Auto သုံးဘီးကားပေါ်မှာ

ဒေလီမှာနေခဲ့တဲ့နောက်ဆုံးနေ့မှာ မြို့ထဲကိုသွားရတယ်။ ၁၈-၉-၂ဝ၁၄ နေ့က။ ကားလဲမမောင်းချင်လို့ ဈေးလဲသက်သာတဲ့ အော်တိုခေါ်တဲ့ သုံးဘီးကားနဲ့သွားပါတယ်။ နောက်ဆုံးနေ့တွေမှာဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုကို မြိုသိပ်ရင်း ဒေလီမှာ နေခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၄ နှစ်ကနဲ့ မတူတော့တာတွေကို ပြန်ပြီးဆင်ခြင်မိတယ်။

ဒေလီမှာ လမ်းတွေကတော့ အတော်ကြီးပြောင်းလာ၊ ကောင်းလာတယ်။ ဖလိုင်းအိုဗာခေါ်တဲ့ ဆင့်ထပ်လမ်းတွေ ရှိလာတယ်။ မက်ထရိုခေါ်တဲ့ အများသုံးရထားပို့ဆောင်ရေးစနစ်ရှိလာတယ်။ သစ်ပင်တွေလဲ ပိုပြီးစိုစိမ်းလာတယ်။ မြို့ရွာ ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ဒေလီအစိုးရအပေါ်မှာ အများကြီးမူတည်တယ်။ ဗဟိုအစိုးရမဟုတ်ပါ။ ဒါဟာ အာဏာခွဲဝေမှုနဲ့ ဖက်ဒရယ်စနစ်ရဲ့ အားသာချက်တခုဖြစ်တယ်။

ကားတွေက ဓါတ်ဆီကနေ စီအင်ဂျီဓါတ်ငွေ့ ဖြစ်လာတယ်။ သုံးဘီးကားတွေမှာ ကားခပြမီတာတွေရှိလာတယ်။ ကားရဲ့ အရောင်အသွေးနဲ့ ကားသမားတွေ အကျင့်စရိုက်ကတော့ မပြောင်းပါ။

ဒေလီကိုရောက်ကာစနှစ်တွေမှာ သုံးဘီးကားမစီးနိုင်ပါ။ ခြေလျင်နဲ့ ဘတ်စ်ကားသာ အားကိုးရတယ်။ ဘတ်စ်ကားတွေက ဂိတ်စဂိတ်ဆုံးစီးမှ ၃ ရူးပီးသာပေးရတဲ့ခေတ်မှာ ရောက်ပါတယ်။ ဒိနောက်တော့ ၄ ကျပ်ကား၊ ၅ ကျပ်ကားတွေက မျက်စိရှေ့မှာတင် ပေါ်လာတယ်။ အခုဘယ်လောက်ပေးရလဲမသိပါ။ ဘတ်စ်ကားမစီးဖြစ်တာ အတော်ကြာပြီ။

အိန္ဒိယမှာ လူစီးကားဆိုရင်လဲ ဒုတိယကမ္ဘာစစ်ကတည်းကသုံးတဲ့ အမ်ဘဇေဒါကားကိုသာ ဝန်ကြီးကစသုံးကြတယ်။ ပြည်ပကနေသွင်းတဲ့ကားတွေနဲ့ တခြားဖက်စပ်ထုတ်ကားတွေရှိလာတာ ဆယ်နှစ်မရှိသေးပါ။ အခုတော့ မစေဒီးစ်၊ အော်ဒီ၊ ဘီအမ်ဒဘယ်ယူတွေ ပေါနေပါပြီ။

ကျွန်တော် ဒေလီကိုရောက်ပြီး ၆ လလောက်နေတော့ ဟီးရိုးစက်ဘီးလေးတစီး ဝယ်နိုင်ခဲ့ပါတယ်။ သူတို့ဆီမှာ စကူတာ ခေါ်တဲ့ဆိုင်ကယ်က အလွန့်အလွန်ပေါ်ပြူလာဖြစ်တယ်။ အီတလီနဲ့ ဖက်စပ်ထုတ်တာပါ။ ပုံကအတော်အတယ်။ မြန်မာပြည်တုန်းက ဆူပါကပ်ဆိုင်ကယ်လေးတွေကို လူကြိုက်များတဲ့ခေတ်မှာ ထွက်ခဲ့ရတာမို့ ဒီမှာရှိတဲ့ စကူတာကို အလကားပေးလဲ မစီးဘူးလို့ အနည်းဆုံးနှစ်ခါလောက်ပြောမိတယ်။ ဆူပါကပ်နဲ့ဆင်တဲ့ စပိဒ်ဆိုင်ကယ်လေးပေါ်လာတော့ တစီးဝယ်ဖြစ်ပါတယ်။ စီးရတာ မကြာလိုက်ပါ။ ၂ဝဝ၂ ခုနှစ်၊ နှစ်ဆန်းတရက်နေ့က ဆိုင်ကယ်မတော်တဆဖြစ်ရာကနေ ဘယ်ခြေထောက်တဖက် ကျိုးပြီးနောက်မှာတော့ ကားလေးတစီး ဖြစ်ညှစ်ဝယ်ရပါတော့တယ်။ မိသားစုက ကျွန်တော့်ကို ဆိုင်ကယ်မစီးစေချင်ကြတော့လို့ပါ။ နိုင်ငံရေးလုပ်နေသူက ကားဝယ်တော့ အပြစ်ပြောကြပါတယ်။ ကျွန်တော့်အရင် နိုင်ငံရေးထဲကပဲ ကားဝယ်ပြီး စီးပွါးရှာနေသူတွေကိုတော့ ပြောကြ၊ မပြောကြ မသိလှပါ။

မြန်မာပြည်တုန်းက ဆရာဝန်အလုပ်နဲ့အသက်မွေးတာမို့ ကားတစီးတော့ရှိခဲ့နိုင်ပါတယ်။ အဲဒီကားနဲ့ဘဲ ၁၉၉ဝ ရွေးကောက်ပွဲကာလမှာ လယ်ကန်သင်းတွေကိုဖြတ်ကျော်ခဲ့တယ်၊ တောင်ပေါ်လမ်းတွေ တက်ခဲ့တယ်။ နောက်ဆုံး မြန်မာပြည်က နေထွက်ပြေးရတော့ ပုလဲကနေ ဂန့်ဂေါ၊ နောက် ဟားခါးအထိ အငှားလိုက်ရဲတဲ့ကားမရှိလို့ ကိုယ့်ကားလေးနဲ့ကိုယ်သာ လာရတယ်။ ကျွန်တော်တို့ကို ပို့ပြီးနောက် ကားကိုချက်ချင်းရောင်းနိုင်လိုက်လို့သာ စစ်အစိုးရသိမ်းတာ မခံလိုက်ရပါ။

အဲဒီကားရောင်းရငွေနဲ့ ဒေလီမှာ ကားတစီးဝယ်တာပါ။ အခုဒေလီကနေထွက်မလာခင် ပြန်ရောင်းတော့ ဝယ်ဈေးရဲ့ ၅ ပုံ၊ ၁ သာရတယ်။ ကျွန်တော်ရဲ့ ဆရာဝန်လုပ်စဉ်ကရခဲ့တဲ့ငွေကို ၁၉၉ဝ ရွေးကောက်ပွဲမှာသုံးနိုင်ခဲ့တယ်။ ပြည်ပနိုင်ငံရေးမှာလဲ ဟိုသွားသည်လာ လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်ဆေးခန်းကိုလာပြီး ပိုက်ဆံပေးဆေးကုခဲ့ကြတဲ့ လူနာတွေရဲ့ ကောင်းမှုသာ ဖြစ်ပါတယ်။ ကျေးဇူး။

ဒီတိုင်းပြည်ရောက်ကတည်းက ကားမမောင်းချင်တော့ပါ။ သုံးဘီးလည်းမရှိ။ ဆေးခန်းလည်းမရှိ။ နိုင်ငံရေးလည်းမရှိ။ မြန်မာပြည်နဲ့ ဒေလီက ကျွန်တော့်လူနာဟောင်းတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၄
၂၅-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး