Every Ready လက်နှိပ်မီး

ဆရာရေ အလံဖြူအလံနီခေတ်မှာ အဖေပြောစကားအရ ဓားပြတိုက်သည်တဲ့။

ဟုတ်တယ်။ ကျွန်တော်လည်း ဓါးပြပုန်းခဲ့ရတာ အသက် ၄ နှစ်သားကတခါ။ မင်းရွာမှာ။ ဓါးပြတွေက ငါးခဲထိုးလက်နှိပ်မီး တဝင်းဝင်းနဲ့။ အဲဗာရယ်ဒီ ခေတ်ကပေါ့။ ရွာသားတွေကလည်း ညအခါ ခွေးဟောင်သံကြားတာနဲ့ ရယ်ဒီနေကြရတယ်။

ဆရာဝန်ဖြစ်တော့ ညမှာ ခွေးဟောင်သံကြားရင် လူနာလာတာ။ နေရှင်နယ် နှစ်ခဲထိုးလက်နှိပ်မီးလေးနဲ့ ရယ်ဒီပဲ။ တခါတခါ ခွဲစိတ်ဒါးလိုတယ်။ ရယ်ဒီပဲ။ အခုထိ အကျင့်ပါနေလို့ လက်နှိပ်မီးဆောင်ထားတယ်။

မဆလ ခေတ်မှာ အစစရှားတော့ ပြည်တွင်းကမထုတ်တာမှန်သမျှ မှောင်ခိုလမ်းတွေကနေသာ သွင်းရတယ်။ လက်နှိပ်ဓါတ်မီးကို အိန္ဒိယနယ်စပ် မိုးရေး-တမူးလမ်းကနေဝင်တယ်။ အဲတာနဲ့ မိုးလေးဓာတ်မီးခေါ်ကြတယ်။ မိုးလေးလို့ ပြောကြပေမယ့် မိုးရေးကအသံထွက်မှန်တယ်။ ကိစ္စတော့မရှိပါ။ ဓါးနဲ့ ဒါးလည်း မမှားပါ။

အဲဗားရယ်ဒီလက်နှိပ်မီးကတော့ လွတ်လပ်ရေးမရခင်ကတည်းက အခုထိရှိတယ်။ ကောင်းတယ်။ တရုပ်လုပ်နဲ့ အိန္ဒိယ လုပ်တွေကတော့ သိပ်မခံပါ။ ဘက်ထရီနဲ့ လက်နှိပ်မီးထုတ်တဲ့ အဲဗာရယ်ဒီက အမေရိကန်ကုမ္ပဏီဖြစ်တယ်။ ၁၈၉၉-၁၉ဝ၅ ကတည်းက စတယ်။ ရီလေးစက်ဘီးက အင်္ဂလန်ကလာတယ်။ ၁၈၈၅ ကတည်းကစတယ်။ အဲဒီနှစ်မှာ သီပေါမင်း ပါတော်မူတယ်။ ဟမ်းဘားစက်ဘီးကလည်း အင်္ဂလန်ကလာတယ်။ ၁၈၈၇ ကတည်းကစတယ်။ ကျွန်တော်တို့ သူငယ်တန်းကတည်းက သုံးနေတဲ့ အလွန်ကောင်းတဲ့ ခွေးမီးတိုခဲတံက ဂျာမဏီကလာတယ်။

ကျွန်တော်တို့တတွေ ရေရှည်ခံတာ ဘာပစ္စည်းတွေ ထုတ်လုပ်နိုင်ကြသလဲ။ ရေရှည်ကိုကြည့်တဲ့ ရှေးလူကြီးတွေ မျိုးဆက် ပြတ်သွားခဲ့တာကြာပြီ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ရေရှည်အမြင်ရှိတာကိုသာ သဘောကျတယ်။ တိုင်းပြည်အတွက် အဲဗားရယ်ဒီမျိုးဆက် ဖြစ်ပေါ်လာပါစေသတည်။

ဒေါက်တာတင့်ဆွေ
၂၅-၁ဝ-၂ဝ၁၇
၂၅-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး