြိုင်နံ့လှောင်းသား (ဘူရိဒတ်လင်္ကာ)။
သူ့ထက်ငါ။
အထက်အောက်။
ပျော့ထတ်ထတ်။
ပျောင်းပျောင်းထတ်ထတ်။

• နွေဦးကာလ၊ မြူထသောခါ၊
• ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊
• ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
• ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
• ကလိုင်သာလွယ်လို့၊ တက်သည်နှင့်လေး။

• နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ၊
• သမီးနှင့်သား၊ များလို့မဝင်သာ၊
• ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်၊
• သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
• စပေသာလှ အုန်းခွက်ကယ်နှင့်လေး။ (ဝန်ကြီးပဒေသရာဇာ၏ ပရိယေသန ထန်းတက်သမားဖွဲ့ တျာချင်း)

ဒေါက်တာတင့်ဆွေ

Thanks to India (4) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၄)

(မနှစ်ကရေးတဲ့စာ)

၂ဝ၁၁ တုန်းက အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည့်လာတော့မယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ ဒေါ်စုကို ဖိတ်တာက နိုင်ငံခေါင်းဆောင်တယောက်အဆင့်နဲ့ အလားတူဖြစ်လို့ ဒေါ်စုသွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေမယ့်သူတွေ၊ လုံခြုံရေး စတာတွေအသေးစိတ်ကို အစိုးရကနေတာဝန်ယူပါတယ်။ (ပရိုတိုကော်လ်) ဌာနကနေ အားလုံးစီစဉ်တယ်။ တခြား အစီအစဉ်တွေနဲ့အတူ ကွန်မြူနတီနဲ့ပါတွေ့ဘို့ပါတယ်။ ဒေါ်စုသိထားတာက သူဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ ပရောစပက်ဘာမား ကျောင်းသာရှိတော့ ပရိုတိုကော်လ်အရာရှိတွေက အဲဒီကျောင်းကို လာကြတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌ ဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်းတနာရီတိတိရမယ်တဲ့။

ပရောစပက်ဘာမားကျောင်းလေးက သေးသေးလေး။ ဒေလီမှာနေကြတဲ့ မြန်မာပြည်က လူဦးရေက ၄-၅ ထောင်။ အဲတာနဲ့ ရတဲ့တနာရီကို ၂ နေရာခွဲရအောင် ပရိုတိုကော်လ်အရာရှိတွေနဲ့ ညှိရတယ်။ အောက်စဖို့ဒ်ကျောင်းကို ရွေးတယ်။ အဲဒီကျောင်းကို ဦးမောသီရိမိသားစုကပိုင်တာပါ။ ဒေါ်မြမြအေးကနေ ကျောင်းပိုင်ဆရာမကြီးကိုသွားပြောရတယ်။ ဝမ်းသာအားရလက်ခံပြီး စီစဉ်ပေးမယ်လို့သိရတယ်။ ဒေါ်စုကို လက်ဖက်ရည်နဲ့ဧည့်ခံရင်း မိတ်ဆက်ဘို့နဲ့ စကားပြောမဲ့စင်မြင့်၊ စတာတွေ အစီအစဉ်ဆွဲကြတယ်။ အဲတာကို ပရိုတိုကော်လ်အရာရှိတွေကိုပြန်ပြောတော့ သူတို့ကလည်းရတယ်။ ဒေါ်စုကို ဧည့်ခံမယ့်အစားအသောက်တွေကို စစ်ဆေးမယ်။ ပန်းစည်းတွေကို စစ်ဆေးမယ်။ အနီးကပ်ထိုင်မယ့်သူတွေ စာရင်း စတာတွေယူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးနာမည်တွေပါတယ်။

အိန္ဒိယအစိုးရအရာရှိတွေကလည်း သဘောတူ၊ အောက်စ်ဖို့ဒ်ကျောင်းကလည်းလက်ခံပြီးမှ မြန်မာကွန်မြူနတီကို ပြောရတယ်။ အဲလိုချိန်မျိုးမှာ ဒေါ်စုကိုသူတို့လောက် ချစ်တဲ့သူ၊ လေးစားတဲ့သူ၊ ထောက်ခံသူမရှိဆိုသူတွေက ရေတွက်မကုန် ထွက်ပေါ်လာစမြဲပါ။

ဒေါ်အောင်ဆန်းစုကြည့်ကို ဘယ်တုံးကမှ တိုက်ရိုက်မဆက်သွယ်တဲ့ကျွန်တော်က ဒေါက်တာတင်မာအောင်ဆီ မရရအောင် ဆက်သွယ်ရပါတော့တယ်။ သူကလည်း အချိန်တိကျဘို့၊ လဖက်ရည်သောက်ချိန်မရှိ၊ လူတဦးချင်းနဲ့ မိတ်ဆက်ချိန်မရှိ၊ ဓါတ်ပုံရိုက်ချိန်မရှိ စတဲ့စည်းကမ်းတွေ ပြောပါတယ်။ အဲတာနဲ့ အောက်စဖို့ဒ်ကျောင်းနဲ့ ကွန်မြူနတီကို ပြန်ပြောပြပါတယ်။ ဒိနောက်ပိုင်း ကျွန်တော်က ပရောစပက်ဘာမားကျောင်းကိုသာ အသေးစိတ်စီစဉ်ပြီး ကွန်မြူနတီကိစ္စကို တိုက်ရိုက် ဝင်မပါတော့ပါ။ အခြေအနေကို သိလို့ပါ။

ဒေါ်စုက ၁၆-၁၁-၂ဝ၁၁ နေ့မှာ ပရောစပက်ဘာမားကျောင်းကို အရင်ဆုံးလာတော့ ကချင်တွေက မကျေနပ်လို့ မလာကြတဲ့သတင်းကို ဒေါ်စုကကြားထားပြီးပါပြီ။ စကားပြောအပြီးမှာ အနားမှာရှိတဲ့ကျွန်တော့်လက်ကိုကိုင်ပြီး ကချင်တွေက ကျမကို မကျေနပ်လို့ မလာဖူးကြားတယ်။ လာစေချင်ပါတယ်။ ဘာမဆို သဘောထားမတူတာရှိရင် ဆွေးနွေးဖြေရှင်းတာ အကောင်းဆုံးပါလို့ ပြောပါတယ်။ သူပြောခဲ့တာကိုတော့ ကြုံတိုင်းကြုံတိုင်း လူအများသိအောင် ပြန်ပြောပါတယ်။ ဒေါ်စုကို ကျွန်တော်က ၁၉၉ဝ NLD အမတ်ပါလို့ မိတ်မဆက်ခဲ့ပါ။ အဲဒီကနေ အောက်စဖို့ဒ်ကျောင်းကို လုံခြုံရေးကားတန်းနဲ့အတူ လိုက်ရတယ်။ အလိုက်သိတဲ့တယောက်က သူ့နေရာဖယ်ပေးလို့တော့ ထိုင်ခွင့်ရပါတယ်။

ဒေါ်စုခရီးစဉ်ကနေ ကျွန်တော်အတွက် ဘေးထွက်ဆိုးကျိုးတွေရခဲ့ပါတယ်။ ကြိုတင်တိုင်ပင်တဲ့အစည်းအဝေးမှာ ဒေါက်တာ တင်မာအောင်ပြောတဲ့ စည်းကမ်းတွေပြောပြမိလို့ပါ။ လက်တွေ့မှာ လက်ဖက်ရည်ပွဲလည်းဖြစ်သတဲ့။ ဓါတ်ပုံစုရိုက်တာလည်း လုပ်သတဲ့။ ကွန်မြူနတီထဲမှာ ဟိုပြောသည်ပြောတာတွေတော့ ထားပါ။ ကျွန်တော့်မှာ အောက်စ်ဖို့ဒ်ကျောင်းနဲ့ မျက်နှာပျက်ရတယ်။ ကျွန်တော်ကဖိတ်လို့ ပရက်စ်ကဒ်ရပြီးသား သထင်းထောက်တွေ အထဲမဝင်ရလို့ မျက်နှာပျက်ရတယ်။ လက်ဖက်ရည်ဝိုင်းနဲ့ အုပ်စုဓါတ်ပုံတွေမှာ ကျွန်တော်တို့ ဇနီးမောင်နှံ မပါရပါ။ သတင်းသမား ကိုနေလင်းတို့ လင်မယားက လာနိုင်ကြလို့သာ အခုတင်တဲ့ ဓါတ်ပုံတွေရပါတယ်။

Thanks to India (1) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၁) http://doctortintswe.blogspot.com/2015/09/thanks-to-india-1.html
Thanks to India (2) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၂) http://doctortintswe.blogspot.com/2015/09/thanks-to-india-2.html
Thanks to India (3) အိန္ဒိယမှာ ကျေးဇူးတင်စရာ (၃) http://doctortintswe.blogspot.com/2015/09/thanks-to-india-3.html

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇

The Guests သပြေပင်နား လက်ဖက်စားခြင်း

မနှစ်က ဒီနေ့မှာ ကိုတရုပ်ကြီး (ခေါ်) ကိုမြင့်တိုးနဲ့ မစူးတို့အိမ်မှာ ဧည့်သည်လုပ်၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အဲတာက ကရင်နဲ့ မွန်အိမ်က ကလေးမွေးနေ့မှာ ထမင်းစားခဲ့ပြီးအပြန်မှာပါ။

အိမ်မပြန်ခင် မွန်စတိုးဆိုင်မှာ ဈေးဝင်ဝယ်ပါတယ်။ ဆိုင်ရှင် မွန်အမျိုးသားက စိတ်ဝင်စားလို့ နိုင်ငံရေးအခြေအနေ မေးတယ်။ သူက မြန်မာပြည်မှာ NLD အစိုးရတက်မှာမို့ တိုင်းပြည်အတွက် အားတက်စရာလို့ ဆိုပါတယ်။

ကိုတရုပ်ကြီးလို့ခေါ်ပေမယ့် သူကဗမာ။ အခေါ်အဝေါ်တွေကို နိုင်ငံရေးလုပ်တဲ့ခေတ်မှာ ဘယ်သူဘယ်ဝါနောက်မှာ ဘာလို့ ဆက်နေရသေးတာ။ ကျွန်တော်တို့ခေတ်တုန်ကတော့ ပညာဘွဲ့ကိုသာ ထည့်တယ်။ အဲတာလည်း အမြီးတိုတယ် ရှည်တယ် ခေါ်ကြတယ်။ ခုခေတ်မှာက အမြီးကုပ်သလား ထောင်သလား။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇
Photo by Nay Mya Mya Swe

Gold plate sets မျက်နှာသာပေး ရွှေရေးပန်းကန်တက်

ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေးကို ပြောရတာ အတော်ကြီးကို သတိထားရတယ်။ အဲလို အထိမခံရွှေပန်းကန်ဖြစ်နေတာ ကောင်းတဲ့လက္ခဏာာမဟုတ်ပါ။ ကွဲလွယ်ရှလွယ်တဲ့အရာဆိုတာ နေရာတိုင်းမှာ အသုံးမကျပါ။

အပြောမခံရတိုင်းတော့ အဟုတ်မှတ်မနေနဲ့။ တခါတခါ မျက်နှာသာပေး ရွှေရေးပန်းကန်တက်၊ ခက်တယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
၃၁-၁-၂ဝ၁၇

School Politics ကျောင်းကပေးတဲ့ နိုင်ငံရေး

(၃ နှစ်ကစာ)

• ဖဆပလ အစိုးရခေတ်က၊ စာသင်ကျောင်းရတာ တို့ရွာမှာ၊ ပြည်တော်သာစီမံကိန်းကြောင့်တဲ့ဗျာ၊
• မဆလ ငါးနှစ်စီမံကိန်းတွေခေတ်မှာ၊ ရွာကကျောင်းလေး ပြင်တောင်မပေးနိုင်ပါ။

• အဲသည် ဒီမိုကရေစီခေတ်မှာ သူပုန်ဆိုတာ၊ အဖြူလာလာ အနီလာလာ အိမ်မှာသာတည်းကြ၊
• အစိုးရလာလဲ အိမ်မှာတည်းကြ၊ စာမသင်ရသေးတဲ့အရွယ်ကစ နိုင်ငံရေးဆိုတာ နားရည်ဝ။

• ပုဆိုးစလွယ်သိုင်းအရွယ် ကလေးငယ်ဘဝ၊ ဓါးပြဆိုတာကို ရှောင်ပုန်းခဲ့ရ၊
• တိုက်ပုံဝတ်တဲ့အရွယ်မှာ ဆရာဝန်ဘဝ၊ ထောက်လှမ်းရေးကို ရှောင်ပုန်းခဲ့ရ။

• ဖဆပလ ခေတ်မှာ အဝါ၊ အနီ၊ အပြာ၊ မဲဆွယ်ကြတာကြား၊ မဲပြားဆိုတာသိ၊
• မဲခိုးတယ်လို့မရှိ၊ ကြိုတင်မဲကိုတော့ လူအိုလာမှသိ။

• ဖဆပလ နှစ်ခြမ်းကွဲတာ၊ ခုနစ်တန်းဖြေပြီးစ၊ နွေကျောင်းပိတ်ရက်က၊
• အဝါ နု-တင်၊ အနီ ဆွေ-ငြိမ်း၊ အစိမ်း တသီးပုဂ္ဂလ၊ အပြာက ပမညတ၊
• မဆလ ကြတော့ အပြာနု၊ လူထုကတော့ ဖွဲပြာစုကျ။

• ကျောင်းတက်စ အဆင်ဘလီမှာ၊ သစ္စာအဓိဋ္ဌာန် မှန်မှန်ဆိုကြ၊
• ဆိုသာဆို ပိုမိုသည့်စကား၊ နားထဲမှာကြားနေရ။

• ရှစ်တန်း ကျောင်းခန်းထဲမှာ၊ ဗလာစာရွက်နဲ့ရောက်လာ၊
• ယူနီယံဟောင်းတနေရာ၊ ခုထိလည်း ဗလာ။

• ကိုးတန်းအရောက်မှာ အသက်မပြည့်လို့ စာမေးပွဲမဖြေရပါ၊
• ပညာဆိုတာ အိုစာမှသာ၊ တော်လှန်ရေးကောင်စီခေတ်ကဗျာ။

• ကောလိပ်ကျောင်းသားများ အထူးအခွင့်အရေးခံစားရတာ ဆိုရှယ်လစ်ခေတ်မှာ၊
• ရွှေဝါတဖြတ်၊ ဖိနပ်တရံ၊ ကျောင်းသားမှန်ရင် ကျား-မ မရွေး၊ မွှေးဆပ်ပြာ။

• ဆေးကျောင်းမှာ လူမှုရေးနဲ့ဆေးပညာ၊ ဆင်းရဲလို့ဖြစ်တဲ့ရောဂါလို့ ပြောခွင့်မရှိပါ၊
• မကြာမီမှာ တိုင်းပြည်ဟာ အယ်လ်ဒီစီ လို့ ကြေညာ။

• မဆလ ခေတ်မှာ မဲပုံးပြောင်းထည့်၊
• နဝတ ခေတ်မှာ ကျွန်တော်တို့ကို အမည်းစာရင်းထဲထည့်၊
• ပြည်ခိုင်ဖြိုးကတော့ ကြိုတင်မဲနဲ့။

ဒေါက်တာတင့်ဆွေ

စက် နဲ့ ဆက်

ဆောင်ပုဒ်၊ တရား၊ အဆုံးအမ၊ ကိုယ်ပိုင်ခံစားချက် စတာတွေကို နောက်ခံအရောင်တွေ အနားသတ်ဘောင်တွေနဲ့ တင်ကြတယ်။ ထင်ထင်ရှားရှား သူများတွေဖတ်စေချင်လို့။ တချို့ရေးတာတွေက အဓိပ္ပါယ်လွဲ၊ တချို့ကသတ်ပုံမှား။ အိက်ဆက်အနားယူပါလို့ အခုပဲတွေ့တယ်။ မေးခွန်းတွေထဲမှာတော့ တနာရီ တခုမက အမှားတွေနဲ့ လာတယ်။ ဆရာ ကျွန်မ ကလေးရအောင် ဘယ်လို စက်လက်ပြုလုပ်နိုင်ရင် ကောင်းမလဲဆရာ။

ဆက်
ကုတ် (ဂုတ်) ဆက်နာသည်
ဆက် (ဇက်) ကြောတင်းသည်
ဆက်၍ပြောပါ
ဆက်ကပ်သည်
ဆက်ကမ်းသည်
ဆက်ခံစိုးစံသည်
ဆက်စပ်
ဆက်ဆံပေါင်းသင်းသည်
ဆက်ဆက်ကြွပါ
ဆက်တိုက်လုပ်သည်
ဆက်ရက်ငှက်
ဆက်လက်ပြုလုပ်သည်
ဆက်ကြေး
ဆက်နွှယ်နေသည်
အဆက်အနွယ်

စက်
ကူးစက်ရောဂါ
စက္ခုအကြည်
စက္ကန့်
စက္ကဝါက် (စကဝက်ငှက်)
စက္ကူ
စက်ကွင်းမလွတ်
စက်ခန်း
စက်ခန်းစက်ဘီး
စက်ချုပ်
စက်ဆရာ
စက်ဆုပ်ဖွယ်ရာ
စက်တင်ပုံနှိပ်
စက်တန့်ရောဂါ
စက်တင်္ဘာလ
စက်ကြိတ်ဆန်
စက်ပုန်းခုတ်
စက်ပုန်းခုတ်
စက်ဘီး
စက်ဝိုင်း
စက်တော်ရာ
စက်တော်ခေါ်
စကြာဝဠာ
စကြာဝတေးမင်း
ဆန်စက်
ဆီစက်
မျက်ရည်စက်လက်

မုန်းဆက်ဆက်မရွယ် (ဗညားဟန် + စိုးစန္ဒာထွန်း) https://www.youtube.com/watch?v=at2YyG61eMU

ဒေါက်တာတင့်ဆွေ

Cysts ဆစ်

၁။ ဆရာမင်္ဂလာပါ။ ရိုသေစွာမေးမြန်းလိုပါတယ်ရှင့်။ ကျမအစ်မ အသက် (၃၅) နှစ်ပါ၊ အပျိုပါဆရာ။ ရာသီကတလတခါ ပုံမှန် လာပါတယ်ဆရာ။ သူ့နောက်ကျောမှာ ၂၁၀၁ လောက်တည်းက အကျိတ်တခု ရှိပါတယ်ဆရာ။ ဆရာဝန်ပြကြည့်တော့ အဆီကျိတ်လို့ပြောတာနဲ့မခွဲခဲ့ပါဘူးဆရာ။ အခု သူ့အကျိတ်က ပြည်ထွက်နေလို့ပါဆရာ။ ပြည်ထွက်တာ (၅) ရက်လောက်တော့ ရှိပါပြီဆရာ။ ပြည်က တစက်နှစ်စက်လောက်ပဲထွက်တာပါဆရာ။  အကျိတ်နေရာက အသားအရောင်တော့ မပြောင်းပါဘူးဆရာ။ သူအလုပ်က အသုပ်ရောင်းတာဆိုတော့ ငရုတ်သီးကြော်တာ၊ ဆီိချက်ချက်တာတော့ လုပ်ရပါတယ်ဆရာ။ ပြည်ထွက်နေတော့ အကျိတ်အခြေအနေစိုးရိမ်ရလားသိချင်ပါတယ်ဆရာ။

မမြင်ရ မစမ်းရပေမဲ့ မှန်းပြောပါမယ်။ ၂ မျိုးဖြစ်နိုင်တယ်။ Lipoma ခေါ် အဆီကျိတ်နဲ့ Sebacious cyst ခေါ် ချွေးထွက်အိတ်အကျိတ်။ ဒုတိယဟာပိုဖြစ်နိုင်။ အရပ်ခေါ် ဆပ်ဆံခဲလို့ခေါ်တဲ့ အဖြူ-မီးခိုးရောင် ခပ်ပျစ်ပျစ်အရာ အောင်းနေတာ။ အဆင်မသင့်ရင် ပြည်တည်တတ်တယ်။ ၂ မျိုးလုံးမှာ အိတ်ခွံပါတယ်။ ပျောက်ဘို့ ခွဲရတယ်။ မခွဲလည်း ဘာမှမဖြစ်။ နည်းနည်းသာ ပိုကြီးနိုင်။ ပြည်တည်နိုင်။ ခွဲရင် အိတ်ခွံပါထုတ်မှသာ ထပ်မဖြစ်။ ကင်ဆာမဟုတ်။ ကင်ဆာ မပြောင်း။

၂။ မင်္ဂလာပါ ဆရာ။ သမီးနာမည်က့ ပါ။ အသက် ၂၃။ မြစ်ကြီးနားမြို့ကပါ။ ရာသီလည်းမှန်ပါတယ်ရှင့်။ လည်ဂုတ် ဆံစပ်နားမှာ အကျိတ်တလုံးပေါ်လာပါတယ်။ ဘာရောဂါများ ဖြစ်နိုင်မလဲရှင့်။ စိုးရိမ်မိလို့ပါရှင့်။

အကျိတ်ကို တိတိကျကျပြောပါ။ တည်နေရာ၊ အရွယ်အစား၊ ပုံပန်း၊ ရွှေ့ရမရ၊ နာမနာ၊ အရောင်။

ဟုတ်ကဲ့ဆရာ။ လည်ဂုတ် ဆံစပ်နားမှာပါ။  အရွယ်အစား လက်သန်းလောက်ရှိပါတယ်။ အကျိတ်က လုံးဝန်းတဲ့ ပုံပန်းသဏ္ဌာန်ရှိပါတယ်။ ရွှေ့လို့ရပါတယ်။ ဖိလိုက်ရင် နည်းနည်းနာပါတယ် အရောင် မရှိပါ။ ဆရာ လည်ပင်းနားမှာ နောက်ထပ် အကျိတ်တလုံးထပ်ဖြစ်လာပါတယ်။ စိုးရိမ်ရလား။ ဆရာဝန်ပြသင့်မပြသင့်ဆိုတာ သိချင်လို့ပါ။ ဆရာအားရင် ကျေးဇူးပြု၍ ပြန်ဖြေပေးပါဦးနောဆရာ။

မေးခွန်းမေးသူက ကချင်အမျိုးသမီးတယောက်ပါ။ မေးခွန်းမေးတာရော စာရေးတာပါ ကောင်းတယ်။ သတ်ပုံလည်း (သဏ္ဌာန်) ကအစ မှန်တယ်။ (တစ်လုံး) ကိုသာ ကျွန်တော့်စံအရ ပြင်လိုက်ပါတယ်။ ဆောရီး။ ရွှေဗမာတွေ နမူနာယူပါလေ။

အလုံး-အကျိတ် ခေါ်ကြတာတွေက လူကိုယ်မှာ နေရာမရွေး၊ ကျား-မ မရွေး၊ အရွယ်မရွေး ဖြစ်ကြတယ်။ အလုံး-အကျိတ် မှန်သမျှကို အခြေခံအားဖြင့် ကင်ဆာနဲ့ ကင်ဆာမဟုတ်တာဆိုပြီး ၂ မျိုးခွဲပါတယ်။ အဖြစ်အများဆုံးက Cysts (ဆစ်စ်) ဖြစ်တယ်။ အဖုံးပါတဲ့အိတ်ကလေးမျိုး ဖြစ်တယ်။ အထဲမှာ အရည်လိုဟာ အဖတ်လိုဟာ တမျိုးမျိုးရှိတယ်။ လူ့ကိုယ်မှာ နေရာမရွေး၊ လူမရွေး၊ အရွယ်မရွေး သိပ်ဖြစ်ကြတယ်။ အရွယ်အစားလည်း အမျိုးမျိုးရှိနိုင်တယ်။ (ဆစ်စ်) ဘာလို့ ဖြစ်ရသလဲ။ အသုံးများလို့သဘော၊ ဇရာသဘောကနေဖြစ်တယ်။ ရောဂါပိုးဝင်လို့၊ မျိုးဗီဇချို့ယွင်းလို့ကနေဖြစ်တာ၊ မွေးရာပါဖြစ်တာ။ အရေပြားနဲ့ကပ်နေရင် စဖြစ်ကတည်းက သိသာမယ်။ ရင်သားလို အထဲမှာဆိုရင် စမ်းလို့ရအောင် ကြီးလာမှ သိတတ်တယ်။ အသည်းလို၊ ကျောက်ကပ်လို အင်္ဂါတွေမှာဖြစ်နေရင် ဆိုင်ရာလက္ခဏာတွေ မခံစားရမချင်း သိသေးမှာ မဟုတ်ဘူး။ X-ray, Ultrasound, CAT scan, MRI တွေ ရိုက်ရင်းမှ သိလာတာမျိုးလဲရှိတယ်။

အများစုကြီးက ကင်ဆာမဟုတ်ပါ။ တချို့က ကင်ဆာနဲ့ ရောဂါပိုးဝင်တာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဘယ်လိုကုသမလဲ ဆိုတာ ဘာ့ကြောင့်ဖြစ်လဲ နဲ့ ဘယ်နေမှာလဲ အပေါ်မူတည်တယ်။ ကြီးနေရင်၊ ရောဂါလက္ခဏာ ခံစားနေရရင် ခွဲစိတ် ထုတ်ပြစ်ရတယ်။ တခါတလေ အထဲက အရည်ကို စုတ်ထုတ်နိုင်တယ်။

1. Sebaceous cysts (Epidermal cysts) ချွေထွက်ဂလင်းအိတ်
အရေပြားမှာ ကျိချွဲချွဲအရည် အောင်းနေတယ်။ အနံ့ဆိုးတယ်။ မျက်နှာ၊ လည်ပင်း၊ ကိုယ်၊ ဗဂျိုင်းနား နေရာတွေမှာ ဖြစ်တတ်တယ်။ ချွေးထွက်အိတ်တွေ ရောင်တာ-ပိတ်တာကနေဖြစ်ဖြစ်၊ ထိခိုက်မိရာကနေဖြစ်ဖြစ် ဒီရောဂါဖြစ်တယ်။ မနာဘူး၊ ပိုးဝင်ရင်တော့ နာလာမယ်။ ဖြေးဖြေးချင်းကြီးတယ်၊ အရွယ်သေးတယ်၊ အရေပြားအောက်မှာ ဟိုဘက် ဒီဘက် ရွေ့လို့ရတယ်။ အတွေ့အကြုံများတဲ့ ဆရာဝန်တွေက မြင်တာနဲ့ တန်းသိတယ်။ တချို့က သူ့ဖါသာသူ ပျောက်နိုင်တယ်။ လိုအပ်ရင် ခွဲစိတ်ထုတ်ပြစ်ရမယ်။ ထိခိုက်ရာဖြစ်ဖြစ်၊ ကုပ်မရာကဖြစ်ဖြစ် ပိုးဝင်လာတတ်တယ်။ ပြည်တည်လာတတ်တယ်။

2. Dermoid Cyst (ဒါးမွိုက်-ဆစ်စ်)
မွေးရာပါဖြစ်တယ်။ စိတ်ဝင်စားဘို့ ကောင်းတယ်။ အထဲမှာ အသေအခြာ စစ်ကြည့်ရင် ဆံပင်၊ အရည်၊ သွား၊ အရေပြား ချွေးထွက်အိတ် စတာတွေ ပါနေနိုင်တယ်။ ဖြေးဖြေးချင်း ကြီးတယ်။ ပေါက်အထွက်ရင် မနာဘူး။ ၄ နေရာမှာဖြစ်တယ်။
(က) Dermoid cysts in the brain ဦးနှောက်မှာဖြစ်တယ်။ အဖြစ်တော့ မများပါ။
(ခ) Dermoid cysts in the nasal sinuses နှာခေါင်း-ဆိုင်းနပ်စ်မှာဖြစ်မယ်။ ခွဲထုတ်ရတာ ခက်တယ်။
(ဂ) Ovarian dermoid cysts မျိုးဥအိမ်မှာ ဖြစ်တယ်။ မျိုးပွါးနိုင်တဲ့အရွယ်တွေမှာဖြစ်တယ်။ အညှာလိုရှိလို့ လိမ်တာမျိုး ဖြစ်နိုင်တယ်။ အဲလိုဖြစ်ရင် နာမယ်။ ချက်ချင်းခွဲရတတ်တယ်။ ဒီရောဂါကို ခွဲထုတ်လို့ အထဲကဟာတွေကြည့်ပြီး (အပင်း) လို့ပြောကြတယ်။ ပေါက်ထွက်တာ၊ ပိုးဝင်တာတွေလဲ ဖြစ်တတ်တယ်။ ရှားရှားပါးပါး ကင်ဆာဖြစ်နိုင်တယ်။
(ဃ) Dermoid cysts of the spinal cord ခါးရိုးဆစ်ထဲက အာရုံကြောမှာဖြစ်တာ။ ပိုးဝင်တတ်တယ်။
(င) Dermoid cysts of head and neck မျက်နှာနဲ့ ဦးခေါင်းမှာ အဖြစ်မနည်းလှပါ။ Lipoma, sebaceous cyst ရိုးရိုး အကျိတ်နဲ့အတော်တူတယ်။ ခွဲယူပြီး ဖွင့်ကြည့်မှ အထဲမှာ ကိုယ်မွှေးလိုဟာတွေ တွေ့ရတယ်။ အမျိုးသမီးတွေမှာ ဗိုက်ထဲမယ် မျိုးဥအိမ်မှာဖြစ်တာနဲ့ သဘောဆင်တယ်။ ကြီးတာနဲ့ သေးတာသာကွာခြားတယ်။ အဲတာကိုတော့ အပင်းလို့လို့ ခေါ်ရမှန်းမသိကြပါ။

3. Ganglion Cyst (ဂင်ဂလီယွန်)
အဆစ်နေရာအထက်မှာ အရွတ်ကြောကို ဖုံးထားတဲ့အလွှာနဲ့ ဆက်ဖြစ်တယ်။ အထဲမှာ အရည်ကြည် ချွဲပြစ်ပြစ်ရှိတယ်။ ဂျယ်လီလိုဘဲ။ အသက် ၂ဝ-၄ဝ ကြားမှာ ၇ဝ% ဖြစ်တယ်။ အမျိုးသမီးတွေ ပိုဖြစ်တယ်။ ၁ဝ နှစ်အောက်ဖြစ်တာ ရှားတယ်။ လက်ကောက်ဝတ်မှာ ၆ဝ-၇ဝ% ဖြစ်တယ်။ ၁-၃ စင်တီမီတာ ရှိမယ်၊ ရွေ့လို့မရဘူး၊ ကြီးလာလိုက် သေးသွားလိုက်လဲ ဖြစ်နိုင်တယ်။ တချို့မှာ နာမယ်။ ၃၈-၅၈% က အလိုလို သေးသွား တတ်တယ်။ စာအုပ်ထူထူ ကိုင်တာမျိုးကနေ ပျောက်တတ်လို့ Bible cysts လို့လဲ ခေါ်တယ်။ Aspiration စုပ်ထုတ်တာလဲ လုပ်တယ်။ စုပ်ပြီး (စတီရွိုက်) ဆေး ထိုးပေးတာလဲ လုပ်တယ်။ ၇၅-၈၅% ပြန်ဖြစ်တယ်။ ခွဲတာကောင်းတယ်။ အေးအေးဆေးဆေး ရက်ရွေး ခွဲစိတ်ထုတ်ပြစ်ပါ။ ခွဲစိတ်ရတာ လွယ်မလိုလိုနဲ့ ပြန်ဖြစ်တတ်လို့ ဆရာဝန် နာမည်ကောင်းမရတတ်ဘူး။ ခုခေတ်မှာ Arthroscopic surgery ကင်မရာပါတဲ့ ကရိယာ သေးသေးလေးသုံး ခွဲတာမျိုး ပေါ်နေပြီ။

4. Cystic Acne and Acne Cysts ဝက်ခြံ (ဆစ်စ်)
မကြီးဘူး။ ပိုးဝင်ရာကနေဖြစ်လို့ နီနေမယ်။ သွေးဖြူဥတွေနဲ့ ဗက်တီးရီးယားတွေ စစ်တိုက်ကြတယ်။ ပြည်တည်လာမယ်။ ၁-၅ မီလီမီတာအထိ ရှိမယ်။ ဝက်ခြံကို ဆေးကုသလို ကုရတယ်။ ပြည်ရှိတာတော့ ထုတ်ရမယ်။ ညှစ်မရရင် ခွဲထုတ်ရတယ်။ ဝက်ခြံ ပျောက်အောင်လုပ်ရင် အဆင်မသင့်လို့ ပိုဆိုးလာရာကနေဖြစ်နိုင်တယ်။ အစားအသောက်ညံ့တာ၊ အသီးအနှံ၊ အသီးအရွက် မစားဖြစ်တာမျိုးကနေ ဖြစ်နိုင်တယ်။ ဗီတာမင် (အေ) နည်းရင်လဲဖြစ်နိုင်တယ်။ စိတ်-အလုပ် ရှုတ်ရင်လဲ ဖြစ်တတ်တယ်။

အမျိုးအစား များသလားမမေးနဲ့ ရာကျော်နိုင်တယ်။ ရေးပြီးသားတွေကို အက္ခရာစဉ်လိုက်ရေးပါမယ်။ အနည်းအများလိုက် မဟုတ်ပါ။
1. Abscesses and boils အနာ ပြည်တည်နာ
2. Arachnoid cysts (Brain or Spinal cord) ဦးနှောက် နဲ့ ခါးရိုးထဲကအာရုံကြော
3. Bartholin's cyst ဗဂျိုင်းနား (ဘာသိုလင်-ဆစ်စ်)
4. Breast lump (ကင်ဆာ) မဟုတ်တဲ့ ရင်သား-အကျိတ်
5. Chocolate cyst ချောကလက် ဆစ်
6. Corn ငါးမျက်စိ
7. Cysts (ဆစ်စ်) http://doctortintswe.blogspot.com/2015/05/cysts.html
8. Cysts in the breast (Fibrocystic disease) ရင်သား
9. Cysts of the glands within the eyelid (Chalazions) မျက်စိအတွင်းစွန်
10. Epidermal cysts of the skin (Epidermal inclusion cysts) အရေပြား
11. Ganglion cysts အဆစ်နေရာ
12. Giant-cell tumor of the bone (GCTOB) ကင်ဆာနဲ့တူတဲ့ အရိုး (ကျူးမား)
13. Hepatic cyst အသဲမှာ
14. Kidney cysts ကျောက်ကပ်ရေအိတ်
15. Liver Cysts အသည်းအိတ်ရောဂါ
16. Lumps or Bumps အလုံး-အကျိတ် http://doctortintswe.blogspot.com/2014/10/lumps-or-bumps.html
17. Lymphangiomas (လင်ဖန်ဂျီယိုးမား) လည်ပင်း အကျိတ် တမျိုး
18. Myoma (Fibroid) သားအိမ်အလုံး
19. Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း
20. Neck Lumps လည်ပင်း အလုံးအကျိတ် http://doctortintswe.blogspot.com/2016/05/neck-lumps.html
21. Neurofibromatosis ကော်ဖီရောင် အသားပိုလေးတွေ
22. Ovarian Cyst မျိုးဥအိမ်အကျိတ်
23. Ovarian cyst အပင်းလို့ခေါ်တဲ့ဟာ
24. Ovarian cysts မျိုးဥအိမ်အိတ်များ
25. Ovarian dermoid cyst အပင်းလို့ခေါ်တဲ့ဟာ
26. Pancreatic cysts သရက်ရွက်
27. PCOS and Ovarian cyst မျိုးဥအိမ်အိတ်
28. Pineal cysts (Pineal gland of the brain) ဦးနှောက်
29. Polycystic kidney disease ကျောက်ကပ်
30. Renal Cortical Cyst ကျောက်ကပ် အပြင်မှာရှိနေတဲ့ အိတ်
31. Sebaceous cysts အရေပြား
32. Tarlov cysts (Meningeal or Perineural cysts) ဦးနှောက်မြှေး
33. Thyroid cysts (သိုင်းရွိုက်) လည်ပင်းကြီး
34. Vaginal Cysts, Polyps, Warts ဗဂျိုင်းနားမှာ အပိုအဆာတွေ ဖြစ်တာ

Dr. တင့်ဆွေ

Diane-35 တားဆေး ဝက်ခြံအတွက်လည်းပေး

၁။ မင်္ဂလာပါဆရာ Diane 35 ဆေးအကြောင်းပြောပြပေးပါ ဆရာ ဆေးခန်းက တလစာ ကိုယ်ဝန်တားဆေး ပေးလိုက်ပါတယ်။ ဆေးကပ်မှာ အညွှန်းမပါတဲ့ အတွက် ဘယ်က စ သောက်သင့်သလဲ ပြောပြပေးပါဆရာ။

၂။ သမီးအသက် ၃ဝ ပါ။ အသက် ၂၃ လောက်ကတည်းက မျက်နှာမှာ အပူလုံးလိုလို ဝက်ခြံလိုလိုတွေ ပေါက်တတ်ပါတယ်။ ဝက်ခြံလို့ပြောရအောင်လည်း အဖုတွေကကြီးပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆရာဝန်တယောက်က Diane 35 ဆေးညွှန်လို့ သောက်ပါတယ်။ အဖုတွေလုံးဝမထွက်တော့အောင် ပျောက်သွားပါတယ်။ အသားအရည်လည်း တော်တော်ကောင်းလာတယ်ဆရာ။ ခု ၂ဝ၁၆ မှာ မင်္ဂလာဆောင်ပြီးတော့ အဲ့ဆေးကို ဖြတ်လိုက်ပါတယ်။ ကိုယ်ဝန်ရဖို့အနှောက်အယှက် ဖြစ်မယ်စိုးလို့ပါ။ ပထမ ၂-၃ လ လောက်တော့ ဘာမှမဖြစ်ပါဘူး။ ခုတလအတွင်းမှာ မျက်နှာမှာ အဲ့အဖုတွေ ပြန်ပြန်ထွက်လာတယ်ဆရာ။ ရာသီဥတုလည်း ပူတော့ ပိုဆိုးပါတယ်။ တကယ်လို့ဟော်မုန်းကြောင့်ဆို ဆေးမသောက်ပဲနဲ့ တခြားဘာနည်းလမ်းများလုပ်လို့ရပါ့မလဲဆရာ။

၃။ ဆရာရှင့် diane35 ဆေးနဲ့ ပတ်သက်တာလေး သိချင်လို့ပါရှင့်။ သမီးက ရာသီမမှန်လို့ OG ကသောက်ခိုင်းတာပါရှင့်။ အဲ့ဆေးက ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးလို့ပြောထားပါတယ်ရှင့်။ အိမ်ထောင်သက် ၄ နှစ်မှာကလေးမရလို့ ဓမ္မတာလည်းမမှန်လို့ သောက်ရပါတယ်ရှင့်။ သမီး သိပ်နားမလည်လို့ရှင်းပြပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Diane-35 ဆေးထဲမှာ Cyproterone acetate 2 mg နဲ့ Ethinyl estradiol 0.035 mg ဆေးတွေရောပါတယ်။ Cyproterone ဆေးကို Antiandrogens ကျားဟော်မုန်းဆန့်ကျင်တဲ့ဖြစ်တယ်။ Ethinyl estradiol ဆေးက အီစထိုဂျင်ဟော်မုန်းဖြစ်တယ်။

ဒီဆေးကို ဝက်ခြံပျောက်ဆေးရယ်လို့ပေးတာသက်သက်မဟုတ်ပါ။ Androgenisation ခေါ် ဝက်ခြံများတာ၊ မျက်နှာ အမွေးပေါက်တာ၊ ကိုယ်မွေးများတာစတဲ့ ယောက်ျားဆန်ဆန်ဖြစ်နေတာမျိုးအတွက် ပေးပါတယ်။ အဲလို အမျိုးသမီးတွေအတွက် တားဆေးအဖြစ်လည်းပေးတယ်။ ပုံမှန်တားဆေးအဖြစ် အမျိုးသမီးတိုင်းသုံးဘို့တော့ မဟုတ်ပါ။

အမျိုးသမီးတွေမှာ ဆိုးဝါးတဲ့ဝက်ခြံအတွက်ပေးတယ်။ တနေ့ ဆေး ၁ လုံး၊ ၂၁ ရက်ဆက်တိုက်သောက်ရမယ်။ ၇ ရက် နားထားရမယ်။ နေ့တိုင်း ဆေးသောက်ချိန်တူရမယ်။ ရာသီလတလ သွေးစဆင်းတဲ့ပဌမနေ့ကနေစသောက်ရမယ်။ ဝက်ခြံတွေသက်သာလာပြီးနောက်လည်း ၃-၄ လ ဆက် သောက်သင့်တယ်။ ထပ်ပေါက်လာပြန်ရင်ထပ်သောက်ရပါမယ်။ ကြားရက်သွေးနည်းနည်းစွန်းလည်းဆက်သောက်ပါ။

ကိုယ်ဝန်ရှိနေရင် ဆေးမသောက်ရပါ။ နို့တိုက်မိခင်အတွက် တိတိကျကျတားထားချက်တော့မရှိပါ။ အကျိုးကပိုရင် သောက်နိုင်တယ်။ Cholestatic jaundice အသားဝါရောဂါရှိဘူးသူမသောက်သင့်ပါ။ အသည်းမကောင်းသူလည်း မသင့်ပါ။ မျက်စိမှာသွေးကြောရောဂါရှိသူ၊ သွေးခဲရောဂါရှိသူ၊ ရင်သားကင်ဆာရှိသူ၊ ဆီးချိုဆိုးဆိုးဝါးဝါးရှိသူတွေကို ဆေးမသောက်သင့်ပါ။ ဆေးကို တားဆေးအဖြစ်မသုံးသင့်ပါ။ မိုင်ဂရင်းရှိသူ၊ သွေးတိုးများသူလည်းသတိထားရမယ်။

ဘေးထွက်သက်ရောက်မှုများ = ရင်သားနာ၊ အရေပြားမှာ အညိုစက်ဖြစ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လိင်စိတ်ပြောင်း၊ ပျို့၊ အန်၊ ခြေထောက်ရောင်၊ မောပန်း၊ ကိုယ်အလေးချိန်ပြောင်း။

ဒေါက်တာတင့်ဆွေ
၁၈-၅-၂ဝ၁၆
၁၃-၆-၂ဝ၁၆

Monday, January 30, 2017

Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ

Medicine for Diseases of Urinary Tract ဆီးလမ်းကြောင်းရောဂါဆေးများ

ဆရာခင်ဗျာ့ ကျနော်အသက်က ၂၇ နှစ်ပါ။ ကျနော် ဆီးအောင့်နေလို့ပါ။ ကျနော်အသက် ၂၃ လောက်က ဆီးကျောက် တည်ဖူးပါတယ်။ ကုသလိုက်လို့ပျောက်သွားပြီးသားပါ။ ခုပြန်ပေါ်နေလို့ ဆေးနည်းလမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့်။

Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား) ကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝ ရောင်ခြင်း
• Azithromycin 1 g ၁ ကြိမ်။ (သို့)
• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။ (သို့)
• Erythromycin base 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)
• Erythromycin ethylsuccinate 800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)
• Levofloxacin 500 mg orally တနေ့ ၁ ကြိမ်၊ ၇ ရက်။ (သို့)
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။

Acute Pylonephritis ကျောက်ကပ်ပြွန် ရက်တိုရောင်ခြင်း၊
• Ciprofloxacin 400 mg IV BD or 750 mg တနေ့ ၂ ကြိမ်၊ (သို့)
• Levofloxacin 500 mg IV တနေ့ ၁ ကြိမ်၊ (သို့)
• Ampicillin 1 Gm တနေ့ ၄ ကြိမ်၊ + Gentamycin 1 mg/kg TDS IV တနေ့ ၃ ကြိမ်၊ ၂၁ ရက်။(သို့)
• Ciprofloxacin 500-750 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)
• Ofloxacin 200-300-400 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)
• Trimethoprim-Sulpfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။

Acute Cystitis and Acute Prostatitis ရက်တို ကျား-မ ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း၊
• Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin 200 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
• Trimethoprim-Sulfamethoxazole 160/800 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပါ။

Chronic Prostatitis နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း
• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။
• Ofloxacin 200-400 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။
• Trimethoprim-Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။

Urethritis ဆီးလမ်းပြွန်အဝ ရောင်ခြင်း
• Cefixime 400 mg တကြိမ်။ သို့ Ciprofloxacin 500 mg တကြိမ်။ သို့
• Ceftriaxone 250 mg IM တကြိမ်။

Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ
• Methylprednisolone 0.5-1 Gm/day x ၁-၄ ရက်။ သို့ Prednisolone 60 mg/day ၁-၂ ပတ်။

ဖတ်နိုင်သည့်စာများ -
1. Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်း http://doctortintswe.blogspot.com/2015/05/acidic-urine.html
2. Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ http://doctortintswe.blogspot.com/2015/04/honeymoon-cystitis.html
3. Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://doctortintswe.blogspot.com/2015/03/urinary-tract-infection.html
4. Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://doctortintswe.blogspot.com/2014/11/urinary-tract-infection.html
5. Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း http://doctortintswe.blogspot.com/2014/11/urinary-tract-infection_18.html
6. Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ http://doctortintswe.blogspot.com/2016/06/women-and-urinary-tract.html

ဒေါက်တာတင့်ဆွေ

Magnesium မက်ဂနီဆီယမ်

မက်ဂနီဆီယမ်ဟာ စတုတ္ထအများဆုံးဓါတ်ဆားဖြစ်တယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ပရိုဆင်းဓါတ်နဲ့တွဲရှိနေတဲ့ မက်ဂနီဆီယမ် ဓါတ်ဆား စုစုပေါင်း ၃၇၅ဝ ရှိတယ်။ အင်ဇိုင်းမ်ပေါင်း ၃ဝဝ မှာ သူပါမှဖြစ်တယ်။ နည်းနေတာ မကောင်းဘူး။ မက်ဂနီဆီယမ် နည်းရင်ဘာဖြစ်သလဲနဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေကို ရေးပါမယ်။

1. Muscle Cramps And Spasms ကြွက်တက်တာ၊ ကြွက်သားနာတာတွေဖြစ်မယ်။

2. Cravings For Chocolate ချောကလက်ကိုအတင်းစားချင်နေမယ်။ (သူများတိုင်းပြည်မှာပါ။)

3. Anxiety စိုးရိမ်စိတ်ကဲနေမယ်။

4. Insomnia အိပ်မရဖြစ်မယ်။

5. Constipation ဝမ်းချုပ်မယ်။

6. High Blood Pressure သွေးတိုးမယ်။

7. Headache And Migraine ခေါင်းကိုက်မယ်။ မိုင်ဂရင်းဖြစ်နိုင်တယ်။

8. Irregular Heartbeat နှလုံးခုန်မူမမှန်ဖြစ်မယ်။

9. Acid Reflux အက်စစ်ဓါတ်အထက်ဆန်မယ်။

1. Brazil Nuts ဘရာဇီးလ်အစေ့အဆံ

2. Halibut ဟယ်လီဗတ် ပင်လယ်ငါး

3. Cocoa ကိုကိုး

4. Rice Bran ဖွဲနု

5. Cashews သီဟိုဠ်စေ့

6. Quinoa ပင်လယ်စာတမျိုး


7. Pumpkin Seeds ဖရုံစေ့

8. Almonds ဗာဒံ (မက်မွန်) စေ့

9. Spinach ဟင်းနုနွယ်ရွက်


သုတေသနက တခြားတိုင်းပြည်မှာဖြစ်လို့ သူတို့ဆီကအစားအစာတွေသာပါတယ်။ မြန်မာပြည်မှာစားကြတဲ့ ဖွဲနုနဲ့ဆိုင်တဲ့ ဆီကအစ၊ သွားရည်စာ၊ အစေ့အဆီမျိုးစုံ၊ ဟင်းနုနွယ်လိုအရွက်အရွက်တွေမှာ မက်ဂနီဆီယမ်ဓါတ် ပါပါမယ်။

ဒေါက်တာတင့်ဆွေ

Australian Open သြစတေးလျအိုးပင်း နှင့် ဓမ္မပဒ

၂ဝ၁၇ ခုနှစ် ပွဲဦးထွက် သြစတေးလျအိုးပင်း တင်းနစ် ဂရင်းစလမ်ပွဲ ဖိုင်နယ်မှာ ဆွစ်ဇာလန်နိုင်ငံသား ရော်ဂျာ ဖပ်ဒါရာက စပိန်နိုင်ငံသား ရာဖယ် နာဒါးလ် ကို အနိုင်ရဗိုလ်စွဲသွားပါတယ်။ ဖက်ဒါရာက အသက် ၃၅ နှစ်ရှိပြီး ကလေး လေးယောက် ဖခင်ဖြစ်တယ်။ အားကစားပွဲတွေမှာ ဘောလုံးက အသင်းလိုက်ကောင်းဘို့လိုပြီး၊ တင်းနစ်က တဦးချင်း။ တင်းနစ်မှာ အလွန်မှတ်သား လိုက်နာစရာကောင်းတဲ့ သင်ခန်းစာတွေကို ယူရင်ရတယ်။

ဆားဗစ် ခေါ် စပေး ဘောလ်တိုင်း၊ ရိုက်ချက်တခုတိုင်းက အရေးကြီးတယ်။ ပွိုင့် ခေါ် အမှတ်တိုင်းက အရေးကြီးတယ်။ ဂိမ်း ခေါ် ပွဲငယ်လေးတခုတိုင်း၊ ဆက် ခေါ် ပွဲတခုတိုင်းက အရေးကြီးတယ်။
အမှတ်ရဘို့ရာဖန်တီးတဲ့ ဗျူဟာသုံးရတယ်။

ကျွန်တော်မြင်တဲ့ အရေးအကြီးဆုံးတွေကတော့ အမှတ်တမှတ် ပေးလိုက်ရတာကို နောင်တသဘောမထားဘဲ နောက်အမှတ်အတွက်သာ အာရုံစိုက်ရတာ။ ရှုံးနေပေမယ့် တချက်ကလေးမှ စိတ်မပျက်ရတာ။ ကိုယ်က ရှေ့က ရောက်နေပေမယ့် ဗိုလ်ချုပ်အောင်ဆန်းပြောသလို တက်မထောင်ရတာ။

ဖိုင်နယ်လ်မှာ ၂ ပွဲစီတူနေရာက အဆုံးအဖြတ်ပေးတဲ့ ပဉ္စမဆက်မှာ ရော်ဂျာဟာ နောက်ကနေလိုက်နေခဲ့ရတယ်။ သာမန်ကြည့်ရင် သူရှုံးပြီ။ ဆက်တခုမှာ ကိုယ်ရရမယ့်ဂိမ်းတခု ပေးလိုက်ရရင် ရှုံးတယ်။ ဒါပေမယ့် သူအနိုင်ရလိုက်တယ်။ အားကစားသမားတိုင်း နည်းစနစ်နဲ့ သက်လုံကောင်းဘို့နဲ့အတူ စိတ်ဓါတ်လေ့ကျင့်မှုဟာ အလွန်ကိုအရေးပါတယ်။

ဓမ္မပဒ
၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

Bad & Worse အငွေ့ အတွေ့ အရည်

ကျွန်တော့်ပို့စ် အသည်းခြောက်ရောဂါမှာ အရက်သောက်သူတွေကို သတိပေးအပ်ပါတယ်။ ဆေးလိပ်သောက်သူရဲ့ဘေး ၆ ပေပတ်လည်ရှိနေသူတွေကိုပါ ရောဂါရစေတယ်။ အရက်ကတော့ သောက်တဲ့သူသာမက မိသားစုနဲ့ အသိုင်းအဝိုင်းကိုပါ ဒုက္ခအကြီးအကျယ် ပေးပါတယ်။ ကျွန်တော် ဆေးပညာစာတွေရေးရင် ခြောက်လှန့်ချဲ့ မရေးပါ။ ဒီလိုမေးခွန်းမျိုးတွေ မကြာခဏလာတယ်လို့ နိဒါန်ပျိုးခဲ့တယ်။

ကွန်မင့်တခု = Ye Min လူမုန်းနေတဲ့ လူမမာကိုကယ်တင်ဖို့ လူသားစိတ်မွေးပေးဖို့ အင်အားဘယ်မှာရှိနိုင်မှာလဲ  :'(

Tint Swe ဆရာဝန်တွေက အဲလိုတော့ သဘောမပိုက်ရပါ။

Ye Min သွေဖီသွားပါတယ်ဆရာ။ မိသားစုဝင်တွေက စိတ်နာလို့ပြစ်ထားတယ်ဆရာ။

အဲတာ အလွန်မှန်တယ်။ ကျွန်တော်ရေးတဲ့ အရက်စာတွေကို အရက်သောက်သုံးသူ တယောက်မှ မဖတ်ကြ။ မိသားစုဝင်တွေက မေးကြရ ဖတ်ကြရတယ်။ လိင်ကတဆင့်ကူးစက်ရောဂါ စာတွေကိုတော့ ကေတီဗွီကပြန်လာသူတွေက ဖတ်ကြပါတယ်။ ကောက်ချက်ချရမလိုဖြစ်လာတယ်။

အဆုပ်ကင်ဆာထက် အရက်ကပိုဆိုး၏။ KTV ရောဂါတွေထက် အရက်ကပိုဆိုး၏။ No Smile!

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

Primary biliary cirrhosis အရက်ကြောင့်ဖြစ်တာမဟုတ်တဲ့ အသဲခြောက်ရောဂါ

ကျွန်တော်တို့က ရန်ကုန်မှာနေပါတယ်။ ကျွန်တော့်အမေက အသက် (၄၇)နှစ်ပါ။ လွန်ခဲ့တဲ့ ၄ လလောက်က သွေးစစ်ပြီး ဆရာဝန်က PBC လို့ပြောပါတယ်။ Anitbody ကို စင်္ကာပူကိုပို့ပြီးစစ်တာ Positive ဖြစ်နေပါတယ်။ ကျွန်တော်တို့က မောင်နှစ်မ နှစ်ယောက်တည်းရှိတာပါ။ အမေ့အတွက် အရမ်းစိုးရိမ်ပူပန် နေရပါတယ်။ အခုပြနေတဲ့ဆရာဝန်ကတော့ မစိုးရိမ်နဲ့လို့ ပြောပါတယ်။ အခုနောက်ဆုံးသွေးစစ်ထားတဲ့ Bilirubin result က 0.8 ပါ။ ပထမကတော့ 1.5 ရှိပါတယ်။ ဒီရောပါက ဆေးသောက်ပြီး ထိန်းထားလို့ ရ-မရ သိချင်လို့ပါ။ လူနာ အနေနဲ့ ဘယ်လိုမျိုး ဆောင်ရန်-ရှောင်ရန်တွေ လုပ်ဆောင်ရမလဲ သိချင်ပါတယ်။

Primary biliary cirrhosis ဆိုတာ အသဲထဲက အရည်တွေစီးဆင်းတဲ့ Bile ducts ပြွန်လေးတွေမှာ ရောင်ပြီး ရောဂါရတာ ဖြစ်တယ်။ သည်းခြေရည်တွေ မစီးနိုင်တော့ရာကနေ အသဲခြောက်လာတာပါ။ ဘာလို့ဖြစ်သလဲ တိတိကျကျ မပြောနိုင်ဘူး။ Autoimmune disorder (အော်တို-အင်မြူးန်) ရောဂါ၊ ခုခံအား ကမောက်ကမ ဖြစ်တာကနေ ရောဂါရတယ်။ ကိုယ့်ဟာကို ရန်သူထင်ပြီး တိုက်ခိုက်လို့ ဒီရောဂါ ဖြစ်လာတာမျိုး။

၂၅% ဟာ သွေးစစ်ရာကနေသိလာတယ်။ လူနာတဝက်ကျော်မှာ ရောဂါရှိတာသိတဲ့အချိန် ဘာမှမခံစားရသေးဘူး။ တဖြေးဖြေးနဲ့ ဒါတွေဖြစ်လာမယ်။
• အားယုတ်တယ်လို့ ၆၅% ကပြောတယ်။
• ယားတယ်လို့ ၅၅% ကပြောတယ်။
• အသဲကြီးနေတာ ၂၅%၊
• အစက်အပျောက်တွေပေါ်နေတာ ၂၅%၊
• ဘေလုံးကြီးနေသူ ၁၅%၊
• အသားဝါဖြစ်သူ ၁ဝ%၊
• မျက်စိခြောက်၊ အာခေါင်ခြောက် ၅ဝ-၇၅%၊
• ဗိုက်အောင့်၊ အရေပြားအောက်မှာ အဆီလာစု၊ မျက်ခွံမှာ အဝါစက်ဖြစ်။ ဝမ်းထဲအဆီပါ၊ လက်ဖဝါးနီရဲ၊ ပင့်ကူလိုသွေးကြောတွေဖြာထွက်၊ ကြွက်သားတွေလှီ၊ ခြေထောက်ရောင်၊ ဖျဉ်းစွဲ။

နာတာရှည် ဆက်တိုးလာ ဆိုးလာတဲ့ အသဲရောဂါဖြစ်တယ်။ အမျိုးသမီးတွေမှာ ၇၅-၉ဝ% ဖြစ်တယ်။ အသက်အားဖြင့် ၃၉ နှစ်မျာအများဆုံး။ ၃ဝ-၆၅ နှစ်အတွင်အများဆုံးဖြစ်ကြတယ်။ အငယ်ဆုံး ၂၂ နှစ်သမီး၊ အကြီးဆုံး ၉၃ နှစ်ဖြစ်ဘူးတယ်။ ယောက်ျားတွေလဲ ကံမကောင်းပါ။ hepatocellular carcinoma အသဲကင်ဆာပိုဖြစ်တယ်။

ဓါတ်ခွဲခန်း
- Aminotransferases alanine aminotransferase (ALT) နဲ့ aspartate aminotransferase (AST) တွေ မြင့်တက်နေမယ်။
- Alkaline phosphatase (ALP), γ -glutamyl transpeptidase (GGTP) နဲ့ immunoglobulin levels (IgM) တွေ သိသိသာသာမြင်နေမယ်။
- Lipid levels နဲ့ Cholesterol levels (HDL) တွေလဲ မြင့်နေနိုင်တယ်။ ဒါတွေမြင့်နေရင်တော့ atherosclerosis သွေးကြော ကျဉ်းတဲ့အန္တရာယ် ရှိနိုင်တယ်။
- Bilirubin level မြင်နေတာကိုကြည့်ပြီး အသဲအစားထိုးရနိုင်တယ်။
- Prothrombin time များနေတယ်ဆိုတာဟာ Portal hypertension ဖြစ်နေတာကိုပြနေတယ်။
- Albumin level နည်းမယ်၊
- Ceruloplasmin, Bile acids နဲ့ Serum hyaluronate တွေလဲ မြင့်ချင်မြင့်နေမယ်။ အမြဲတော့ မဟုတ်ဘူး။

သွေးထဲမှာ Antimitochondrial antibodies (AMAs) ရှိနေတဲ့အချက်စာ အဓိကကျတယ်။ လူနာတွေရဲ့ ၉ဝ-၉၅% ရှိမယ်။
anti-M2, anti-M4, anti-M8, and anti-M9 တွေဟာ ဆိုးလာတာကိုပြတယ်။
• Profile A (only anti-M9) ဒါမှမဟုတ်
• Profile B (anti-M9) နဲ့/ဒါမှမဟုတ် anti-M2–positive by enzyme-linked immunosorbent assay [ELISA] ဆိုရင်
• Profile C (anti-M2, anti-M4 နဲ့/ဒါမှမဟုတ် anti-M8–positive by ELISA) နဲ့
• Profile D (anti-M2, anti-M4 နဲ့/ဒါမှမဟုတ် anti-M8–positive by ELISA and complement-fixation test တွေထက် အလားအလာကောင်းတာကိုပြတယ်။

Antinuclear antibodies (ANAs) ကို လူနာ ၂ဝ-၅ဝ% မှာတွေ့တယ်။ တချို့မှာ လူကိုစစ်ဆေးကြည့်တော့ ဒီရောဂါ လက္စဏာတွေ ပြနေပေမဲ့ AMA မပြတာလဲရှိနိုင်တယ်။ (အာလ်ထွာဆောင်း)၊ CT နဲ့ MRI တွေကို ဆက်စစ်ဆေးသင့်တယ်။ Anti-mitochondrial antibodies ၉၅% အပေါင်းပြမယ်။ Serum alkaline phosphatase အရေးကြီးတယ်။ Liver biopsy လုပ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ ဆေးကုသမှုရဲ့ရည်ရွယ်ချက်က ခံစားနေရတာတွေသက်သာစေဘို့နဲ့ နောက်ဆက် ဖြစ်မှာတွေ ကာကွယ်ဘို့ ဖြစ်တယ်။
Medical Care ဆေးဝါးတွေ
• Ursodeoxycholic acid (UDCA) ဆေးကို အများဆုံးသုံးတယ်။ ရောဂါဆက်တိုးနေတာကို နှေးစေမယ်။ ရောဂါ နောက်ကျနေရင် ထိရောက်မှုက မသေခြာဘူး။ ၁ နှစ်ဆေးပေးပြီးနောက်မှာ ဓါတ်ခွဲစစ်ဆေးချက်တွေက တိုးတက်လာသူဆိုရင် အသက်ရှင်နှုန်းဟာ လူကောင်းတွေလိုဘဲ။
• Corticosteroids (ကော်တီကို-စတီရွိုက်) ဆေး၊ ရောဂါလက္စဏာတွေသက်သာစေမယ်။ ဒီဆေးကြောင့် အရိုးပျော့စေနိုင်တာ သတိထားဘို့လိုတယ်။
• Ursodeoxycholic acid က သွေးထဲရောက်နေတဲ့ သည်းခြေရည်ကို ထုတ်ပေးမယ်။ တချို့ ၄ နှစ်အထိ ဆေးပေးတယ်။
• ဝမ်းသွားရာကနေကုန်သွားမဲ့ Vitamins A, K, and D တွေကိုပြန်ဖြည့်ပေးတယ်။ ကယ်လ်စီယမ် ကိုလဲပေးပြီး အရိုးအားနည်းတာ သက်သာစေမယ်။
• Antipruritic treatment အယားသက်သာဆေးတွေ။
o Antihistamines (အင်တီဟစ်တမင်း) ဆေးကို အများဆုံးသုံးတယ်။
o Cholestyramine (Colestipol) ဆေးက အူထဲက ယားစေတတ်တဲ့ သည်းခြေဓါတ်ဆားတွေကို ရှင်းပေးမယ်။
o ဒီဆေးတွေနဲ့ မသက်သာသူတွေကို Rifampin (ရီဖန်ပင်) ဆိုတဲ့ တီဘီ ဆေးကိုလဲ သုံးနိုင်တယ်။
o Dronabinol (Marinol) နဲ့ Plasmapheresis ဆေးတွေကလဲသက်သာစေတယ်။

အလားအလာ တယောက်နဲ့ တယောက် မတူပါ။ ၁ဝ နှစ်တာရောဂါရှိထားသူတချို့၊ ရောဂါဆိုးလာသူ (Bilirubin level များ၊ Prothrombin time များ၊ Albumin နည်းသူ) အတွက် Liver transplantation အသဲအစားထိုးခွဲစိတ်တာ လုပ်ရတယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ သွေးယို၊ ဦးနှောက်ထိခိုက်၊ အရည်နဲ့ ဓါတ်ဆား အချိုးအဆ ပြောင်း၊ ကျောက်ကပ်ထိခိုက်၊ အစာစုပ်မယူနိုင်၊ အာဟာရချို့တဲ့၊ အရိုးအားနည်းတာတွေဖြစ်တယ်။

ရောဂါရှိမှန်းသိချိန်မယ် ဘာမှ မခံစားရသေးသူတွေက နောက်ထပ် ၁၆ နှစ်အသက်ရှင်မယ်။ ခံစားနေရသူဆိုရင် ၇့၅% ရှင်မယ်။ ဒါက ယေဘုယျကိန်းဂဏန်းသာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလုပ်ခဲ့တဲ့ (တစည) ပါတီ

ဒေါ်အောင်ဆန်းစုကြည့် သမတဖြစ်နိုင်ခွင့်ကို ကန့်သတ်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ ကို မပြင်ရေးအတွက် အသေအလဲ ခုခံကာကွယ်နေသူတွေထဲမှာ (တစည) ပါတီလည်းပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကနေ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ကိုးကားပြီး ပြောနေတယ်။ ဘာတွေကို ကိုးကားပြောနေနေ (တစည) ပါတီဟာ ဒေါ်အောင်ဆန်းစုကြည့် ဆန့်ကျင်ရေးကိုသာ တစိုက်မတ်မတ်လုပ်နေတာဘဲလို့ ကောက်ချက်ချရတော့မယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ ၁၉၆၂ ကနေ ၁၉၇၃ အထိ နဲ့ ၁၉၇၄ ကနေ ၁၉၈၈ အထိ မြန်မာပြည်ကို တပါတီတည်း (တဦးတည်း) အုပ်ချုပ်ခဲ့တဲ့ ဗခက (ဦး) နေဝင်းရဲ့သစ္စာခံပါတီဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကနေ ၂၇-၅-၁၉၉ဝ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဝင်ဘို့ နာမယ်ပြောင်းထားတဲ့ ပါတီဖြစ်တယ်။ စပါးနှံသင်္ကေတနဲ့ (တစည) ပါတီဟာ ၁၉၉ဝ ရွေးကောက်ပွဲတုံးက အမတ် ၁ဝ ယောက်သာ အရွေးခံခဲ့ရတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာလဲ အမျိုးသားလွှတ်တော် (၅၁၂) + ပြည်သူ့လွှတ်တော် (၃၁၆) + ပြည်နယ်နဲ့တိုင်းဒေသကြီး (၅၂၈)၊ စုစုပေါင်း အမတ်လောင်း ၉၉၆ ယောက် ဝင်ပြိုင်ခဲ့တယ်။ စုစုပေါင်း ၆၃ ယောက် အရွေးခံရတယ်။ အဲဒီထဲမှာ အမျိုးသားလွှတ်တော်မှာ ၅ ယောက်နဲ့ ပြည်သူ့လွှတ်တော်မှာ ၁၂ ယောက် အရွေးခံရတယ်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်သေးတယ်။ တနေရာမှ မနိုင်ခဲ့ဘူး။

ဒေါ်အောင်ဆန်းစုကြည် နဲ့ (တစည) သမိုင်း
၂ဝ-၇-၁၉၈၉ နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ထားခံရတယ်။ ၁ဝ-၁၁-၁၉၈၉ မှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ၂၇-၅-၁၉၉ဝ မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာတယ်။ ၂၉-၁၂-၁၉၈၉ မှာ သူ့ကိုယ်စားလှယ် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် (၁) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်း တင်သွင်းတယ်။

(တစည) ပါတီက၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ ကနေ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားကြတဲ့ ဦးလဘန်ဂရောင်နဲ့ ဦးမြင့်သန်းတို့ ၂ ဦးကနေ မြို့နယ်စု ကော်မရှင်အဖွဲ့ခွဲရုံးမှာ ကန့်ကွက်လွှာ တင်သွင်းကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ)၊ ပုဒ်မ ၁ဝ (င)၊ ၁ဝ (ဇ) တို့နဲ့ ငြိစွန်းနေတယ်လို့ စွပ်စွဲပြီး ပယ်ဖျက်ပေးဘို့ဖြစ်တယ်။ ရန်ကုန်တိုင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက ကြားနာပြီး၊ နောက်ဆုံးမှာ ကန့်ကွက်လွှာကို ပယ်ချခဲ့တယ်။ ဒါပေမဲ့ ဦးလဘန်ဂရောင်က ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲရုံးမှာ ထပ်လျှောက်ထားပြန်တယ်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးဘဌေးနဲ့ စောကြာဒိုးတို့က လဘန်ဂရောင်ရဲ့ကန့်ကွက်လွှာကို ပယ်ချပြီး၊ ဦးကျော်ညွန့်၊ ဦးစန်းမောင်နှင့် ဆရာချယ်တို့က လက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပယ်ဖျက်ဘို့ ဆန္ဒပေးကြတယ်။ ၃ မဲ ၂ မဲဖြစ်တာမို့ အဆုံးမှာ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့ခွဲက ကန့်ကွက်လွှာကိုလက်ခံခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်စာရင်းကို ပယ်ဖျက်ခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၄
၃ဝ-၁-၂ဝ၁၇

The Arts အနုပညာ

အဆီအငေါ်မတည့်ဘူး ပြောကြမှာပဲ။ သင်နေတဲ့ဆရာမတယောက်ကနေ ဆရာဝန်ကို မေးခွန်းတခုမေးတယ်။ ကျန်းမာရေး မဟုတ်ပါ။

ဆရာမ = ဆရာ အနုပညာရဲ့အဓိပ္ပါယ်လေးပြောပြပါလား။
ကျွန်တော် = ဟာ့ ဆရာက အဲဒီနယ်ပယ်မှာ ဆရာမလုပ်နိုင်ဘူးနော်။ ဆေးပညာကိုသာ သိတယ်။

ဆရာမ = ဆရာ့ တကယ်သိချင်နေတာ။ တနေ့က နိုဘယ်မြန်မာစာပေဆွေးနွေးပွဲခေါင်းစဉ်က ဘဝအနုပညာတဲ့ ဘုရားဟော တရားတွေကလည်း အနုပညာတရားလို့ ဆိုပါတယ်။
ကျွန်တော် = ညက အိပ်မပျော်ခင် စဉ်းစားနေခဲ့သေးတယ်။ ပန်းဆယ်မျိုးနဲ့ စာပေတွေကနေ ဘာသာရေးကို အနုပညာနဲ့ ပုံဖေါ်နေတာတချို့ဟာ ကြည်ညိုစိတ်ကဲလွန်စေပြီး၊ အစွန်းမလွတ်တာတွေ၊ သွေဖီတာတွေလည်းဖြစ်စေတယ်လို့ သုံးသပ်မိတယ်။ ဆက်တွေးအုံးမယ်။ ရေးဖြစ်မလားတော့ မပြောတတ်ဘူး။ ဘာသာရေး ရေးရတာမှာ အတော် သတိထားရမယ်။

ဆရာမ = ကျမလေ အနုပညာရဲ့တိကျတဲ့အဓိပ္ပါယ်ကို သိချင်လာတယ်။ ကျမမှာက စွယ်စုံကျမ်းမရှိဘူး။
ကျွန်တော် = မြန်မာအဘိဓာန်ကိုကြည့်တော့ စာပေဂီတ၊ ပန်းချီစသော နူးညံသောအရာလို့ပဲပါတယ်။ စွယ်စုံကျမ်းမှာ ၁ဝ မျက်နှာ ရှိတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုကြေးမုံဖြစ်သည်တဲ့။ အနုပညာဆိုတာ လူမျိုးတမျိုးရဲ့ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှုအဆင့်အတန်းတို့ကို ထင်ဟပ်စေသည်။ လူ့စိတ်ကိုလှုပ်ရှားစေနိုင်သောပညာ၊ စေတနာအလျှောက် စိတ်ကူးဥာဏ်ဖြင့် ဖန်တီးရသောပညာ၊ အနုပညာကို ခံစားရသူတို့မှာ ရသကိုဖြစ်ပေါ်လာစေလို့ ရသပညာလို့လည်းခေါ်တယ်။

ဆရာမ = ခံစားမှု အကောင်းအဆိုး အားလုံးအကျုံးဝင်မှာပေါ့နော်။
ကျွန်တော် = ဟုတ်။ ဆရာ မုံရွာစတိတ်တူးမှာနေရတုံးက ရုပ်ရှင်မင်သား ထွန်းဝေလာတော့ ပြောသွားတာ ကြားလိုက်တယ်။ အနုပညာဆိုတာ အတုပညာတဲ့။ အနုပညာအစွမ်းကြောင့် ဝမ်းမြောက်၊ ဝမ်းနည်း၊ ကရုဏာသက်၊ စက်ဆုပ်၊ အားတက်၊ ထိန့်လန့်၊ အံ့သြ၊ တည်ငြိမ်၊ စတာတွေကိုဖြစ်ပေါ်လာစေနိုင်တယ်။ အဲတာတွေကို အလင်္ကာလို့လည်းခေါ်တယ်။ စိတ်အရသာ (ကိုးပါး) လို့လည်း ခေါ်တယ်။ သိပ္ပံပညာကနေ အသိတရားကို ဖေါ်ထုတ်ပေးတယ်။ အနုပညာကနေ စေတနာကို လှုံ့ဆော်နှိုးဆွပေးတယ်။ သိပ္ပံပညာက အကြောင်းတရားကို ရှာဖွေပေးပြီး၊ အနုပညာက အကျိုးတရားကို ဖွဲ့ပြတယ်။ အနုပညာကို ပါဠိလို သုခုမပညာလို့ခေါ်တယ်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်၊ အတီးအမှုတ်ပညာတွေလည်း အကျုံးဝင်တယ်။

ဆရာမ = တရားတွေကိုရော အနုပညာလို့ ပြောလို့ရသလားဆရာ။
ကျွန်တော် = ရှေးစကားတခု ထပ်ကိုးကားပါအုံးမယ်။ မုံရွာ စတိတ်တူးကျောင်းကိုပဲ ရန်ကုန်ဘဆွေလာပြီး ပြောဟောတယ်။ သူက လက်ဝဲသမားနဲ့တူပါရဲ့ နတ်ပြည်ဆိုတာ မြင့်မိုတောင်ထိပ်မှာရှိတယ်ဆိုရင် နတ်ဦးရေ ဘယ်လောက် နေနိုင်မှာလဲလို့ ဝေဖန်တယ်။ ကိုးတန်းကျောင်းသား စဉ်းစားရတာပေါ့။ မိလိန္ဒပဥှကိုဖတ်မိတဲ့ အရွယ်ရောက်မှ သစ်သားချောင်းတခုထဲကို သံမှိုရိုက်သွင်းတဲ့ဥပမာ တွေ့လာခဲ့တယ်။ သူဝေဖန်တာကိုလည်း တဖက်သတ်တော့မမြင်ပါ။ ဘာသာတရားစာပေတွေကို ရေးဖွဲ့ကြသူတချို့ လွန်ကဲတယ်လို့ ထင်မိတယ်။ စာပန်းချီလို့တင်စားတာမျိုး။ ဖတ်မိသူ၊ ကြည့်မိသူ၊ နာကြားရသူတွေရဲ့ စိတ်ကို အလွန်အကြူး ဆွဲဆောင်မှုရှိစေပြီး ကဲလွန်တဲ့စိတ်လှုပ်ရှားမှုကို ပေးတယ်။ စေတနာတော့ အမှန်ဖြစ်ပါမယ်။ သင့်မှန်တယ်မထင်ပါ။ မြတ်စွာဘုရား ပထမဆုံး ဟောခဲ့ရတဲ့တရားတော်ဟာ အစွန်းနှစ်ပါးလွတ်ဖို့ဖြစ်တယ်။ အဘိဓမ္မာ မလာသေးဘူး။ ရန်ကုန်ဘဆွေကပါပဲ သုံးထပ်သားပြားပေါ်မှာ သစ်ပင်ပုံ ဆွဲပေးပါတယ်။ ပင်စည်မှာ သောက်ရေအိုးတလုံး ထားပေးလိုက်တော့ အားကစားလုပ်ကြလို့ မောပန်းနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို အမောပြေစေတယ်။ တကယ့်ညောင်ပင်က ရေချမ်းစဉ်မှာသောက်ရသလို ခံစားမှုကို ပေးစွမ်းတယ်မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၅
၃ဝ-၁-၂ဝ၁၇

Special words for the monks ပြန်သာပျံပါ

ဘီဘီစီမှာ လူသိရှင်ကြားစကားလုံးကို လူသိထင်ရှားလို့သုံးလာနေတယ်ဆိုပြီး တက္ကသိုလ်ဆရာဟောင်းတဦးက ထောက်ပြတာဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။

လူသိရှင်ကြားဆိုတာ လူတွေရော ရှင် (ရဟန်း) တွေရာ သိကြတယ်လို့ဆိုလိုပါတယ်။ လူတွေလည်းသိ၊ ရှင်တွေလည်းကြား အလွန်လှတဲ့စကားစု ဖြစ်တယ်။ လူတွေသာသိပြီး၊ ရဟန်းတော်တွေကတော့ မသိသလိုလို သဘောဆောင်ပါမယ်။ ရဟန်းရှင်လူပြည်သူဆိုတဲ့အသုံးလည်းရှိပါတယ်။ ရှေးခေတ်မှာ မင်း၊ ပုဏ္ဏား၊ ရဟန်းရှင်လူလို့ ရေးရင် တိုင်ပြည်တခုလုံး လူစုံတက်စုံ ဖြစ်သွားတယ်။ လှည်းနေ လှေအောင်း မြင်းစောင်းမကျန်ဆိုသလို။

လူသိရှင်ကြားဆိုရင် All-known လူကတာသိတယ်လို့ဆိုလိုတယ်။ ကောင်းတာကိုဖြစ်ဖြစ် ဆိုးတာကိုဖြစ်ဖြစ် လူတိုင်းက သိတယ်လို့ ဆိုလိုပါတယ်။ ဆဲရေးတာလည်းပါမယ်။ ကြေညာာတာလည်းပါမယ်။ လူသိထင်ရှားဆိုရင် Prominent ထင်ရှားခြင်းသဘောကို ဖေါ်ညွှန်းတာဖြစ်တယ်။ အကောင်းသဘောအတွက်သာသုံးဖို့ သင့်ပါမယ်။ ဒီစကားစုနှစ်ခုဟာ အဓိပ္ပါယ်ခြင်းကွဲလွဲပါတယ်။ အစားထိုးသုံးလို့ နေရတိုင်းမှာတော့မရလို့ထင်ပါတယ်။

ဦးနု (ဖဆပလ) ခေတ်မှာ ဘုန်းတော်ကြီးတွေက ဆန္ဒပြကြတယ်။ ဘာသာခြားဖြစ်တဲ့သာသနာရေးဝန်ကြီးက တရိုတသေ လျှောက်ထားပါတဲ့။ အရှင်ဘုရားတို့ ပြန်တော်မူကြပါဘုရား။ ပြန်တော်မူကြပါဘုရားတဲ့။ အသံထွက်မှာ (ပြန်) နဲ့ (ပျံ) အတူတူပဲမဟုတ်လား။ (ကန်တော့ပါဘုရား။)

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆
၃ဝ-၁-၂ဝ၁၇

Love ချစ်သဒ္ဓါကမ်းကုန် မေတ္တာလွှမ်းခြုံ

• လည်ခြင်းယှက် လက်ခြင်းချိတ်
• စိတ်ခြင်းထပ် ရင်ခြင်းအပ်
• မြတ်သောနှလုံး အပြုံးခြင်းဖလှယ်
• အရွယ်မရွေး မေတ္တာဆေး
• မျှဝေပေးပါ၊
• နှစ်ဖြာကိုယ်စိတ် ကျန်းမာချမ်းသာကြစေသော်ဝ်။

ဒေါက်တာတင့်ဆွေ
၅-၂-၂ဝ၁၄
(မုံရွာက ကိုစိန်ဝင်း စေ့ဆော်လို့ရေးဖြစ်ပါတယ်။)

Single effort တယောက်အား

• ငါတတ်တဲ့ ဆေးပညာ၊ သလေးစပါးလောက်သာ ရှိပါတကား။
• ငါသင်ထားတဲ့ အသိပညာ၊ နှမ်းစိပမာသာ ရှိပါတကား။
• ငါလုပ်နိုင်တဲ့ နိုင်ငံရေး၊ ရွေးစေ့ထက်တောင် သေးပါတကား။

• ဆန်စေ့ကို ထမင်းချက်၊
• ဆီထွက်အောင် နှမ်းကိုကြိတ်၊
• ငါ့ဝိတ်ကို ရွေးစေ့နဲ့ချိန်ကြည့်၊
• အတိအကျ ရတဲ့အဖြေ၊
• ဘာဖြစ်နေနေ ငါတွေးနေတာက့
• ဆန်ကုန်မြေလေး မဖြစ်ရေးဘဲ။

ဒေါက်တာတင့်ဆွေ
၆-၂-၂ဝ၁၄
၆-၂-၂ဝ၁၅
၆-၂-၂ဝ၁၆
၃ဝ-၁-၂ဝ၁၇

Facebook learning ယူသော်ရ၏

• စာမတတ် လမ်းဖတ်၊ ဇာတ်ပွဲကြည့် အသိတိုး။

• အမြင်မတော် သင်ပေး၊ လမ်းပေါ်ပညာရေး။

• မသေချာရင် ဖေ့စ်ဘွတ်မှာတင်၊ အမြင်မတော် ပြင်ပေး၊ အွန်လိုင်းပညာရေး။

(ကျွန်တော် သတ်ပုံမှားတာ၊ စာရိုက်ကျနေရစ်တာတွေကို စေတနာနဲ့ထောက်ပြပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစာရေးခဲ့တာ ၃ နှစ်ကြာ။ သုံးနှစ်အတွင်းမှာ ဖရင်းလည်းတိုး၊ ပညာလည်းဖြိုးခဲ့ကြပြီထင်ပါတယ်။)

ဒေါက်တာတင့်ဆွေ
၈-၂-၂ဝ၁၄
၃ဝ-၁-၂ဝ၁၇


Sunday, January 29, 2017

Bovine Animals နွားထီး-နွားမ

Dede Dede နွားထီး မဟုတ်ဘူးလားဆရာ

Tint Swe နွားမလို့ ရေးထားလို့လား။

Dede Dede မဟုတ်ပါဘူးဆရာ။ သမီးတို့ငယ်က ဆရာမက cow နွားမ ox နွားထီးလို့သင်လာခဲ့လို့ပါ။ ခု ဆရာပြောတော့ တခုပိုသိရပါပြီ ကျေးဇူးပါရှင့်။

Ox = အိမ်သုံး Bovine ဘိုဗိုင်းအုပ်စုတိရစ္ဆာန်။ နို့နှင့် အသားအတွက်သုံးနိုင်။ Cow သို့မဟုတ် Bull ဖြစ်သည်။ ခိုင်းနွားအဖြစ်သုံးနိုင်။ တချို့ကိုသင်းသတ်ထားသည်။

Cow = အရွယ်ရောက် နွားမ။ Ox နှင့်အနွယ်တူသည်။ နို့နှင့် အသားအတွက်သုံးနိုင်။ ဘိုဗိုင်းအုပ်စုတိရစ္ဆာန် အထီး + အမကိုလည်းခေါ်နိုင်သည်။

Calf = နွားကလေး။ အများအားဖြင့် ဘိုဗိုင်းအုပ်စုတိရစ္ဆာန် တနှစ်သား။

Cattle = ချိုနဲ့ ခွါပါတဲ့ အိမ်မွေး၊ နို့နဲ့ အသား၊ ခိုင်းစားလို့လည်းရတဲ့အကောင်တွေကိုခေါ်တယ်။ နွား + ကျွဲ + ယခ် စသည်။

Bovine animals = ဘိုဗိုင်းအုပ်စုတိရစ္ဆာန်များ။ Cow, Ox, Buffalo တို့ကိုစုပြီးခေါ်သည်။

Bovine Tuberculosis ဆိုတာ နွားနို့ကနေကူးစက်တဲ့ တီဘီရောဂါကိုခေါ်တယ်။ Mycobacterium bovis (M. bovis) ပိုးကနေ ကူးစက်တယ်။

Pasteurization ပတ်စခြာရိုက်ဇေးရှင်းနည်းနဲ့ပိုးသေစေပြီးမှသာ သောက်သုံးရတယ်။ နွားနို့ကို အပူချိန် 72 °C (161 °F) အထိ ၁၅ စက္ကန့်ကြာ အပူပေးရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

An Ox ခိုင်းနွား

မနက်က ရေးခဲ့သေးတယ်။ သတင်းတချို့ထွက်တိုင်း ဘလော့စရာ ပေါ်လာစမြဲ၊ ခုထိတော့ မရသေးလို့။ ညပိုင်းရောက်တော့ ၅ဝဝဝ ထဲက ၃ နေရာလျော့သွားပါတယ်။

တချို့ကလည်း ဖေ့စ်ဘွတ်ကို သူတို့ဖတ်နေချိန်လေးမှာ သူတို့စိတ်ထဲဖြစ်နေတဲ့သတင်းကို လိုက်ရေးတာမတွေ့ရင် ဒီမှာ ဒါဖြစ်နေတာတောင် မသိဘူးလားသဘောမေးတယ်။ ဆရာ့ကိုမတွေ့တာကြာပြီလို့ ရေးလာသူတွေဆီ ရွာထိပ်က မန်ကျည်းပင်ကြီးအကြောင်း ပြောပြောပြနေရသလို ပြောရအုန်းတော့မှာပဲ။

ခိုင်းနွားကြီး နွားစားခွက်ဘေးမြုံ့နေတာသာ မြင်ကြတယ်။ မလင်းခင်က လယ်တဧကကိုထွန်ပေးခဲ့တာကို မသိကြဘူး။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

Salpingitis သားအိမ်ပြွန်ရောင်ခြင်း

(ကန်တော့ပါ)

ဆရာရှင့် ကျွန်မ အသက် ၂၇ အိမ်ထောင်သည်ပါ။ ကလေးရော ကိုယ်ဝန်ရောမရှိပါ။ ဘယ်ဘက်ပေါင်ထိပ်၊ ဆီးခုံ ဘယ်ဘက်ထိပ်ကနာလို့ ဆေးခန်းပြတယ်။ ultrasound ရိုက်တယ် အဖြေတွေက အားလုံးကောင်းပါတယ်။ သားဥပြွန် ရောင်တယ်ဆိုပြီး ပိုးသတ်ဆေး ၂ ပတ်ပေးပါတယ်။ နာတာသက်သာအောင် Dolfenal 500 mg ပေးပါတယ်။ ၂ ပတ် ပြည့်ပြန်ပြ နာနေတာပဲဆရာ။ နောက်တခါလည်းထပ်ပြပါတယ်။ ရောင်တဲ့အရှိန်ကြောင့်နာတာ စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောပါတယ်။ ဆေးသောက်နေရင် သက်သာပါတယ်။ Dolfenal 500 mg ကို ဘယ်လောက်အချိန်အတိုင်းအတာထိ သောက်လို့ရပါသလဲဆရာ။ ရောင်တဲ့အရှိန်ကြောင့်နာတာကရော ဘယ်လောက်ကြာတတ်ပါသလဲဆရာ။ ဆေးဖြတ်ပြီးလို့ နာနေတာက တလလောက်တောင်ရှိပါပြီ။ ဖြေပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။ သားဥပြွန်ရောင်တာကို ပိုးသတ်ဆေးတမျိုးတည်းနဲ့ပဲပျောက်ပါသလားဆရာ။ ဆရာဝန်က ဘာဆေးမှထပ်မပေးလို့ပါ။ သားဖွားမီးယပ် အထူးကုနဲ့ ပြတာပါ။

တစ် ၃ လုံးနဲ့ ယောင် ၃ လုံးကို သတ်ပုံပြင်လိုက်ပါတယ်။ ဆောရီး။

Dolfenal 500 mg ဆိုတာ Mefenamic acid ဆေးဖြစ်တယ်။ အဖျား-အနာ-အကိုက် သက်သာဆေး ဖြစ်တယ်။ အဆစ်နာ၊ ရာသီလာစဉ်နာ၊ သွားကိုက်၊ ထိခိုက်ဒဏ်ရာနာ၊ ခွဲစိတ်ပြီးနာ၊ ခေါင်းကိုက်၊ မိုင်ဂရင်း၊ စတာတွေအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ = ဆီးထဲ-ဝမ်းထဲသွေးပါ၊ ဆီးသွားတဲ့အကြိမ်နည်း၊ ရင်ပူ၊ အစာမကျေ၊ စားချင်စိတ်နည်း၊ ဗိုက်အောင့်၊ သွေးဖိအားတက်၊ အရေပြားယား၊ ခါးနာ၊ ကိုယ်ရောင်၊ သွေးထွက်လွယ်၊ အန်၊ ကိုယ်အလေးချိန်တက်-ကျ။

အမျိုးသမီးတိုင်းမှာ သားအိမ်ရဲ့ ဘယ်နဲ့ညာမှာ သားအိမ်ပြွန်တစုံစီရှိတယ်။ ပျမ်းမျှ ၁ဝ စင်တီမီတာရှည်ကြတယ်။ သူ့အောက်နား နှစ်ဖက်လုံးမှာ မျိုးဥအိမ်လေးတွေရှိတယ်။ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အချိန်ထိ လစဉ် မျိုးဥတဥ ထုတ်ပေးနေတယ်။ အိမ်ထောင်ကျလို့ ကျားသုက်ပိုးက ဗဂျိုင်းနားကနေဝင်လာပြီး အထက်ကိုတက်လာချိန်နဲ့ မျိုးဥထွက်ချိတန်ကိုက်ရင် မျိုးဥဟာ သားအိမ်ပြွန် ဘေးအဆုံးပေါက်ကနေတဆင့် ပြွန်ထဲဝင်လာပြီး ပြွန်ရဲ့ အဖျားပိုင်း သုံးပုံတပုံနေရာလောက်မှာ ပေါင်းဆုံကြတယ်။

သားအိမ်ပြွန်ရောင်တာကို Salpingitis လို့ခေါ်တယ်။ ပိုးဝင်လို့ဖြစ်တယ်။ ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်းကနေ အထက် တက်လာပြီး သားအိမ်၊ နောက်တဆင့် သားအိမ်ပြွန်ဆီရောက်လာတာဖြစ်တယ်။ တဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ရောင်နိုင်တယ်။ သားသမီးမရနိုင်သေးသူတွေမှာ ဒီအကြောင်းခံကြောင့်ဖြစ်တာ အများဆုံးဖြစ်တယ်။

ဆီးစပ်နာပြီး ဖျားတဲ့အမျိုးသမီးတွေ သားအိမ်ပြွန်ရောင်လို့ဖြစ်နိုင်တယ်။ တဖက်ချင်းဖြစ်လေ့ရှိတယ်။ အပျိုတွေမှာဖြစ်တာ အလွန်ရှားတယ်။ ကလေးမွေးပြီးချိန်၊ ကိုယ်ဝန်ပျက်ပြီးချိန်၊ ကိုယ်ဝန်ဖျက်ပြီးချိန်၊ ကိုယ်ဝန်တားပစ္စည်းထဲ့ပြီးချိန်၊ မီးယပ်ရောဂါတခုခု ခွဲစိတ်ပြီးချိန်တွေမှာ ဖြစ်တတ်တယ်။

အများအားဖြင့် ဂနိုးရီးယားခေါ် လိင်ကတဆင့်ကူးစက်ရောဂါဖြစ်စေတဲ့ပိုး Gonococci ကနေ ဖြစ်တယ်။ chlamydia, mycoplasma, staphylococci and streptococci ပိုးတွေကနေလည်း ဖြစ်တယ်။

ဖြစ်ရင် ဆီးစပ်နေရာနာမယ်။ တဖက်-နှစ်ဖက် ဖြစ်နိုင်တယ်။ ဖျားနိုင်တယ်။ ချွေးထွက်မယ်။ ချမ်းမယ်။ မွေးလမ်းက တခုခု ဆင်းချင်ဆင်းမယ်။

အူအတက်ရောင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ မျိုးဥအိမ်အလုံးနဲ့ Endometriosis ခေါ်သားအိမ်ရောဂါတွေကိုလည်း စဉ်းစားရမယ်။

ဆေးရုံတက်ကုသရနိုင်တယ်။ ပိုးသေဆေးချက်ချင်းပေးရမယ်။ ဆေးပြောင်းပေးဘို့လိုရင် ပြောင်းရတယ်။ အနာသက်သာဆေးလိုမယ်။ ပြည်တည်မှသာ ခွဲစိတ်ဘို့လိုမယ်။ gonorrhoea နဲ့ chlamydia ပိုးဖြစ်လို့ လိင်ကတဆင့် ကူးစက်တာဖြစ်ရင် ခင်ပွန်းကိုပါ ပိုးသေဆေးပေးရမယ်။

ဆေးသေချာမကုသရင် ဆက်ဖြစ်နိုင်တာတွေရှိလာမယ်။ Pelvic inflammatory disease (PID) ခေါ် တင်ပါးဆုံးတွင်း အင်္ဂါတွေရောင်ခြင်းက ဆိုးတယ်။ ဆေးကုတာစောရင် ကလေးမရမဖြစ်စေပါ။ သားအိမ်ပြွန် ပိတ်မပိတ် သေချာအောင် hysterosalpingogram (HSG) ရိုက်ရမယ်။ နာတာရှည်ဖြစ်ရင် အမာရွတ်ဖြစ်စဉ်ကနေ တွယ်ကပ်မှုကြောင့် ပြွန်ပိတ်မယ်။ နာတာရှည်ဖြစ်ရင် ဆီးစပ်နေရာ နာနေမယ်။ အတူနေစဉ်မှာ မနာသင့်ပဲနာမယ်။ ဗဂျိုင်းနားက တခုခုဆင်းမယ်။ ကျန်းမာရေးမကောင်းဖြစ်နေမယ်။ ကလေးမရနိုင်ဖြစ်မယ်။

Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းရောင်ရမ်းခြင်းရောဂါ http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇

Sponsor စပွန်ဆာ

မြန်မာပြည်မှာ ခေတ်စားလာတဲ့ဝေါဟာရထင်တယ်။ သိချင်လို့ တယောက်ကမေးပါတယ်။ အင်္ဂလိပ်စာလုံးကို အသံထွက်အတိုင်း ပြောဆိုနေတာဖြစ်ပါတယ်။ Sponsorship စပွန်ဇာရှစ်ပ်လို့လည်းရှိတယ်။ အဓိပ္ပါယ်ဆင်တဲ့ စကားလုံးတွေက နောက်ခံပြုပေးခြင်း၊ ထောက်ကူမှုပေးခြင်း၊ အုပ်ထိန်းသူလုပ်ပေးခြင်း၊ ငွေထောက်ပံပေးခြင်း၊ အကူအညီပေးခြင်း။

စပွန်ဆာဟာ ကုန်သွယ်ရေးလောကသုံး စကားလုံးဖြစ်ပါတယ်။ အစီအစဉ်တခုကိုဖြစ်မြောက်ဘို့ရာ နောက်ကနေ၊ အထက်ကနေ၊ ဘေးကနေ၊ တရားဝင်ကူညီထောက်ပံမှုပေးခြင်းဖြစ်တယ်။ တဦးတည်းကနေလည်း လုပ်တာရှိတယ်။ အသင်းအဖွဲ့ကနေလုပ်တာလည်းရှိတယ်။ ငွေ သို့မဟုတ် တခြားအရာကိုကူညီတယ်။ အားကစားပွဲ၊ အနုပညာပွဲ၊ ဖျော်ဖြေရေးပွဲလမ်း စသည်။

Sponsoree ခေါ်အဲလိုကူညီသူဟာ နန်းပရောဖစ် ခေါ် အမြတ်မယူအဖွဲ့လည်းဖြစ်နိုင်တယ်။ Philanthropy ခေါ် ပရဟိတနဲ့ မတူပါ။ စီးပွါးကုန်သွယ်မှုမှာ တစုံတရာအကျိုးကိုမျှော်ကိုးပြီး ကုန်ကျခံတာဖြစ်တယ်။ အဲလိုနည်းက နာမည်ကြီးစေတယ်။ လူသိများစေတယ်။ ကြော်ငြာနည်းနဲ့ ထပ်တူတော့ မဟုတ်ပြန်ပါ။ အခုနည်းမှာ ထုတ်ကုန်၊ ရောင်းကုန်ကို တိုက်ရိုက် ထုတ်ပြတာ မလုပ်ပါ။

General sponsor အထွေထွေစပွန်ဇာအမျိုးအစားနဲ့ Official sponsor အော်ဖစ်ရှယ် စပွန်ဇာလို့ကွဲပြားသေးတယ်။ Technical sponsor နည်းပညာစပွန်ဇာ၊ Participating sponsor ပါဝင်မှုစပွန်ဇာနဲ့ Informational sponsor သတင်း အချက်အလက် စပွန်ဇာတွေလို့ရှိသေးတယ်။ အားလုံးမှာ ကွန်ထရက်သဘောတူညီမှုရယူထားပြီးမှသာ လုပ်ပါတယ်။ ကြိုင်သတ်မှတ်ချက်တွေ ရှင်းရှင်းလင်းလင်းထားတယ်။

ဥရောပတိုက်ဟာ အကြီးဆုံး စပွန်ဇာဈေးကွက်ကြီးဖြစ်တယ်။ ၂ဝ၁၄ ခုနှစ်မှာ အီယူအတွင်း စုစုပေါင်း €26.44 million (US$29 million) အကုန်ခံခဲ့တယ်။ ဒုတ်ယက မြောက်အမေရိကနဲ့ တတိယက အာရှ-ပစိဖိတ်ေးသဖြစ်တယ်။
ယူကေမှာ လျှော့ပေါ့ထားတဲ့ တီဗွီဥပဒေအရ တီဗွီမှာ စပွန်ဇာလုပ်တာ တိုးများလာတယ်။ အားကစားကထိပ်မှာရှိတယ်။ ဥပမာ ၂ဝ၁၄ ဘောလုံးရာသီမှာ Adidas ဟာ မန်ချက်တာယူနိုက်တက်ဘောလုံးသင်းကို စပွန်ဇာပေးတယ်။ အနည်းဆုံး £750 million (US$1.1 billion) ကျော်တန်တယ်။

၂ဝ၁၆-၁၇ ဘောလုံးရာသီ ဗြိတိသျှဘောလုံးကလပ်တွေနဲ့ စပွန်ဇာတွေ
၁။ မန်ချက်စတာ ယူနိုက်တက် = Chevrolet (US), £53m, 7 Year deal (2014-21)
၂။ ချယ်ဆီးလ် = Yokohama (Japan), £40m, 5 Year deal (2015-20)
၃။ အာဆင်နယ်လ် = Fly Emirates (UAE), £30m, 5 year deal (2014-19)
၎။ လီဗာပူးလ် = Standard Chartered, £25m, 3 year deal (2013-16)
၅။ မန်စီတီး = Etihad Airways (UAE), £20m, 10 year deal (2011-21)
၆။ တော်တင်ဟန် = AIA (China), £16m, 5 year deal (2014-19)
၇။ ဝက်စ်ဟမ် = Betway (Malta), £6m, 3.5 year deal (2015-18)
၈။ အဲဗာတန် = Chang Beer (Thailand), £5.3m, 3 year deal (2014 to 2017)
၉။ ဆော့သင်မ်တန် = Vigin Media (UK), £6m, 3 year deal (2016-19)
၁ဝ။ ဆန်ဒါလင်း = Dafabet (Philippines), £6m, 2 Year deal (2015-2017)

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

Similarity တူတယ်ဆိုတာ ဘာလဲ

ကွယ်လွန်သူ ဦးကိုနီနဲ့ လူချင်းမဆုံးဘူးပါ။ ရေဒီယိုမှာတော့ အတူဆုံဘူးပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးကြစဉ်ကပါ။

အဲလိုပဲ ကိုးကွယ်ရာဖြစ်ဖြစ်၊ လူမျိုးစုဖြစ်ဖြစ်၊ မတူသူတွေနဲ့နေခဲ့ရတာ မွေးကတည်းပါ။ နိုင်ငံရေးထဲမှာ ကွဲပြားမှုတွေကို ဘေးချိတ်ပြီး ဦးတည်ချက်တူတဲ့အခါ အတူတွဲလုပ်ကိုင်ရပါတယ်။ စစ်အစိုးရအုပ်ချုပ်ရေးအောက်မှာ ဒီမိုကရေစီရရှိရေး ကြိုးပမ်းစဉ်ကလည်း နောက်ခံမတူသူတွေနဲ့ မျက်နှာတူရူထားခဲ့ကြတယ်။ နိုင်ငံကြီးပြန်ပြင်နေချိန်မှာလည်း နောက်ခံမတူသူတွေနဲ့ လက်တွဲညီကြဘို့လိုတယ်။

ကိုးကွယ်ရာဘာသာတူသူတွေထဲကရော၊ လူမျိုးစုတူသူတွေထဲကပါ စစ်အဏာဏာရှင်တိုက်ဖျက်ရေးမှာ အတူမပါခဲ့သူတွေ ရှိခဲ့တယ်။ တူတယ်ဆိုတာ ဘာလဲ။

ISIS ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့ထဲမှာ တိုင်းပြည်ပေါင်း ၈၆ ကနေ တိုက်ခိုက်ရေးသမားတွေ ပါဝင်နေတယ်။ (K ဆိုတာ ထောင်ဂဏန်းဖြစ်ပါတယ်။)
ကျူနီးရှား = 6 – 7 K
ဆောဒီအာရေးဗီးယား = 2 – 3 K
ရုရှား = 2 – 3 K
ဂျော်ဒန် = 2 – 3 K
တူရကီ = 2 – 3 K
ပြင်သစ် = 1 – 2 K
မောရိုကို = 1 – 2 K
လက်ဘနွန် = 0 – 1 K
အီဂျစ် = 0 – 1 K
ဂျာမဏီ = 0 – 1 K

အဲဒီနိုင်ငံမျိုးစုံကလူတွေမှာ တူတာတခုရှိတယ်။ မြန်မာပြည်က သတ်ဖြတ်မှုတွေက ဘာကြောင့်လဲ မသိရသေးပါ။ မတူပေမယ့် တူတယ်နဲ့ တူပေမယ့် မတူဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တခုသာဖြစ်ပါတယ်။ ကျွန်တော့်ကို လာဖမ်းတဲ့ အမျိုးသားထောက်လှမ်းရေးကလူတွေနဲ့ ကျွန်တော် လူမျိုးစုရော ကိုးကွယ်ဘာသာပါ တူတယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

ရ နဲ့ ယ

သတိရ လို့ရေးရမှာကို သတိယ လို့ မှားနေကြလို့။ အမှတ်ရ လို့ရေးရမှာကို အမှတ်ယ လို့ မှားရေးနေကြလို့။


ကပိယ၊
ဒါယကာ၊
ဒုတိယ၊
ပင်းတယမြို့၊
ဘယဆေး (ယခင်သုံး)၊ (ယခုသုံး = ပရဆေး)၊
မစ္ဆရိယစိတ်၊
ယခုချက်ချင်း၊ ယခုအခါ၊
ယဇုဗေဒင် (ယဇ်ပူဇော်ခြင်း)၊
ယတိပြတ်
ယတိပြတ်၊
ယထာဘူတ၊
ယထာဘူတကျ၊
ယတြာချေ၊
ယမကာအဖျော်ရည်။
ယမင်းရုပ်၊
ယမန်နေ့၊
ယမမင်း၊
ယမုန်နာမြစ်၊
ယမိုက်ပြာဋိဟာပြတော်မူသည်၊
ယမနေသားပန်းပု၊
ယသ (အခြွေအရံ)၊
ယုယုယယ၊
ယသော အယသော၊
ယသော်ဓယာမိဘုရား၊
ဝပ်တွားခယ၊
သဟာယမိတ်ဆွေ၊
သူရိယနေမင်း၊
အထိန်းအယ၊
စေတီယမင်း၊


ကုမာရမင်းသား၊
ဂါဝတရား၊
ငရမန်၊
ဆုရသည်၊
ဒွါရခြောက်ပါး၊
ပဋိသ္ဓရစကား၊
ပရမတ်၊
မရဏ၊
မရမနေကြိုးစား၊
မိမိရရ၊
ရကန်စပ်နည်း၊
ရကွင်း (အတီးအမှုတ်)၊
ရခိုင်ပြည်နယ်၊
ရဂုံမြိုင်တွင်း တောလုံးလင်းသား၊
ရတက်ပွေ ဖြေမရ၊
ရတက်ပွေ၊
ရတနာ၊
ရတနာရွှေချိုင့်၊
ရတာနာပုံနေပြည်၊
ရတီ (စိန်ကျောက်)
ရတုပိုဒ်စုံ၊
ရထား၊
ရနံ့ထုံသင်း၊
ရနယ်အခြင်၊
ရမည်းသင်းမြိုရ၊
ရမထာရွှေကြိမ်လုံး၊
ရမ္မက်ကြီး၊
ရမယ်ရှာ၊
ရလဒ်အဖြေ၊
ရသစာပေ၊
ရဟတ်စီး၊
ရဟန်းသံဃာ၊
ရဟိုင်းဈေး၊
ရဟန္တာအရှင်မြတ်၊
ရဝေ (နန်းအိမ်တိုက်နေရာ)၊
ရသေ့၊
လက်ခံရရှိသည်၊
ဝမ်းသာအားရ၊ နှစ်ထောင်းအားရ၊
ဝိဟာရ၊
သတိရ၊
အစာအာဟာရ၊
အစိုးရ၊
အမှတ်တရ၊
အသုရကာယ်။
ဥပကာရကျေးဇူး၊
နောင်တရ၊
ပြောရဆိုရ၊
ဝေါဟာရ၊

ယ ယမင်း ပပဝင်း
ရ ရထား စီးလို့သွား
သတိရနေတယ် သူငယ်ချင်းရေ့ တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ့

https://www.youtube.com/watch?v=NzcJDyktBbY&list=PLFc7LfRKZFstp8gpU4YrqE9ZtT4CX2pC7

ဒေါက်တာတင့်ဆွေ

Digoxin ဒိုင်ဂေါက်ဇင်

ဆရာခင်ဗျာ Digxoin ကို ကျနော်အမေအတွက် ဆရာဝန်က ညွှန်းပါတယ်။ ဆေးအာနိသင်နှင့်တစ်ကွ ဘေးထွက်ဆိုးကျိုး၊ မည်သို့အသုံးဝင်ပုံတို့ကို ရှင်းလင်းပြောကြားစေလိုပါတယ်ခင်ဗျာ။ ကျနော်အမေ၏ အသက်မှ ၄၆ နှစ်ဖြစ်ပါတယ်ခင်ဗျာ။

ဒိုင်ဂေါက်ဇင်ဟာ နှလုံးရောဂါအတွက်ဆေးဖြစ်တယ်။ အပင်တမျိုးကနေထုတ်ယူတယ်။ နှလုံးခုန်တာ အားကောင်းစေမယ်။ စည်းဝါးမှန်ခုန်စေမယ်။ heart failure နှလုံးအလုပ်နိုင်အောင် မလုပ်နိုင်တာအတွက်လည်းပေးတယ်။ atrial fibrillation ခေါ် နှလုံးခုန်မူမမှန်တာအတွက်လည်းပေးတယ်။

ဆေးပြား 500 - 750 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 125 - 375 mcg ဆက်ပေးမယ်။

ဆေးတောင့် 400 - 600 mcg ပေးရင် နာရီဝက်ကနေ ၂ နာရီအတွင်းသက်သာလာမယ်။ ဆေးစွမ်းက ၆ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ထိုးဆေး 400 - 600 mcg ပေးရင် ၅-၃ဝ မိနစ်မှာဆေးစွမ်းပြမယ်။ ၁-၄ နာရီခံတယ်။ 100 - 300 mcg ဆက်ပေးမယ်။

ဘေးထွက်သက်ရောက်မှုများ = ပျို့-အန်၊ နှလုံးခုန်နှုန်းကိုသက်ရောက်ခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ မျက်စိဝေဝါးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းလျှော၊ အားနည်း၊ ယောက်ျားရင်သားကြီးခြင်း၊ ခေါင်းကိုက်၊ စိုးရိမ်စိတ်။

ဒီဆေးကိုသုံးနေခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ စိတ်ချရတယ်လို့ပြောနိုင်တယ်။ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ နှလုံးရောဂါကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၇

The Death of a Language မြန်မာစာလှုပ်ရှားမှု လိုအပ်နေ

မြန်မာစာ၊ မြန်မာစကားကို အမှန်ရေးတတ်၊ ပြောတတ်အောင် လုပ်ကြဖို့လိုနေပါတယ်။ တိုးတက်အောင် မလုပ်နိုင်သေးရင်တောင်မှ သွက်သွက်ခါအောင် မှားနေတာတွေကို ပြုပြင်နိုင်အောင်နဲ့ ပိုမဆိုးစေအောင်လုပ်ဖို့ လိုအပ်နေပါပြီ။ ဖေ့စ်ဘွတ်လိုနေရာတွေမှာ ဖုန်းပေါ်ကနေလွယ်သလိုရေးကြတာက သိပ်မဆိုးလှပေမဲ့ ပုံနှိပ်ထုတ်ဝေတာ၊ ဗိုင်းနယ်လ် (ဗီနိုင်း မဟုတ်) ပေါ်မှာရေးတာ၊ ဆိုင်းဘုတ်မှာရေးတာတွေက သိသိသာသာဆိုးလှတယ်။

ကျွန်တော်တို့တတွေ ဒေလီမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အနှစ်နှစ်ဆယ်ကျော် လုပ်ခဲ့ကြတုံးက ပိုစတာ ပလေကပ်တွေမှာ ကြွေးကြော်သံတွေကို အင်္ဂလိပ်လိုရေးကြရတယ်။ စာလုံးပေါင်းမှားနေရင် သတင်းထောက်တွေက ဓါတ်ပုံရိုက်ယူတတ်တယ်။ မြန်မာလိုဆိုင်းဘုတ်တွေမှာ တလွဲရေးထားတာတွေ့ရင် ဓါတ်ပုံရိုက်ပြီး တင်ကြစေချင်ပါတယ်။ အများစုက မှားလို့မှားမှန်မသိ တင်နေကြတယ်။ မှားရေးထားတာကို အပြစ်တင်ဘို့ဆိုတာထက် အမှန်ပြင်စေချင်တဲ့ စေတနာနဲ့သာ လုပ်သင့်ပါတယ်။

ဥပမာလေးတွေ ပေးပါရစေ။ အာထွာစောင်း မှားတယ်။ အက်ထွာဆောင်း မှားတယ်။ အာထွာဆောင်း မှန်တယ်။ ကာလာသားချက် မှားတယ်။ ကာလသားချက်၊ ကာလသားရောဂါလို့ ရေးရတယ်။ မွန်းတဲ့နေ မှားတယ်။ မွန်းတည့်နေ ဖြစ်ရမယ်။

မြန်မာစာသင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ၊ ကွန်ယက်ဖွဲ့ လုပ်တာတွေနဲ့ ဆရာ-ဆရာမတွေကိုပါ မွန်းမံပေးသင့်ပါတယ်။ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်တွေကနေလည်း တတတ်တအား ကူကြစေချင်တယ်။ ဘီဘီစီက အစီအစဉ် ကောင်းပါတယ်။ ခက်တာက အခြေခံကအစမှားနေကြတယ်။ စာပေပျောက်ရင် လူမျိုးပျောက်တယ်တဲ့။ အခုက စာပေအထိမဟုတ်ပါ၊ စာပျောက်တော့မယ်။

အမေရိကန်ဌာနေစကား Klallam ကလာလ်လမ် စကားပြော နောက်ဆုံးပုဂ္ဂိုလ် Hazel Sampson ဟေဇယ်လ် ဆင်မဆွန် ဆိုသူ အမျိုးသမီးကြီး အသက် ၁ဝ၃ နှစ်မှာ ၄-၂-၂ဝ၁၄ နေ့က ကွယ်လွန်သွားပါတယ်။ ကမ္ဘာမှာ ဘာသာစကားပေါင်း ၇ဝဝဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ နောက်ထပ်လည်း တိမ်မြုပ်ပျောက်ကွယ်မှာတွေ ရှိသေးတယ်လို့ ပညာရှင်တွေက မှန်းဆထားပါတယ်။ အဲသည်အထဲမှာ မြန်မာစာ မပါပါစေနဲ့။

မြန်မာစာကို ကယ်ကြပါ။ ဗမာစာသည်တို့စာ၊ မြန်မာစကားသည်တို့စကားဆောင်ပုဒ်ကို ပြန်ဖေါ်ဘို့တော့ မဟုတ်ပါ။ အဲ့ မမှန်တဲ့သူတွေကနေ ဆရာကြီးလုပ်နေတာတော့ သဘောမတူကြောင်းပါ။

သင်သေသွားသော် -
လူ့ပြည်လောက လူ့ဘဝကား၊ အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား စာစကားလည်း၊ ကြီးပွားတိုမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေတည်း။  (ဇော်ဂျီ)

ဒေါက်တာတင့်ဆွေ
၂၅-၁-၂ဝ၁၅
၂၅-၁-၂ဝ၁၇

Osteoarthritis အရိုး-အဆစ်နာရောဂါ

၁။ ကျွန်တော့်အမေ အသက် ၆၇ နှစ် ရှိပါပြီ။့ မြို့နယ်မှာ နေထိုင်ပါတယ်။ အမေ့ရဲ့ ညာဘက်ဒူးက လမ်းလျှောက်ရင် နာနာနေလို့ပါ။ တလလောက်ရှိပါပြီ။ ဒူးအကွေးအဆန့် လုပ်တိုင်း ဒူးအတွင်းထဲ တင်းပြီးနာလာတယ်။ ဒီကြားထဲ လမ်းလျှောက်တာ အဆင်မပြေလို့ တခါ ချော်လဲဖူးပါတယ်။ အထိုင်၊ အထလုပ်ရင် သိပ်အဆင်မပြေဘူး။ ဒူးနေရာက နည်းနည်းလည်း ယောင်နေပါတယ်။ အခုလိမ်းဆေးအချို့လိမ်းပေမယ့် သိပ်မသက်သာပါဘူး။ ရိုးရာနည်းဖြစ်တဲ့ ရဲယိုရွက်ကို ကြပ်စည်းပေးရတယ်ဆိုလို့ စမ်းကြည့်ပေမယ့် သိပ်မသက်သာပါဘူး။ ဆေးခန်းလည်း မပြကြည့်ရသေးပါဘူးခင်ဗျ။ အဲဒါဘယ်လိုဆေးတွေလိမ်းဖို့၊ သောက်ဖို့လိုမလဲ လမ်းညွှန်ပေးပါဆရာ။ နောက်ပြီး အမေကအာရုံကြော အားနည်းတော့ အခု ဒူးနာတာနဲ့ဆက်စပ်နေမလား။ ဒီလိုနာကျင်တာက ဘယ်လိုရောဂါ ဖြစ်နိုင်ပါသလဲ သိချင်ပါတယ်ခင်ဗျာ။

၂။ လူနာက အမျိုးသမီးအိမ်ထောင်သည်သား ၂ ယောက်ရှိ၊ အသက် ၄၃ နှစ်ရှိပါပြီ။ အသက် ၃ဝ ကျော် လောက်မှာ သွေးဆုံးခဲ့ပါတယ်။ ဒူးနာရောဂါဖြစ်နေတာ ၅ နှစ်လောက်ရှိနေပါပြီ။ ဆေးခန်းမျိုးစုံ အနှိပ်သည်မျိုးစုံပြတော့လဲ မသက်သာပါဘူးဆရာ။ အခုလက်ရှိပြနေတဲ့ ဗမာဆေးခန်းက ပြောတာက သွေးဆုံးကိုင်တယ်လို့ ပြောတာပဲဆရာ။ သွေးဆုံးကိုင်လို့ဒူးနာတာဖြစ်နိုင်လား။ သွေးဆုံးကိုင်တယ်ဆိုတာ ဘယ်လိုရောဂါမျိုးလဲဆရာ။ လမ်းလျောက်များရင်ဖြစ်ဖြစ် အလုပ်လုပ်တာပင်ပန်းရင်ဖြစ်ဖြစ် လမ်းဆက်မလျောက်နိုင်လောက်အောင်နာတယ်။ ဒူးနာတာသက်သာရန်အတွက်ရယ် သွေးဆုံးကိုင်တာအတွက်ကို ဆောင်ရန်ရှောင်ရန်ဆေးပညာလေးတွေကို ညွှန်ကြားပေးပါဆရာ။

၃။ ဒူးနာတာနဲ့ပတ်သက်ပြီး မေးချင်လို့ပါရှင်။ ကျမကအသက် ၄၄ နှစ်ပါ။ သားအိမ်ထုတ်ထားတာ ၁ နှစ်ရှိပါပြီ။ ဒူးနာတာက ၆ လလောက်ရှိပါပြီ။ လွန်ခဲ့တဲ့တလကျော်လောက်က ခွေကျဖူးပြီးထဲက ပိုနာလာပါတယ်။ အရင်က ဆေးခန်းသွားပြီး ဆေးထိုးဆေးစားလိုက်ရင် ကောင်းသွားပါတယ်။ ဒီတခါမသက်သာတော့ပါ။ ဒူးရောင်ပြီး ဒူးခေါင်းရှေ့မှာ အသားတွေ ရောင်ပြီး ဘုသီးကြီးလိုမျိုးဖြစ်နေပါတယ်။ ထိုင်ထ လမ်းလျှောက်အရမ်းနာပါတယ်။ ပေါင်ချိန်က ၁၉ဝ ပါ။ စိတ်ဓါတ် အရမ်းကျနေပါတယ်ဆရာ။ ကုလို့ရနိုင်ပါ့မလားသိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။

၎။ ကျွန်မ အသက် ၃၇ နှစ် ကလေး ၂ ယောက်ရှိပါတယ်။ အလေးချိန် ၁၆ဝပါ။ ပိန်ချင်လို့ ကန်တော်ကြီးကို ပတ်ပြေးတာ ၃ ရက်ပါ။ အိမ်မှာ နားပြီး ၁ ပတ်အကြာမှာ ဒူးစနာပါတယ်။ ဒူးနာက မပျောက်သေးပါ။ မလှုပ်ပဲနေရင် အနည်းငယ် သက်သာပြီး နဲနဲလှုပ်တာနဲ့ပြန်ပြန်နာတတ်ပါတယ်။ ဆရာကို Nov'14 တုန်းကလဲမေးဖူးပါတယ်။ ဆရာဝန်ကလဲ diclo ၃ ရက်ထိုးပေးပါတယ်ဆရာ။ သက်သာပြီး လမ်းပြန်လျောက်တော့ ပြန်နာပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ဖို့ရော လိုပါသလား။ ဒါမှမဟုတ် အရိုးဆရာဝန်နဲ့ပဲ ပြန်ပြရမလားဆရာ။ ၃ လနီးပါရှိပါပြီဆရာရှင့်။ တရုတ်ဆေးစည်းတော့ အရေပြားက အရက်တို့ အရက်ပြန်တို့နဲ့ မတည့်တော့ အလာဂျီဖြစ်လို့ ဆက်မလုပ်တော့ပါ။

၅။ ကျွန်မ အသက်က ၃၄ နှစ်ရှိပါပြီ။ လက်ကောက်ဝတ်နား နာနေတာ ၉ လပိုင်း ၂ဝ၁၃ ကတည်းက ဆေးထိုး ဆေးစားခဲ့ပါတယ်။ တလပိုင်း မနက်အိပ်ယာထချိန် မှာ လက်ဆစ် လက်မောင်းတွေ ခြေဆစ်ခြေသလုံးတွေ တောင့်တင်းပြီး အဆစ်တွေနာနေတာ ပုံမှန်ဖြစ်ဖို့ တနာရီကြာတယ်။ ခြေချောင်းအောက်ဖဝါးက ထောက်လိုက်ရင် နာနေတာ ဆရာဝန် သွားပြတော့ leflunomide 1 OD ၆ လသောက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မအဲဒီဆေးရဲ့ side effect ကိုသိတော့ ဆက်မသောက်ရဲတော့ဘူး ရပ်လိုက်ပြီး celecoxib တို့ aceclofenac တွေသောက်တော့ သက်သာတယ်။ ဒါပေမဲ့ ၅ လပိုင်း ၂ ရက်နေ့မှာ ပြန်ဖြစ်လာတယ်။ ဒီတခေါက်က ဂုတ်ရိုးနားပါ ပူပြီးနာလာတယ်။ ကျွန်မ OSA က normal RA က positive တဲ့၊ uric acid လည်း normal ESR စစ်တော့ 25mm/1hr တဲ့။ ဘာဆက်လုပ်သင့်တယ်ဆိုတာ ကူညီပေးပါဆရာရှင်။

Osteoarthritis ဖြစ်ရင် ဖြစ်တဲ့နေရာမှာ နာတာ၊ ပုံမှန်လှုတ်မရအောင် တင်းနေတာ နဲ့ ရောင်နေတာတွေ ဖြစ်နိုင်တယ်။ အဆစ်နေရာမှာရှိတဲ့ အရိုးထိပ်ကို ဖုံးပေးထားတဲ့ အရိုးနု စားသွားလို့ဖြစ်ရတယ်။ ဖြစ်လာရင် အဆစ်က အရင်လို လှုတ်ရှားဘို့ ခက်လာမယ်။ နာမယ်။ နောက်ကျော၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေထောက်တွေမှာ ဖြစ်တယ်။ လည်ပင်း၊ လက်ချောင်း တွေမှာလဲ ဖြစ်တယ်။ အိုလို့ဖြစ်တဲ့ အဆစ်နာလို့ ခေါ်ပေမဲ့ ငယ်တဲ့သူတွေမှာလဲ ဖြစ်ပေမဲ့ အိုမှဖြစ်တာ များတယ်။ အသက် ၆၅ ကျော်ရင် အများဆုံး။ မျိုးဗီဇကနေလာရင် ငယ်ငယ်နဲ့ ဖြစ်မယ်။ OA ဆိုတာ ရောင်ရမ်းတာ ဖြစ်တယ်။ လေးဘက်နာနဲ့ ဆင်တယ်။ သုံးဖန်များလို့ ဖြစ်တဲ့သဘော မဟုတ်ဘူးတဲ့။

မျိုးရိုးလိုက်တာရှိတယ်။ လူဝရင်ပိုဖြစ်တယ်။ အသက်ကြီးရင်ပိုဖြစ်တယ်။ အမျိုးသျမီးကြေီးတွေ ပိုဖြစ်ကြတယ်။ ထိခိုက်ဒဏ်ရာကနေ ဆက်ဖြစ်နိုင်တယ်။ ဒူးဆစ်ကို အသုံချရဖန်များသူတွေမှာ ပိုဖြစ်တယ်။ တခြားအဆစ် နာရောဂါတွေကနေ ဆက်ဖြစ်နိုင်တယ်။ အထေအထိုင်း စနစ်မကျသူ၊ ဗီတာမင် ဒီ နဲ့ စီနည်းသူတွေ ဖြစ်နိုင်တယ်။ အမျိုးသမီးတိုင်း အသက် ၃၅-၄ဝ နှစ်ကျော်ရင် ကယ်လ်စီယမ်လိုလာပြီ။ အရိုးအားနည်းစေတယ်။ ကျိုးလွယ်မယ်။ သတိထားကြရပါမယ်။ အဆစ်နာတာကို အနာသက်သာဆေးက ဆေးအရှိန်ရှိတုံးမှာ သက်သာမယ်။ နာတဲ့နေရာ အနာကျက်ဖြစ်စဉ်ဖြစ်မှာသာ ပြန်ကောင်းမယ်။ ပြန်ဖြစ်တတ်တယ်။ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ ပြေးတာ ကောင်းပါတယ်။ ကိုယ့်အတိုင်းအဆနဲ့သာလုပ်ပါ။ တဖြးဖြေးချင်း တိုးရမယ်။

Naproxen sodium နဲ့ Esomeprazole magnesium ဆေးကို တွဲပေးပြီးစမ်းတဲ့အခါ Celecoxib ဆေးလိုဘဲ နာတာသက်သာစေတဲ့အပြင် ရင်ပူတာကို သက်သာတာ တွေ့ရတယ်။ အဆစ်နာမှန်သမျှအများဆုံးသုံးနေတဲ့ Acetaminophen (ပါရာစီတမော) ကို ကန့်သတ်မှု ပိုလုပ်လိုက်တယ်။ များများပေးရင် အသည်းကိုထိခိုက်စေတယ်။ ဒါ့ကြောင့် ဆေးတပြားမှာ 325 mg ထက်မပိုဘို့ သတ်မှတ်လိုက်တယ်။ မူးယစ်အုပ်စုဝင်ဆေးနဲ့ တွဲရောင်းတာရှိတယ်။ ဥပမာ Vicodin နဲ့ Oxycodone ဆေးတွေ။

ဆေးပေးတယ်ဆိုတာ နာတာ သက်သာအောင်၊ အဆစ်တွေ တင်းတောင့် မနေအောင်သာ ဖြစ်တယ်။ အနာ-အကိုက် သက်သာဆေးတွေ၊ နာတာကို သက်သာစေနိုင်ပေမဲ့ ရောင်တာကို မသက်သာစေပါ။ (ပါရာစီတမော) ဆေးကို နဲနဲနဲ့ အတော်အသင့် နာတာအတွက် သုံးနိုင်တယ်လို့ ညွှန်းတယ်။ ၄-၆ နာရီတခါ 325 to 1,000 mg သောက်နိုင်တယ်။ တနေ့ထဲမှာ 4,000 mg ထက် မပိုရပါ။ နာတာက ဆိုးရင် Propoxyphene hydrochloride, Acetaminophen with codeine and Tramadol တွေကို သုံးနိုင်တယ်။ ရက်တိုသာ သုံးသင့်တယ်။

Voltaren Gel (Diclofenac) လိမ်းနိုင်တယ်။ Capsaicin ဆေးဟာ Cayenne peppers ကနေ ဖေါ်စပ်ထားတယ်။ ကြာကြာလိမ်းရင် လောင်နိုင်တယ်။ Zostrix, Zostrix HP, Capzasin-P နာမည်တွေနဲ့ ရောင်းတယ်။

Aspirin အက်စပရင်ဆေးပေးတယ်။ စတီရွိုက်မပါတဲ့ အနာသက်သာဆေးတွေ Ibuprofen, Ketoprofen, Naproxen နဲ့ Naproxen sodium ဆေးတွေ ဖြစ်တယ်။ COX-2 inhibitors ဆေးမျိုးတွေထဲက Celecoxib ကလွဲရင် ကျန် ၂ မျိုးကို ရောင်းခွင့် မပြုတော့ဘူး။

စတီရွိုက် ထိုးဆေး နာနေတဲ့ အဆစ်ထဲကို ထိုးပေးရတယ်။ ဆေးမထိုးခင် အဆစ်ထဲက များနေတဲ့ အရည်တွေကို စုပ်ထုတ်နိုင်တယ်။ ဆေးနဲ့ မသက်သာသူ၊ အသင့်အတင့်ကနေ သိပ်ဆိုးသူတွေကို ၁ နှစ်မှာ ၃-၄ ခါ ထိုးခိုင်းတယ်။ Hyaluronic acid therapy ဆေး၊ အဆစ်ထဲမှာ ရှိနေတာမျိုး ဖြစ်တယ်။ Shock absorber သဘော၊ Lubricant သဘော လုပ်ပေးမယ်။ တပါတ်တခါ ၃-၅ ပါတ် ထိုးရတယ်။ အထဲကအရည်နဲနဲစုပ်ထုတ်ပြီးမှ ဆေးထိုးရတယ်။ ဆေးတွေနဲ့ မသက်သာသူ၊ ဆေးဘေးထွက်ဆိုးကျိုးမခံနိုင်သူတွေကို ထိုးပေးနိုင်တယ်။ နည်းနည်းနဲ့ အသင့်အတင့် ဆိုးသူတွေမှာ သက်သာတယ်။

ခွဲစိတ်နည်း Joint replacement, Realigning bones, Fusing bones, Arthroscopy, Osteotomy, Chondroplasty, Arthrodesis နည်းတွေ ရှိတယ်။

ကိုယ့်ဖါသာ ပြုပြင်နေနိုင်တယ်။ (အေရိုးဘစ်) စတဲ့ လေ့ကျင့်ခန်း လုပ်နိုင်တယ်။ ကိုယ်အလေးချိန် ချတာ ကောင်းတယ်။ လမ်းလျှောက်အကူပစ္စည်း သုံးတာ၊ ခြေထောက်မှာ အထူးပစ္စည်း သုံးတာ၊ ဒူးကာ တပ်တာ၊ အပူ-အအေး တင်ပေးတာ၊ TENS လျှပ်စစ်နည်း သုံးတာ၊ အပ်စိုက်ကုသတာ၊ (ဖီဇီယို-သာရာပီ) လုပ်နိုင်တယ်။ ဗီတာမင်ဒီဟာ မျက်လှည့်ပြသလိုမျိုး အကျိုးရှိတဲ့သူတွေမှာ ရှိတယ်။ နာတာကိုရော အင်္ဂါပျက်စီးမှုမှာပါ သက်သာစေတယ်။ ဒါပေမဲ့ ပိုကောင်းတယ်ဆိုတာ သက်သေမပြနိုင်တာ တွေ့လာရတယ်။

Dr. တင့်ဆွေ

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.in/2011/11/nsaid.html
Painkillers (1) အနာသက်သာဆေးများ (၁) http://dts-medicaleducation.blogspot.in/2012/06/painkillers.html
Painkillers (2) အနာသက်သာဆေးများ (၂) http://dts-medicaleducation.blogspot.in/2013/11/painkillers-2.html
Narcotic Analgesics မူးယစ်ဆေးပါ အနာသက်သောဆေးများ http://dts-medicaleducation.blogspot.in/2012/06/narcotic-analgesics.html
Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://dts-medicaleducation.blogspot.in/2013/10/narcotic-pain-medications.html

Dr. တင့်ဆွေ

Saturday, January 28, 2017

Banyan Plant ညောင်ပင်ကို သွားကြည့်ခြင်း

အခုပဲ ဘုန်းကြီးကျောင်းက ပြန်ရောက်ပါတယ်။ ဥပုသ်စောင့်သွားတာတော့ မဟုတ်ပါ။ အာဂန္တုကိုယ်တော်တွေရောက်တုန်း နှုတ်ဆက်ဘို့ပါ။ စကားစမြီပြောကြတာတော့ ကြာခဲ့တယ်။ စကားဝိုင်း နှစ်ဝိုင်းခွဲရသေးတယ်။ ဒါတောင် နက်ဖြန်မနက် အရုဏ်ဆွမ်းကပ်မယ့် ဒါယကာနဲ့ ဒါယိကာမတို့က ထိုင်နားထောင်နေကြလို့။

ကျွန်တော် တစိတ်တပိုင်းသိတဲ့ ကျန်းမာရေး၊ နိုင်ငံရေးနဲ့ မြန်မာစာ။ ဘာသာရေးကိုတော့ နာယူခဲ့ပါတယ်။ ရေးရတာတို့ အင်တာဗျူးမှာဖြေရတာတို့နဲ့ ထိုင်စကားပြောရတာက တမျိုး။ အသံဖမ်းထားတာလည်းမရှိ၊ ကွန်မင့်လာစရာလည်းမရှိတော့ ပိုလွတ်လပ်တယ်။ အကျိုးရှိတယ်။

နားထောင်ကောင်းအောင် ပြောရတာတွေ၊ ဖတ်တဲ့သူ သဘောကျအောင် ရေးရတာတွေနဲ့ မတူတာမျိုးဟာ ပရိသတ် ရွေးရတယ်။ ပရိသတ်များတိုင်းတော့ အတည့်အမှန်မဖြစ်တတ်ပါ။ ကျွန်တော်ကလည်း မဲရဘို့မလို၊ ကိုယ်တော်တွေကလည်း ဆွမ်းကွမ်းအတွက် ဟောကြတာမဟုတ်ပါ။

ကျွန်တော်ကလှူ၊ ဘုန်းကြီးကမွေးမြူထားတဲ့ ညောင်ပင်လေး ရှင်သန်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

The Wiseman ဝိဓူရ

မနှစ်က သူရဦးရွှေမန်းက နှုတ်ဆက်မိန့်ခွန်းပြောတော့ လွှတ်တော်ထဲမှာ အမျိုးသမီးအမတ်အချို့က မျက်ရည်ကျသတဲ့။ ဟိုတနေ့ကလည်း အမေရိကန်သမတ အိုဘားမား နှုတ်ဆက်မိန့်ခွန်းပြောတုန်းကလည်း သည်လိုပဲ။ အကောင်းသေးပေမဲ့ ကျွန်တော်လည်း နှုတ်ဆက်စကား ၄-၅-၆ ခါပြောခဲ့ရဘူးပါတယ်။ ကျွန်တော်ပြောရင် ပြောတဲ့သူက အသံတိမ်ဝင်ပါတယ်။

ဝိဓူရဦးချစ်မောင် မိန့်ခွန်းပြောခဲ့တာကို အမှတ်ရတယ်။ သခင်ချစ်မောင် (၁၉၁၅-၂ဝဝ၅) ဟာ (ဖဆပလ) ခေတ်မှာ (ပမညတ) ပါတီခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၁၉၆၂ မှာ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကြီးကို ဝန်ကြီးချုပ် ဦးနုကဦးဆောင်ပြီးကျင်းပတော့ (ပမညတ) ကိုယ်စားလှယ်အနေနဲ့ မိန့်ခွန်းပြောရတယ်။ အဲဒီနေ့ဟာ ၁-၃-၁၉၆၂ ရက်နေ့ ဖြစ်လို့ ဗိုလ်ချုပ်နေဝင်းအာဏာမသိမ်းခင် တရက်အလိုမှာဖြစ်ပါတယ်။
ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက ဝိဓူရအမတ်ကြီးဟာ ကောရဗျမင်းကြီးရဲ့ ပညာရှိအမတ်ကြီးဖြစ်တယ်။ သူ့ဂုဏ်သတင်းဟာ ဘောဂဝတီနဂါးပြည်အထိရောက်တယ်။ နဂါးမင်းကြီးရဲ့မိဖုရားက ဝိဓူရအမတ်ကြီးရဲ့တရားကို နာယူလိုတာနဲ့ မိန်းမတို့ မာယာသုံးပြီး နဂါးမင်းကြီးကို ချဉ်းကပ်ပြီး၊ ဝိဓရအမတ်ကြီးရဲ့ နှလုံးသည်းပွတ်ကိုစားသုံးလိုကြောင်းလျှောက်ပါသတဲ့။

နဂါးမင်းကြီးရဲ့သမီးတော် နဂါးမင်းသမီးလေး ဣရန္ဓတီက သူရအောင်ယူပေးမယ်လို့ကတိပေးတယ်။ နတ်၊ ဂန္ဓဗ္ဗဘီလူး၊ နဂါး၊ ကိန္နရာနဲ့ လူပညာရှိတွေကြားအောင် ဝိဓုရရဲ့နှလုံးသည်းပွတ်ကို ဆောင်ယူပေးနိုင်သူကို သူ့ခင်ပွန်းအဖြစ် လက်ဆက်ပါမယ်လို့ ကြေညာလိုက်တယ်။ ပုဏ္ဏနတ်ဘီလူးက နဂါးမင်းသမီးလေးကိုသဘောကျပြီး သူရယူပေးမယ်လို့ ကတိပြုလိုက်တယ်။

ပုဏ္ဏကနတ်ဘီလူးက သိန္ဓောမြင်းကိုစီးပြီး ကောရဗျပြည်ကိုသွားတယ်။ ကြွေအံကစားဝါသနာကြီးလှတဲ့ ကောရဗျဘုရင်နဲ့ ကြွေအံကစားတယ်။ သူရှုံးရင် သိန္ဓောမြင်းနဲ့ အဖိုးထိုက်သည့် ပတ္တမြားကိုပေးမယ်။ သူအနိုင်ခဲ့ရင် ဝိဓူရသုခမိန်ကိုပေးလို့ လောင်းကြေးထပ်တယ်။ ကောရဗျဘုရင်ရှုံးလို့ ဝိဓူရကို ပေးလိုက်ရတယ်။
ပုဏ္ဏကဘီလူးက ဝိဓူရကို သိန္ဓောမြင်းမြီးကိုဆွဲခိုင်းပြီး နဂါးပြည်ကိုသွားတယ်။ လမ်းတလျှောက်လုံးမှာ ဝိဓူရကို အမျိုးမျိုး နှိပ်စက်ပြီးခေါ်သွားတယ်။ ဝိဓူရဟာ ဘီလူးကို သာဓုရနတရားဟောလို့ အသက်မသေပါ။ နဂါးပြည်ရောက်တော့ ဝိဓူရကနေ မင်းကျင့်တရား ဆယ်ပါး၊ တိုင်းသူပြည်သားတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မင်းမှုထမ်းတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဟောကြားပါတယ်။

အပြောအဟောကောင်းသူတွေကနေ ဒီဇာတ်တော်ကို ဇာတ်နာအောင် တန်းဆာဆင်ကြတယ်။ ဟိမဝန္တာတောင်တွေနဲ့ တိုက်ခံရတာစသဖြင့် ကြားတဲ့သူတွေငိုချင်လာအောင်ဖွဲ့ဆိုသီကုံးကြတယ်။ သခင်ချစ်မောင်ကလည်း ပါလီမာန်ထဲမှာ အပြောကောင်းလို့ သူ့မိန့်ခွန်းပြီးကတည်းက ဝိဓုရချစ်မောင်လို့ တွင်ခဲ့ပါတယ်။

၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ ဝိဓူရချစ်မောင်က ခေတ်ပြောင်းတော်လှန်ရေးမှာ ကျရာနေရာက ထမ်းပါ့မယ်၊ ခွေးကတက်မှာ နေရနေရဆိုပြီးပြောလို့ ခွေးကတက်လမ်းစဉ်ဆိုပြီး နာမည်တွင်ပြန်ပါတယ်။ ခေတ်သစ် ခွေးကတက်တွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆
၂၉-၁-၂ဝ၁၇

Rabies ခွေးရူးပြန်ခြင်း

အသက် ၂၀၊ မ၊ အိမ်ထောင်ရှိ၊ ကလေးမရှိ၊ ကိုယ်ဝန်မရှိ၊ ရာသီမှန်၊ မနေ့ညနေကစဖြစ်တာပါဆရာ။ အိမ်က ခွေးလေးကို လမ်းဘေးက ရူးနေတဲ့ခွေးကကိုက်သွားပါတယ်ဆရာ။ ခွေးရူးကာကွယ်ဆေးတော့ လွန်ခဲ့တဲ့ ၃ လလောက်က ခွေးကို ထိုးပေးထားပါတယ်ဆရာ။ အိမ်ကခွေးက မနေ့ကလူကို ခြစ်မိသွားလို့ဆရာ။ ယနေ့ အခြစ်ခံရတဲ့လူ နေမကောင်းဖြစ်ပြီး သွားရေယိုနေပါတယ်ဆရာ။ အရင် ၃ နှစ်လောက်ကတော့ လူပါကာကွယ်ဆေးထိုးဘူးပါတယ်။ ခွေးရူးရောဂါ ဖြစ်နိုင်ပါသလားဆရာ။ ကာကွယ်ဆေးထပ်ထိုးသင့်ပါသလားဆရာ။ ဖြေကြားပေးပါဆရာ။

ခွေးရူးပြန်တာက ခွေးကိုက်ခံရပြီး အချိန်ဘယ်လောက်မှာ ရောဂါလက္ခဏာပေါ်ချိန်သလဲ။ မတူကြပါ။ ၃ ပတ်ကနေ ၈ ပတ် အဖြစ်များတယ်။ အစောဆုံး ၉ ရက်နဲ့ နှစ်တွေကြာမှဖြစ်တာလည်း ရှိခဲ့တယ်။

နောက်လေ့လာမှုတခုအရ ခွေးရုးကိုက်ခံရပြီး ရောဂါလက္ခဏာပေါ်ချိန်ဟာ ၃ဝ ရက်ကနေ ၆ဝ ရက်ဖြစ်တယ်။ ၁ဝ ရက် ကနေ နှစ်တွေကြာတဲ့အထိလည်း ဖြစ်နိုင်တယ်။

ရောဂါလက္ခဏာတွေကတော့ အကိုက်ခံရတဲ့နေရာမှာ နာမယ်။ ကျင်မယ်။ ယားမယ်။ ဖျားနိုင်တယ်။ ချမ်းမယ်။ အားကုန်နေမယ်။ ကြွက်သားတွေ ကိုက်ခဲမယ်။ နေမထိထိုင်မသာဖြစ်မယ်။ တုပ်ကွေးနဲ့ဆင်တယ်။

ခွေးရူးမှန်ရင် တကယ်ကိုနေမကောင်းထိုင်မသာဖြစ်တယ်။ စိတ်ရှုပ်ထွေးမယ်။ စိတ်တိုမယ်။ တက်မယ်။ သတိလစ်မယ်။ ရေသောက်ဖို့ မျိုချတာနဲ့ဆိုင်တဲ့ကြွက်သားတွေ ညှစ်လို့ တက်သလိုဖြစ်မယ်။ အချိန်ကြာလာတာနဲ့ ကိုယ်တခုလုံးကို သက်ရောက်လာမယ်။ အသက်ရှူခက်ခဲရာကနေ သေဆုံးတယ်။ ဆောရီး။

ခွေးရူးရောဂါဖြစ်နေတဲ့ခွေး (တခြားအကောင်တွေလည်းပါ) ဟာ အမူအယာ လုပ်ဆောင်တာတွေ ရူးနေသူလို့ဖြစ်မယ်။ ခါတိုင်းလုပ်နေတာမျိုးနဲ့ မတူတော့ပါ။ တောခွေးလို အရာရာဆန်းနေတယ်။ အရင်ကယဉ်နေတဲ့အကောင်းက ရန်မူမယ်။ တချို့အကောင်တွေက ယဉ်ပါးတာမျိုးလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇

Translation မြန်မာစာလုံးပေါင်း

Hsu Myat ဆရာ မြန်မာစာ စာလုံးပေါင်းနဲ့ ပက်သက်တာလေး မေးချင်ပါတယ်။ card ဆိုတဲ့စကားလုံးက မြန်မာလို ကဒ် လား၊ ကတ် လားဆရာ။ ကတ်ပြားတို့  ကတ်ထူတို့က _တ် ဆိုတာသိသော်လည်း၊ _ဒ်က ဘယ်အချိန်မှာသုံးပါသလဲ။ အမှားကြီးလား ဆရာ။

အဲလို တခြားဘာသာစကားလုံးကို မြန်မာလိုပြန်တာမှာ စည်းကမ်းရယ်လို့ မရှိပါ။ ကပ်၊ ကတ် သုံးနိုင်ပါတယ်။ တချို့က သတ်ပုံစာအုပ်ထောက်ပြကြမယ်။ ကျွန်တော်ကတော့ အဲလိုတရားသေယူတာ မမှန်လို့ယူဆတယ်။ ကဒ်က ပိုမှန်တယ်။ တီ နဲ့ဆုံးတာကို တသတ်၊ ပီ သံနဲ့ဆုံးတာကို ပသတ်၊ ဒီ နဲ့ဆုံးတာကို ဒသတ်။

အီးမေးလို့ရေးတာလည်း သင့်တယ်။ အတိအကျက အီးမေးလ် ဖြစ်တယ်။ အာထွာဆောင်းလို့ရေးတာ လက်ခံတယ်။ အတိအကျဆိုရင် အာလ်ထွာဆောင်းဖြစ်တယ်။ အာထွာစောင်းဆို မှားတယ်။

တိုင်းပြည်၊ လူ၊ မြို့အမည်တွေကို ဘာသာပြန်ရာမှာလည်း ဝိဝါဒကွဲနေတယ်။ ဥပမာ အိန္ဒိယ၊ ပါကစ္စတန်၊ ကမ္ဘောဒီယား စတာတွေကို အစဉ်အဆက်သုံးနေကြလို့ ပြောရန်မရှိပါ။ တကယ်တန်းပြောရရင် စာလုံးအဆင့်တွေ မလိုအပ်ပါ။

မြန်မာ့စွယ်စုံကျမ်းထဲပါ စာလုံးပေါင်းတချို့ကိုလည်း အခုမသုံးကြတော့ပါ။ ဂျူးလယပ်ဆီဇာ = ဂျူလီယက်ဆီဇာ၊ ဆအူးဒီအာရေဗျ = ဆော်ဒီအာရေးဗီးယား၊ ဆိုက်ဗီးရီးယား = ဆိုက်ဗေးရီးယား၊ ယန်ဆီမြစ် = ယန်စီမြစ်၊ ရှီကာဂိုး = ချီကာဂို၊ ရှီကာဂို၊ ဗဲလဂျီယမ် = ဗယ်လဂျီယန်၊ ကွန်မျူနစ် = ကွန်မြူနစ်၊ တီဗီရောဂါ = တီဘီရောဂါ စသည်။

ရေဒီယို၊ ကား၊ ကော်ဖီ၊ တယ်လီဖုန်း၊ ဒေါက်တာ စတာတွေကတော့ အများစုက နားရှင်းပြီးဖြစ်တယ်။ ကျွန်တော်တို့ ကျောင်းသားတုန်းက ဂျီသြမေထရီလို့ရေးခဲ့တာ မှားတယ်ထင်လာတယ်။ ဂျော်မက်ထရီ (ဂျီအိုမက်ထရီ) ဖြစ်သင့်တယ်။ တူရကီ ကို တာရ်ကီ၊ ပေါ်တူကီ ကို ပေါ်တူဂယ်လ် လို့ကပိုသင့်တယ်။ အိုဘားမားကို အိုဗားမားလို့ရေးလည်း မှားတယ် ပြောမရပါ။ ဒေါ်နယ်ထရမ့်ကိုတော့ ဒေါ်နာထရန့်လို့ရေးရင် မှားတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၇