Prayer ဆုတောင်းခြင်းအမှု

မက်ဆေ့ခ်ျတခုရတယ်။ ဆုမတောင်းလင့် အမှောင်ထုသည် လင်းလာမည်မဟုတ် Pray not, the darkness will not be brighten. လို့ Sir Edwin Arnold က ပြောထားပေမဲ့ ဆုတောင်းပေးလို့ ဘယ်သူနစ်နာသွားသလဲလို့ တခါတခါ စဉ်းစားနေမိတယ်။ Happy Birthday! ဆရာ။

ကျွန်တော်ကတော့ စိတ်ထဲမှာနှစ်နှစ်ကာကာ ဆုတောင်းတာဖြစ်ဖြစ် ဖြစ်စေချင်တာကိုပြောတာဖြစ်ဖြစ် အကျိုးရနိုင်တယ်လို့ ယုံကြည်တယ်။ ဘယ်သူကလာကန်တော့ကန်တော့ ပါးစပ်ကတော့ သာဓုမခေါ်ဘူးပါ။ အန်တီကပဲ ဆုတောင်းပေးပါတယ်။ အဲဒီအကြောင်း ရေးထားတယ်။

ကျွန်တော် ညတိုင်းလိုလို အိပ်ကာနီးတိုင်း ဆုတောင်းတယ်။ အထူးအာရုံပြစရာတခုခုရှိရင် အဲတာကိုအရင်နဲ့ အမြဲမပြတ်တာကတော့ နေမကောင်းလို့မေးသူတွေအတွက် ဖြစ်ပါတယ်။

ကျွန်တော်ရတဲ့ မင်္ဂလသုတ်ထဲက တပိုဒ်ကို တခါခါ ပါဠိတမျိုးတည်း တခါခါမြန်မာဘာသာပြန်ပါ ရွတ်ဆိုပြီးမှ ဆုတောင်းတယ်။

၁၉၉ဝ ခုနှစ်နိုဝင်္ဘာလထဲမှာ ထောက်လှမ်းရေးက လာဖမ်းလို့ ထွက်မပြေးခင် မြန်မာပြည်ထဲမှာ ပုန်းနေရတုန်းက ဇာတိရွာဆရာတော်ကနေ ဗလာစာအုပ်ထဲက ဆုတ်ယူထားတဲ့စာရွက်ပေါ်မှာ သူ့လက်ရေးနဲ့ ခဲတံနဲ့ ရေးပေးထားတဲ့ မင်္ဂလသုတ်ထဲကတပိုဒ်ဖြစ်ပါတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ လာဘ်ရခြင်၊ လာဘ်မရခြင်၊ အခြွေအရံများခြင်း၊ အခြွေအရံနည်းခြင်း တည်းဟူသော လောကဓံတရား (၈) ပါးတို့နှင့်တွေ့ကြုံသော်ငြားလည်း၊ ဘုရား၊ ရဟန္တာတို့၏စိတ်သည် တုန်လှုပ်ခြင်းမရှိ၊ ကြောက်ရွံ့ခြင်းမရှိ၊ ရမက်လဲမရှိ၊ ဘေးရန်လဲမရှိဖြစ်တော်မူပါပေ၏။ ဤမှန်သောစကားကြောင့့် ရပါလို၏။

အခုဆို ၂၇ နှစ်နဲ့ ငါးလရှိပြီ။ ရက်ပျက်တာတွေလည်း အမှန်ကယ်ရှိပါတယ်။ အကျိုးရှိတယ်လို့ အခုစာရေးနေချိန်အထိ ထင်သေးတယ်။ စာရေးဖြစ်သွားလို့ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၈-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး