Essay စာစီစာကုံးရေးခြင်း

ဆရာ သမီးတခုလောက် မေးပါရစေ။ သမီးက ပိန်ပိန်သေးသေးလေးပါ။ အသက် ၂၄ နှစ်။ ချစ်သူလဲ မရှိပါဘူး။ အပျိုပါ။ အဲ့ဒါ အချို့ကပြောကြတယ်။ ယောက်ျားမယူဘူးလားတဲ့။ ဘယ်ယူမလဲ ယူလို့မှ မရတာတဲ့ ပြောကြတယ်ဆရာ။ အဲ့လို ပိန်ရင် ကလေးယူလို့ မရဘူးလားဆရာ။

မဟုတ်ပါ။ ကလေးရ မရဆိုတာ ရာသီမှန် + မျိုးဥထွက် + သားအိမ်နဲ့ မျိုးဥအိမ်တွေမှာ ရောဂါမရှိရင် ရပါတယ်။ ဝလွန်းသူတွေက ပိန်တဲ့သူတွေထက် ကလေးရဘို့ခက်တယ်။

ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ ဘာရည်ရွယ်ချက်ကြောင့် မေးသမျှစိတ်ရှည်ရှည် ဖြေပေးတာလဲ သိချင်တယ်ဆရာ။ ဆရာအဆင်ပြေမယ်ဆိုရင် ဖြေပေးပါနော်။ ဆရာ ကျန်းမာပါစေ။ ပျော်ရွှင်ပါစေ။ အမှန်တရားနှင့် အမြန်ဆုံးတွေ့ပါစေ။

မေးခွန်းကတော့ မဆန်းပါ။ ဖြေပြီးလို့ ပြန်မေးလာတာက ဆန်းတယ်။ ဘာရည်ရွယ်ချက်ကြောင့်ဆိုတာ။

ကျွန်တော် သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ မိဘတွေကကျောင်းထားလို့ ကျောင်းသားဖြစ်တယ်။ တနှစ်တတန်းအောင်အောင်ကြိုးစားတယ်။ ကျွန်ုပ်၏ရည်ရွယ်ချက် စာစီစာကုံးရေးခိုင်းတော့ ဘာရေးခဲ့သလဲ မမှတ်မိပါ။ ဆယ်တန်းအောင်ရင် ကောလိပ်သွားနိုင်မှာလား၊ တောသွားပြီး မူလတန်းကျောင်းဆရာ၊ မြို့မှာ အောက်တန်းစာရေး လုပ်ရမှာလား သိမထားပါ။ တွက်မထားပါ။ ဒီလိုနဲ့ ဆေးကျောင်းသားဖြစ်လာတယ်။ ဆယ်တန်းကျောင်းသားဘဝမှာ ဒီအက်စ်အေသွားဖြေတယ်။ စစ်ဗိုလ်လုပ်ချင်လှလို့တော့ မဟုတ်ပါ။ အတန်းထဲ လျှောက်လွှာလာဝေတာနဲ့ လျှောက်ကြည့်တာ။ ဖြစ်တော့ ဆရာဝန်။

ဆရာဝန်လုပ်နေရင်း နိုင်ငံရေးထဲရောက်သွားတယ်။ အဲလိုလုပ်ဖို့က တချက်ကလေးမှ စိတ်ကူးထားခဲ့တာမဟုတ်။ နိုင်ငံရေးထဲရောက်ပြန်တော့ တိုင်းတပါးသွားမယ်လို့လည်း တစက်ကလေးမှ ထင်မထား။ အခုထိပြည်ပမှာ။

အဲတာ ကျွန်တော့်ဖြစ်စဉ်။ ကျန်းမာရေးမေးတာတွေကို ဖြေနေတာ ဘာရည်ရွယ်ချက်လဲမေးတာကို ငယ်ငယ်ကစာစီစာကုံး ရေးခဲ့သလိုပဲလို့သာ ဖြေနိုင်မယ်။ ကံတရားက ခိုင်းလို့ရေးတာ။ နောက် ဘယ်ကျောင်းတက်ရမယ် မသိ။ သိလည်း မသိချင်။ သိလည်း မသိနိုင်။

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁၇
၁၁-၁ဝ-၂ဝ၁၈


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး