စိတ်ကျန်းညံ့လျော့ ကျွန်ကန်တော့၏

ရှင်မဟာရဋ္ဌသာရ ရေးသားစီရင်တဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ဟာ ဘုရားဟော ဝီသတိနိပါတ် ဟတ္ထိပါဇာတ်တော်ကို ပြန်ဆို ဖွဲ့နွဲ့တာဖြစ်ပါတယ်။ မူကွဲနှစ်ခု တွေ့ထားတယ်။ အများစု ရေးသားကြတာကတော့

ငါနှင့်ငါသာ၊ နှိုင်းစရာဟု၊ ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်းပြီးတခါ၊ ရိုသေစွာလျှင်၊ ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကျန်းမာန်လျှော့ ငါကန်တော့၏၊ မပေါ့ချစ်ခင်၊ သားနှယ်ကြင်။

မြောင်းမြမြို့ တိုက်သစ် ပဇ္ဇောတာရုံ အရှင်ကုမာရရဲ့ စာပေအမှတ် - ၁၊ အလင်္ကာပန်းကုံး၊ စာမျက်နှာ ၁၆၅ မှာ တမျိုးတွေ့တယ်။ မူရင်းသတ်ပုံအတိုင်း ကူးယူဖေါ်ပြပါတယ်။

ငါနှင့်ငါသာ နှိုင်းစရာဟု ပညာမုန်ယို အရွယ်ပျိုက မဆိုစလောက် မာန်စောင်မြောက်၍ နှုတ်ငေါက်လွန်မိ ဒေါသငြိလည်း နောင်ပြီးတခါ ရိုသေစွာလျှင် ဤစာကိုးခန်း ပုလဲပန်းဖြင့် စိတ်ကျန်းညံ့လျော့ ငါကန်တော့၏။ ဟူသောလင်္ကာကို ရေးသားပြီးလျှင် ကန်တော့ပူဇော်လေသည်။ မိမိ၏အမှားကိုသိ၍ လူသိရှင်ကြား ကန်တော့ဝန်ခံခြင်းဖြင့်ပင် ထိုအရှင်၏ ပညာရှိလက္ခဏာပြည့်စုံပုံကို စံတင်လောက်ပေ၏။ ယခုအခါ၌မူ ကိုယ့်အမှားကို ဝန်မခံရဲသော သူတော်ကောင်းယောင် ဆောင်သူတို့ ပေါများနေသောကြောင့် လောကကြီးတခုလုံး ကမောက်ကမဖြစ်နေချေသည်။

နောင်ပြီးတစ်ခါ လို့ မရေးပါ။ လောကကြီးတစ်ခုလုံးလို့ မရေးသားပါ။

ကျွန်ုပ်၏ မြန်မာစာအရေးအသား ထောက်ပြချက်များ မှားယွင်းချွတ်ချော်နေခဲ့ပါလျှင် စိတ်ကျန်းညံ့လျော့ ကျွန်ကန်တော့၏။ စိတ်ကျန်းမာန်လျှော့ ကျွန်ကန်တော့၏၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး