Final Result အနိုင်အရှုံးသတင်း

ဘောလုံးပွဲအနိုင်အရှုံးသတင်း တင်ကြတာ အတော်နည်းသလားထင်မိတယ်။ ပဌမပိုင်းကန်နေတုန်းကတော့ အတော်များတယ်။

ဘောလုံးပွဲအစလောက်က မက်ဆေ့တခုရတယ်။ ဒေါက်တာစိန်ဝင်းကို အင်တာဗျူးလုပ်ချင်လို့ ရန်ကုန်က မီဒီယာတခုက တဆင့်လှမ်းရေးတာ။ ဆရာစိန်ဝင်းနဲ့ ဖုန်းမဆက်ဖြစ်သေးဘူး။ အသံဖိုင်မဟုတ်ရင် မေးလိုတာ ပြောပါဆိုတော့ မေးခွန်းတွေ ပို့တယ်။ အာဇာနည်နေ့ လာတက်တာလား စသဖြင့်။

အဲတာနဲ့ ဖုန်းဆက်တယ်။ ဒေါ်စီစီကဖုန်းကိုင်တယ်။ ဆရာက့ တို့အိမ်မှာ ဘောလုံးပွဲသွားကြည့်နေတယ်တဲ့။

ဒေါက်တာစိန်ဝင်း မြန်မာပြည်သွားနည်းက ကျွန်တော်နဲ့မတူပါ။ သူက သူ့မိသားတစုတည်းမဟုတ်ပဲ နိုင်ငံရေးကြောင့် ပြည်ပနေသူတွေအားလုံး အမေရိကန်နိုင်ငံသားလည်း ခံယူမထားသူတွေ သံရုံးကနေထုတ်ပေးတဲ့ ပတ်စ်ပို့နဲ့ သွားချင်တာ။ မဟုတ်ရင် အထဲမှာ နိုင်ငံခြားသားလိုလို ဆက်ဆံခံရမယ်။

မနှစ်ကအထိ ကျွန်တော်တို့ ပြန်ချင်ရင် နိုင်ငံရေးနဲ့မပတ်သက်ပါဆိုတဲ့ ခံဝန်ချက်ပါ လက်မှတ်ထိုးရမှာ။ အမည်မည်စားရင်းကတော့ ၂ဝ၁၂ မကုန်ခင်ကတည်းက ပယ်ဖျက်ပေးပြီးသား။ ဗျူရိုကရေစီဆိုတာ သိတဲ့အတိုင်းပဲ။

ကျွန်တော်ပြန်တော့ အဲဒီခံဝန်ချက်မရှိတော့ပါ။ ပါတီရုံးချုပ်လည်းရောက်တယ်။ ဝန်ကြီးချုပ် ၃ ဦးနဲ့တွေ့တယ်။ နိုင်ငံရေး အင်တာဗျူးတွေ ဖြေခဲ့တယ်။ အားလုံး အဆင်ချောပါတယ်။

အခု သက်ဆိုင်ရာနိုင်ငံက သံရုံးတွေမှာ မြန်မာပတ်စပို့လျှောက်လာပြီတဲ့။ ဘယ်တော့လက်ထဲရမလဲ မပြောနိုင်။ အဲလိုကိစ္စမျိုးက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေနဲ့ဆိုင်တယ်။ အဲတာအပြင် ထောက်လှမ်းရေးလည်း ပါသေးတာ။ ချုပ်ပြောရရင် သမတတဦးတည်းနဲ့တောင်မရတဲ့အကြောင်းကိစ္စမျိုးတွေထဲက တခုဖြစ်ပါတယ်။

အချိန်ယူတယ်ဆိုတာ အဲဒီအချက်ကြီးတွေအပြင် မလုပ်ချင်တာနဲ့ လုပ်ရကောင်းမှန်းမသိတာလည်း ပါသေးတယ်။ အပြစ်မြင်သူတွေက နိုင်ငံရေးအမြင်မတူသူတွေကို သက်သက်ညစ်နေတာလို့ပြောရင် သံသယအကျိုးခံစားထိုက်တယ်။

ဘောလုံးပွဲလိုမျိုးကတော့ ပွဲမစမီကတည်းက အချိန်ဇယားနဲ့ တိတိကျကျသတ်မှတ်ထားပြီးသား။ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲမှာ အဲတာမရှိပါ။ ဖီဖာဥက္ကဋ္ဌတော့ရှိ။ No Smile!

စာရေးမပြီးခင် ဒေါက်တာစိန်ဝင်းဆီက ဖုန်းလာတယ်။ သူက ခရိုယေးရှားနိုင်စေချင်တာတဲ့။ ကျွန်တော်က ပြင်သစ်။ သူ့အမြင်က ဒီတခါပြိုင်ပွဲကြီးမှာ နာမည်ကြီးအသင်းတွေ အကုန်ထွက်ရလို့တဲ့။ ကျွန်တော်ကတော့ ပြင်သစ်နယ်စပ်မြို့ စထွက်စ်ဘာ့ခ်ကို တခေါက်ရောက်ဖူးလို့။ Smile!

အမြဲနိုင်နေသူတွေကို မနိုင်စေချင်ကြပါ။ မြန်မာပြည်မှာ ၂ဝ၁၅ ပွဲမှာ အဲလိုဖြစ်လာခဲ့ပြီ။ ရောက်ဖူးတဲ့အရပ်ကို မမေ့ကြပါ။ တခေါက်ပြန်ရောက်တဲ့ဆီ ဘယ်တော့ပြန်နိုင်မည်မသိ။ သတိရ၏။

ဆရာစိန်ဝင်းကို မြန်မြန်ရောက်အောင်သွားပါလို့ ပြောလိုက်တယ်။ အာဇာနည်တဦးရဲ့သား ၁၉ ဇူလိုင်ကို မမီနိုင်တော့။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး