ဥမ္မာဒန္တီပျို့

ကျောင်းနေဘက် သူငယ်ချင်းတယောက်က သူ့အိမ်ကစာအုပ်စင်ပုံ တင်ထားတယ်။ စာအုပ်တွေမြင်ရင် အလွန် သဘောကျတယ်။ ပေါ်လစီသတ်ပုံတွေနဲ့ရေးထားတဲ့ နောက်ထုတ်စာအုပ်တွေကိုတော့ ဆောရီး။ သူငယ်ချင်းက မြန်မာစာကို ဆရာတူဆီက အတူသင်လာခဲ့သူ။ တတွေကို မလိုအပ်ပဲ တစ်မရေးတဲ့သူ။ သူက အိုဘီ ခေါ် စိတ်ကြိုက် မြန်မာစာယူတဲ့သူ။ ကျွန်တော့်အမျိုးထဲကတယောက်ကလည်း အိုဘီယူတယ်။ သူကတော့ မကြာသေးခင်က ဆုံးသွားသတဲ့။ ကျွန်တော်က သူ့ဆီကနေ ဥမ္မာဒန္တီပျို့ ငှားဖတ်ခဲ့တာ။

ဥမ္မာဒန္တီပျို့ ကောက်နှုတ်ချက်
တရံရောခါ၊ တနေ့မှာ၌၊ ဥစ္စာကြွယ်ဖြီး၊ သဌေးကြီးသည်၊ သ္မီးရတနာ၊ စောဥမ္မာကို၊ အိမ်ရာထောင်လောက်၊ အရွယ်ရောက်၍၊ ချင့်ထောက်မျှော်က၊ ငါးပါးစသည်၊ မိဘတို့ဝတ်၊ တရားမြတ်ဖြင့်၊ မချွတ်စေမှု၊ ခင်ပွန်းပြုဖို့၊ ကြည့်ရှုလတ်သော်၊ မျိုးဖော်ဆွေချင်း၊ မတော်လျင်းခဲ့၊ အဆင်းရောင်ညီး၊ ငါ့သ္မီးသည်၊ မင်းကြီးမှမူ၊ တပါးသူနှင့်၊ လူတွင်ဖြစ်သော်၊ ကြည့်ရှုမျှော်လည်း၊ မတော်သောအား၊ သူတပါးနှင့်၊ ထိမ်းမြားခြင်းငှာ၊ မထိုက်ရာဟု၊ မင်းမှာဆက်မည်၊ နှလုံးရည်လျက်၊ ကြံစည်ပြီးသော်၊ ရွှေနန်းတော်သို့

သတိပြုစေလိုပါတယ်။ တစ်ရံရောခါ၊ တစ်နေ့မှာ၌၊ တစ်ပါးသူနှင့်၊ သူတစ်ပါးနှင့်၊ စသဖြင့် မရေးပါ။ မကြာသေးခင်ကတော့ စိုးရိမ်ရေမှတ် ရောက်နေသည့် စိတ်ကြိုက်မြန်မာစာလို့ သတင်းတပုဒ် ဖတ်ရသေးတယ်။ စိတ်ကြိုက်မြန်မာစာ မဆုံးပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး