မောင်ပျင်း
တရံရောအခါ၊ သာဝတ္ထိအမည်ရှိသည့် တခုသောရွာငယ်တွင်၊ တဆောင်သော တဲပုတ်၌၊ တယောက်သော မောင်ပျင်းသည် ကိန်းအောင်လျက် ရှိလေသတတ်။ မောင်ပျင်းသူသော အမည်သည် အနွတ္တအမည် ဖြစ်သတည်း။ အဘယ့်ကြောင့်ဆိုသော် မောင်ပျင်းသည် အလွန်ပျင်းရိသောကြောင့်တည်း။
မကြာသေးမီက ဓနရှင်ကြီးများဟု သခင်တို့ သမုတ်အပ်သော သူ့မိဘနှစ်ပါး ကွယ်လွန်အနိစ္စ ရောက်သောအခါ၊ မောင်ပျင်း တသက်လုံး စားမကုန်နိုင်သည့် ငါးဧကမျှသော စပါးလယ်တကွက် ကျန်ရစ်ခဲ့လေ၏။ မောင်ပျင်းသည် ထို ကျယ်ပြန့် လှစွာသော စပါးလယ်ကို ချစ်တီးလက်တွင် ရောင်းလိုက်ပြီးသော်၊ ရသမျှသော အသပြာကို အချို့ ဖဲရိုက်၊ အချို့ အရက်ဝယ်သောက်၊ အချို့ကို ဘိန်းရှူလိုက်ရာ မကြာမီ အသပြာပြတ်၍ ငတ်မတတ် ဖြစ်သွားလေ သည်။
မောင်ပျင်းသည် တို့ဗမာ ဖြစ်ပါသည်။ တို့ဗမာတို့သည် အတိဒုက္ခ ရောက်လတ်သော် အားကိုးရာကို မရမက ရှာတတ်စမြဲတည်း။ ထို့ကြောင့် မောင်ပျင်းသည် သူ၏အားကိုးရာ ဘိုးဘိုးအောင်ကို သတိရမိလေ၏။ သူသည် သူ့အား ကယ်မ, မည့်သူ ဘိုးဘိုးအောင်ထံသို့ သ၀ဏ်လွှာဆက်သရန် စိုင်းပြင်းလေသည်။
ဘိုးဘိုးခင်ဗျား-
ဘိုးဘိုးသည် တို့ဗမာအပေါင်းတို့၏ အားကိုးအားထားရာကြီး ဖြစ်ပါသည်။ သာဝတ္ထိရွာတခုဝယ် အတိဒုက္ခရောက်ကာ အဟာရပြတ်၍ ငတ်နေသော တို့ဗမာတယောက်ဖြစ်သူ မောင်ပျင်းကိုလည်း ဘိုးဘိုးကယ်မလိမ့်မည်ဟု အထူး မျှော်လင့်ပါသည်။ သို့အတွက် ယခု စာရလျင်ရခြင်း ကျွန်တော့်ထံသို့ ငွေသုံးဆယ်လောက် စာတိုက်မှ မန်နီအော်ဒါနှင့် အမြန်ဆုံး ပို့လိုက်ပါမည့်အကြောင်း။ ဘိုးဘိုးနှင့်တကွ စကြာမင်းကလေးပါ ကျန်းမာ၍ မြန်မာပြည်သို့ အမြန်ဆုံး ပြန်လာစေရန် ဆုတောင်းပါသည်ခင်ဗျား။
မောင်ပျင်း
သာဝတ္ထိရွာ
သာယာဝတီခရိုင်။
အဆုံးထိ မတင်တော့ပါ။ လင့်မှာ အစအဆုံးရှိပါတယ်။
Colena Jolly https://www.facebook.com/dimomike.khell.1/posts/720189188338229 ကျေးဇူး။
မန်းတင်ရေးတဲ့စာတွေ တချို့တော့ဖတ်ဖူးတယ်။ ဆရာမန်းတင် သံအမတ်ကြီးဖြစ်ခဲ့တာ သိတယ်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ဝင်၊ အမျိုးသားစာပေစိစစ်ရေး အဖွဲ့ဝင်၊ စွယ်စုံကျမ်း စိစစ်ရေး ဥက္ကဋ္ဌ၊ စာပေလုပ်သားဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။
ဆရာမန်းတင်ရေးတဲ့ သတ်ပုံမှာ တစ်ရံရောအခါ မဟုတ်ပါ။ တစ်ခုသော မဟုတ်ပါ။ တစ်ဆောင်သော မဟုတ်ပါ။ တစ်ယောက်သော မဟုတ်ပါ။ ရွာတစ်ခုဝယ် မဟုတ်ပါ။ တစ်သက်လုံး မဟုတ်ပါ။ တို့ဗမာတစ်ယောက် မဟုတ်ပါ။
မြန်မာစာ ဘိုးဘိုးအောင် မပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၈

Comments
Post a Comment