Mango သရက်သီး

ကျွန်မင့်တခုရတယ် စိန်တစ်လုံးသရက်ကမမှည့်သေးဘူးဆရာတဲ့။ တစ်ပါတဲ့သရက်သီး မစားပါ။

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်။ မင်းဂိုးဆိုတာ အင်္ဂလိပ်စာလုံးအစစ်မဟုတ်ပါ။ အိန္ဒိယ တောင်ပိုင်း မာလာယာလမ်ပြည်နယ်က သရက်သီးကို မန်နားလို့ ခေါ်တယ်။ ကုန်သွယ်နယ်ချဲ့ဘို့ရောက်လာတဲ့ ပေါ်တူကီတွေက မန်ဂါးလို့ခေါ်တယ်။ အင်္ဂလိပ်တွေက မင်းဂိုးခေါ်တယ်။

မြန်မာနိုင်ငံမှာ အမျိုးအစားကောင်းတဲ့သရက်တွေ အများကြီးရှိတယ်။ သရက်မျိုးတူကို ဒေသအလိုက် အမည်ကွဲလွဲတာ ရှိတယ်။ အရင်က မန္တလေးထွက် နက်တဲ့၊ အောက်ပြည်က ဆံစုမေသရက်တွေ နာမည်ကြီးခဲ့တယ်။ ရာဇမတ်၊ အောင်တင်၊ ပလူအိုက်၊ ဝါဆိုသရက်၊ ရွှေစာရံသရက်၊ တလဖက်၊ မချစ်စု၊ ဥသျှစ်၊ ပန်းဆွဲသရက်သီးတွေလည်း နာမည်ရခဲ့တယ်။

တခြားသရက်မျိုးတွေလည်းရှိတယ်။ ကောက်ချိပ်၊ ချမ်းသာအိုး၊ငှက်ပြာ၊ စိမ်းစား၊ ဆင်ပေါင်၊ တလုပ်ထော်၊ တမောက်၊ တောစာ၊ တောင်စွန်းရင်ကွဲ၊ ထိပ်နီ၊ ထိပ်ပေါက်၊ ထိပ်လုံး၊ မနော်နွယ်၊ ပါးနီ၊ မျောက်ခေါင်း၊ မိကျောင်းခေါင်း၊ ရေနံ၊ ရေဝင်၊ ရွှေပေ၊ ရွှေလက်ရုံး၊ ပျို့တငုံ၊ မင်းကြီး၊ ရွှေလက်ဝါး၊ ရွှေလောက်စာ၊ ဝက်ခေါက်၊ သကြားသြဇာ၊ သရက်ညို၊ သရက်နီ၊ သရက်ဖြူ၊ သလပ်ညို၊ ညိုကြီး၊ သုံးနှစ်၊ ဗင်္ဂလားသရက်၊ စသည်။

အခုမြန်မာပြည်မှာ နာမည်အကြီးဆုံးက စိန်တလုံးသရက်လို့ထင်တယ်။ တချို့က စိန်တစ်လုံးလို့ ရေးနေကြတယ်။ သရက်သီးမှာပါ သတ်ပုံပြင်ရေးတဲ့ရောဂါ ဝင်နေပြီလားမသိ။ အညာဒေသမှာ ကျွန်တော်တို့ငယ်ငယ်က သုံးလုံးတတောင် (တစ်တောင် မဟုတ်) သရက်သီး ပေါတယ်။ အိန္ဒိယနိုင်ငံမှာ မဂိုဘုရင် အက္ကဗာဘုရင်ကနေ ဒေလီမြို့မှာ သရက် အပင်တသိန်း (တစ်သိန်း မဟုတ်) စိုက်ပျိုးစေခဲ့တယ်။

မြတ်စွာဘုရားဟာ သရက်ဖြူပင်ရင်းမှာ ယာကပြာဋိဟာပြတော်မူခဲ့တယ်။ ရာဇဂြိုဟ်ပြည်ရှိ သမားတော်ကြီးဇီဝကရဲ့ သရက်ဥယျာဉ်မှာ သာမညဖလသုတ်ကို ဟောကြားခဲ့တယ်။ မြန်မာပြည်ကို အလည်မပြန်ခင်အထိ စိန်တလုံးသရက်ကို မမြင်ဘူး၊ မစားဖူးသေးပါ။ သရက်ပင်တွေ ပိုးကင်းပါစေသတည်း။

တမြန်နှစ်က အလည်ပြန်စဉ်က စားခဲ့ရတဲ့ သရက်သီးတွေကို သတိရတယ်။ မနှစ်က မြေးမလေးက သူ့အိမ်သစ်ကို အလည်ခေါ်ပြီး သရက်သီးကျွေးတယ်။ စိန်တလုံးမဟုတ်ပေမဲ့ စေတနာပါတော့ ချိုတယ်။ မုံရွာ နှမအိမ်မှာ ရင်ကွဲ သရက်ပင်ရှိတယ်။ မနေ့က ရန်ကုန်နေတဲ့ သမီးက သူ့ရုံးခြံထဲက စိန်တလုံးသရက်သီး စားရသတဲ့။ ကျွန်တော်က သရက်သီးအမည်မှာ တစ်ပါတာ မစားပါ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၈
၁၁-၄-၂၀၂၀


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး