ဘာတွေဖြစ်ကုန်ကြပြီလဲ

မင်းလူရေးတဲ့ကဗျာ လူတကာလိုလို ဖတ်ဖူးကြမှာပါ။ ဖတ်လေသမျှသတ်ပုံတွေကတော့ မင်းလူရဲ့ကဗျာခေါင်းစဉ်အတိုင်း ဘာတွေဖြစ်ကုန်ကြပြီလဲ။ ဖရင်းတယောက်ကနေ လက်ရေးမူရော သတ်ပုံမှန်စာသားကို အစအဆုံးရိုက်ပြီး ပို့ပေးတယ်။ ကျေးဇူး။

ဘာတွေဖြစ်ကုန်ကြပြီလဲ

(၁)
အော့့် ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။

တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံး အော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံလုပ်ခံရ
သမီးအရင်းခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို

တိုင်းပြည်ကိုချစ်သော တပ်မတော်
မျိုးချစ်စိတ်ရှိသော တပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သော တပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သော တပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်

အိမ်မဲ့ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်

ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေက စွပ်စွဲတာလေ

ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။

စစ်ကိုမုန်းလို့ စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ

လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။

သတင်းစာဆရာကြီးများ သိပြီးဖြစ်တဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင့်း့

သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။

(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ

လာပါပြီ့ လာပါပြီ့
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့

(၅)
သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့

မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့

တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့

အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

(၆)
ဒါပေမယ့်
လွှဲမှာပါ့ လွှဲမှာပါ့
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား

ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။

ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲတည်း" တဲ့

နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ
ဒို့အဖေကြီးမို့ ကာကွယ်မလေ ”

အလိုဗျာ့
ဘာတွေဖြစ်ကုန်ကြပြီလဲ။   ။ မင်းလူ (၁၉၈၉)

စာအဆုံးမှာ ပို့ပေးသူက သမတ၊ ဟိုတယောက်၊ တညီတညွတ်၊ တခါလာလဲ၊ စာကြောင်းတကြောင်း ဘာတွေဖြစ်ကုန်ပြီလဲတဲ့။ ကျွန်တော်လည်း ကဗျာကို ပိုက်စိပ်တိုက်ရှာတယ်။ တနှစ်တခါ၊ တလျှောက်လုံး၊ ကဗျာတပုဒ်ထဲကတွေမှာ စသတ်တွေမပါ။ မင်းလူမြန်မာစာအတော်ညံ့တာပဲလို့ ကုလားထိုင်ရပါမောက္ခတွေက ပြောကြမယ်။ ဘာတွေဖြစ်ကုန်ကြပြီလဲ့

ဒေါက်တာတင့်ဆွေ
၁၇-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး