June နဲ့ July ဘယ်လိုရေးမလဲ

July ဂျုလိုင်လို့ မခေါ်ပဲ ဇူလိုင်လို့ ဘာလို့ရေးပါသလဲဆရာ။ June ဂျွန်ကို ဘာလို့ ဇွန်လို့ ရေးသလဲဆရာ။ ဗဟုသုတရချင်ပါတယ် 😊

ဘာသာခြားစာလုံးတွေကို မြန်မာလိုရေးတာမှာ စံကိုက်သတ်ပုံရယ်လို့ မရှိပါ။ အသံထွက်နီးစပ်တာကိုယူကြတယ်။ အသံထွက်နည်းနည်းလွဲနေလည်း အများသုံးကို ဆက်သုံးကြတယ်။ ဥပမာတွေ အများကြီး။ ရေဒီယိုနဲ့ လေဒီယို။ ကွန်ပြူတာနဲ့ ကွန်ပျူတာ။ လီဘာလည်း မမှားပေမဲ့ လီဗာလို့ရေးကြတာများတယ်။ တီဘီနဲ့ တီဗွီတော့ မမှားသင့်ပါ။

Judson ယုဒသန်အင်္ဂလိက် မြမ္မာ အဘိဓာန် (မူရင်း သတ်ပုံအတိုင်း) အဆိုအရ

July = အင်္ဂလိပ်နှစ်တွင် သတ္တမလတည်းဟူသော ဇုလိဟု ရွေ့လျော၍ ခေါ်ဝေါ်သော ယုတိလ။

June = အင်္ဂလိပ်နှစ်တွင် ဆဌမလတည်းဟူသော ဇွန်လ။

အဲဒီအဘိဓာန်က အစောဆုံးပေါ်ခဲ့တာဖြစ်လို့ ဇွန်လ နဲ့ ဇူလိုင်လကို ရေးလာကြတာဖြစ်ပါမယ်။ Judson ဂျတ်ဆင်ကို ယုဒသန်လို့ မူရင်းမှာပါတာကို ယုဒဿန်လို့ ရေးကြပြန်တယ်။ အဲတာတော့ မမှန်ပါ။

ဂျွန်သံနီးစပ်ပေမဲ့ ဇွန်ပန်းနဲ့ဆက်ပြီး ဇွန်လရေးသလား။ ဂျူလိုင်နီးစပ်ပြီး ဇူလိုင်လို့လည်း ရေးသလား စဉ်းစားမိတယ်။

မြန်မာဘာသာစကားမဟုတ်တာကို ရယူထားတဲ့စာလုံးတွေကို အနီးစပ်ဆုံးရေးထားတာကို သတ်ပုံမှားတယ်လို့ မပြောသင့်ပါ။ အစဉ်အလာရေးခဲ့ကြတာကိုလည်း လေးစားသင့်တယ်။ ဂျွန်လို့ရေးပြန်ရင် လူနာမည်လား စဉ်းစားနေရဦးမယ်။ ဂျူန်လို့ရေးနေရရင်လည်း ရှုတ်ပြန်ရော။

မြန်မာစာရေးရင်သာ အဲလိုစဉ်းစားသင့်ပြီး သူများတိုင်းပြည်သွားရင်တော့ အင်္ဂလိပ်လိုအသံထွက် မှန်သင့်တယ်။

How To Pronounce June https://www.youtube.com/watch?v=pMjKZVpU2SY
How To Pronounce July https://www.youtube.com/watch?v=94ewixXVLyQ

ဒေါက်တာတင်ဆွေ
၂၅-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး