Diarrhea in babies ကလေးငယ်တွေ ဘာကြောင့်ဝမ်းပျက်ရသလဲ

ဆရာရှင့် နို့တိုက်မိခင်ပါ ဂဏန်းစားလို့ရပါသလားရှင့် ကလေးက၂လပါ

အစားအသောက်ဆိုတာ လူအများစားသောက်တာနဲ့ ကိုယ်လည်းစားဖူးတာမှန်သမျှ စားနိုင်။ ကိုယ်နဲ့မတည့်ဖြစ်ဖူးတာကို မစားရ။

ကလေး ဝမ်းသွားတယ်ပြောကျလို့ပါဆရာ

ပြောကြလို့ပါလို့ ရေးရတယ်။ ကျဆိုတာ လိမ့်ကျတာ၊ စာမေးပွဲကျတာ။

ကလေးငယ်တွေ ဘာကြောင့်ဝမ်းပျက်ရသလဲ/ ဝမ်းဆိုတာ စားတာသောက်တာနဲ့ဆိုင်တယ်။ သူ့ပါးစပ်ထဲဝင်တာကိုသာ ပြောတာ။ ဝမ်းအရောင်ပြောင်းတာလည်း အဲလိုပဲ။ အကြိမ်အရေအတွက်လည်း အဲလိုပဲ။

အများဆုံးဝမ်းပျက်စေတာကတော့ Viral infection ဗိုင်းရပ်စ် ခေါ် ပိုးတွေကြောင့်ဖြစ်တယ်။ rotovirus, adenovirus, calicivirus, astrovirus နဲ့ influenza ဗိုင်းရပ်စ်တွေကနေဖြစ်စေနိုင်တယ်။

နောက် Bacterial infection ဗက်တီးရီးယားပိုးတွေကနေလည်းဖြစ်နိုင်တယ်။ salmonella, shigella, staphylococcus, campylobacter နဲ့ E. coli ပိုးတွေဖြစ်တယ်။ ထင်မထားတဲ့ Ear infection နားပိုးဝင်ရာကနေလည်း ကလေးဝမ်းပျက်နိုင်တယ်။

နောက် Parasites ပါရာဆိုက် ခေါ် ကပ်ပါးကောင်းတွေကနေ ကလေးဝမ်းလျှောစေနိုင်တယ်။ Giardiasis ပိုး။

နောက် Antibiotics ခေါ် ပဋိဗီဝဆေးတွေကနေလည်း ဝမ်းပျက်နိုင်တယ်။

နောက် Too much juice အရည်သောက်များလို့လည်း ဝမ်းသွားတဲ့အကြိမ်များတယ်။

နောက် Food allergy အစားအစာ အလာဂျီ ခေါ် မတည့်ခြင်း။ အဲတာမှာ ကိုယ်တိုင်စားတာကိုသာပြောတာ။ အမေ အဖေ အမ အဒေါ်တွေစားတာနဲ့ မဆိုင်။ Milk protein ခေါ် နို့ထဲမှာပါတဲ့ပရိုတင်းဓါတ်ကနေ အလာဂျီရတတ်တယ်။ ဥတွေ၊ မြေပဲ၊ ပဲ၊  အစေ့အဆံတွေ၊ ငါးနဲ့ ပင်လယ်စာတွေကနေ အလာဂျီရစေနိုင်တယ်။ အဲတာမှာ သူများတည့်ပေမဲ့ ကိုယ်မတည့်တာနဲ့ သူများတည့်ပြီး ကိုယ်စားလို့ရတာတွေရှိတယ်။

နောက် Food intolerance ခေါ် အစားကိုမခံနိုင်ခြင်း။ Lactose intolerance ခေါ် နို့အမျိုးမျိုးထဲမှာပါတဲ့ လက်တို့စ် ခေါ် သကြားဓါတ်ကို ခံနိုင်ရည်မရှိသူ။ မိခင်နို့၊ နို့မှုံ့နဲ့ နွားနို့၊ ဆိတ်နို့တွေ မတည့်ပါ။ တသက်လုံးရှောင်ရတယ်။ လက်တို့စ်ဖရီးနို့ကိုသာ သောက်ရမယ်။

နောက် Poisoning အစာဆိပ်သင့်ခြင်း။

ချုပ်ပြောပါမယ်။ ကလေးဝမ်းလျှောတာ အမေအဖေ အစားမှားလို့ မဟုတ်။ ကလေးပါးစပ်ထဲဝင်တာတမျိုးမျိုးမှာ တခုခု မှားပါသွားလို့သာ ဖြစ်တယ်။ မေးခွန်းထဲက ဂဏန်းဟာ စားတဲ့သူသာ အလာဂျီရမှာ သတိထားရတယ်။ မရလို့ကတော့ ကြိုက်သလောက်စားပါလေ။ ၂ လသားလေးတော့ မကျွေးပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး