K-pop ကေ-ပေါ့

မြောက်ကိုရီးယားနဲ့ ယူအက်စ်အေ သတင်းတွေက နေ့တိုင်း ပူလောင်နေတယ်။ အပြန်အလှန် ခြိမ်းခြောက်နေကြတယ်။ ဘေးကလူတွေ ကြားတဲ့သူတွေကို စိတ်ပူပင်စေတယ်။ ရုရှားကတောင် ပူပန်တယ်လို့ဆိုပါတယ်။

မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီကနေ ဒဏ်ခတ်မှုအသစ်တွေချမှတ်လိုက်ပြီးပါပြီ။ စီးပွါးရေးပိတ်ဆို့မှုတမျိုး ဖြစ်တယ်။ စီးပွားကုန်သွယ်မှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တယ်။ မြောက်ကိုရီးယားရဲ့ ပင်မဝင်ငွေဖြစ်တဲ့ ကျောက်မီးသွေး ပြည်ပပို့ခွင့် နစ်နာစေတယ်။

မြောက်ကိုရီးယားက ဆက်ပြီးခြိမ်းခြောက်မှုလုပ်လာတယ်။ အမေရိကန်ပိုင် ပစိဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းကို ဒုံးပျံနဲ့ ငါးချက်တိတိပစ်မယ်တဲ့။ ဆာပရိုက်အတက်ခ် မဟုတ်ပါ။ အဆင်သင့်ဖြစ်ဘို့ ရက်ပိုင်းသာလိုတော့တယ်တဲ့။ ဂူအမ်မှာ အမေရိကန် အင်ဒါဆင်ရေတပ်စခန်းကြီးရှိတယ်။ အမေရိကန်နိုင်ငံသား တသိန်းခြောက်သောင်းနေထိုင်ကြတယ်။ နေထိုင်သူတွေကတော့ အသွားအလာမပျက်။ ကခုန်သောက်စားတာမပျက်ကြပါ။

ကနေ့ ဒ်ါနယ်ထရမ့်ကို တွစ်တာကနေရေးတယ်။ ယူအက်စ်စစ်တပ်က လက်နက်တွေကို ကျည်ဖြည့်ပြီးတဲ့။ သော့ခပ်ထားပြီးပြီတဲ့။ စစ်ရေးနည်းနည်းကြိုက်ရင် အဆင်သင့်ပါတဲ့။ မြောက်ကိုရီးယားကနေ အသိဥာဏ်ကင်းမဲ့စွာ လုပ်လာရင်တော့တဲ့။

ဂျာမဏီ ချန်ဆယ်လာကတော့ စစ်ရေးနည်းကအဖြေမဟုတ်ဘူးလို့ဆိုတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်ကနေ မနေ့ကပြောတာက စစ်ရေးနည်းဟာ နောက်ဆုံးပါ။ သံတမန်နည်းလမ်းကြိုးစားနေတာ အရာထင်လာပြီလို့ဆိုပါတယ်။ သူ့တာဝန်ကတော့ ပြဿနာပေါ်လာရင် စစ်ရေးအရအဆင့်သင့်ဖြစ်နေစေဘို့ပါတဲ့။

မြောက်ကိုရီးယားကလည်း စွပ်စွဲတယ်။ အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်ကို နယူကလီယာစစ်ပွဲနှုတ်ခမ်းပေါ် ရောက်အောင် လုပ်နေတယ်တဲ့။ နှစ်နိုင်ငံခြား တင်းမာမှုအသစ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်ကတုန်းက မြောက်ကိုရီးယားကနေ တိုက်ချင်းပစ်ဒုံးပျံလက်နက် စမ်းသပ်မှုအသစ်တွေ လုပ်ရာကနေစပါတယ်။

တရုပ်အစိုးရအာဘော်သတင်းစာ ဂလိုဘယ်လ်တိုင်းမ်ကတော့ မြောက်ကိုရီးယားကဒုံးပျံနဲ့ပစ်လို့ အမေရိကားကနေ စစ်ရေးအရတုန့်ပြန်ရင် ကြားနေမယ်။ ဒါပေမယ့် မြောက်ကိုရီးယားမှာ အာဏာအပြောင်းအလဲအထိ လုပ်လာရင်တော့ ကြားဝင်ရမယ်လို့ ရေးသားလိုက်ပါတယ်။

သြစတေးလျဝန်ကြီးချုပ် မယ်လ်ကွမ် တန်းဘူးလ်က အမေရိကန်နဲ့လက်တွဲဘို့ အဆင်သင့်ပြင်ထားပါသတဲ့။ သြစတေးလျနဲ့ ယူအက်စ်အေတို့က ၁၉၅၁ ခုနှစ်ကတည်းက စာချုပ်ထားကြပါတယ်။

စိတ်ဝင်စားဘို့ ကောင်းတာ နောက်တခုလည်းရှိပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားကြားတင်းမာမှုရှိနေပေမယ့် နယ်စပ်မှာ ငြိမ်းချမ်းရေးတေးသံထွက်လာပါတယ်။ ကမ္ဘာမှာ စစ်ရေးနေရာချထားမှု အကြီးမားဆုံးလို့ပြောနိုင်တဲ့ တောင်နဲ့ မြောက် ကိုရီးယားနယ်စပ်မှာ ပေါ့တေးဂီတပွဲ လုပ်ပါလိမ့်မယ်။ နှစ်တိုင်းလည်း တောင်ကိုရီးယား ပေါ့ပ်စတားတွေက ငြိမ်းချမ်းရေး ကပွဲလုပ်ပါတယ်။ အခုစနေနေ့မှာ Korean pop (K-pop) အဖွဲ့၊ တနင်္ဂနွေနေ့မှာ ရိုးရာတေးဂီတအဖွဲ့က တင်ဆက်ပါမယ်။ စစ်ရေးကင်းမဲ့ဇုန်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ ပါဂျူးမြို့က နူရီပန်းခြံမှာ ဖြစ်ပါတယ်။ တီဗွီကနေလည်း ၁၅-၈-၂ဝ၁၇ နေ့မှာလွှင့်ပါဦးမယ်။ ၁၉၄၅ ခုနှစ်က ဂျပန်ကနေ ကိုရီးယားကို သိမ်းပိုက်ခဲ့ခြင်းကနေ လွတ်မြောက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားသတင်းရေးရင် ဘလော့စရာလာတတတယ်။ ကျွန်တော်လည်း အဆင်သင့်ပါပဲ။

ဒေါက်တာတင့်ဆွေ
၁၁-၈-၂ဝ၁၇
၁၁-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး