မြန်မာစာ ဒီမိုကရေစီရပါစေသတည်း

ပြည်ပနိုင်ငံရေးလုပ်ဘော်ကိုင်ဖက်တယောက်က လှမ်းပို့တယ်။ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးကြားဖူးခြင်းဆိုတဲ့ ပို့စ်တခု။ အဲဒီစာကိုရိုက်ရတာ အတော်ကြီးသတိထား ရိုက်လို့ရတယ်။ တသက်နဲ့တကိုယ်လို့ တသက်လုံးကရေးလာလို့ မှားရေးဖို့ရာ အတော်ကြီး ကြိုးစားရတယ်။

ကျွန်တော်တို့ပညာသင်ခဲ့ရစဉ်က မြန်မာစာကို သတ်ပုံမှန်နဲ့သာသင်ကြားတယ်။ ထုတ်သမျှစာအုပ်တွေကလည်း သတ်ပုံမှန်တယ်။ သတ်ပုံမှားရေးမိရင် လူကဲ့ရဲ့ခံရတယ်။ ကိုယ့်ကိုယ်ကိုလည်း ရှက်မိကြတယ်။

ခုခေတ်မှတော့ ပလီပြီးပြင်ထားတဲ့သတ်ပုံအတိုင်းရေးကြပါလို့ လော်ဘီမြန်မာစာဆရာတွေ စာရေးဆရာတွေ ကဗျာဆရာတွေက ပေါလိုက်တယ်။

ပဌမရေးရေး ပထမရေးရေး မမှား။ သမတရေးရေး သမ္မတရေးရေး မှန်တယ်။ ဒါးရေးရေး ဓါးရေးရေး သွေးထားရင် ထက်တယ်။ မူကွဲလို့ခေါ်တယ်။ တသက်နဲ့တကိုယ်ကို တစ်တွေနဲ့ရေးခိုင်းတာ မူကွဲမဟုတ်။ အမိန့်တော်ရသတ်ပုံလို့ ခေါ်တယ်။

ကျွန်တော်နိုင်ငံရေးထဲရောက်သွားတော့ သတ်ပုံတွေတမျိုးတမည်ဖြစ်ကုန်တယ်။ ပြည်ပမှာ ကျွန်တော်တို့က ဒီမိုကရေစီအတွက် လော်ဘီလုပ်ခဲ့ကြရတယ်။ အဲဒီအချိန်မှာ မြန်မာစာ နိုင်ငံရေးလုပ်ခံလိုက်ရရှာတယ်။ မြန်မာစာ ဒီမိုကရေစီရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၈

မြန်မာစာ ရောင်နီဦး သန်းနိုင်ပါ့မလား

ဆရာ့ပို့စ်တွေလည်း ကျနော် နေ့စဉ်နီးပါး ကြည့်ဖြစ်တယ် မနေ့ကတွေ့တဲ့ ပို့စ်မှာ တစ်အရေး တအရေးနဲ့ပတ်သက်ပြီး ဆရာအမြင်ကိုရော အထောက်အထား ယုဒသန်အဘိဓာန်ကိုလည်း မြင်မိပါတယ် ကျနော် မှာ ဖြစ်နေတဲ့ အယူအဆနဲ့လာကိုက်ညီတယ် ဒါပေမယ့် ကျနော်တို့မှာက ဦးနေဝင်းပြင်ခဲ့တဲ့ တကို တစ်ရေး သင်္ချာဘက် ဦးတည်ရင်ပေါ့ ။ ပစ္စည်းဆို တရေး ဆိုတာကို ယနေ့ စာပေလောကမှာ ထင်ရှားနေတယ် အဲလိုမဟုတ်ရင် ကိုယ်က မှားသလို ဖြစ်နေတာခက်တယ် ကျနော် တွေးတာက အသားတစ် တတစ်ကိုရေးတဲ့အခါ ဒီ စသတ်က ဒုက္ခလှလှကြီးပေးတယ် သူ့အလိုဆို အသားတစ်တစ်တစ်လို့ ရေးရမလို ကျနော်က မဂ္ဂဇင်းတွေစာအုပ်တွေကို စာစီ ဒီဇိုင်းလုပ်နေရတော့ ယနေ့ခေတ်အနေထားရ တစ်ဘက်ကိုလိုက်နေရတယ် ဒါပေမယ့် သဘောမကျလှဘူး တွန်းလှန်အားလည်း မရှိဘူး ဖြစ်နေတယ် တစ်အရေး တအရေးကို တော်လှန်ချင်တယ် ဘယ်လို လုပ်ရမလဲပေါ့ ကိုယ့်စိတ်ထဲဖြစ်နေတာလေ ဆရာ့ အမြင်လေးရော လုပ်သင့်တာပါ လျှောက်ထားမေးမြန်းခြင်းမျှသာပါ ဆရာ

အဲလိုရေးလာသူတွေရှိတယ်။ သူတို့သည် ကျွန်တော့်လူများ မဟုတ်။ ကျွန်တော်သည် သူတို့လူဖြစ်၏လို့ ရေးပါတယ်။

ကျွန်တော် မြန်မာစာကိုရေးနေတာ နှစ်မနည်းတော့ပါ။ နေ့စဉ်နေ့တိုင်းရေးဖြစ်တယ်။ မေးခွန်းတွေမှာ သတ်ပုံအမှား လွတ်တာရယ်လို့ ၁ဝ% လောက်သာရှိလို့ မနေနိုင်တာနဲ့ ရေးတာ။ အထောက်အထားကို နမူနာဓါတ်ပုံတွေနဲ့ တင်ပြတယ်။

အချင်းချင်း အားပေးပါဦးမယ်။ အချည်းအနှီးမဖြစ်လောက်ပါ။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ တဦးတယောက်တည်း မဟုတ်ပါ။ ကျွန်တော်ကနေ ပြုစုပေးဖို့ အချိန်ရှာနေရတယ်။ တဆင့်တက်လာစရာရှိနေပြီလို့ ထင်နေတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး