ဗိလပ်

ဘောလုံးပွဲတော့ မပြီးသေးပါ။ လန်ဒန်မှာနေတဲ့ သူငယ်ချင်းကို ကွန်ဂရက်ကျူလေးရှင်းလုပ်လိုက်တယ်။

ဆရာ အဲအထဲက ဗိလပ်ဆိုတာ ဘာကိုဆိုတာပါလဲခင်ဗျား။ တယောက်က ချဉ်ပေါင်နဲ့ ဗိလပ် အတူတူ ဆိုနေလို့ပါခင်ဗျားလို့ မေးတော့ ဒီစာလေး ရေးထားတယ်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလထဲမှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်တော်အဖွဲ့ ဗြိတိန်နိုင်ငံသို့ မြန်မာ့ လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ သမိုင်းစာထဲမှာ ဗြိတိသျှအစိုးရတို့ ဗိလပ်၌ဆွေးနွေးလို့ ရေးထားတယ်။ လူထုဦးလှရေးထားတဲ့ ကိုသုခအကြောင်းထဲမှာ ယနေ့နာမည်ကျော် ၀တ်လုံတော်ရ ဦးကျော်မြင့် (တရားလွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း) မှာ ဗိလပ်မှ ပြန်လာခါစဖြစ်ပြီး ဒေါ်မမမေ၏ တူတော်သည်ဟု သိရပါသည်လို့ပါတယ်။

ဘိလပ် ဗိလပ်စကားလုံး ဘယ်ကနေလာသလဲ လိုက်ရှာရတယ်။ ဟင်ဒီကနေလာတယ်။ Wīläyat ဆိုတဲ့ ဟင်ဒီစကားကနေ ယူထားတာဖြစ်တယ်။ ဘိလပ်အသုံးကို ကိုလိုနီခေတ်ရောက်မှ စသုံးတယ်လို့ ယူဆနိုင်တယ်။ ကင်းဝန်မင်းကြီးက လန်ဒန်သွားမှတ်တမ်းလို့သာရေးတယ်။ ဘိလပ်သွားလို့ မရေးပါ။

မြန်မာပြည်မှာ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရပြီးစကာလတွေမှာ အိန္ဒိယကလာသူတွေ များခဲ့တယ်။ ဟင်ဒူစတန်နီခေါ် ဟင်ဒီစကားပြောကြတယ်။ တချို့ဟင်ဒီစကားလုံးတွေပါ မြန်မာစကားနဲ့ မြန်မာစာထဲရောက်လာတယ်။ ဥပမာ၊ အာလူး၊ ပန်ကာ၊ ဂေါ်ဖီ၊ ဘိလပ်၊ ဘိလပ်ရည်၊ ဘိလပ်မြေ၊ ဘိလပ်ပြန်သန်း၊ ဘိလပ်ပြန်ဝတ်လုံတော်ရ။ မြန်မာစာ မူလစာလုံး မဟုတ်လို့ ဘိလပ်နဲ့ ဗိလပ် ရောရေးကြတာဖြစ်မယ်။

Roselle အရိုးနီချဉ်ပေါင်ကိုလည်း ဘိလပ်ချဉ်ပေါင်၊ ဘိလပ်သီးလို့ခေါ်တယ်။ ရိုးရိုးချဉ်ပေါင်ထက် ဘိလပ်ချဉ်ပေါင်က ပိုချဉ်တယ်။ အရိုးနီတယ်။

ဗိ
ဗိတာန်ကြက်
ဗိမာန်
ဗိရဏီနတ်သမီး
ဗိလတ်မြို့ = (အာရဗီ) ဝိလာယာတ် = ဗိလတ် = နိုင်ငံခြား (ဝကို ဗပြု)
ဗိလပ် = ဝိလုပ္ပန
ဗိလပ်မြေ
ဗိသဏိုးနတ်
ဗိသဏိုးမင်းသမီး
ဗိသုကာ = ဝိသုကမ္မ (ဝကို ဗပြု)
ဗိန္ဒုသာရမင်း

၁၆-၄-၂ဝ၁၇ နေ့က ဗိလပ် ခေါ် ဗြိတိသျှအလံအမည်ပေးတဲ့ဆိုင်မှာ ဘရစ်တစ်ရှ်ပရီမီယာလိခ် ဘောလုံးပွဲကြည့်ရင်း ဘိုစာ စားဖြစ်တယ်။

ဦးပုညက တစလယ်လို့သာရေးတယ်။ ဦးပုညထက်တတ်တယ်လို့ထင်သူတွေကတော့ တစ်စလယ်တဲ့။

ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး