Countryside တောစိတ်
ကျွန်တော် အခုနိုင်ငံမှာ အခြေချနေထိုင်ဘို့ရောက်ကတည်းက မြက်ခင်း၊
သစ်ပင်စတဲ့ သဘာဝကို ရေးဖွဲ့မိတယ်။ နေရတာကတော့ တောဆိုတာနဲ့ ဘယ်လိုမှ အမျိုးမတော်စပ်ပါ။
ကနေ့မနက် နေသာပါတယ်။ ကောင်းကင်ကကြည်လင်နေတယ်။ နေရောင်ခြည်ကောင်းကောင်းမလာခင်မှာ
ငှက်ကလေးတွေဟာ အစာရှာထွက်လာကြတယ်။ ဆန်စေ့လေးတွေကို နောက်ဖေးမှာချထားပေးတာ လာစားကြတယ်။
ကွန်ကရစ်ပေါ်က ဆန်စေ့တွေတော့စားပြီး၊ မြေကြီးပေါ်ချပေးထားတာ သုံးရက်ရှိပေမဲ့ မစားကြဘူး။
နေကောင်းကောင်း ထွက်လာရင်တော့ ငှက်တွေကို မမြင်ရပါ။ ဒီကနေရာင်က အခံရခက်သလိုဘဲ။ ရောက်ကာစရက်တွေမှာ
နေရောင်နဲ့ တိုက်ရိုက်ထိရင် စပ်ဖျင်းဖျင်းနေတယ်။ သူတို့ဆီမှာ နေရောင်ကို အတော်သတိထားပြီး
ကာကွယ်ဘို့လိုတာ အမှန်ပဲ။
၁၉၆၅ ကျွန်တော် ဆေးကျောင်းကို စတက်တဲ့နှစ်မှာ အဆောင်မနေသေးဘဲ
ဘုရားကြီးဖက်မှာနေ စက်ဘီးတစီးနဲ့တက်ရတယ်။ မန္တလေးဘူတာကြီးနားရောက်ရင် ကျောက်မီးသွေးအနံ့နဲ့
နိုဝင်္ဘာလ မနက်ခင်းနေနဲ့ရောတာကို မကြိုက်ပါ။ အလာဂျီရချင်တယ်။ စိတ်နဲ့ သတိထားထိန်းရင်တော့
ယားတာယံတာဆက်မဖြစ်ပါ။ အလာဂျီအမွေကို သမီးကရတယ်။ ဒေလီတုန်းကလဲဖြစ်တယ်။ အင်ဒီယာနာပုလစ်မှာလဲ
ဆက်ဖြစ်တယ်။ စီထရီဇင်း ဆေးပြားနဲ့ အလာဂျီနဲ့ဆိုင်တာတွေ အမြဲဆောင်ထားရရှာတယ်။
တောမှာနေတုန်းက မဖြစ်ခဲ့တာတွေ မြို့မှာဖြစ်တယ်။ ကနေ့မနက်မှာ
တောင်မြို့ဆရာတော်ရဲ့ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏာသုတ်တရာတော်စာအုပ်ကို စဖတ်ပါတယ်။
တကယ်တောကြီးထဲ မနေနိုင်ပေမယ့် စိတ်ဟာ တောစိတ်တော့ ရှိနေဖို့ကောင်းတယ်။
ဘုရားရှင် ကိုယ်တော်မြတ်ဟာ တောထဲမှာပဲ ဖွါးမြင်တော်မူတယ်၊ တောထဲမှာပဲ ဓမ္မစကြာတရားတော်ကို
ဟောတော်မူတယ်။ တောထဲမှာပဲ ဘုရားဖြစ်တော်မူတယ်။ တောထဲမှာပဲ တရားကျင့်တော်မူတယ်။ တောထဲမှာပဲ
ပရိနိဗ္ဗာန်စံတော်မူတယ်။
မြို့ကြီးတွေမှာ ဖြစ်တာတွေက အလာဂျီသာမကပါ။ သဘာဝပတ်ဝန်းကျင်ညံ့လေလေ
ရောဂါထူလေလေ။
ဒီနေရာရောက်တာနဲ့ ဒီစာရေးတာ လေးနှစ်တိတိ။ ဒီကလေနဲ့ ရေနဲ့ အသားကျလာပြီလားမသိ။
ဓါတ်ပုံထွက်ရိုက်တာ မိုးပေါက်လေးတွေကျနေတယ်။ မိုးမှန်တာနဲ့ နှင်းဒဏ်ကိုတော့ ကြောက်တယ်။
ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၄
၁၂-၁ဝ-၂ဝ၁၈
Comments
Post a Comment