သားအိမ်အဝကင်ဆာ ကာကွယ်ဆေး

FEB 28TH, 8:48PM
မင်္ဂလာပါဆရာ ကန်တော့ပါဆရာ သမီးအခုအသက်က ၂၂ပါဆရာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးချင်လို့ပါဆရာ မထိုးခင် သားအိမ်ကိုစစ်တယ်လို့ပြောလို့ပါ သမီးသူငယ်ချင်းတွေက ရပ်ကွက်မှာလာထိုးတုန်းက ထိုးပြီးသွားပါပြီ သမီးကမမှီလိုက်လို့ပါဆရာသူတို့ထိုးတာတော့မစစ်ပဲထိုးတာပါတဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးက သားအိမ်ကိုစစ်ပြီးထိုးမှထိရောက်တာပါလားဆရာရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင့် ဆရာဖြေကြားမဲ့အချိန်လေးစောင့်မျှော်နေပါ့မယ်ရှင့်

MON 8:18AM
မေးထားတာကို အခုမှသာတွေ့။ ဆောရီး။ လိုသေးထပ်မေးနိုင်။

MON 9:48PM
ကျေးဇူးတင်ပါတယ် ဆရာရေ

TUE 6:54AM
ဆရာရေသမီးအပေါ်ကမေးခွန်းလေးတွေကိုသိချင်လို့ပါရှင့်

သားအိမ်ဝကင်ဆာကာကွယ်ဆေးထိုးချင်သူကို အပျိုဖြစ်ပြီးလား မမေး။ အိမ်ထောင်ကျပြီလား မမေး။ ဆေးစစ်တာ မလုပ်ပါ။ အသက်တော့ မေးတယ်။

ကျွန်တော်က သားအိမ်အဝလို့ရေးတယ်။ အများကသားအိမ်ခေါင်းလို့ရေးတယ်။ ဘယ်သူမှမတိကျပါ။ Cervix ဆိုတာ လည်ပင်း။ လည်ပင်းလို့ဘာသာပြန်ရင် နားလည်ရခက်မယ်။ အမှန်ပြောရရင် သားအိမ်ရဲ့ ရာသီဆင်းတဲ့၊ ကလေးမွေးတဲ့ အပေါက်က နှုတ်ခမ်းလိုနေရာမှာဖြစ်တယ်။ နှုတ်ခမ်းလို့ မရေးကြပါ။ စူနေတဲ့နှုတ်ခမ်းနဲ့ ပိုတူတယ်။ အဝပေါက်ရှိတယ်။ အဝဖုံးပတ်လည်နှုတ်ခမ်းသားရှိတယ်။ အဲတာက နည်းနည်းလေးရှည်တယ်။

အမေရိကားမှာ နှစ်တိုင်း အမျိုးသမီးပေါင်း ၁၂ဝဝဝ ယောက်မှာ သားအိမ်အဝကင်ဆာ တွေ့နေပြီး၊ ၄ဝဝဝ လောက် သေဆုံးကြရတယ်။ မျိုးပွါးနိုင်တဲ့အရွယ်ရှိ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။သားအိမ်အဝကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ ကင်ဆာကိုဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးတယ်။ Cervarix ဆိုတာကို Bivalent vaccine လို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လို့ ခေါ်တယ်။

HPV Vaccine 0.5 mL ကို IM အသားဆေးထိုးရတယ်။ (၃) ခါထိုးရမယ်။ ဒုတိယဆေးကို ပဌမဆေးနောက် ၁-၂ လ အကွာမှာထိုးတယ်။ တတိယဆေးကို ပဌမေးထိုးပြီးနောက် ၆ လအကြာမှာထိုးတယ်။ အနည်းဆုံး ၂၄ ပါတ်ခြာပြီး ထိုးတာလဲ ရှိတယ်။ ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။

Genital HPV ကြွက်နို့ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ အရေပြားချင်းထိတွေ့မိလို့ ကူးစက်တယ်။ အတော်များများမှာ ဒီပိုးဝင်တာ ခံရပေမဲ့ ပိုးရှိနေမှန်းမသိကြတာဘူး။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ ပိုးအမျိုးအစားပေါင်း ၄ဝ လောက် ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ ကူးစက်လာလဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ တချို့အမျိုးအစားတွေကနေ သားအိမ်အဝ၊ လိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင် ကင်ဆာ ဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ ဖြစ်စေနိုင်တယ်။ အသက်ကို ရန်မရှာပါ။ ဒါပေမဲ့ စိတ်မသန့်ဖြစ်နေမယ်။ ကုသရတာလဲခက်တယ်။

မိန်းကလေးတွေ အသက် ၁၁-၁၂-၁၃ နှစ်မှာ ထိုးသင့်ကြတယ်။ မထိုးရသေးရင်လဲ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်သမီးတွေထိုးနိုင်တယ်။ လိင်ကိစ္စနဲ့လုံးဝ မပတ်သက်ခင်မှာ ထိုးရတာ ဖြစ်တယ်။ ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။

ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေးမထိုးသေးဘဲ နေသင့်တယ်။ သုတေသနတွေက မပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ကျဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။ ဆေးမထိုးခင် သားအိမ်အဝကင်ဆာရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့ မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲ ဆေးကအကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာ ရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။ ပိုးဝင်ထားပြီးသူတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင်လုပ်မပေးနိုင်ပါ။

သုတေသနတွေ ဆက်လုပ်နေပါတယ်။ ဆေး ၃ လုံးထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေချာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။ တခြားလိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါ။ ကာကွယ်ဆေး ၁ လုံး၊ ၂ လုံးတည်းထိုးရင် ကာကွယ်ပေးနိုင်မှုနည်းမယ်။

ကာကွယ်ဆေးတွေက အများဆုံးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကို ပစ်မှတ်ထားတယ်။ Gardasil ဆေးကနေ လိင်လမ်းကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုပါ ကာကွယ်မယ်။ ကာကွယ်ဆေး ၂ မျိုးလုံးကနေ ကင်ဆာဖြစ်စေနိုင်တဲ့ပိုး အများစုကိုထိထိရောက်ရောက်ကာကွယ်မှုပေးပါမယ်။ အမျိုးသမီးငယ်တယောက်ဟာ တကယ်လို့ ကာကွယ်ဆေး မထိုးခင်က HPV ပိုးတမျိုး ဒါမှမဟုတ် တမျိုးမကနဲ့ ထိတွေ့ဘူးပြီးသားဖြစ်နေရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု နည်းနိုင်ပါတယ်။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသား ရောဂါကိုတော့ မကာကွယ်နိုင်ပါ။

Gardasil ဆေးဟာ HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးတည်းသောဆေး ဖြစ်တယ်။ Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေအတွက်ဆေး ဖြစ်တယ်။ Gardasil ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်းထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့တာပါ။ ယောက်ျားလေးတွေကိုတော့ အဲဒီအရွယ်တွေမှာပဲထိုးစေဘို့နဲ့ Cervarix ဆေးကိုတော့ မိန်းကလေး ၁ဝ နှစ်ကနေ ၂၅ နှစ်အရွယ်တွေကို ထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။

1. Ca Cx vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://doctortintswe.blogspot.com/2015/08/ca-cx-vaccine.html
2. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/cervarix.html
3. Gardasil vaccine သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/gardasil-vaccine.html
4. HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း http://doctortintswe.blogspot.com/2014/12/hpv-vaccine-and-marriage.html
5. HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hpv-vaccine-for-ca-cx.html
6. Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://doctortintswe.blogspot.com/2014/11/pregnancy-and-hpv-vaccination_4.html

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး