Center of the Map အလယ်ဗဟို


ဒီစာကို သဘောမပေါက်သူတွေများလို့ နည်းနည်းပြင်ရေးလိုက်ရတယ်။ ကျွန်တော်က စာရေးညံ့တယ်။ ဆောရီး။

ငယ်ငယ်က Journey to the Center of the Earth ကမ္ဘာ့ဗဟိုချက်မသို့ခရီးဆိုတဲ့ စိတ်ကူးယဉ် လျို့ဝှက်သဲဖို ဇာတ်လမ်းကို ဖတ်ရဘူးတယ်။ နောက်တော့ ရုပ်ရှင်ပါကြည့်ရတယ်။ နောက်မှသိတာက အဲဒီဝတ္ထုကို ၁၈၆၄ ကတည်းက ပြင်သစ်စာရေးဆရာ ဂျူလီဗားန်ကရေးထားတာတဲ့။ ကုန်းဘောင်ခေတ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် (၁၈၅၂) နဲ့ တတိယစစ် (၁၈၈၅) ကြားကာလမှာဖြစ်တယ်။

သိပ္ပံပညာတိုးတက်လာတော့ ကမ္ဘာမျက်နှာပြင်အောက် မိုင် ၃ဝဝဝ ကျော်ဟာ အလယ်ဗဟိုလို့သိလာတယ်။ အဲဒီမှာ အလွန်တရာကြီးမားလှတဲ့ ခရစ်စတယ်လ်ကြီးရှိတယ်။ အတွင်းဆုံးလွှာတဲ့။ အလွန်ပူလွန်းလို့ ဘယ်သက်ရှိမှ ရောက်အောင် သွားနိုင်မှာမဟုတ်ပါ။ နေထက်ပူတယ်။ ဖါရင်ဟိုက် တသောင်းတထောင်လို့ ခန့်မှန်းထားတယ်။

ကျွန်တော်ရေးချင်တာက သိပ္ပံစာမဟုတ်ပါ။

ကျွန်တော် အသက်ရလာကတည်းက ညမအိပ်မီတိုင်း မေတ္တာပို့တာ ဆုတောင်းတာကို ကြိုးစားလုပ်ပါတယ်။ ပျက်ကွက်တဲ့ ညတွေလည်းရှိပါတယ်။ နည်းတွေကအမျိုးမျိုး ဟောထားတယ်။ ကိုယ့်နည်းကိယ် စမ်းကြည့်တယ်။ တမျိုးပြီးတမျိုး။ အရှေ့အရပ်ကနေစတာတော့ အတူတူ။ ကျွန်တော်က တခါတခါ ကိုယ့်အရှေ့အရပ်က ဘယ်မှာလို့ သိတာမဟုတ်။

နေရတာကလည်း ဟိုနိုင်ငံသည်နိုင်ငံ။ သွားလာရတာကလည်း ဟိုတိုင်းပြည်ရောက်လိုက် သည်တိုင်းပြည်ရောက်လိုက်နဲ့။ ညတိုင်း တသမတ်တည်းကမရှိ။ ဘယ်ကနေစတာ အကောင်းဆုံးလဲ။

ခုနစ်တန်းကတည်းက ပထဝီကိုစိတ်ဝင်စားလို့ ကမ္ဘာ့မြေပုံကို အလွတ်ဆွဲတတ်တယ်။ အီကွေတာနဲ့ ယဉ်စွန်းတန်းတွေ သာမက အရှေ့အနောက် လောင်ဂျီတွတ်တွေပါ ဘယ်တိုင်းပြည် ဘယ်တိုက်တွေကနေဖြတ်သလဲ သိတယ်။ ဂရင်းနစ် စံတော်ချိန် တောင်မြောက်မျဉ်းနဲ့ အရှေ့အနောက်တန်းပတ်နေတဲ့အီကွေတာ ဆုံးတဲ့နေရာ ဘယ်နေရာဆိုတာ သိတယ်။ အဲတာဟာ ကမ္ဘာ့မြေပုံရဲ့ ဗဟိုလို့ ကိုယ့်ဖါသာသတ်မှတ်တယ်။

မေတ္တာပို့တာ ဆုတောင်းတာကို အဲဒီဆုံမှတ်ကနေ လေးမျက်နှာကို ရေဒါနဲ့ကြည့်ပြီး စပါတယ်။

ကနေ့ ကျန်းမာရေးမေးလာကြသူတွေ၊
အသိတွေထဲက နေမကောင်းလို့ သတင်းရထားသူတွေ၊
အမျိုးအဆွေတွေ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး