The Rivers မြစ်ပြင်ရယ် ကျယ်ပါဘိ

ရှေးကာလမှာ လူတွေဟာ ရေချိုးနဲ့သန့်ရှင်းရေးအပြင် မြစ်ရေကို သောက်သုံးခဲ့ကြတယ်။ မြစ်ထဲကငါးတွေကို ဖမ်းယူ စားသုံးခဲ့ကြတယ်။ သွားရေးလာရေးအတွက်သုံးတာက လှေတွေ ဖေါင်တွေလုပ်တတ်လာမှ သုံးပါတယ်။ ရေလျှံပြီးနောက် ကျန်ရစ်တဲ့ နုံးတင်မြေနုမှာ စိုက်ပျိုးကြတယ်။ လှေပြိုင်ပွဲလို အားကစားမှာ သုံးလာကြတယ်။

ကမ္ဘာ့ကုန်းပိုင်းမျက်နှာပြင်ရဲ့ ၇၅% လောက်နီးပါးက မြစ်ပြင်ဖြစ်တယ်။ မြစ်ရေထဲမှာ ကမ္ဘာမြေကြီးအတွက် အာဟာရဓါတ်တွေပါနေတယ်။ မြစ်တွေဟာ လူတွေအတွက် စွမ်းအင်ရင်းမြစ်ရစေတယ်။ စက်မှုတော်လှန်ရေးအစမှာ စက်ရုံတွေကို မြစ်ကမ်းနဲ့နီးရာတွေမှာဆောက်တည်ခဲ့ကြတယ်။ အခုတော့ မြစ်ကြောင်းသွားလာရေးနဲ့ မြစ်ရေကိုသုံးပြီး အပန်းဖြေနားစရာကို စီးပွားရေးလိုလုပ်လာကြတယ်။

ရေချိုငါးတွေရဲ့ အာဟာရနဲ့ အရသာက ရေငန်ငါးတွေနဲ့ မတူပါ။ ရှားပါးတဲ့အပင်တွေ မြစ်ရေမှာပေါက်တယ်။ ရေနေသတ္တဝါတွေ ဥပမာဘဲတွေက မြစ်ကမ်းစပ်မှာသာနေထိုင်ကြတယ်။ တချို့ငှက်တွေ ဥပမာ ကင်းဖစ်ရှာငှက်တွေက မြစ်ထဲကအကောင်လေးတွေကိုသာ စားကြတယ်။ ဆင်တွေ၊ ခြင်္သေ့တွေက မြစ်ရေသောက်တယ်။ ဝက်ဝံတွေက မြစ်ထဲကငါး ဖမ်းစားတယ်။

• မြစ်ညာခေါ် မြစ်အထက်ပိုင်းကိုအသုံးချနည်းများ = ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ သစ်တော၊ ရေလှောင်တမံ၊ ရေအားလျှပ်စစ်။
• မြေလတ်ခေါ် မြစ်အလယ်ပိုင်း အသုံးချနည်းများ = လူအခြေချနေထိုင်ခြင်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး။
• အကျေခေါ် မြစ်အောက်ပိုင်း အသုံးချနည်းများ = လူအခြေချနေထိုင်ခြင်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း။
• ဒယ်လ်တာ ခေါ် မြစ်ဝကျွန်းပေါ်ဒေသမှာ တမျိုးတဘာသာအပင်တွေနဲ့ တိရစ္ဆာန်တွေ မှီတင်းနေထိုင် ပေါက်ရောက်ကြတယ်။ လူတွေက အဲတာကိုမှီပြီး အသက်မွေးကြတယ်။
• ဗယ်လီ ခေါ် တောင်ကြားဒေသတွေမှာ မြစ်တွေစီးဆင်းတယ်။ မြေသြဇာကောင်းတယ်။ စိုက်ပျိုးဖြစ်ထွန်းတယ်။

ကျွန်တော်တို့တိုင်းပြည်က ရှေးတုန်းကတော့ ချမ်းသာခဲ့တယ်လို့ စာတွေ့ဖတ်ရတယ်။ အာရှတိုက်ရဲ့ စပါးကျီခေတ်ကို နည်းနည်းလေးမီတယ်။ (၁) ၁၉၆ဝ ကျော်ကစပြီး ဘာလို့ဆင်းရဲသွားသလည်း။ (၂) ၁၉၈၇ မှာ အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲ ဘာလို့ဝင်သွားရသလည်း။ (၃) သူများနိုင်ငံတွေက ဘာလို့ချမ်းသာနေရသလဲကို ခဏခဏစဉ်းစား လေ့လာမိပါတယ်။

သူများတွေချမ်းသာခဲ့တာမှာ ပင်လယ်ဓါးပြတွေကနေစတယ်ဆိုတဲ့အချက်တခုကို တွေ့ပါတယ်။ အဏ္ဏဝါကို ယာပြင်လို သဘောထားနိုင်သူတွေက ပိုပြီးတွင်ကျယ်နိုင်ခဲ့ကြတယ်။ စိတ်ကြမ်း၊ လူကြမ်းကြီးတွေက ဥရောပထဲကို ဝင်ရောက် တိုက်ခိုက် သတ်ဖြတ်ပြီး အုပ်စီးကြတာနဲ့ စခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေ လက်နက်တွေနဲ့ လာကြတယ်။
အာရှကိုရောက်လာနည်းကတမျိုးဖြစ်တယ်။ လက်ကလေးဝင်ပါရစေ၊ ခြေထောက်လေးဝင်ပါရစေနည်းနဲ့ တဆင့်ခြင်း ဝင်တာရှိသလို၊ ဗြုံးစားကြီး တိုက်ဝင်တာမျိုးလည်းရှိတယ်။ နည်းစနစ်ကျကျလုပ်နည်းကတော့ ကုန်သွယ်မှုက စတယ်။ နောက်မှာ ဘာသာရေး မင်ရှင်နရီတွေဆက်လာတယ်၊ နောက်ဆုံးမှာ ကိုလိုနီတွေအဖြစ်သိမ်းယူလိုက်တယ်။ ချစ်လွန်းလို့ လာကြတာမဟုတ်ပါ။ အဆီအနှစ်တွေကို စုပ်ယူချင်လို့နဲ့ သူတို့သာသာရေးကိုဖြန့်ချိဘို့ပါ။ လောဘအကြီးစား ရှိကြတဲ့ ဥရောပသားတွေကနေ အရှေ့တောင်အာရှကို ထိုးဖေါက်ပြီး ဗိုက်ဖေါက်ယူခဲ့ကြတယ်။ ဦးနှောက်ကို သူတို့အလိုကျ သွတ်သွင်းခဲ့တယ်။ ကျွန်တော်တို့က ညံ့ခဲ့ကြတယ်။

ကျွန်တော်တို့နိုင်ငံ ဆင်းရဲလာတော့ ဘာလုပ်ခဲ့ကြသလည်း။ ပင်လယ်ထဲကထွက်သမျှ သဘာဝအရင်းအမြစ်တွေကို လက်ညှိုးထိုးရောင်းစားတယ်။ ရောင်းတဲ့သူတွေကသာ စားတာပါ။ ပင်လယ်ဆိပ်ကမ်းလာလုပ်စေတယ်။ အဲတာက (
ဒီဘရစ်တိုနည်းပါ။ ပင်လယ်အောက်က သဘာဝဓါတ်ငွေ့ ရောင်းစားတယ်။ ရောင်းတဲ့သူကပဲ စားရတာပါ။

မြန်မာ့ပထဝီမှာ အရှည်ဆုံးနဲ့ ရေစီးအသန်ဆုံးသံလွင်မြစ်ကြီးက ရေအားလျှပ်စစ်ကို ရောင်းစားပြီးပြီ။ ရောင်းတဲ့သူကပဲ စားရတာပါ။ အကြီးဆုံးနဲ့ အသက်သွေးကြော ဧရာဝတီကိုလည်း လူမသိအောင်စာချုပ်ထားတယ်။ စာချုပ်ချုပ်တဲ့ သူတွေကတော့ စားရပြီးပြီ။ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူတွေက အညံ့ခဲ့ကြတယ်။

မြစ်ပြင်ရယ် ကျယ်ပါဘိ၊ ငါးတွေ သည်မြစ်ကြောမှာပေါပါဘိ၊ သို့သော် သည်ပိုက်ဆွေးနဲ့ လိုက်ရေးမလွယ်ပါ။ (ဇရာသီချင်း)

ဒေါင်ဒင်ငယ်သံသာနှင့် တံငါလှေလောင်းဆင်း၊ ရွှေငကြင်းတို့ ပိုက်တွင်းမှာသူတို့ခုန်။ (နတ်ရှင်နောင်ရတု)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး