မြန်မာစာ ရာဇဝင်

ဆရာရှင့် မင်္ဂလာပါ မြန်မာလက်ရေး အစွဲအငင် ပုဒ်ဖြတ် ပုဒ်ရပ် ဝါကျကို ဘယ်လိုရှင်းလင်းပြသနိုင်မလဲရှင့်။ မူလတန်းအောက်ဆင့် မူလတန်းအထက်ဆင့်မှ ဘယ်သင်ခန်းစာနဲ့ ဥပမာပေးရှင်းလင်းသင့်လဲရှင့်။

အဆွဲအငင်လို့ ရေးရတယ်။ ရေးဆွဲသည်။ အစွဲအလမ်း။

မြန်မာစာသင်ကြားနည်း ကျွန်တော်တို့ခေတ်နဲ့ မတူတော့ဘူးလား မသိပါ။ ရေးတင်လို့လည်း ဖတ်ချင်သူ ရှားလောက်တယ်။ ဖတ်ပြီး လွဲနေတာကိုပြင်မဲ့သူက မရှိသလောက် နည်းတယ်။ အိုးရွဲ့နဲ့ စလောင်းရွဲ့ခေတ်ဖြစ်နေပြီ။ မြန်မာစာဟာ မြေအိုး မဟုတ်ပါ။ ကြွေအိုး မဟုတ်ပါ။ ကစားစရာ အိုးပုတ်လည်း မဟုတ်ပါ။ ရွှေအိုးမဟုတ်တောင် ကြေးအိုးနဲ့တူတယ်။ ကြေးကို အရောင်တင်ပေးရင် ဝင်းလက်လာမယ်။ မြန်မာစာ ပြန်လည် ဝင်းပလာပါစေချင်တယ်။

လက်ရေးအဆွဲအငင်ကိုတော့ မရေးတော့ပါ။ သူငယ်တန်းစာအုပ်တွေမှာ ရေးဆွဲနည်းပြထားတယ်။ ဂဏန်းတွေလည်း နည်းမှန်ရမယ်။ သဝေထိုးနဲ့ ၆ မတူ။ အင်္ဂလိပ်စီနဲ့ င မတူ။

မြန်မာသင်ပုန်းကြီးမှာ ဗျည်းအက္ခရာ က မှ အ အထိ (၃၃) လုံးရှိတယ်။ အ အာ အိ အီ၊ ကကြီး ခခွေး စာလုံးတွေကို ပါဠိလို အက္ခရာခေါ်တယ်။ ရေး၍သုံး၍ ကုန်ခမ်းသွားသည်ဟု မရှိသောကြောင့် အက္ခရာဟု ခေါ်သည်တဲ့။ အက္ခရာကို သရ နှင့် ဗျည်း နှစ်မျိုးခွဲခြားသည်။ မြန်မာစာတွင် အက္ခရာအမည်ရသော အတိုရေးသင်္ကေတ (၃) ခုရှိသည်။ အက္ခရာ ၏၊ ၍ နှင့် ၌ ဟူ၍ဖြစ်သည်တဲ့။

သရအက္ခရာ (၁၂) လုံးရှိသည်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အား။ သရဟူသည် အခြားပစ္စည်း အကူအညီမပါဘဲ သူ့ချည်းသက်သက် အသံထွက်၍ရသော အက္ခရာဝဏ္ဏတို့ကို ခေါ်သည်။ မိမိအလိုအလျောက် အသံဖြစ်နိုင်သော သတ္တိရှိသည့် အက္ခရာဖြစ်သည်တဲ့။

ဗျည်းဟူသည် သူ့ချည်းသက်သက် အသံထွက်၍ မရ၊ သရနဲ့တွဲမှသာ အသံပီပီသသ ထွက်နိုင်တဲ့အက္ခရာမျိုးဖြစ်တယ်။

ဝါကျဆိုတာ အဓိပ္ပါပြည်စုံအောင်ရေးထားတဲ့စာကြောင်းတခုဖြစ်တယ်။ စာတလုံးတည်းလည်းဖြစ်နိုင်တယ်။ ဥပမာ ထ။ စကားစုတခုလည်းဖြစ်နိုင်တယ်။ ဥပမာ သွား။ ဝါကျကို ခွဲရင် ရှစ်မျိုးရှိတယ်။

ဝါစင်္ဂ ရှစ်ပါး
၁။ နာမ် = လူတဦးတယောက်၊ နေရာတနေရာ၊ အရာဝတ္ထုတခု၊ အမည်တခု၊ အတွေးအခေါ်တခု၊ ဖြစ်ခြင်းတခု။

၂။ နာမ်စား =  နာမ်နေရာမှာ အစားသုံးတယ်။

၃။ ကြိယာ =  တစုံတရာ (သို့) တစုံတဦးက အခြေအနေတခုတွင် ပြုလုပ်ဖော်ပြကြောင်း ပြောသောအရာ။

၎။ နာမဝိသေသန = နာမ် (သို့) နာမ်စားတခုရဲ့ ဂုဏ်သတ္တိကို ဖော်ပြတယ်။

၅။ ကြိယာဝိသေသန = ကြိယာ/နာမဝိသေသန/ကြိယာဝိသေသန တခုရဲ့ ဂုဏ်သတ္တိကို ဖော်ပြတယ်။

၆။ ဝိဘတ် = ဝါကျတကြောင်းရှိ နာမ်၊ နာမ်စားနဲ့ အခြားစကားလုံးတွေကို ဆက်စပ်ပေးတဲ့ စကားလုံးဖြစ်တယ်။

၇။ သမ္ဗန္ဓ ခေါ် စကားဆက် = စကားလုံးတွေ၊ စကားစုတွေကို ဆက်စပ်ပေးတယ်။

၈။ အာမေဋိတ် = အားကောင်းတဲ့ ခံစားမှုကို ဖော်ပြပေးတဲ့ စကားလုံးတလုံး (သို့) စကားစုတခု ဖြစ်တယ်။

ပုဒ်
အင်္ဂလိပ်လို ဝဒ် ခေါ် စကားလုံးကို မြန်မာလို ပုဒ်လို့ခေါ်တယ်။

ပုဒ်မ
ဝါကျတခုအဆုံးမှာ ပုဒ်မ ခေါ် (။) ရေးရတယ်။ ပုဒ်မကို နောက်ဆုံးစာလုံးနဲ့ မခြာရပါ။ ပုဒ်မပြီးရင် တကွက်ခြာရမယ်။

ပုဒ်ထီး
စကားလုံး (သို့) စကားစု (သို့) အဆုံးမှာ ပုဒ်ထီး ခေါ် (၊) ရေးရတယ်။ မခြာရပါ။ ပုဒ်ထီးပြီးရင် တကွက်ခြာရမယ်။

စကားစုဆိုတာ စကားလုံးအစုတခုဖြစ်တယ်။ ဗော်ကာဘယ်လရီ ခေါ် ဝေါဟာရလို့လည်း ပြောတာရှိတယ်။

ခေတ်ပေါ်စာရိုက်နည်း
အရင်ကလက်နှိပ်စက်နဲ့စာရိုက်ကြရတယ်။ လက်နှိပ်စက်ရိုက်နည်း စနစ်တကျသင်ရတယ်။ ဘား ခေါ် စပေ့စ်ဘား ဘယ်နှစ်ချက်ရိုက်မလဲကအစ စနစ်ထားတယ်။ ဒီခေတ်မှာ ကွန်ပြူတာမှာစာရိုက်ကြရတယ်။ ဖုန်းကနေရိုက်နည်း တိုးလာပြန်တယ်။ သတိထားစရာတွေ ပေါ်လာတယ်။ စာထင်ပြီးရောသမားတွေက များနေတယ်။ ဖတ်တဲ့သူ နားမလည်။

အဖြတ်အတောက်
စာရေး စာရိုက် စကားပြောရာမှာ ဖတ်သူ နားထောင်သူ ရှင်းလင်းအောင် ကြားထဲမှာ အဖြတ်အတောက် လုပ်ရတယ်။ ဖုန်းသေးသေးလေးတွေကနေရိုက်ရတဲ့အခက်အခဲကြောင့်လည်း ပါတော့ပါတယ်။ တကယ်ကို စာရေးနည်း မသိသူတွေလည်း ပါတယ်။ တကွက်ခြာပြီးမှ ပုဒ်ထီး၊ ပုဒ်မရိုက်သူတွေ မနည်းပါ။ ပုဒ်မရိုက်ပြီး မခြာပဲ ဆက်ရိုက်သူတွေလည်း များတယ်။ ကျွန်တော့မှာ အတော်ဒုက္ခရောက်တယ်။

စာလုံးရေးနေရင်း ဂဏန်းရေးတာ မခြာပဲဆက်ရိုက်သူတွေများတယ်။ မြန်မာစာရေးနေတာကို အင်္ဂလိပ်ဂဏန်းကို တမင်တကာရွေးရိုက်တာ ဘာလို့လဲ နားမလည်ပါ။ ပိုဆိုးတာက အင်္ဂလိပ်စာလုံး ဒေါ့ ခေါ် ဖူးလ်စတော့ပ်တွေ ရိုက်တယ်။ အဲလိုရိုက်တော့ ဝါကျတကြောင်းတည်းလို ဖြစ်သွားတယ်။ ကျွန်တော့မှာ အတော်ဒုက္ခရောက်တယ်။

မြန်မာစာဟာ ပါဠိ၊ သက္ကတနဲ့ မွန်စာတို့နဲ့ ဆက်စပ်ရောနှောလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပါဠိတွေ နည်းလာပြီး အင်္ဂလိပ်စာများများလာတယ်။ အံမဝင်တာတွေ အများကြီး။ အရင်ကတည်းက မြန်မာစာရေးသားနည်းထဲကို အင်္ဂလိပ်ရေးနည်းတချို့ယူလာတယ်။ သင်္ချာသုံးသင်္ကေတ အပေါင်း အနုတ် အမြှောက်အစားက ဟိုအရင်ကတည်းက သုံးခဲ့ပါတယ်။ တချို့ယူသုံးတာတွေကိုတော့ သဘောမကျလှပါ။ ကွင်းစ ကွင်းပိတ်ကတော့ မြန်မာစာသုံးလိုဖြစ်နေပြီ။ အဖွင့် အပိတ်ကော်မာတွေလည်း တစိတ်တပိုင်းသာ သဘောကျတယ်။ မေးခွန်းသင်္ကေတကိုတော့ သဘောမကျပါ။ မပါလဲ မေးတာမှန်းသိတယ်။ အာမေဋိတ်သင်္ကေတ မထည့်လည်းရတယ်။

သတ်ပုံ
ဘာသာစကားတိုင်းမှာ သတ်ပုံ အင်မတန်အရေးကြီးတယ်။ စာတွေ ခေတ်အရ ပြောင်းကြရတယ်။ ပြောင်းလာတာဟာ ပိုပြီး လွယ်ကူရှင်းလင်းအောင်နဲ့ ခေတ်မီအောင်လုပ်ရတာဖြစ်တယ်။ မိုဃ်းကို မိုးလို့သာရေးလာတယ်။ ယ္ခင်၊ ယ္ခု စတဲ့ အဆင့်တွေအရေးနည်းလာတယ်။ အဲတာမျိုးက လွယ်အောင်ပြောင်းတာ။ အခုတလော မှု ကို မှု့တဲ့။ ဧ ကို ဧး တဲ့။ အပိုတွေ။ သတ်ပုံမူကွဲဆိုတာ ရှေးကတည်းကရှိတယ်။ ဥပမာ ဒါးနဲ့ ဓါး။ သမတနဲ့ သမ္မတ။ ပဌမနဲ့ ပထမ။ တရုပ်နဲ့ တရုတ်။ ဒါပေမဲ့ တခါတရံကို တစ်ခါတစ်ရံ၊ တစ်ခါတရံ၊ တခါတစ်ရံလို့ ရေးတာ မူကွဲမဟုတ်ပါ။ ပေါ်လစီသတ်ပုံအမှားသာဖြစ်တယ်။

နေရာရနေသူတွေက ခေတ်ကိုလွှမ်းမိုးတယ်။ နေရာဆိုတာ အာဏာနဲ့ ရာထူး။ မြန်မာပြည်မှာ စာ ပညာနဲ့ ပတ်သက်ရင် သူများတိုင်းပြည်တွေနဲ့ မတူတာတခုရှိတယ်။ နှစ်ပေါင်းငါးဆယ်လောက် ဝေဘန်ဆွေးနွေမှု ခွင့်မပြုခဲ့တာကြောင့် လူတွေ ထုံကုန်ကြတယ်။ တကယ်တတ်သိသူတွေကပါ မပြောချင်ကြတော့။ မတတ်တတ်တွေနဲ့ နေရာရထားသူတွေကချည်းသာ ပြောကြတယ်။ ဟောကြတယ်။ စာအုပ်တွေ နင်းကန်းထုတ်ကြတယ်။ နောက်တက်လာသူတွေက အဲတာကိုပဲ တန်းတန်းစွဲ မဟုတ်ကြီးထင်ကုန်ကြတော့တယ်။ မဟုတ်ပါလို့ထောက်ပြတာကို ပြောင်းလဲချိန်တန်ပြီတဲ့။

ကမ္ဘာမှာ အစိုးရပြောင်းလို့ သတ်ပုံပြောင်းတာ တနိုင်ငံတည်းသာရှိတယ်။ ရှိတ်စပီးယားစာအုပ်တွေ အကြိမ်ပေါင်းမရေတွက် ထပ်ထုတ်တယ်။ စပယ်လင် မပြောင်းပါ။ မြန်မာပြည်မှာ ထပ်ထုတ်စာအုပ်တိုင်း သတ်ပုံကို လိုသလိုပြင်ထုတ်နေကြတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး