France ပြင်သစ်

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ပြင်သစ်အသင်းက ဖိုင်နယ်တက်သွားပြီ။ ဘောလုံးပွဲကြည့်ရင်း ကိုယ်သိတဲ့ နောက်ခံအကြောင်းလေးတွေ ရေးပါတယ်။ ကျွန်တော် ပြင်သစ်ကို ဘုရားစူး တခေါက်ရောက်ဖူးတယ်။

ကျွန်တော် ပြည်ပနိုင်ငံရေးလုပ်ခဲ့ရတဲ့ (၂၅) နှစ်ကြာအတွင်းမှာ (၃၁) နိုင်ငံကို ရောက်ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်တယ်သာဆိုတယ်၊ နယ်စပ်မြို့လေးသာရောက်ပါတယ်။ ပဲရစ်မြို့ကို မရောက်ဖူးခဲ့ပါ။ ဂျာမဏီနိုင်ငံ ဘွန်းမြို့မှာ အစည်းအဝေးတခုတက်ပြီး ပြင်သစ်ထဲကနယ်စပ်မြို့လေးမှာ နောက်အစည်းအဝေးတခုတက်ရတယ်။ နယ်စပ်ကိုဖြတ်တာနဲ့ ပြင်သစ်နိုင်ငံကိုရောက်ပါတယ်။ တသက်နဲ့ တကိုယ် အဲလိုမတူတဲ့တိုင်းပြည်နယ်နိမိတ်ကို ဖြတ်ကျော်ရတာ အခါခါ။ ၁၉၉ဝ ဒီဇင်္ဘာလကုန်ခါနီးမှာ ချင်းပြည်နယ်ကနေ အိန္ဒိယနိုင်ငံ နိုင်ငံတကာနယ်နိမိတ်ကို တရားမဝင်ဖြတ်ကူးပါတယ်။ နောက် ထိုင်း-မြန်မာနယ်စပ်ကိုတော့ အကြိမ်ပေါင်းများစွာကျော်ဖြတ်ပြီး ကေအင်န်ယူ ထိန်းချုပ်ထားရာ မြန်မာ့ပထဝီမြေပေါ်မှာ အစည်းအဝေးတွေ လုပ်ရပါတယ်။

ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံနယ်စပ်မျဉ်းကိုတော့ တရားဝင် ဖြတ်ရပါတယ်။ ပြောလို့သာ တဖက်ကဂျာမဏီ၊ ဟိုတဖက်က ပြင်သစ်လို့သိရတာပါ။ ဘတ်စ်ကားပေါ်မှာပဲ ပတ်စ်ပို့ လာကြည့်ပါတယ်။ ဘန်ကောက်ကနေ မဲဆောက်သွားတိုင်း ထိုင်းအရာရှိတွေက ဘတ်စ်ကားပေါ်တက်စစ်တိုင်း ရင်တထိတ်ထိတ်နဲ့။ ဥရောပမှာတော့ အေးအေးဆေးဆေး။

ဂျာမဏီနဲ့ပြင်သစ် မြင်ကွင်းကဘာတခုမှ ကွဲပြားတာလို့မရှိပါ။ အဆောက်အဦတွေ၊ လမ်းတံတားတွေ၊ သစ်ပင်တွေ အကုန်အတူတူပါ။ စကေားပြောမှသာ ဘာသာစကားမတူတာကွာတယ်။ ပြင်သစ်တွေက သူတို့စကားကို တော်တော် အစွဲကြီးတယ်။ ဂျာမဏီမှာ အင်္ဂလိပ်လို နေရာတိုင်းမှာပြောလို့ရပေမယ်၊ ပြင်သစ်တွေကတော့ အင်္ဂလိပ်လိုတတ်လည်း ပြင်သစ်လိုသာပြန်ဖြေကြတယ်။

ကျွန်တော်ရောက်တဲ့ပြင်သစ်နိုင်ငံကမြို့လေးကို Strasbourg စထွက်စ်ဘာ့ခ်လို့ခေါ်ပါတယ်။ အတော်လှတယ်။ တိုးတက်တယ်။ အေးချမ်းတယ်။ အဲဒီမြို့မှာ ဥရောပတတိုက်လုံးနဲ့ဆိုင်တဲ့ရုံးတွေ၊ ဌာနတွေများပါတယ်။ လူ့အခွင့်အရေးတရားရုံး၊ ဥရောပကောင်စီရုံး၊ ဆေးဝါးအရည်အသွေး ဒါရိုက်တာရုံး၊ ဥရောပ အာကာသလေ့လာရေးဌာန၊ ဥရောပပါလီမာန်လည်းရှိတယ်။ ဥရောပယူနီယံ စောင့်ကြည့်ရေးရုံးလည်းထားတယ်။ ရိုင်းမြစ် ဗဟိုကော်မရှင်ရုံးလည်း ရှိတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး အင်စတီကျုရုံးမှာ အရှေ့တောင်အာရှ နိုင်ငံတွေကလာသူတွေကို သင်တန်းပေးပါတယ်။ သင်တန်းမှာ အာစီယန်နိုင်ငံထဲမှာ လူ့အခွင့်အရေးကော်မရှင်ဖွဲ့ဖို့ အဆိုပြုတာကို ကျွန်တော်တယောက်လွဲရင် တခြားကိုယ်စားလှယ်တွေက သိပ်လက်မခံကြတာလည်း ထူးခြားမှုတခုပါ။ အဲသည်ကာလကတည်းက အာစီယန်အုပ်စုကို ကျွန်တော် သိပ်အကောင်းမမြင်ဖြစ်ခဲ့တာပါ။ ကျွန်တော် အဲဒီကိုရောက်တာ ၂ဝဝဝ ခုနှစ်ကျော်ကာစလောက်ဖြစ်မှာပါ။ ၂ဝဝ၉ ခုနှစ်ရောက်မှသာ အာစီယန် အစိုးရကြားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့နိုင်ပါတယ်။

ဆိုင်တခုသွားတော့ အင်္ဂလိပ်လိုမပြောချင်ကြတာ သတိထားမိတယ်။ ပြင်သစ်လူမျိုးတွေက လူမျိုးနဲ့ ဘာသာစကား စွဲလွန်းတယ်။ အစားအသောက်မှာ ပြင်သစ်စာလို့ နာမည်ရတယ်။ အနုပညာထူးချွန်တယ်။ ဖက်ရှင်၊ ရေမွှေး၊ အလှအပ နာမည်ကြီးတယ်။ ဒါပေမယ့် ကမ္ဘာစစ်ကြီးတွေကိုကြည့်ရင် သတ္တိအရာမှာတော့ နည်းတယ်ထင်မိတယ်။ ဆီမီးဖိုင်နယ်မှ  ပြင်သစ်အသင်း တကယ်ကောင်းပါတယ်။

ပြင်သစ်နိုင်ငံ စထွက်စ်ဘဂ်ရှိ ဥရောပယူနီယံ လူ့အခွင့်အရေးများဆိုင်ရာရုံးရောက်စဉ်က၊ ခုနှစ်ကို ဒိုင်ယာရီ ပြန်မလှန်အားသေးပါ။ ဓါတ်ပုံဟောင်းတွေကို ပို့ပေးတဲ့ မစန်းစန်းမိုး (သြစတေးလျ) ကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး