Allergy အလာဂျီ သို့မဟုတ် မတည့်အတူနေ

သမီးကနယ်ကပါ ရန်ကုန်တခါတခါ ကလေးနဲ့လာရဖို့က မလွယ်လို့ပါ ကလေးက ၁နှစ်၎လရှိပါပြီ ကလေးကလေ ၁၅ရက်တခါလောက် နှာချေချေနေတယ် ခေါင်းလျှော်ပြီးအေးသွားရင်ရောဘဲ တနေလုံးချေချေနေတာ နာရီဝက် တခါလောက်ချေတယ် ဆေးတိုက်ရင်တော့ပျောက်သွားရော အေးတာနဲ့ အဲ့လိုဖြစ်တော့တာဘဲ စိုးရိမ်လို့ပါ ခုဆို ၃ခါလောက်ရှိပြီဆရာ ဆေးခန်းတခါပြတော့ မကြိုက်တဲ့အနံ့သက်ရှိတယ်ပြောပြီး sea water nasal spray ဖျန်းခိုင်းတယ်ဆရာ အဲ့လိုနောက်မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဟင် ညဘက် အလေးသွားလို့ ရေနဲ့ဆေးပေးလို့ အေးသွားရင်မနက်ဆို ချေတော့တာဘဲဆရာ နောက်ပြီး သမီးကနေ့လည် ၁နာရီကနေ ၅:၃၀ထိ မိဘတွေအိမ်ဆိုင်ကို ကူရပါတယ် အဲ့ဒီမှာတော့ ခွေးလေးတွေ ရှိတယ်ဆရာ ကလေးနှာစချေတာ ၁နှစ်၂လခွဲလောက်မှာ စပြီးချေတာပါ

မတည့်တဲ့အရာတွေထဲမှာ အများဆုံးတာကတော့ ဆေးတမျိုးမျိုးနဲ့ မတည့်တာဖြစ်တယ်။ သန်း-မှက်-လှေးစတဲ့ အင်းဆက်ကိုက်ခံရတာ၊ ချိတ်သံကောင် ရှိတာ၊ ပန်း-မြက်-သစ်ပင်-ပေါင်းပင်တွေရဲ့ဝတ်မှုံတွေ၊ (ဖန်းဂတ်စ်)၊ ကြောင်၊ ခွေးတွေဟာလည်း အလာဂျီရစေတဲ့အရာတွေပါဘဲ။ အစားအသောက်ကြောင့် ဖြစ်ရတာကို အလာဂျီအမျိုးအစား (၁)လို့ သတ်မှတ်ပါတယ်။ ပင်လယ်စာ၊ နွားနို့၊ ဥ၊ ငါး၊ အစေ့အဆံ၊ အချဉ်သီး၊ ခရမ်းချဉ်သီးတွေပါတယ်။ အသားတွေကသာ အလာဂျီရစေတာ မဟုတ်ဘူး။

မတည့်တာတခုခု ကိုယ်ခန္ဓာထဲဝင်လာရင် လူကနေ သူ့ကို တန်ပြန်နိုင်စွမ်းရှိတဲ့ အင်တီဘော်ဒီဆိုတဲ့ IgE အလိုလို ထွက်လာတယ်။ သူ့လူနဲ့ ကိုယ့်လူ ရန်ဖြစ်-စစ်ခင်း ကြတာကို အလာဂျီလို့ ခေါ်လိုက်တာပါဘဲ။ နှာရည်တွေထွက်၊ ယားယံ၊ မျက်လုံးတွေနီရဲ၊ အရေပြား အဖုအပိန့်ထွက်၊ ဝမ်းပျက်၊ စတာတွေ တခုဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြစ်လာမယ်။

ထပ်မဖြစ်အောင် ဘာကိုမတည့်တာလည်းဆိုတာ သိဘို့လိုတယ်။ အများစုလူနာတွေက ဘာကိုမတည့် ဖြစ်နေတာကို မသိကြပါ။ ဒါ့ကြောင့် ဖြစ်တတ်တဲ့လူတွေ ထပ်ဖြစ်နေရတာပေါ့။ မတည့်ဘူးထင်တာကို သေခြာအောင်၊ အတိအကျ သိအောင်လုပ်တဲ့နည်းကတော့ Desensitization သွေးစမ်းနည်းနဲ့ အရေပြားစမ်းနည်းဆိုပြီး ရှိပါတယ်။ ကရိကထ အတော်များပါတယ်။ ဒီလိုမျိုးလုပ်နိုင်တဲ့ အခွင့်အလမ်းမရှိရင် ကိုယ့်အား ကိုယ်ကိုးရပါလိမ့်မယ်။ ငါ ဘာနဲ့ တကယ်မတည့်တာလဲ စနစ်တကျ ဆန်းစစ်-ရွေးထုတ်-ရှောင်ကျဉ်ပါလေ။ မည်းမည်းမြင်တိုင်းတော့ တစ္ဆေမမှတ်လေနဲ့။ သုံးပုံတပုံလောက်က အစားတမျိုးမျိုး ရှောင်နေကြတယ်လို့ပြောနိုင်ပေမဲ့ တကယ်မတည့်တာကတော့ ၃% လောက်သာ ရှိတယ်လို့ သုတေသန လုပ်တော့ တွေ့ပါတယ်။

ခန့်မှန်းတာကို လွယ်လွယ် လုပ်တတ်တယ်။ ဒါကြောင့် ထင်တယ်။ ဒါများလား မသိ။ ဟိုဟာက မတည့်ဘူးအေ့။ ဒီဟာကို မစားနဲ့ကွ။ အမှန်က မတည့်တာ တမျိုးထည်းသာ ဖြစ်လေ့ရှိတာပါ။ ဟင်းတခွက် ချက်ရင် အမယ်မျိုးစုံ ထည့်ချက်ရတယ်။ အဲဒီထဲက နံနံပင် ဖြစ်ချင်ဖြစ်မယ်။ ကြက်သွန်နီ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့မသင့်တာက တခုခုတည်းဖြစ်မှာပါ။

အသုံးအဆောင်တွေမှာလည်း အဲလိုဘဲ။ ခေါင်းလျှော်ရည်တခုမှာ အမယ်စုံထည့် လုပ်ထားတာကိုး။ မွှေးအောင်လုပ်တဲ့ ဓါတုပစ္စည်းလေးတခုကြောင့် ခေါင်းလျှော်ရည်နဲ့ မတည့်တာဖြစ်စေတယ်။ အလှအပသုံး ပစ္စည်းတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေထဲက တမယ်မယ်ကနေ ကိုယ်နဲ့မသင့်တာ ဖြစ်တတ်ပါတယ်။

ဆောင်ရန်ကတော့ အင်တီ-ဟစ်စ်တမင်းဆေးများပါဘဲ။ ဘာမီတွန်လိုဆေးတွေကို လူတိုင်းလောက် သိနေကြပြီ။ အရေးပေါ်လိုရင် ထိုးဘို့ ထိုးဆေး၊ လိမ်းဆေး၊ ရှူဆေးနဲ့ မျက်စဉ်းတောင်ရှိပါတယ်။ အင်တီ-ဟစ်စ်တမင်းတွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေ ရှိပါတယ်။

Cetirizine ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှ ဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်ပေါ့။ တနေ့ကို နှစ်ခါ ခွဲသောက် ရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။

Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေက အိပ်ချင်တယ်။ Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယမျိုးဆက်။

ပုရွက်ဆိတ်ကိုက်ရင်၊ ခြင်ကိုက်ရင် လိမ်းဘို့ အင်တီဟစ်တမင်းပါတဲ့လိမ်းဆေးလည်း သုံးနိုင်သလို၊ Lidocaine 2% ထုံဆေးပါတဲ့ Spray နဲ့ Cream နှစ်မျိုး အတူတူဘဲ။ Calamine Lotion က ချက်ချင်းဆိုသလို ယူပစ်သလို၊ အနာ-အယား သက်သာသွားမယ်။

အလှအပသုံး ကော့စ်မက်တတွေကို ရှောင်နိုင်သမျှ ရှောင်ပါ။ သဘာဝပစ္စည်းတွေဖြစ်တဲ့ သနပ်ခါး၊ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်ထက် မက်စရာ မရှိပါ။ အသစ်တွေ ဘယ်လို ဆန်းဆန်း၊ အကောင်းစားလို့ ဘယ်လိုကြွားကြွား၊ သဘာဝ၊ ရိုးရာ၊ ထုံးစံမဟုတ်တာ မှန်သမျှ မေးခွန်းထုတ်ခံနေကြရပါပြီ။

မိဘမျိုးရိုး လိုက်တတ်တယ်။ ဒါ့ကြောင့် အမေ-အဖေကို ရွေးပြီးမှ အမျိုးတော်ကြပေတော့။ ငယ်စဉ်ကမတည့်ပေမဲ့ နောင်မှာ ရှောင်စရာမလိုတော့တာလည်း ဖြစ်တတ်တယ်။ စက်ရုံတွေ ပေါတဲ့နေရာ၊ လူတွေရှုတ်တဲ့ မြို့တွေမှာ ပိုဖြစ်တတ်တယ်။ ယောက်ျားလေးတွေက အဖြစ်များတယ်။ ဖြစ်စေတဲ့အကြောင်းရင်းကို ရှာနိုင်-ရှောင်နိုင်ရင် ပျောက်မှာပါ။

1. Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2. Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
3. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
4. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://doctortintswe.blogspot.com/2014/10/allergy-triggers.html
5. Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး